စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်ကမ်း ကြိုနေ အမိမြေ



ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ကြသော မြန်မာ ရွှေ့ပြောင်း လုပ်သားများ၏ အရေး အခုတ လော ကြားသိ နေရသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများ အများဆုံးရှိရာ မလေးရှား နိုင်ငံတွင်း ဖြစ်ပွား နေသော ပဋိပက္ခ များကြောင့် မြန်မာနိုင်ငံသို့ အသီးသီး ပြန်လာကြပြီ ဖြစ်သည်။ မလွှဲသာ မရှောင်သာ မိသားစု စားဝတ်နေရေး အတွက် တစ်နယ်တစ်ကျေး သွားရောက် လုပ်ကိုင်နေကြသော သူများတွင် လူငယ်၊ လူလတ် အရွယ်စုံလျက် အများစုမှာ အသက် ၂ဝ မှ ၃၅ နှစ် အတွင်း ဖြစ်ကြောင်း သိရသည်။ ရောဂါဘယ ကင်းဝေးပြီး အင်အား အပြည့်ဖြိုးဆုံး အရွယ်တွင် အားအင်သုံး၍ လုပ်ကိုင်ရသော ဆောက်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ရောင်းဝယ် ဖောက်ကားမှု လုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်းနှင့် အခြားလုပ်ငန်း အသီးသီးတို့တွင် ဝင်ရောက် လုပ်ကိုင်ရင်း သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် လှုပ်ရှားရုန်းကန် ကြရသည်။ အချို့က သူများသွားလို့ သွားကြသည်။ အချို့က အကြွေးဆပ်ဖို့ သွားကြသည်။ အချို့က အမျိုးများလို့၊ အချို့က အကျိုးများဖို့ သွားကြသည်။ သွားရောက်ကြသော နောက်ခံ အကြောင်းအရင်းများ အမျိုးမျိုး ကွဲပြား ကြသော်လည်း ရည်ရွယ်ချက်မှာ တစ်ခုတည်းပင်။ ရင်းနှီး စားသောက်ရန် လိုအပ်သော ငွေကြေးပမာဏကို အချိန်တိုအတွင်း ရရှိရေးပင် ဖြစ်သည်။ မသွားခင် မက်ခဲ့သော အိပ်မက် နန်းတော်ကြီးကို ပြန်လာလျှင် အပြီး ဆောက်နိုင် ဖို့ အရေး ချွေးနှဲစာကို မိသားစုများထံ အရောက် ပြန်ပို့ရေး ရတက် မအေးရအောင် ပင်ပန်းကြရသည်မှာ အမှန်ပင် ဖြစ် သည်။

မှန်းချက်နှင့် နှမ်းထွက် မကိုက်ဘဲ ပတ်စာခွာ ဖျာသိမ်း ခဲ့ရသူများလည်း ဒုနဲ့ဒေးပင်။ စိတ်ပန်း လူပန်းနှင့် မိသားစု ပြုံးပျော်နိုင်ဖို့ အရေး မိမိကိုယ်ကို စတေး နေကြသူများလည်း ရှိသည်။ အများတကာလို လုံလောက် သော ပညာ အရည်အချင်း မရှိသူများအဖို့ သာ၍ပင် ဆိုးတော့သည်။ Dirty, Difficult, Danger ဟူသော အများ မလုပ်ချင်သည့် အလုပ်မျိုးကို လုပ်နေရသူ များလည်း ရှိသည်။ ပညာ အဆင့်အတန်း မြင့်မားသော ရာထူး ရာခံများနှင့် အခွင့်ထူး လူတန်းစားများလည်း ရှိသည်။

