ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဒေသနာတော်မှာ ……..
( ၁ ) ပိုင်းပိုင်းခြားခြား သိမြင်ရမည့်တရား၊
( ၂ ) အကြွင်းမယ့်ပယ်သတ်ရမည့်တရား၊
( ၃ ) ညာဏ်နဲ့ မျက်မှောက်ထင်ထင်သိမြင်ရမည့်တရား၊
( ၄ ) ပွါးများကြရမည့်တရား၊ လို့
လေးမျိုးလေးစားဟောကြားထားပါတယ်။ အဲဒီလေးမျိုးထဲက ပိုင်းပိုင်းခြားခြားသိမြင်ရမည့်တရားဆိုတာက ကိုယ်ခန္ဓာလို့ခေါ်တဲ့ ရုပ်တရားနဲ့ စိတ်စေတသိက်လို့ခေါ်တဲ့ နာမ်တရားတွေပါပဲ။ ပယ်ရမည့်တရားဆိုတာက လိုချင်တပ်မက် နှစ်သက်တွယ်တာတက်တဲ့ တဏှာပါပဲ။ ညာဏ်နဲ့ မျက်မှောက် ထင်ထင် သိမြင်ရမည့်တရားဆိုတာက ဒုက္ခတို့ရဲက ချုပ်ငြိမ်းရာ ဆင်းရဲတို့မရှိရာ နိဗ္ဗာန်ပါပဲ။ ပွါးများရမည့်တရားဆိုတာက မဂ္ဂင်ရှစ်ပါးအကျင့်တရားတွေပါ။
ပိုင်းကိုင်းခြားခြားသိမြင်ရမယ့်တရား
ဘာ့ကြောင့်ရုပ်နာမ်နှစ်ပါးကိုပိုင်းပိုင်းခြားခြားသိမြင်ဖို့လိုသလဲဆိုရင်ရုပ်နာမ်နှစ်ပါးဟာဆင်းရဲဆိုမှဆင်းရဲလို့ခေါ်တဲ့ ဒုက္ခ ဒုက္ခ။ ဖောက်ပြန်ဆင်းရဲလို့ခေါ်တဲ့ ၀ိပရိဏာမဒုက္ခ။ ဖြစ်ပျက်ဆင်းရဲလို့သင်္ခါရဒုက္ခ။ အဲဒီဒုက္ခ သုံးမျိုးမှာ အကြုံးဝင်နေပါတယ်။ ဒါ့ကြောင့် ရုပ်နာမ်နှစ်ပါးဟာ ဆင်းရဲအစစ်အမှန်တွေပါပဲ။ ရုပ်၇ှိနေသမျှ နာမ်ရှိနေသမျှ ဆင်းရဲနေတာပါပဲ။။ သို့သော်လည်း ရုပ်နဲ့နာမ်ကို သတိနဲ့စောင့်ပြီးတော့ မရှုရင် ထင်ရှားတဲ့ ဒုက္ခဒုက္ခကိုသာ ဆင်းရဲလို့သိကြတယ်။ ချမ်းသာလို့ယူဆထားတဲ့ ၀ိပရိဏာမ ဒုက္ခနဲ့ သင်္ခါရဒုက္ခကိုတော့ ဒုက္ခလို့မသိနိုင်ကြပါဘူး။ ဒီရုပ်ဒီနာမ်ကို ဒုက္ခလို့မသိတော့ သုခလို့ထင်မှတ်တော့တာပေါ့။ ကောင်းတယ် ချမ်းသာတယ် သုခရယ်လို့ ထင်မှတ်ပီေးတာ့ ဒီရုပ်နဲ့နာမ်ကို နှစ်သက်တပ်မက်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတယ်။ ဒီလိုနဲ့ကိလေသာတွေက ဖြစ်ပွါးလာတော့ ဆင်း၇ဲတရားက ထပ်ကြပ်မကွာလိုက်ပါလာပါတော့တယ်။
