စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ


-----------------------------------
ရေးသားသူ- သင်းရီ

လာမည့်ဇူလိုင် ၁၉ ဆိုလျှင် မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ၆၆ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကို အသက် ၆၀ ကျော် ဟိုဘက်သုံးလေးနှစ်စွန်းခဲ့ပြီဖြစ်သည့် ကျွန်တော့်အနေနှင့်တော့ဖြင့် မေ့နိုင်စွမ်းမရှိခဲ့။

သို့သော် အာဇာနည်ကြီးများကို မေ့လျော့ပျောက်ပြယ်စေရန် လူတစ်စုက ကြိုးပမ်းခဲ့ကြသည်များကိုမူ ဆယ်စုနှစ် ၂ နှစ်နီးပါးကြာအောင် ကြုံခဲ့ရသည်။ အဘယ်ကြောင့် ထိုကဲ့သို့ ဆောင်ရွက်ခဲ့ကြသည်ကို မိမိ၏ပုံမှန်ဦးနှောက်ဖြင့် အထပ်ထပ်တွေးကြည့်မိသော်လည်း အဖြေမပေါ်ခဲ့။ မည်သည့်သူက မည်သို့ထူးခြားသော ရွှေဉာဏ်တော်ဖြင့် စတင်ဆောင်ရွက်ခဲ့သည်လဲတော့မသိ။ ကျွန်တော့်အနေနှင့် ရိုးရိုးလေးမြင်မိသည်ကမူ ဣဿာမစရိယတွင်အခြေခံသည့် မလိုတမာစိတ်များလားဟုသာ ထင်သည်။ ကျွန်တော့်အမြင်မှားလျှင်တော့လည်း မတတ်နိုင်။ ထိုအတိုင်းသာမြင်ပါ၏ဟု ထပ်၍သာဆိုပါမည်။တိုင်းပြည်အတွက် ငါဘာလုပ်ပေးနိုင်သလဲတွေးသူနှင့် တိုင်းပြည်က ငါ့ကိုဘာလုပ်ပေးနိုင်မလဲသာ တွေးသူနှစ်ဦး၏ အတွေးအခေါ်နှစ်ရပ်ကြားမှ ဖြစ်ပေါ်လာသည့် အငုံ့စိတ်က ဣဿာမစရိယကို ပေါက်ဖွားစေခဲ့သည်ထင်၏။

ကျေးဇူးရှိခဲ့သူကို ရန်သူကြီးလိုပင် မြင်ကြသည်လားမသိ။ အာဇာနည်ကြီးများ၏ ဂူဗိမာန်ကို ပြည်သူတွေနှင့်ဝေးအောင် သော့ခတ်၍ပိတ်သည်။ အာဇာနည်နေ့အခမ်းအနားတွေကိုလည်း မည်ကာမတ္တသို့ မှေးမှိန်စေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာကို မမြင်လိုသဖြင့် အစိုးရရုံးဌာန နံရံတွေပေါ်မှ ဖြုတ်ပေးရသည်။ ငွေစက္ကူတွေပေါ်မှ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ နေရာသို့ တိရစ္ဆာန်တွေရောက်လာသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင်တော့ သူတို့နိုင်ငံခေါင်းဆောင်များ၏ ရုပ်ပုံလွှာတွေကိုသာ ငွေစက္ကူတွေပေါ်မှာ တမွန်တမြတ်သဘောမျိုး ဂုဏ်ပြုရိုက်နှိပ်ကြသည်။ ကိုယ့်နိုင်ငံက ငွေစက္ကူတွေကတော့ဖြင့် ဘယ်သို့ဖြစ်ကြလေ၍ တိရစ္ဆာန်တွေဖြစ်ကုန်ကြသည်ဟု မသိနားမလည်နိုင်တော့။

နာမည်မျှကိုပင် မမြင်နိုင်၊ မကြားနိုင်၊ မမြင်ရဲ မကြားရဲလည်း ဖြစ်ခဲ့ကြပုံရ၏။ ပုံနှိပ်စာလုံးအဖြစ် စာတစ်စောင်ပေတစ်ဖွဲ့ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို မမြင်လိုကြ။ သည်ကိစ္စ၌မူ စာပေစိစစ်ရေးက ဓားစာခံလူမိုက်လုပ်ပေးရသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်းအမည်ပါလျှင် မင်နီဝိုင်းခဲ့ရသည်။ ထိုနာမည်ကိုဖြုတ်စေ။


