စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့ထမင်းဝိုင်း ( ဓလေ့ထုံးစံ )

               


မြန်မာ့ထမင်းပွဲ

      မြန်မာ့ထမင်းပွဲသည် ဗျပ်ခွက်ထဲတွင် ထမင်းပုံစားပြီး လိုသမျှကို မိမိဘက်သို့ ခပ်ယူကာ လက်ဆုံ စားခဲ့ရာမှ ခြေထောက်ပါသော သစ်သားစားပွဲပေါ်တွင် ပန်းကန်ကိုယ်စီဖြင့်ထည့်စားသည့် အဆင့်ဆင့် ထိ ပြောင်းလဲခဲ့သော်လည်း မပြောင်းလဲသော အရာတစ်ခု ရှိနေပေသေးသည်။ ထိုအရာမှာ အဖ သို့မဟုတ် အမိကို ထမင်းပွဲထိပ်တွင် နေရာပေးခြင်းဖြစ်သည်။ ဤတွင် အိမ်တစ်အိမ်၏ အဦးအထိပ်ကို ရှာဖွေရန် လိုအပ်ပါသည်။ အိမ်တစ်အိမ်၏ခေါင်သည် တောင်နှင့်မြောက် တန်းနေလျှင် တောင်ဘက်သည် အိမ်ဦး ၊ အရှေ့နှင့် အနောက် တန်းနေလျှင် အရှေ့ဘက်သည် အိမ်ဦးဖြစ်ပေသည်။ ထို့အတွက် ညအချိန်အိပ် စက်သောအခါ၌ ပုံသေ ဦးခေါင်းထားရာအရပ်သည် အိမ်ဦးဖြစ်ပေသည်။ ထိုကဲ့သို့ ခေါင်းထားအိပ်ရာ အရပ်သည် ထမင်းပွဲ၏ထိပ် သို့မဟုတ် ဦး ဖြစ်ပေ၏။ ထမင်းပွဲတွင် မိဘ မပါဘဲ သားသမီးများ ချည်းစားကြငြား မိဘတို့ထိုင်နေကျ ဦးထိပ်နေရာ၌ မည်သည့်သားသမီးမျှ မထိုင်ကြချေ။
ဖခင်မရှိတော့သောအိမ်တွင် မိခင်သည် ထမင်းပွဲ၏ ဦးထိပ်မှာ ထိုင်လေ့ရှိသည်။ ထိုအမိ ထိုအဖ တို့သည် အိမ်ထောင်ဦးစီးအဖြစ် စွမ်းစွမ်းတမံ ရှာဖွေလုပ်ကိုင် ကျွေးမွေးနေထိုင်ချိန်တွင်သာ ထမင်းပွဲထိပ် တွင် နေရခြင်းမဟုတ်ပါ။ ဇရာဒုဗ္ဗလ အရွယ်သို့ရောက်၍ သားကြီး၊ သမီးကြီး တစ်ယောက်ယောက်က အိမ်မူကိစ္စကို ဦးစီးစေကာမူ မိဘတို့အား ထမင်းပွဲတွင် ဦးထိပ်၌နေမြဲနေရပေသည်။
ထမင်းပွဲတစ်ပွဲတွင် အဖသည် ပွဲ၏ ဦးထိပ်မှာထိုင်လျှင် အမိသည် အဖ၏လက်ဝဲဘက်မှာ ထိုင်ရသည်။ သားကြီးက အဖ၏ ယာဘက်မှာ ထိုင်ရသည်။ သမီးကြီးသည် အမိ၏ ၀ဲဘက်မှာ ထိုင်ရသည်။ ထို့နောက် ကြီးစဉ်ငယ်လိုက်ဖြစ်သည်။ ထမင်းပန်းကန်ထဲမှ ထမင်းကို မထိမတို့မီ ထမင်းပွဲကို ဦးသုံးကြိမ်ချသော အလေ့လည်း အချို့အရပ်တွင် ရှိပေသည်။ မည်မျှပင် ဆာလောင်မွတ်သိပ်စေကာမူ အဖ ဟင်းကို ခပ်စားမှ အမိက ဟင်းကို ခပ်စားရသည်။ အမိပြီးမှ သားကြီး ၊ သားကြီးပြီးမှ သမီးကြီး အစဉ်လိုက် ဟင်းကို ခပ်စားရသည်။
     ဦးဆုံးအကြိမ်တွင် ထိုကဲ့သို့ စနစ်တကျ ခပ်စားကြပြီးမှသာ အလိုရှိသရွေ့ စားနိုင်ကြပေ၏။


