စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာနိုင်ငံ တောင်ဘက် အစွန်းအရပ်မှ ပင်လယ်ပျော်များ





မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းရှိ တနင်္သာရီတိုင်း ဒေသကြီးသည် သဘာဝ ပတ်ဝန်းကျင် လှပသော ရေသယံဇာတ၊ သစ်တော သယံဇာတ၊ သတ္တု သယံဇာတ ပေါကြယ်ဝသော တိုင်းဒေသကြီး တစ်ခု ဖြစ်သည်မှာ အထူးပြောစရာ လိုမည် မထင်ပါ။ ထိုနောက် တနင်္သာရီတိုင်းဒေသကြီး၏ အစွန်ဆုံးမြို့ တစ်မြို့ဖြစ်သည်။ ကော့သောင်းမြို့ အနီးတစ်ဝိုက်တွင် ကျွန်းများပေါများလှပြီး အဆိုပါကျွန်းများတွင် ရှားပါးဆလုံ(ခေါ်) မွန်ကင်း(သို့) Sea gypsies ခေါ် ပင်လယ်ပျော်တို့ နေထိုင်ကျက်စားကြသည်ဆိုလျှင် လည်း သိသူနည်းမည် ထင်ပါသည်။

၎င်းတို့သည် ပင်လယ်တွင် နေထိုင်၍ ပင်လယ်တွင် အသက်မွေး ၀မ်းကြောင်းပြု နေထိုင်ကြသည်။ ဆောင်းရာသီ လှိုင်းလေ ငြိမ်သက်သည့် ကာလတွင် ပင်လယ်ရေထွက် သယံဇာတများဖြစ်သည့် ငါး၊ ကင်းမွန် (ပြည်ကြီးငါး)၊ ခရု၊ ကမာ၊ ပင်လယ်မျှော့၊ ကျောက်ခက်ကျောက်ပန်း၊ ငါးကြီးအန်ဖတ်၊ လိပ်ဥ၊ ငှက်သိုက်၊ ပျားရည်တို့ကို ရှာဖွေကာ ကြာရှည်ခံစေရန် အခြောက်လှန်း ပြုပြင်စုဆောင်းပြီး ပြန်လည် ရောင်းချ စားသောက် နေထိုင်ကြသည်။

ဆလုံတို့၏ သေခြင်း ဓလေ့သည်လည်း ထူးဆန်းပေသည်။ မိသားစုဝင် တစ်ဦးဦး ကွယ်လွန်သော အခါ ကျန်ရစ်သူ မိသားစုများမှာ အနည်းငယ်မျှ ငိုကြေးကြပြိး နာရီပိုင်းအတွင်း သီဆို ကခုန်ကြ လေတော့ သည်။ သေဆုံးသူသည် အမျိုးသားဖြစ်ပါက ပင်လယ် ဒီရေတက်ချိန်တွင် သင်္ဂြိုဟ်ကြပြီး အမျိုးသမီး ဖြစ်ပါက ဒီရေ ကျချိန်တွင် သင်္ဂြိုဟ်လေ့ရှိသည်။

သင်္ဂြိုဟ်မှု ပုံစံသည် ဆန်းကြယ်ပေစွာ သေဆုံးသူအား မြေမြုပ် သင်္ဂြိုဟ်လေ့မရှိ။ သောင်ပြင်ရေစပ်တွင် ကျပ်စင်ထိုး၍တင်ကာ သေဆုံးသူ ပိုင်ဆိုင်သော ပစ္စည်းများကို အလောင်း နှင့်အတူ စွန့်ပစ် ထားခဲ့ကြလေသည်။ ရှေးယခင် ဆလုံ အယူအဆ တစ်ခုမှာ တစ်ဦးတစ်ယောက် သေဆုံးပါက သေသည့် ကျွန်းသည် နိမိတ်မကောင်းဟု ယူဆပြီး အသုဘ အခမ်းနားပြီး သည့်နေ့တွင် ထိုကျွန်းအား တစ်ရွာလုံး စွန်ခွာ သွားကြလေ့ရှိကြောင်း လေ့လာ သိရှိရပါသည်။