သိအောင်ရှုရမည်။
ဆင်းရဲငြိမ်းချင် ချမ်းသာချင်ရင် ဆင်းရဲအစစ်အမှန်ဖြစ်တဲ့ ရုပ်နဲ့နာမ်တို့ရဲ့ ဒုက္ခသဘောအမှန်ကို အမှန်အတိုင်း ပိုင်းပိုင်းခြားခြား သိဖို့လိုတယ်။အဲဒီလိုသိအောင်က ပွါးများရမယ့် တရားဖြစ်တဲ့ မဂ္ဂရှင်ရှစ်ပါးအကျင့်တရားကို မိမိသန္တာန်မှာ ဖြစ်ပွါးအောင် အားထုတ်ရပါတယ်။ ဘယ်လိုအားထုတ်ရသလဲဆိုရင် ဖြစ်သမျှ ရုပ် ဖြစ်သမျှ နာမ် တွေကို သတိနဲ့မပြတ်စောင့်ရှုနေရပါမယ်။ ရုပ်ခန္ဓာကိုယ်မှာ ကြမ်းတမ်းတဲ့ သြဠာရိကရုပ် နူးညံ့တဲ့ သုခုမရုပ်တွေ ဖြစ်နေရင်လဲ ဖြစ်နေတဲ့ အတိုင်း သတိနဲ့စောင့်ရှုရပါတယ်။ ယိုစီး ဖွဲ့စည်းရုပ် သိပ်သည်းပူးတွဲ လုံးခဲ ရုပ်တွေဖြစ်နေရင်လည်း စောင့်ရှု ၊ ပူရုပ်ဖြစ်ရင် ပူတယ်လို့စောင့်ရှု အေးတဲ့ရုပ်ဖြစ်ရင် လဲ အေးတယ်လို့စောင့်ရှု ၊ထောက်ကန် တောင့်တင်းရုပ် လှုပ်ရှားရွေ့ရှားရုပ်ဖြစ်နေရင်လဲ သတိနဲ့ စောင့်ရှုရပါတယ်။ ဒါကို ကာယာနုပဿနာသိပဋ္ဌာန်လို့ခေါ်ပါတယ်။ နာကျင်ကိုက်ခဲခြင်းစတဲ့ ကိုယ်ဆင်းရဲခြင်းတွေ စိုးရိမ်ပူဆွေးခြင်းမှု စိမ်မချမ်းသာမှု စတဲ့ စိတ်ဆင်းရဲခြင်းတွေ ဖြစ်ပေါ်လာရင်လဲ ဖြစ်ပေါ်နေတဲ့ အတိုင်း စောင့်ရှုရပါမယ်။ ကိုယ်ချမ်းသာတာ စိတ်ချမ်းသာတာဟာ ၀မ်းသာတာတွေက ဖြစ်တာဆိုရင်လဲ ဖြစ်နေတဲ့ အတိုင်း ရှုရပါမယ်။ ဒါကို ဝေဒနာနုပဿနာသတိပဋ္ဌာန်လို့ခေါ်ပါတယ်။ ကောင်းတဲ့ စိတ်ပဲဖြစ်စေ ဆိုးတဲ့ စိတ်ပဲဖြစ်စေ ဖြစ်ပေါ်ရင် ဖြစ်ပေါ်တဲ့ အတိုင်းရှုသိနေရပါမယ်။ ဒါကို စိတ္တာနုပဿနာသတိပဋ္ဌာန်လို့ခေါ်ပါတယ်။ မြင်တဲ့သဘော ကြားတဲ့သဘော နံတဲ့သဘော စားတဲ့သဘော စတာတွေကို မြင်တယ် ကြားတယ် နံတယ် စားတယ်လို့ စသည်ဖြင့် ရှုသိရပါမယ်။ ဒါကို ဓမ္မာနုပဿနာသတိပဋ္ဌာန်လို့ခေါ်ပါတယ်။