ဦးချသောအလေ့

          ထမင်းစားသော အခါတိုင်းလည်း လူစုံပါဝင်လေ့ မရှိပေ။ သူ့အကြောင်း သူ့ကိစ္စ ကိုယ့်အကြောင်း ကိုယ့်ကိစ္စများစွာ ရှိကြပေသည်။ ထမင်းပွဲက ပြင်ပြီးနေပြီ။ အဖေ့ထမင်းပန်းကန် အမေ့ ထမင်းပန်ကန်ထဲတွင် ထမင်းထည့်ပြီးဖြစ်နေပြီ။ သို့ရာတွင် အဖေရေချိုးရန်သွားရာမှ ပြန်မလာသေးချေ။ သားသမီးတို့သာမက အမေပါ ဆာလှပြီ။ ထို့ကြောင့် အဖေ့ကို စောင့်ဆိုင်းမနေတော့ပါ။ အမေသည် အဖေ့ထမင်းပန်းပန်ထဲသို့ အကောင်းဆုံးဟင်းမှ အကောင်းဆုံးဟင်းဖတ်ကို ခပ်ထည့်လိုက်လေသည်။ ဤသို့ ပြုသည်ကို “ဦးချသည်” ခေါ်ပေ၏။ ဦးချပြီးသောအခါ အမေဟင်းခပ်သည်။ အမေခပ်ယူပြီးစီးသွားသည့်နောက်တွင်ကား လွတ်လပ်စွာ စားနိုင်ပေတော့သည်။ တစ်ခါတစ်ရံ သားသမီးတစ်ယောက်ယောက်သည် ထမင်းစားချိန်မတိုင်မီ ထမင်းစားရန်အကြောင်း ပေါ်ပေါက်လာ၏။ သူသည် မိသားစု တာဝန်ဖြစ်စေ ၊ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်ဖြစ်စေ ၊ အပြင်ထွက်ရန် လိုအပ်လာ၍ ဖြစ်ပေမည်။ အပြင်က ပြန်လာမှ ထမင်းစားလျှင်များစွာနောက်ကျနေမည်။ နောက်ကျရုံသာမက ဆာလောင်ခြင်း ဒဏ်ကိုလည်း များစွာ ခံစားရပေဦးမည်။ သို့ကြောင့် အချိန်မတန်မီစားသွားရခြင်း ဖြစ်သည်။ ထိုအခါတွင် မိဘထက်အရင်စားရသူဖြစ်သည့်အတွက် မိဘအတွက် “ဦးချ” ပြီးမှ စားရသည်။ ဦးချပုံမှာ ဟင်းပန်းကန်ထဲသို့ လိုသလောက်ဟင်းကို ခပ်ယူပြီးမှ ဟင်းဖတ်ဟင်းရည်များကို ဟင်းအိုး ထဲ ပြန်ထည့်ခြင်းဖြစ်သည်။ ထမင်းကို ဦးချပုံမှာ ထမင်းအိုးကို ဖွင့်ပြီးနောက် ဦးစွာ တွေ့ရသော ထိပ်မှ ထမင်း ပုံ့ပုံ့မို့မို့လေးကို ကော်ခူးယူခြင်းဖြစ်၏။ လိုသလောက် ခူးယူပြီးသွားလျှင် ကော်ယူထားသော ထမင်းကို အိုးထဲ ပြန်ထည့်ထားခဲ့ရ၏။

     ဤဓလေ့သည် မြန်မာတို့ထံသို့ အနည်းဆုံး အင်းဝခေတ် ( ဒုတိယ မင်းခေါင် ၈၄၂-၈၆၃ ) တွင် ရောက်ရှိနေ ကျင့်သုံးနေကြပြီဟု ယုံကြည်ရ၏။ ရှင်မဟာသီလ၀ံသ၏ “တိလောဟူ မရနှိုင်းတူ ဘက်မပြုသား ” အစချီသော ဆုံးမစာ အပိုဒ် ၁၅ တွင် “မိဦး ဖဦး ဆရာဦးကို ခူး၍ အလျင် မစားနှင့်” ဟူ၍ ဆုံးမထားသည်ကို ထောက်ချင့်၍ သိရပေ၏။ ထိုသို့ အဦးကို အမွန်အမြတ်ထားခြင်းမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာတို့၏ ယုံကြည်ကျင့်ဆောင်မူမှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ အညာထကောဏ္ဍည မထေရ်၏ ရှေ့ဘ၀များအနက် စူဠကာလသူကြွယ်ဘ၀တွင် တစ်နှစ်အတွင်း၌ “ကိုးကြိမ်တိုင် အဦးရှိသော” အလှူ ကိုပေး၍ တရားဦးနာရသော ဆုကိုပန်ခဲ့၏။ ဤသဘောအရ အဦးအစကို လူတို့ အမွန်အမြတ် ထားခြင်းဖြစ်သည်ဟု ယူဆနိုင်ပေသည်။