သို့နှင့်ပင် ယခုခေတ်ထဲမှ လူလားမြောက်စ လူငယ်လေးတွေက အာဇာနည်ဆိုသည်ကို မသိကြတော့။ အာဇာနည်၏ဂုဏ်ပုဒ်ဖြစ်သော “အကြင်သူသည် အမှန်တရားကိုသိ၏။ ထိုအမှန်တရားအတွက် အသက်ကိုပင်စွန့်ဝံ့၏။ ထို့ကြောင့် အာဇာနည်မည်၏”ဆိုသည့် အာဇာနည်အဓိပ္ပာယ်ကိုတော့ဖြင့် ဝေလာဝေးတော့သည်။ ထိုအခါ အမျိုးသားနိုင်ငံရေး ဘာညာနှင့် တိုင်းချစ်ပြည်ချစ်စိတ်ဆိုသည်ကို သူများအော်၍သာ ရောယောင်ပြီး ဝေလေလေအော်လိုက်ရ။ တကယ်တွင်တော့ စာလုံးပင် မပေါင်းတတ်ဆိုသလို ဖြစ်တော့၏။ အံ့သြစရာဆုတ်ယုတ်အောင် ကြံဆောင်တတ်ကြပေစွဟု ရှာကာကြံကာချီးမွမ်းရသည်။

ထို့ထက် အံ့သြစရာတစ်ခုလည်း ရှိပြန်သေး၏။ အခြားမဟုတ်။ မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်လျက် ပြည်သူတွေ၏ တစ်ခဲနက် ထောက်ခံအားပေး အားကိုးခြင်းကိုခံရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပွားသည့်အမုန်းစိတ်က သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းအပေါ် အရိပ်ထိုးခဲ့သည်လား၊ ဗိုလ်ချုပ်အောင်ဆန်းအပေါ်တွင် ထားရင်းစွဲရှိသည့် ဣဿာမစရိယစိတ်က သူ့သမီးအပေါ် အရိပ်ထိုးခဲ့လေသည်လားတော့လည်း မပြောတတ်။ မဆီလေးရယ်မှ အိုမဆိုင်။ သူ့ဘာသာသူ မွေးကတည်းက သူ့မိသူ့ဘကိုယ်တိုင် ပေးထားခဲ့သည့် “အောင်ဆန်းစုကြည်”ဆိုသည့်နာမည်ကို “အောင်ဆန်း” ဖြုတ်လျက် “ဒေါ်စုကြည်”ဟု ပြင်ခေါ်ကြပြန်သေးဆိုသည့်အခါ အံ့သြကုန်နိုင်ဖွယ်ဖြစ်ရပြန်ချေတမုံ့ဟု ဆိုချင်မိရပြန်၏။

ဒါက တစ်သမတ်တည်းတော့လည်း မဟုတ်ပြန်။ ကလေးတွေ မတည့်ကြသည့်အခါကျမှ ငါ့အိုးပုတ်ပြန်ပေးဆိုသလိုမျိုး ဒေါ်စုကြည်ဖြစ်လိုက်၊ ဒေါ်အောင်ဆန်းစုကြည်ဖြစ်လိုက် ဆိုသည်ကလည်း အခါခါအပြောင်းအလဲနှင့် ဗလောင်းဗလဲ လုပ်သလိုရှိခဲ့ကြပြန်သေးဆိုသည့်အခါ နားထဲမှာယားသည်။

ယခုတော့လည်း “ဒေါ်အောင်ဆန်းစုကြည်”ဟု ဖြစ်နေကြပြန်ပြီ။ ဘာပဲဖြစ်ဖြစ် ကွဲပြားခြင်းအမုန်းဆိုသည်က အနုတ်လက္ခဏာဖြစ်လျက် ပေါင်းစည်းခြင်းမေတ္တာဆိုသည်က အပေါင်းလက္ခဏာဖြစ်သောကြောင့် တိုင်းပြည်အတွက်တော့ဖြင့် နိမိတ်ကောင်းပေပဟု ကြိုဆိုရသည်။

