ကထိန်သင်္ကန်းကပ်လှူကြသော
အလှူရှင်များ၊ ကထိန်ဖြစ်မြောက်ရေး ဦးဆောင် ပြုလုပ်သူများ ရှောင်ရန်နှင့်
ဆောင်ရန် ဗဟုသုတဖြစ်ဖွယ် ကထိန်သင်္ကန်းအကြောင်းကို ဖော်ပြ ခြင်းဖြစ်သည်။
မန်မာနိုင်ငံနှင့် ကမ္ဘာတစ်လွှား ဗုဒ္ဓဘာသာဝင်အများစုသည် ကထိန်ခင်းရန် ကာလရောက်တိုင်းကထိန်ခင်းကြသည်မှာ မိရိုးဖလာလုပ်ရိုးလုပ်စဉ် အဖြစ် မဖြစ်မနေ လုပ်ဆောင်နေကြသည်ကိုတွေ့ရပါသည်။
သို့သော် မိမိတို့လှူဒါန်းလိုက်သော ကထိန်သင်္ကန်း သည် သံဃာတော်များအတွက် ၀ိနည်းဒေသနာတော်နှင့် အပ် / မအပ် ၊ ညီ / မညီ သိသူရှားပါးလှပါသည်။ ထို့ကြောင့် ယခုတင်ပြသော ဆောင်းပါးကိုဖတ်ရှုမိသူများ လက်ဆင့်ကမ်းမျှဝေပေးလျှင် ပို၍အကျိုးများရနိုင်ပါသည်။
ကထိန်ခင်းရန်အချိန်ကာလသည် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တန်ဆောင်မုန်း လပြည့်နေ့ထိ (၁)လ အချိန်ကာလအတွင်း ဖြစ်ပါသည်။ ကထိန်သင်္ကန်းအဖြစ် အရေအတွက်မည်မျှပင် လှူဒါန်းပါသော်လည်း ကထိန်ခင်းထိုက်သော သင်္ကန်းမှာ တစ်ထည်တည်းသာ ဖြစ်ပါသည်။ ကြွင်းကျန်သော လှူဖွယ်ဝတ္ထုများမှာ အခြံအရံ ကထိန်လှူဖွယ်များသာဖြစ်ကြရပါသည်။
သို့သော် သံဃားတော်များ ပစ္စည်းလေးပါး ဖြင့် ပြည့်စုံပါစေ ခြင်းအကျိုးငှာ တတ်နိုင်လျှင် တတ်နိုင်သလောက် လှူဒါန်း နေကြသည်မှာ ၀မ်းမြောက်အားရ စရာကောင်း လှပါသည်။ ရှေးဦးစွာ ကထိန့်ဒကာများအနေဖြင့် မိမိတို့လှူဒါန်းမည့် ကထိန်ခင်းရန်သင်္ကန်း (ဥာတ်သင်္ကန်း)ကို မိမိတို့ ကိုယ် တိုင်ကိုယ်ကျ ၀ယ်ယူ လှူဒါန်းရပါမည်။
ကထိန်သင်္ကန်းနှင့် ပတ်သက်ပြီး ကထိန်ခင်းမည့်ကျောင်းတိုက်ရှိ သီတင်း သုံးဝါဆိုသော သံဃာတော်များကို အသိပေး ခြင်း၊ မေးမြန်ခြင်းတို့ကို လုံးဝ မလုပ်ရပါ။ မိမိတို့ဝယ်ယူထားပြီး ကထိန်သင်္ကန်းကို ကထိန်ခင်းမည့်နေ့ မတိုင်မီ ကထိန်ခင်းမည့်ကျောင်းသို့ ပို့ဆောင်၊ သိမ်းဆည်းထားခွင့်ရှိပါသည်။
သို့သော် ကထိန်သင်္ကန်း အဖြစ် ရည်စူး၍ လည်းကောင်း၊“သံဃဿ ဒေမ”စသည်ဖြင့် နှုတ်ကရွတ်ဆို၍ သော် လည်းကောင်း ဆက်ကပ် လှူဒါန်းခြင်း မပြုလုပ်ရသေးပါ။ မိမိတို့ သတ်မှတ်ထားသော ကထိန်ခင်းမည့်နေ့ ရောက်မှသာလျှင် ဆက်ကပ်လှူဒါန်းခြင်းပြုလုပ်ရပါသည်။
ထိုသို့မဟုတ်ဘဲ ကြိုတင်ဆက်ကပ်မိလျှင် အကပ်ခံ သံဃာတော်များသည် ထိုနေ့ အရုဏ်တက် မတိုင်မီ အကပ်ခံပြီးသော သင်္ကန်းကို ကထိန်ခံ / ခင်းမည့် ရဟန်း အား ပေး၍ ကထိန်ခင်းရပါတော့သည်။
မပေးဘဲ နောက်တစ်နေ့ရောက်မှ ပေးလျှင် မသိမ်းဆည်းသင့် သည်ကို သိမ်းဆည်းမိခြင်း (နိစယသန္နိဓိ) ဖြစ်သွားပါသည်။ သံဃော အဇ္ဇ ကထိနဒုဿံ လဘိတွာ ပုနဒိဝသေ ဒေတိ အယံ နိစယသန္နိဓိ။ (၀ိ - ဌ - ၃ - နှာ ၃၉၂)