ဆလုံတို့တွင် တိကျ ခိုင်မာသော ကိုယ်ပိုင် စာပေဟူ၍ မရှိ၊ ရိုးရာ သီချင်းဟူ၍ သီးခြားမရှိ၊ ရိုးရာ တူရိယာ ပစ္စည်းဟူ၍ ရှေးယခင် ကာလက သစ်သားပင်စည်ကို ထွင်း၍ ဖွတ်သရေကျက်ကာ ရိုးရာဗုံအဖြစ် အသုံးပြု တီးခတ် ကြလေ့ရှိပြီး ယခုအချိန်တွင် ရိုးရာ ဗုံပြုလုပ်ရန် သားရေ ရရှိနိုင်မှု အခက်အခဲကြောင့် အိမ် အသုံးအဆောင် ရေစည်၊
ဒန်အိုးကြီးများကို မှောက်၍ ဗုံအဖြစ် အသုံးပြု တီးခတ်ကြသည်။

သီဆိုတီးမှုတ် ကခုန်ခြင်းကိုမူ နှစ်သက် ခုံမင်ကြသည်။ ၄င်းတို့ သီဆိုသည့် သီချင်းသံမှာ မလေးလူမျိုးတို့ သီဆိုသည့် သံစဉ်နှင့် ခပ်ဆင်ဆင် တူပါသည်။ ရိုးရာအက ဟူ၍ သတ်သတ်မှတ်မှတ် မရှိ ကခုန်ကြသည့် အခါ လက်ကိုမြှောက်ကာ စည်းဝါးညီညီ ကခုန်လေ့ရှိကြသည်။

ဆလုံများ သည် အမိန့်ပေးခိုင်းစေခြင်း၊ တင်းကျပ်သောစည်းကမ်း ချမှတ်ချက်များကို မနှစ်သက်ကြပေ၊ အတင်းအကျပ် ခိုင်းစေ ဆောင်ရွက်လျှင် ထိုအရပ်မှ လျင်မြန်စွာ ထွက်ခွာပြောင်းရွေ့ သွားတတ်ကြပါသည်။ ယခုအခါ ဆလုံများမှာ ယခင် တစ်ချိန် ကကဲ့သို့ မဟုတ်ကြတော့။ လူနှင့် ပတ်ဝန်းကျင်အကြား သဟဇာတ ကျကျ နေထိုင်တတ် လာကြပြီဖြစ်ရာ ကော့သောင်းခရိုင် အတွင်းရှိ ဆလုံအများစု နေထိုင်ရာ ကျွန်းများဖြစ်သည့် ဇာဒက်ကြီးကျွန်း၊ လန်းပိကျွန်း၊ ညောင်ဝိကျွန်း၊ ဂျလန်းကျွန်းများတွင် ကျေးရွာများ အတည်တကျ ထူထောင် နေထိုင်လျက်ရှိပြီး လူနေမှု အဆင့်အတန်း မြင့်မားလာကာ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ကျေးရွာစာကြည့်တိုက်များ အသုံးပြုကြသည့် လူ့ပတ်ဝန်းကျင်တွင် အတန်အသင့် လိုက်လျောညီထွေစွာ နေထိုင်သည့် အလေ့အထများဖြင့် တွေ့မြင်နိုင်ပြီ ဖြစ်ပေသည်။

ကမ္ဘာပေါ်တွင် ခေတ်မီ နည်းပညာများ အသုံးမပြုပါဘဲနှင့် ရေသတ္တ၀ါများအကြောင်း လက်တွေ့ဆန်စွာ သိရှိ ကျွမ်းကျင်သော လူမျိုး၊ ပင်လယ်ကို ချစ်မြတ်နိုးသော ပင်လယ်ရှိသော ဒေသများတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသော၊ ပင်လယ်နှင့် ဝေးရာသို့ ထွက်ခွာရန် စိတ်ကူးထဲတွင်ပင် မထည့်သည့်၊ လွတ်လပ်စွာ ပျော်ရွှင် အနှောင်အဖွဲ့ ကင်းမဲ့စွာဖြင့် အလိုရမ္မက် လောဘနည်းပါးပြီး အပူအပင်မဲ့ ရိုးသားစွာ ဘ၀ကို ဖြတ်သန်းသွားလာ နေထိုင်ကြသော ရှားပါးပျောက်ကွယ်လုနီးပါး မျိုးနွယ် တစ်ခုဖြစ်လေရာ အခါအခွင့်သင့်ပါက လာရောက်လေ့လာနိုင်ကြပါ ရန် တိုက်တွန်းရေးသားလိုက်ပါသည်

မောင်မောင်ကျော်စိုး
ကျမ်းကိုး။ ။ နိုင်တာရာ၏ ဆလုံ(သို့) ပင်လယ်ပျော်သူမျာိးုး
ဇွန်လ (၂၉) ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှ

မြိတ်ပုလဲမြေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...