ထိုအထဲမှ ဘာသာစကား အားနည်းမှုကြောင့် လိုရင်းကို မရှင်းနိုင်ဘဲ တိုင်းတစ်ပါး ဥပဒေများ အကြား လုံးပါး ပါးနေသူ များလည်း အများအပြားပင်။ တောအရပ်တွင် ပေါင်းသင်၊ မြက်နုတ်၊ ကောက်စိုက်၊ လယ်ထွန်၊ နွားကျောင်း၊ နွားစာရိတ် စသော အလုပ်ကြမ်းများထက် စာလျှင် အရာရာ သာသည်ဟု ထင်မှတ်ကာ ပြောင်းရွှေ့ လုပ်ကိုင်ကြသော တော သူတောင်သား လူငယ်များ အဖို့ တိုင်းတစ်ပါးတွင် ခံစားကြရသော သောက၊ ဒုက္ခများအား ဖော်မပြရက်ပေ။ ထိုအထဲမှ မိမိတို့ နိုင်ငံသားများကိုမှ ရွေးပြီး မင်းမဲ့စရိုက် ဆန်ဆန် အကြမ်းဖက်မှု များကို ကြုံတွေ့ရသူများ အဖို့ မည်မျှပင် သည်းခံစေကာမူ အသက်နှင့် ရင်း၍ နေရလောက် အောင် ကောင်းမွန်သော ပတ်ဝန်းကျင် ဟုတ်၊ မဟုတ် သေချာစွာ ချိန်ဆ သင့်တော့သည်။ လက်သည်း ဆိတ်လျှင် လက်ထိပ် နာတတ်သော မြန်မာတို့အဖို့ သားသမီးကို ထိပါးရန်လို က ရှေ့တန်းထွက် ကာကွယ် ပေးသော မိဘများကဲ့သို့ နိုင်ငံတော်မှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား လုပ်ငန်းရှင်များ၏ စုပေါင်း စောင့်ရှောက်မှုကြောင့် အခုဆိုရင် အမိမြေကို ပြန်လည် ခြေချနိုင်ပြီ ဖြစ်သည်။

မိမိ နိုင်ငံသားများ အကျိုး အတွက် မားမားမတ်မတ် ရပ်တည်ကာ တတ်စွမ်းသမျှ ကူညီ ပေးနေသော တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် များက လူမှုရေး စိတ်ဓာတ်ကိုလည်း အသိအမှတ်ပြု ကျေးဇူး တင်မိသည်။ ရိုင်းပင်းကူညီ တတ်သော မြန်မာ့ စိတ်ထားကို ကမ္ဘာကပင် အလေးတယူ ဂရုပြုကြရသည်။ ရမ်းကားသူများအား တရားဥပဒေနှင့် အညီ အပြစ်ပေးနိုင်ရေးနှင့် မိမိနိုင်ငံသား ရွှေ့ပြောင်း လုပ်သားများ၏ အရေးကို အလေးထား ဆောင်ရွက် ပေးသော နိုင်ငံတော် အစိုးရနှင့် အမိမြေ ပြန်လာရန် အခက်အခဲ ရှိသူများအား လေယာဉ် လက်မှတ် အခမဲ့ ပေးခြင်း၊ လျှော့ပေါ့ ပေးခြင်း၊ ပြန်ရောက်ပါက အလုပ်အကိုင် ရရှိရေး အတွက် ကူညီပေး ခြင်း၊ ထိခိုက် နာကျင်သူများ အတွက် အလှူငွေများ ပေးအပ်ခြင်း စသော အကူအညီများအား တက်ညီလက် ညီပံ့ပိုး ပေးကြသည်မှာ ကြည်နူးစရာ ကောင်းလှပေသည်။
 လက်ကမ်း ကြိုနေ အမိမြေ
 ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၏ အောင်မြင်မှု အသီးအပွင့်များ အဖြစ် ယနေ့ မြန်မာနိုင်ငံတွင် ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံ လျက်ရှိပြီး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း များလည်း ပွင့်လင်းလျက်ရှိရာ နိုင်ငံတကာသို့ ရောက် ရှိ နေသော မြန်မာ တိုင်းရင်းသား ပညာရှင်များ၏ ပူးပေါင်း ပါဝင်မှုသည် အရေးပါသော အခန်းကဏ္ဍ တစ်ရပ် ဖြစ်လေ သည်။ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံခြား တိုင်းပြည်များမှ အတွေ့အကြုံနှင့် နည်းပညာ ကောင်းများကို မိမိတို့ နိုင်ငံ တွင် ပြန်လည်မျှဝေ အသုံးချရင်း မြန်မာနိုင်ငံ၏ သမိုင်းဝင် အပြောင်းအလဲများနှင့် အတူ လှပလာမည့် မြန်မာ့ အနာဂတ် ကို တစ်တပ်တစ်အား ပါဝင် တည်ဆောက်ရန် အချိန်ကောင်းပင် ဖြစ်ပေရာ နွေးထွေးသော အမေ့အိမ် မြန်မာ့မြေမှ လက်ကမ်းကြိုဆို နေမည်မှာ အမှန်ပင် ဖြစ်ပါတော့သည်။     ။

  http://www.myawady.com.mm/library/stories/storiesforall/item/18981-2013-07-09-09-35-

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...