အလားတူပင်လည်း လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်တွေ ပုံနှိပ်စာလုံးအဖြစ် ပြန်မြင်လာရသည်။ ပြီးခဲ့သည့်လဆန်းမှ စတင်လျက် အာဇာနည်ကြီးများ၏ ဂူဗိမာန်ကို အများပြည်သူဂါရ၀ပြုနိုင်ရန် ပြန်ဖွင့်ပေးခဲ့သည်။ စဖွင့်ဖွင့်ချင်း မနက်ပိုင်းတွင်ပင် အဇာနည်ခေါင်းဆောင်ကြီးတွေကို လာရောက် ဂါရ၀ပြုကြသူဦးရေ ၂၀၀ ကျော်ရှိသည်ဟု သတင်းတွေထဲတွင်ဖတ်ရသည်။ စင်စစ်တွင် အာဇာနည်တွေကိုစိတ်ဝင်စားခြင်း၊ အာဇာနည်တွေကို ဂုဏ်ပြုလိုစိတ်ရှိခြင်းသည် အာဇာနည်များကို အားကျခြင်း၏ စိတ်အခြေခံဖြစ်သည်။ အာဇာနည်များကို အားကျခြင်းသည်ပင် တိုင်းပြည်ချစ်စိတ်ကို မွေးဖွားစေခြင်းဖြစ်သည်။ ကျွန်တော်တို့ငယ်စဉ်အခါ ကျောင်းမနေရသေးခင်ကတည်းကပင် ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေး
ကြိုးပမ်းခဲ့ကြပုံအကြောင်းတွေက မိဘများပြောပြသည့် အိပ်ရာဝင်ပုံပြင်တွေအဖြစ်လည်း ကြားခဲ့ရသည်။

မှတ်မိနေသေးသည်။ ကျွန်တော့် အသက် ၅ နှစ်သားအရွယ် ကျွန်တော်က ၁၉၄၉ မွေးမို့ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်ကြီးတွေ ကျဆုံးခဲ့ကြရသည်မှာ အဲသည်အခါတုန်းက ခုနစ်နှစ်ပဲရှိဦးမည်။ ကျွန်တော့်အဖေ၏အစ်မ ကြီးတော်ကြီးနှင့်အတူ ရန်ကုန်သို့ ဘုရားဖူးရောက်ခဲ့ဖူးသည်။ မှတ်မှတ်ရရ အဲသည်အချိန်က မြန်မာနိုင်ငံထေရ၀ါဒဗုဒ္ဓဘာသာ၏ ဆဋ္ဌမသင်္ဂါယနာတင်ပွဲတော်ကြီးကို ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူကြီး၌ ကျင်းပချိန်လည်းဖြစ်သည်။ ရန်ကုန်မြို့ကြီးသို့ ဘုရားဖူးလာခဲ့ကြခြင်းအကြောင်းရင်းက ထိုသင်္ဂါယနာပွဲတော်ကြီးသို့ သွားရောက်ကြည်ညိုလိုရင်းဖြစ်သည်။ ဒုတိယအနေနှင့်တော့ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ရန်ဖြစ်၏။ တတိယမူ ကျွန်တော်မျှော်လင့်မထားသော နေရာဖြစ်နေတော့သည်။ ထိုနေရာကား ရွှေတိဂုံစေတီ ကုန်းတော်ပေါ်မှ မြောက်ဘက်စောင်းတန်းအတိုင်း ဆင်းလိုက်လျှင် ဆင်းဆင်းချင်းရောက်လေသည့် အာဇာနည်ဗိမာန် ဖြစ်လေ၏။ သည်တုန်းကတော့ သွပ်မိုးထားသည့် ရေနံရောင်မှိုင်းမှိုင်းနှင့် အုပ်ခုံခံသစ်သားမြေစိုက်ဇရပ်ကြီးဟု စိတ်ထဲတွင်မှတ်မိနေသည်။ ထိုဇရပ်ကြီးထဲတွင်မှာမှ အာဇာနည်ခေါင်းဆောင်ကြီးများ လဲလျောင်းရာ အုတ်ဂူဖြူဖြူတွေရှိနေသည်။ ထိုအုတ်ဂူများအပါးသို့ ရောက်ကြသည့်အခါ တောကျေးလက်မှ ဘုရားဖူးလာကြသည့် ကျွန်တော့်ကြီးတော်ကြီးအပါအ၀င် အမျိုးသား၊ အမျိုးသမီးတွေအားလုံးမှာ ပန်းခွေလည်းချတတ်သည်မဟုတ်၊ အလေးလည်း ပြုတတ်ကြသည်မဟုတ်တော့ အာဇာနည်ကြီးတွေ၏ အုတ်ဂူတွေခြေရင်းတွင် ကျုံ့ကျုံ့ကိုယ်စီထိုင်ကြကာ မျက်ရည်ဝေ့ဝေ့ဖြင့် ကန်တော့ကြသည်ကို မှတ်မိနေသည်။ ကျွန်တော်လည်း ကြီးတော်ကြီးတို့နည်းတူ အာဇာနည်ကြီးတွေကို ဦးချကန်တော့ခဲ့ရသည်။ ခုပြန်စဉ်းစားတော့ ကျွန်တော့်ကြီးတော်ကြီးတို့တစ်တွေ ဦးချကန်တော့သည့်အထဲတွင် ရွှေတိဂုံစေတီတော်ကြီးနှင့် ဆဋ္ဌသင်္ဂါယနာတင်ဆရာတော်ကြီးများသာမက ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးတွေလည်း အတူတကွပါပေတာကိုးဟု သတိပြုမိသည်။