အရှိကိုအရှိအတိုင်းသာရှု
လိုရင်းကတော့ ရုပ်ဖြစ်တိုင်း နာမ်ဖြစ်တိုင်း သတိမလွတ်ရအောင် အမြဲရှုသိနေဖို့ပါပဲ။ ဒီလိုရှုသိရာမှာလဲ မတွေ့သေး မသိသေးတဲ့ တရားသဘောကို ကြံစည်စဉ်းစားပြီးတော့ မရှုရပါဘူး။ ယခုလက်ငင်း တွေ့နေ သိနေတဲ့ သဘာဝကိုသာ တွေ့နေသိနေတဲ့ အတိုင်း ရှုသိနေရပါမယ်။ ဒါကိုပဲ မြတ်စွာဘုရားက ယထာဘူတံ သမ္မပ္မညာယ ဒဋ္ဌဗ္ဗံ - အရှိကို အရှိအတိုင်းရှုပါ လို့ မိန့်တော်မူပါတယ်။ မိမိမတွေ့ မသိသေးတဲ့ သဘောကို ကြံစည်စဉ်းစားပြီးတော့ ရှုနေရင် ဘာဝနာမယ၀ိပဿနာညာဏ်မဖြစ်ပါဘူး။ စိန္တာမယညာဏ် အတွေးညာဏ်သာဖြစ်တာမို့ ကိလေသာကိုမပါယ်နိုင်သေးတဲ့အတွက် ဆင်းရဲကိုမငြိမ်းစေပါဘူး။ သွား ရပ် ထိုင် လျောင်း က္ကရိယာပုတ်လေးပါးလုံးမှာ ထင်ရှားတဲ့ ရုပ်မှန်သမျှ နာမ်မှန်သမျှ ရှုသိရပါတယ်။ ဘယ်ရုပ်ကိုမှ ဘယ်နာမ်ကိုမှ ရှုမယ်လို့မရွေးရပါဘူး။
ဒီလိုရှုရာမှာလဲ အစမှာသမာဓိကကောင်းကောင်း မဖြစ်သေးတော့ ပျံ့လွင့်စိတ် ကြံစည်တွေးတော စဉ်းစားစိတ် တွေကိုပဲ ခဏခဏ ရှုနေတက်ပါတယ်။ စိတ္တာနုပဿနာပဲ ဖြစ်နေတက်ပါတယ်။ သို့သော်လည်း အဲဒီလိုတဖြည်းဖြည်းရှုပါများလာရင် ပျံ့လွင့်စိတ်တွေ နည်းလာပြီးတော့ သမာဓိအားကောင်းလာတက်ပါတယ်။ ဒီအခါမှာ ယောဂီရဲ့စိတ်ဟာ ကာမစ္ဆန္ဒ ဗျာပါဒ ထိနမိဒ္ဓ ဥဒ္ဒစ္စ ကုက္ကုစ္စ ၀ိစိကိစ္ဆာဆိုတဲ့ နီဝရဏတရား အညစ်အကြေးတွေ ကင်းဝေးနေတက်ပါတယ်။ နီဝရဏတရားတွေကင်းနေတဲ့ အတွက် စိတ္တ၀ိသုဒ္ဓိဖြစ်နေပါ တယ်။ စိတ်ကစင်ကြယ်လာတာနဲ့ အမျှ အသိညာဏ်ကလဲ ပိုမိုထက်မြက်လာပါတော့တယ်။
ရှုတော့သိသည်
