စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







~နှာစေး ချောင်းဆိုး~ (ချက်ချင်း ပျောက်ကင်းအောင်မပြုလုပ်ပါက အခြား ရောဂါများ ဆက်လက် ဝင်ရောက်နိုင်)




နှာစေးခြင်းနှင့် ချောင်းဆိုးခြင်းဒွန်တွဲခံစားရခြင်းကို နှာစေး၊ ချောင်းဆိုးဟု ခေါ်ကြပါသည်။ နှာစေး
၊ ချောင်းဆိုးခြင်းသည် ရုတ်တရက် ဖြစ်ပေါ်တတ်ပြီး ညီညွတ် မျှတအောင် မနေတတ် လျှင် ရက်တာရှည် ဖြစ်နေတတ် ပါသည်။

နှာစေး၊ ချောင်းဆိုးမှ တစ်ဆင့် အဖျားရောဂါ၊ အဆုတ်ရောဂါ၊ ပန်းနာရင်ကျပ် ရောဂါများ ဆီသို့ ဦးတည် သွားတတ်သဖြင့် ''အပျက် အပျက် နှင့် နှာခေါင်းသွေးထွက်'' ဆိုသကဲ့သို့ သာမန် အခြေ အနေမှ ရောဂါကြီး အဆင့် ဖြစ်တတ် ပါသေးသည်။

နှာစေး၊ ချောင်းဆိုး ဖြစ်ခြင်းသည် နွေ၊ မိုး၊ ဆောင်း ရာသီဥတု အလိုက် ဖြစ်တတ်သော ရောဂါဟု ဆိုနိုင်ပါသည်။ နွေဦး၊ မိုးဦး၊ ဆောင်းဦး စသည့် ဥတုပြောင်း၊ ရာသီပြောင်း ကာလ များတွင် အများဆုံး ဖြစ်တတ်ပါသည်။

နွေရာသီတွင် အပူဒဏ် သက်သာစေရန် အလို့ငှာ အချိန်အခါ မဟုတ် ရေချိုးခြင်း၊ဦးခေါင်းကို

 ရေစိမ်ချိုးခြင်း၊အင်္ကျီချွတ်ပြီး လေအေးအတိုက်ခံခြင်း၊ပန်ကာ လေခံခြင်း၊ညဘက်အချိန် စောင်မခြုံဘဲအိပ်ခြင်း၊ ရေခဲရေ သောက်ခြင်းတို့ကြောင့် အပူအအေး ဝိရောဓိ ဖြစ်ပြီး အအေးပတ် ကာ နှာစေး၊ ချောင်းဆိုး ဖြစ်စေသည်။

မိုးရာသီတွင် ထီး၊ ဦးထုပ်စသည့် ဆောင်းစရာ မပါဘဲ သွားလာရင်း မိုးမိသောကြောင့် လည်းကောင်း၊ အချိန်ကြာကြာ မိုးရေခံ အလုပ် လုပ်ခြင်းကြောင့် လည်းကောင်း၊ ရေငွေ့ ပါသော လေများကို ရှူရသောကြောင့်လည်းကောင်း နှာစေး၊ ချောင်းဆိုး ဖြစ်နိုင်သည်။ ဆောင်းရာသီတွင် နှင်းငွေ့ ထူထပ်သော လေကို ရှူရသောကြောင့် လည်းကောင်း၊ လေအေး အတိုက် ခံရသောကြောင့် လည်းကောင်း၊ဝမ်းထဲတွင်အပူငွေ့ အောင်းနေရာမှလည်းကောင်း နှာစေး၊ ချောင်းဆိုး ဖြစ်နိုင်သည်။

 ရေငုပ်ခြင်း၊ ရေချိုးရာမှ နှာခေါင်းထဲ ရေဝင်ခြင်း၊ ခေါင်းလျှော်ခြင်းတို့ကြောင့်လည်းအပူငုပ်ပြီး နှာစေး၊ ချောင်းဆိုး ဖြစ်နိုင်ပါသည်။

