စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆင်းရဲသားတွေ “ဘာ” လိုသလဲ



                           
ဒီစာအုပ်၊ ဒီပုံပြင်ကို ဖတ်ဖူး၊ ကြားဖူးသူတွေ ရှိကောင်းရှိလိမ့်မည်။ ဆင်းရဲတဲ့ လူတွေ“ဘာ” အလိုအပ်ဆုံးလဲ။ “ငွေကြေး”ဟု လူတိုင်းဖြေမည်မှာ ဧကန်မလွဲပေ။ သို့သော်.. ကျွန်မ ဖတ်ဖူးသောပုံပြင်လေးတစ်ပုဒ်အား ဘာသာပြန် မျှဝေလိုက်ပါသည်။

============

ပြင်သစ်နိုင်ငံတွင် Balaang ဟုခေါ်သော လူတစ်ဦးသည် ပုံတူပန်းချီကားများ ရောင်းဝယ်ခြင်းဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သည်။ အချိန်(၁၀)နှစ်မတိုင်မီ ပြင်သစ်နိုင်ငံရှိ အချမ်းသာဆုံး စာရင်းဝင်လူ(၅၀)တွင် တစ်ဦး အပါအ၀င်ဖြစ်ခဲ့သည်။ (၁၉၉၈)ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး သူ မကွယ်လွန်မီ မိမိ၏ခန္စာကိုယ်အား ဆေးရုံတွင် လှူဒါန်းခဲ့သည့်အပြင် ပြင်သစ်ငွေ ၁၀၀မီလီယံကို ဆင်းရဲခြင်းဟုသော လျှို့ဝှက်တံခါးကို ဖွင့်နိုင်သူအား ဆုငွေအဖြစ်ပေးရန် ချန်ထားရစ်ခဲ့သည်။

သူကွယ်လွန်ပြီး မကြာမီ ပြင်သစ်နိုင်ငံရှိ သတင်းစာတစ်စောင်တွင် သူရေးခဲ့သော သေတမ်းစာကို ထုတ်ပြန်ကြေညာခဲ့သည်။ သူ၏ သေတမ်းစာမှာ ---

“ကျွန်တော်ဟာ အရင်က ဆင်းရဲတဲ့လူတစ်ယောက်ပါ။ ကွယ်လွန်တော့ သူဌေးဆိုတဲ့ဂုဏ်ပုဒ်နဲ့ ကောင်းကင်ဘုံကို သွားရမယ့်လူပါ။ ကောင်းကင်ဘုံကို မ၀င်ခင် ကျွန်တော် ဘာကြောင့်သူဌေးဖြစ်ရတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် သယ်မသွားချင်ပါဘူး။ အဲဒီလျှို့ဝှက်ချက်ကို ပြင်သစ်ဗဟိုဘဏ်က ကျွန်တော်ရဲ့ မီးခံသေတ္တာထဲမှာ သိမ်းဆည်းထားပါတယ်။ အဲဒီ သေတ္တာရဲ့သော့သုံးချောင်းကို ကျွန်တော်ရှေ့နေနဲ့ ကိုယ်စားလှယ်နှစ်ဦးဆီမှာ အပ်နှံထားခဲ့တယ်။ ဆင်းရဲသားတွေ ဘာလိုအပ်လို့ ဆင်းရဲရတာလဲဆိုတဲ့အမေးကို ဖြေဆိုနိုင်သူကို ကျွန်တော် ကောင်းချီးပေးချင်ပါတယ်။ ဖြေဆိုနိုင်တဲ့သူကို ကျွန်တော် အခေါင်းထဲကနေထပြီး လက်ခုပ်တီး ကောင်းချီးမပေးနိုင်ဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့မီးခံသေတ္တာထဲက ၁၀၀ မီလီယံကို ယူသွားခွင့်ရှိပါတယ်။ ဒါဟာ ကျွန်တော်ရဲ့ ကောင်းချီးသြဘာပါပဲ။”


သေတမ်းစာကို ထုတ်ပြန်ကြေညာပြီးနောက် သတင်းစာတိုက်သို့ စာများ အဆက်မပြတ် ရောက်လာခဲ့သည်။ ဆင်းရဲသားများ ဘာ အလိုအပ်ဆုံးလဲ ဟုသော မေးခွန်းကို ဖြေဆိုသော အဖြေ စုစုပေါင်း (၄၈၅၆၁)ကို လက်ခံ ရရှိခဲ့သည်။ လူအများစုက ဆင်းရဲသားများ အလိုအပ်ဆုံးမှာ “ငွေကြေး”သို့မဟုတ် “ကြီးပွား တိုးတက်အောင် လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့် နည်းလို့” ဟု ဖြေဆိုထားကြသည့် အပြင် တချို့က “အကူအညီ မဲ့လို့” ဆင်းရဲနေကြခြင်းဖြစ်သည်ဟုလည်း ဖြေထားကြသည်။