အသိညာဏ်ထက်မြက်လာတော့ ရုပ်နာမ်တို့ရဲ့ သဘာဝလက္ခဏာ သာမညလက္ခဏာတွေကို သိလာပါမယ်။ သဘာဝလက္ခဏာဆိုတာ ရုပ်တရားနာမ်တရားတို့ အသီးသီး ပင်ကိုယ် သီးသန့်သဘောလေးပါပဲ။ တခြားရုပ် တခြားနာမ်တွေနဲ့မသက်ဆိုင်ဘဲ ဆိုင်ရာ ရုပ် နာမ်အသီးသီး နဲ့သာသက်ဆိုင်တဲ့ သဘောလက္ခဏာ လို့ ဆိုလိုပါတယ်။ ခံစားတက်တဲ့သဘောဟာ ဝေဒနာနဲ့သက်ဆိုင်သလို ထိတွေ့တက်တဲ့ သဘောဟာ ဖဿနဲ့ သာသက်ဆိုင်ပါတယ်။ တခြားရုပ်နာမ်တွေနဲ့မသက်ဆိုင်ပါဘူး။ သဘာဝလက္ခဏာဆိုတာ ရုပ်နာမ်တို့ရဲ့ အဲဒီလို ပင်ကိုယ် သီးသန့် လက္ခဏာလေးပါပဲ။ ဒါ့ကြောင့် ဓမ္မသင်္ဂဏီမူလဋီကာမှာ သဘာဝေါ ကက္ခဠဖုသနာဒိကော အသာဓာရဏော - မက်မာကြမ်းတမ်းခြင်း ထိတွေ့ခြင်းအစရှိတဲ့ အများနဲ့မသက်ဆိုင်တဲ့ သဘောဟာ သဘာဝလက္ခဏာပါ လို့ မိန့်တော်မူထားပါတယ်။
သာမညလက္ခဏာဆိုတာ ရုပ်အားလုံးနာမ်အားလုံးနဲ့ သက်ဆိုင်တဲ့ အများဆိုင် သဘောလက္ခဏာပါပဲ။ မတည်မြဲတဲ့ သဘောအနိစ္စ ၊ ဆင်းရဲတဲ့ မကောင်တဲ့သဘော ဒုက္ခ ၊ အသက် ၀ိညာဉ် ပုဂ္ဂိုလ် သတ္တ၀ါ သူ ငါ မဟုတ်တဲ့ သဘော အနတ္တ ဒီသဘောသုံးမျိုးကို ရုပ်တိုင်း နာမ်တိုင်းမှာ ရှိပြီး ရုပ်တိုင်းနာမ်တိုင်းနဲ့ သက်ဆိုင်လို့ သာမညလက္ခဏာလို့ခေါ်ပါတယ်။ ဒါ့ကြောင့် ဓမ္မသင်္ဂဏီ မူလဋီကာမှာ သာမညံ သာဓာရဏော အနိစ္စာဒိ သဘာဝေါ - အများနှင့် သက်ဆိုင်တဲ့ အနိစ္စအစရှိတဲ့ သဘောဟာ သာမညလက္ခဏာပါ လို့မိန့်တော် မူထားပါတယ်။ အဲဒီ သဘာဝနဲ့ သာမည နှစ်ပါးအနက် ၀ိပဿနာရှုပွါးသူဟာ သဘာဝလက္ခဏာကိုအရင် သိပြီးတော့ သာမညလက္ခဏာကိုနောက်မှ သိပါတယ်။ သို့သော်လည်း သာမည လက္ခဏာကိုသိတဲ့ အဆင့်မှာ သဘာဝလက္ခဏာကိုပါ သိနေတက်တယ်ဆိုတာ သတိပြုရပါမယ်။
အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ သာမညလကခဏာကိုသိတဲ့ ညာဏ်တွေရင့်သန်လာတာနဲ့အမျှ ရုပ်နာမ်တို့ရဲ့ ဒုက္ခသဘာဝကို ပိုပိုပီးတော့ပိုင်းပိုင်းခြားခြား သိမြင်လာပါတယ်။
ပယ်ရမည့်တရားကိုပယ်နိုင်၍ ဆိုက်ရောက်ရမည့်တရားကို ဆိုက်ရောက်ပုံ