ထမင်းဦးပေါင်း

       ထမင်းဦးပေါင်းသည် ဦးချသော အလေ့အတွက် အလွန်လိုက်လျောညီထွေ ရှိပါသည်။ ထမင်းဦးပေါင်းဟူသည် အိုးထဲတွင်ရှိသော ထမင်းအစုအပုံ၏ ထိပ်ဦးတွင်ရှိသော ထမင်းအစု ဖြစ်ပေသည်။
ဝမ်းပူ၍ အောက်ခြေ လုံးဝန်းသော မြေအိုးကြေးအိုးများတွင် ဖုံးအုပ်သည့် စလောင်းဖုံးမှာလည်း အခုံးဖြစ်သည်။ ထမင်းကို “နှပ်” သောအခါ တွင်လည်း စလောင်းဖုံးနှင့် အိုးကို မြဲမြံစွာကိုင် လျက် ပြောင်းပြန်ထားကာ “ဆောင့်” ပြီးမှ နှပ်သောအကျင့် ရှိကြပေ၏။ ထိုအခါတွင် ထမင်းစု၏ ထိပ်သည် စလောင်းဖုံးပုံအတိုင်း ခုံးခုံးမို့မို့လေး ဖြစ်နေတော့သည်။ အ၀ကျယ်သောဒန်အိုး များနှင့်  ပြန်ပြူးသော စလောင်းဖုံးများပေါ်ပေါက်လာချိန်တွင် ထိုထမင်းဦးပေါင်း မှာ  ပျောက်ကွယ်ခဲ့ရလေသည်။ သို့ရာတွင် ဂါဝရတရားသည် ဂါဝရတရားသာ ဖြစ်သည့်အတွက် ဦးချခြင်းဓလေ့မှာမူ ပျောက်ကွယ်မသွားပါ။ ဆွမ်းတော်မတင်မီ၊ ဆွမ်းမလောင်းရသေးမီ၊ မိဘဘိုးဘွား မစားမသောက်ရသေးမီ စားသောက်လိုပါက ဦးချမြဲချနေကြပါသေးသည်။ ဦးချပုံမှာ ဘေးတစ်နေရာမှ ခူးယူပြီး ဦးချသည်ဟူသော အထိမ်းအမှတ်ဖြင့် အပေါ်သားလွှာထဲမှ တစ်ခဲကိုဖြစ်စေ၊တစ်ဆုပ်ကိုဖြစ်စေ ပြန်ထည့်လျှင် ဦးချသည်ပင် မည်ပေ၏။ ထမင်းဦးပေါင်းလှလှပပ ရနိုင်သော မြေအိုးသည် လေးလံ၏ ထိခိုက်ပဲ့ရွှဲ ၏။ ကွဲ ရှ လွယ်၏။ ထို့ကြောင့် မြေအိုးသည် တဖြည်းဖြည်း တိမ်မြုပ်၍ ဒန်အိုးသည် တွင်ကျယ်လာခဲ့၏။ ထို့အပြင် ယခုအခါတွင် လျှပ်စစ်ထမင်းပေါင်းအိုးများ ပိုမိုတွင်ကျယ်အသုံးပြုခဲ့ကြပေတော့သည်။ သို့နှင့်အတူ ထမင်းဦးပေါင်းသည်လည်း ကွယ်ခဲ့၏။ သို့သော် ထိုသို့ကွယ်ခဲ့သော်ငြား ဦးချသော အလေ့မှာမူ ရှားပါးစွာ တည်ရှိနေပါသေးသည်။   ။

                                                                                                  Mg Ye Naung



google+ မှ ဝေမျှလာသောပို့စ်လေးကို ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...