သူကွယ်လွန်သော နှစ်ပတ်လည်နေ့တွင် မီးခံသေတ္တာကို သက်သေများရှေ့၌ ဖွင့်ခဲ့သည်။ စာပေါင်း (၄၈၅၆၁) စောင်ရှိသည့်အနက် Tiller မည်သော ကလေးမလေး၏အဖြေမှာ သူ၏ လျှို့ဝှက်ချက်နှင့် ကိုက်ညီခဲ့သည်။ ထိုအဖြေမှာ “ဆင်းရဲသားများ ဆင်းရဲနေခြင်းမှာ ပြင်းပြသောဆန္ဒ၊ ချမ်းသာလိုသောအာသီသ (ambition) ကင်းမဲ့သောကြောင့် ဖြစ်သည်”။

၉နှစ်သာရှိသေးသော Tiller အား ဘာကြောင့် စိတ်ဆန္ဒအာသီသဟု ဖြေဆိုခဲ့ပြီး တစ်ခြားအဖြေကို မဖြေခဲ့ရသလဲ ဟုမေးသော် သူမက “ကျွန်မအစ်မဟာ သူ့ချစ်သူကို အိမ်ခေါ်ပြန်လာတိုင်း ပြင်းပြတဲ့ဆန္ဒမရှိနဲ့လို့ အမြဲသတိ ပေးတတ်ပါတယ်။ ဒါကြောင့် စိတ်ဆန္ဒဆိုတာ ကိုယ်လိုချင်၊ ဖြစ်ချင်တဲ့ အရာကိုရအောင် လုပ်ပေးနိုင်မယ်လို့ ထင်ခဲ့တာပါ” ဟုပြန်ဖြေခဲ့သည်။

သူဌေး၏ လျှို့ဝှက်ချက်သည် ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန်စသော နိုင်ငံကြီးများကို တုန်လှုပ်စေခဲ့သည်။ နောင်တွင် မင်းသား၊ မင်းသမီးများနှင့် စီးပွားရေးလောကတွင် ထိပ်တန်း ရောက်နေသူများကို ထိုလျှို့ဝှက်ချက် နှင့် ပတ်သက်ပြီး အင်တာဗျူးကြရာတွင် ပြင်းပြသောဆန္ဒသည် ထာဝစဉ်တည်မြဲစေသော ဆေးတစ်ပါးဖြစ်၏။ ထူးခြားအောင်မြင်သော အရာဝတ္ထုတိုင်း၏မျိုးစေ့ဖြစ်သည် ဟုဖြေဆိုခဲ့ကြသည်။

လူအများဆင်းရဲနေရခြင်းမှာ သူတို့တွင် တူညီသောအားနည်းချက် တစ်ခုရှိသောကြောင့် ဖြစ်သည်။ ထိုအားနည်းချက်မှာ တကယ့်ချမ်းသာလိုသော ပြင်းပြသည့်ဆန္ဒ ကင်းမဲ့သောကြောင့်ဖြစ်သည်။

===========

ချမ်းသာသောသူများ၏ အိတ်ကပ်ထဲတွင် ဆင်းရဲသောသူများ၏ အိပ်မက်ကို အမြဲထည့်ထား တတ်ကြပါသလား.... သင်၏ မျှော်လင့်ချက်၊ သင်၏အိပ်မက်နှင့် ကြိုးစားလိုစိတ်ကို သင့်ထွေးပွေ့ထားလျှင် လမ်းဆုံးကို မရောက်မချင်း သင်သည် ဆင်းရဲသောသူ မဖြစ်နိုင်ပေ...