ဒုက္ခသစ္စာအမှန်ဖြစ်တဲ့ ရုပ်နာမ်ဆင်းရဲကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားသိလာလေ ငြိတွယ်မှုတဏှာခေါင်းဆောင်တဲ့ ကိလေသာတွေကို ပယ်နိုင်လေဖြစ်ပြီးတော့ နောက်ဆုံးမှာ မဂ်ညာဏ် လေးဆင့်ဖြစ်ပေါ်လာတဲ့ အခါမှာတော့ ကိလေသာခပ်သိမ်း လုံးဝငြိမ်းပြီး ဆင်းရဲချုပ်တဲ့ သဘောကို ညာဏ်ဖြင့် မျက်မှောက် ထင်ထင် သိမြင်ဆိုက်ရောက်ပါတော့တယ်။
ပွါးများရမည့်တရား
ဆင်းရဲငြိမ်းပျောက် ချမ်းသာရောက်သို့ ဆိုက်ရောက်အောင် မဂ္ဂင်တရားရှစ်ပါးကို မိမိသန္တန်မှာ ဖြစ်ပွါးအောင်ရှု ပွါးရပါတယ်။ ဒီလိုရှုပွါးရာမှာလည်း ရုပ်နာမ်အာရုံကို ရှုနိုင်အောာင် ကြောင့်ာကစိုက်အားထုတ်တာက သမ္မာဝါယမ ။ ရူတာက သမ္မာသတိ ။ ရုပ်နာမ်အာရုံပေါ်မှာစူးစိုက်တည်ငြိမ်နေတာက သမ္မာသမာဓိ ။ ရူစိတ်ကို ရုပ်နာမ်အာရုံပေါ်မှာ ဦးလှည့်တင်ပေးတာက သမ္မာသင်္ကပ္မ ။ အမှန်အတိုင်း ပိုင်းပိုင်းခြားခြား သိတာက သမ္မာဒိဋ္ဌိ ။ ရူနေခိုက်မှာ အပြစ်မကင်းတဲ့ အပြောအဆို အပြုအမူ အသက်မွေးမှုကိုမပြုဘဲ ရှောင်ကြည်တာက သမ္မာစါစာ သမ္မာ ကမ္မန္တ သမ္မာအာဇီဝ မဂ္ဂင်တို့ပါပဲ။
ပွါး သိ ပယ် ဆိုက်
ဒါ့ကြောင့် ရုပ်ကိုရှုတိုင်း နာမ်ကိုရှုတိုင်း ပွါးများရမည့် မဂ္ဂင်တရားကိုယ်ရှစ်ပါး မဂ္ဂသစ္စာတရားကို ဒါ့ကြောင့်ပဲ ပိုင်းပိုင်းခြားခြား သိရမည့် ဒုက္ခသစ္စာအမှန် ရုပ်နာမ်ဆင်းရဲကို အမှန်အတိုင်းသိမြင်ပါတယ် ဒီလိုသိခြင်းကြောင့်ပဲ ပယ်ရမည့် သမုဒယသစ္စာ တဏှာကို ပယ်သတ်နိုင်ပါတယ်။ ဆင်းရဲကိုဖြစ်စေတဲ့ အကြောင်းတဏှာကို ပယ်သတ်လိုက်တော့ ညာဏ်နဲ့ သိမြင်ဆိုက်ရောက်ရမည့် ဆင်းရဲငြိမ်းတဲ့ သဘော နိရောဓသစ္စာကို မျက်မှောက်ထင်ထင် သိမြင်ဆိုက်ရောက်နိုင်တော့တာပါပဲ။
ဒါ့ကြောင့်
သိပယ်ဆိုက်ပွါး ဤလေးပါး
အများသတ္တ၀ါ သိပါစေ
မှတ်ချက် ချမ်းမြေ့ဆရာတော်၏ တရားကိုပြန်လည်မျှဝေပါ၏

No comments:
Post a Comment