နှာစေး၊ ချောင်းဆိုး ရက်ကြာလာလျှင် အစားအသောက် ပျက်ကာ ခန္ဓာကိုယ် ပိန်ချုံးနေခြင်း အပြင် စိတ်ညစ်ညူး နောက်ကျိခြင်း ကိုပါ ပူးတွဲခံစားရနိုင်ပါသည်။ကြာလျှင် နှာခေါင်းအနံ့မရနိုင်သော နှာပိတ် ရောဂါခေါ် ထိပ်ကပ်နာ ဖြစ်နိုင်သည်။

သို့ပါ၍အထက်တွင် ဖော်ပြခဲ့သည့် နှာစေး၊ ချောင်းဆိုးခြင်း ဖြစ်နိုင်သည့်အကြောင်းအချက်တို့ကိုထိန်းသိမ်း ရှောင်ကြဉ်ရပါမည်။ ဆောင်းနှောင်း၊ နွေ ဦးရာသီ အကူးအပြောင်း တို့၌ ကျန်းမာအောင် ဆင်ခြင် နေထိုင်ရင်းရာသီဥတုကြောင့် နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့သော် ချက်ချင်း ပျောက်ကင်းအောင် လုပ်ရပါမည်။ သို့မဟုတ်လျှင် အခြား ရောဂါများ ဆက်လက် ဝင်ရောက် နိုင်ပါသည်။

နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့လျှင် လူအုပ်စုထဲ ရောမဝင် သင့်ပါ။ ကိုယ်ခံအား နည်းနေချိန် ဖြစ်သဖြင့် အာရုံ တရားများ အနားယူရန် အလုပ် ကိစ္စများကို ရပ်နားထားလျှင် ပိုကောင်း ပါသည်။ မဖြစ်မနေ လုပ်ငန်းခွင်သို့ဝင်ရလျှင် နှာရည်များ၊တံတွေးများနှင့် ချောင်းဆိုးခြင်း တို့ကို သုတ်သင် တားဆီးရန်နှင့် ကူးစက် ပျံ့နှံ့မှုကို ကာကွယ်ရန် လက်ကိုင်ပဝါ၊ တစ်ရှူးနှင့် ဆေးဝါးများကို အသုံးပြုရ ပါမည်။

နှာစေး၊ ချောင်းဆိုး မဖြစ်မီ ရှေးဦး လက္ခဏာ အဖြစ် မျက်စိ၊ ပါးစပ်များပူပြီးအာသီး ရောင်တတ်ပါသည်။ ခေါင်းကိုက်ခြင်း၊ နှာပိတ်ခြင်း၊ အိပ် မပျော် ခြင်းတို့ ဖြစ်လာပါမည်။ ထိုအခါ ရှေးဦးပြုစု ကုသမှု အဆင့်အဖြစ် ရေနွေး ပွက်ပွက်ဆူကို ဇလုံထဲတွင် ထည့်ပြီး မျက်နှာကို ရေနွေးငွေ့ ခံပါ။ ရေနွေးငွေ့ ရှူပေးပါ။ ရှောက်ရည်၊ သံပရာ ရည်ကို ရေနွေးနှင့် ခပ်ချဉ်ချဉ် ဖျော်သောက်ပါ။

အစာအိမ် ရောဂါအခံရှိ၍အချဉ်ကဲသောက်၍မရလျှင်သံပရာ ဖျော်ရည်၌သကြားအစားပျားရည်ကိုအစားထိုး၍သုံးပေး နိုင်ပါသည်။ ရေများများ သောက်ပေးဖို့ လိုပါသည်။ ကွမ်းရွက် တစ်ရွက် ကို လက်ဖြင့် ဆုပ်ခြေ၍ ဖန်ခွက်ထဲ ထည့်ပြီး ရေနွေး ပူပူနှင့် ခပ်ကြာကြာ စိမ်ထားပြီး ပူနွေးနေစဉ် သောက်ပေး ရပါမည်။ ချင်း၊ ထန်းလျက် ပြုတ် ရည်တို့ သည်လည်း ဆေးအဖြစ် အသုံး ပြုနိုင်သောဓာတ်စာ ဖြစ်ပါသည်။ နွေးထွေးစွာအနားယူ နေထိုင်လျှင် နှာစေး၊ ချောင်းဆိုးခြင်း ဝေဒနာမှ သက်သာလာမည် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်.


post by နှင်းဆီဖူးလေးများ-Love BUDS

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...