"ဆင်းရဲသားတွေ “ဘာ” လိုသလဲ"ကိုဖတ်ပြီး ရလာတဲ့နောက်ဆက်တွဲအတွေး

အဲဒီပုံပြင်ကိုဖတ်ပြီး နောက်ဆက်တွဲ တွေးမိတာလေးတွေပါ။ ကြီးပွားလိုတဲ့ စိတ်ဆန္ဒ၊ ချမ်းသာလိုတဲ့အာသီသ ဘယ်သူမရှိမှာလဲဆိုတဲ့ ကပ်သပ်တဲ့မေးခွန်းကို ကိုယ့်ကိုယ်တိုင် မေးကြည့်မိပါတယ်။ လူတိုင်း သူဌေးဖြစ်ချင်ကြတာပဲ။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ မိမိလိုချင်တဲ့ဆန္ဒကို အရောင်အမျိုးမျိုး ဆိုးခဲ့ကြတယ်။ တစ်ချို့အရာတွေဟာ စိတ်ဆန္ဒမဟုတ်တော့ဘဲ လိုချင်တပ်မက်တဲ့အတ္တဖြစ်သွားခဲ့တယ်။ ပုံပြင်ထဲက သူဌေးကြီးပြောချင်တဲ့ ပြင်းပြတဲ့ဆန္ဒဆိုတာ နေရာတစ်နေရာရချင်လို့၊ တစ်ခုခုရယူချင်လို့ အာဏနဲ့သိမ်းပိုက်လိုက်တာမျိုးမဟုတ်ဘဲ အမြင့်ကို တစ်ဆင့်ချင်း တစ်လှမ်းချင်း တဖြေးဖြေး ပြောင်းလဲတိုးတက်သွားတဲ့ ကိုယ့်ရဲ့အိပ်မက်တွေ သာဖြစ်တယ်။

ဆန္ဒနဲ့အိပ်မက် လူတိုင်းမှာ ရှိခဲ့ဖူးကြပါတယ်။ ကလေးလေး တစ်ယောက်ကို ကြီးလာရင်ဘာလုပ်မလဲလို့ သွားမေးကြည့်.. ၉ဝ%က ကြီးလာရင် ဆရာဝန်လုပ်မယ်၊ အင်ဂျင်နီယာလုပ်မယ်လို့ ဖြေကြမှာပါပဲ။ ငယ်ငယ်တုန်းက ကိုယ်လည်း အဲဒီကလေးလို ဖြေကောင်းဖြေခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့် အချိန်ရဲ့တိုက်စားခြင်းကို ခံခဲ့ရပြီးနောက် ကျရှုံးလိုက်၊ အဟန့်အတားတွေနဲ့ မကြာခဏ ရင်ဆိုင်လာရတော့ ဝမ်းပိုက်ပြည့်ရင် ပြီးတာပဲလေဆိုတဲ့ ရောင့်ရဲမှုကို လက်ခံတတ်လာခဲ့တယ်။ အရင်ကဖြေခဲ့ဖူးတဲ့ မိမိ၏ ရည်မှန်းချက်၊ မိမိ၏ အိပ်မက်ဆိုတာကို အကောင်အထည်ဖော်ဖို့ မေ့လျော့လာခဲ့တယ်။

“နပ်မှန်အောင် စားနေရရင် ပြီးတာပဲ” ....“တနေ့ရှာမှ တနေ့စားရတာ” “အသက်ကြီးလာပြီ ဘာများ မက်နေစရာလိုတော့လဲ” ..“သေရင်လဲပါမသွားဘူး။ ဒီလောက် ပင်ပင်ပန်းပန်း လုပ်နေစရာမလိုဘူး” စတဲ့ စတဲ့ အသံကို ပတ်ဝန်းကျင်မှာ ကြားတတ်ရပါတယ်။ ဗုဒ္စဘာသာပီပီ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရှိတာလေးနဲ့ဝအောင်စားဆိုတဲ့ ရောင့်ရဲတင်းတိမ်ခြင်းကို လက်ဝယ် ပိုက်လာခဲ့မိတယ်။ တကယ့်အောင်မြင်ချင်တဲ့ လူတွေကတော့ ရည်မှန်းချက်နဲ့ အိပ်မက်ကို ထွေးပွေ့လို့ တစ်လှမ်းချင်း ရှေ့ဆက်လှမ်းနေကြတယ်။

“ကျွန်တော်ဟာ အရင်က ဆင်းရဲတဲ့လူတစ်ယောက်ပါ။ ကျွန်တော်ဘာကြောင့် သူဌေးဖြစ်ရတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် သယ်မသွားချင်ပါဘူး။”
အဲဒီ သယ်မသွားချင်ဘူးဆိုတဲ့ သူ့ရဲ့“ပြင်းပြတဲ့ဆန္ဒ” ဟာ အိပ်မောကျနေတာ ကြာပြီဖြစ်တဲ့ ကိုယ့်ရဲ့အိပ်မက်နဲ့ စိတ်ဆန္ဒကို ထပ်တဖန် လှုပ်နိုးနိုင်စွမ်း ရှိခဲ့မယ်ဆိုရင်...

နိုင်းနိုင်းစနေ


https://www.facebook.com/photo.php?fbid=487839017980601&set=a.351047714993066

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...