သည်ကဲ့သို့ ချစ်ခင်လေးစား မြတ်နိုးစွာတန်ဖိုးထားခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီးတွေအကြောင်းက ကျောင်းနေတော့လည်း ကျောင်းစာတွေထဲမှာသင်ရသည်။ အာဇာနည်နေ့နားနီးလာပြီဆိုလျှင် အာဇာနည်ကြီးများအကြောင်း ဟောပြောပွဲတွေလုပ်ကြသည်။ မြန်မာ့အသံရေဒီယိုမှလည်း ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေကို နေ့စဉ်လွှင့်ပေးခဲ့သည်။ သတင်းစာမျက်နှာဖုံးတွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း ကောက်နုတ်ချက်တွေ နေ့စဉ်ထည့်ပေးသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် မြန်မာ့အသံမှ ၀မ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲကာ စက်ရုံအလုပ်ရုံတွေကလည်း ၀မ်းနည်းခြင်းအထိမ်းအမှတ် ဥသြတွေ ပြိုင်တူဆွဲကြသည်။ သည်အချိန်တွင် ပြည်သူတွေကလည်း မိမိရောက်လေရာအရပ်တွင် မတ်တတ်ရပ်လျက် အလေးပြုကြသည်။

ဤသို့သောဆောင်ရွက်ချက်များသည် ကျဆုံးလေပြီးသော အာဇာနည်ကြီးများကို ဂုဏ်ပြုခြင်းမည်ရုံမျှမက အမြဲတစေ သတိတရဖြစ်နေစေခြင်းကိုလည်း ဖြစ်စေသည်။ အာဇာနည်ကြီးများကို ထိုသို့သတိတရ ရှိနေကြခြင်းကသည်ပင်လျှင် တိုင်းပြည်ချစ်စိတ်ကို ဖြစ်ထွန်းတိုးပွားစေသည်ဖြစ်သောကြောင့် တိုင်းပြည်ကို အမှန်ချစ်ကြရိုးမှန်လျှင် အာဇာနည်ကြီးများကို တန်ဖိုးထားတတ်သည့်စိတ်၊ အာဇာနည်စိတ်ဓာတ်ကို လေးစားအားကျ အတုယူတတ်သည့်စိတ်ဓာတ်များကို မွေးမြူစောင့်ရှောက် ထိန်းသိမ်းပေးကြပါလေကုန်...ဟု။

7Day News Journal

https://www.facebook.com/photo.php?fbid=440195292744974&set=a.35104771499306

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...