ဒါယကဿ ဟတ္ထတော သာဋကံ လဒ္ဓဒိဝသေယေ၀ သံဃေန အတ္ထာရကဿ ဘိက္ခုနော ဒါတဗ္ဗံ ဧ၀ံ အဒေန္တေ နိစယသန္နိဓိ ဟောတိ။ (၀ိနယာလင်္ကာရဋီကာ - ဒု - ၁၀၅)
ကထိန်ခင်းမည့်ကျောင်းတိုက်ရှိသံဃာတော်များသည်လည်း ယနေ့အကပ်ခံပြီးသော သင်္ကန်းမဖြစ်သေးသည့် ချုပ်လုပ်ရမည့် ပိတ်စများ ဖြစ်နေလျှင်လည်း ယနေ့အပြီးချုပ်လုပ်ရပါ သည်။ မချုပ်လုပ်လျှင် ပြုသင့်သည်ကို မပြု မိခြင်း
(ကရဏသန္နိဓိ)ဖြစ်သွားပါသည်။ တတ္ထ တဒဟေ၀ အကတွာ ဌပေတွာ ကရဏံ ကရဏသန္နိဓိ။ (၀ိ - ဌ - ၃ - နှာ ၃၉၂)
ကထိန်ခံ / ခင်းမည့် ရဟန်းကလည်း သံဃာတော်များထံမှတဆင့် အလှူခံရရှိပြီးသော သင်္ကန်းကိုနေ့မကူးစေဘဲ ကထိန်ခင်းရပါသည်။ မခင်းမိလျှင် ပြုသင့်သည်ကို မပြုမိခြင်း (ကရဏသန္နိဓိ)ဖြစ်သွားပါသည်။
အတ္ထာရကေနပိ သံဃတော လဒ္ဓဒိဝသေယေ၀ ကထိနံ အတ္ထရိတဗ္ဗံ၊ ဧ၀ံ အကရောန္တေ ကရဏ သန္နိဓိဟောတိ။ (၀ိနယာလင်္ကာရဋီကာ - ဒု - ၁၀၅)
ထို့ကြောင့် ဖော်ပြပါ သန္နိဓိနှစ်ပါးမဖြစ်အောင်လှူဒါန်းနိုင်မှသာ ကထိန်သင်္ကန်းစစ်စစ် ဖြစ်၍သံဃာတော်များ နှင့် အလှူရှင်များပါ ကထိန်အကျိုးတရားများရရှိနိုင်ပါသည်။သို့မဟုတ်ပါက၀ိနည်းတော်နှင့် ညီညွတ်သော ကထိန် သင်္ကန်းမဖြစ်ဘဲ ကထိန်အာနိသင်လည်း မရနိုင် တော့ပါ။
ဤကဲ့သို့သော ဒေသနာတော်အယူအဆများကို အတုယူတော်မူပြီး ရှေးရှေးပုဂ္ဂိုလ်များ မသိုးသင်္ကန်းဟူ၍ တန် ဆောင်မုန်း လပြည့်နေ့တွင် မသိုးသင်္ကန်းကပ်လှူချင်းဓလေ့များပြုလုပ် ခဲ့သောကြောင့် ယနေ့ခေတ်အချိန် အခါ တွင်လည်း ဆက်လက်ကပ်လှူပူဇော် ကြခြင်းဖြစ်ပါသည်။
သို့သော် သက်ရှိထင်ရှားမရှိသော မြတ်စွာဘုရား ကို လှူဒါန်းခြင်းသည် သင်္ကန်းအလှူ ကုသိုလ်ဒါနအကျိုးသာ ရရှိနိုင် ၍ ကထိန်အာနိသင်အကျိုးတရားများ မရရှိ နိုင်သည်ကိုလည်း သတိမူသင့်ပါသည်။
ထိုအထောက်အထားများကိုထောက်ဆပါက ကထိန်အလှူ ဒကာ၊ ဒကာမများနှင့် ကထိန်ခံ၊ ကထိန်ခင်းမည့် ကျောင်းတိုက်ရှိသံဃာတော်များအားလုံး နှစ်ဦးနှစ်ဘက် ပြည့်စုံရန်လိုအပ်ကြောင်း သိသာထင်ရှားလှပါ သည်။
ဒကာ၊ ဒကာမများထက်စာလျှင် သံဃာတော်များက ပို၍အရေးကြီးကြောင်းနှင့် ဒကာ၊ ဒကာမများကလည်း ယခုကဲ့သို့ သိရှိနားလည်မှုရှိလျှင် ရှောင်သင့်သည်ကို ရှောင်၍ ပြုလုပ်သင့်သည်ကို သံသယကင်းကင်းနှင့် ပြုလုပ် နိုင်မည်သာဖြစ်သည်။
ထို့ကြောင့် မိမိတို့လှူဒါန်းပြီးသော ကထိန်သင်္ကန်းများနှင့် နောက်နောင်လှူဖြစ်ကြဦး မည့် ကထိန်သင်္ကန်း များကို ၀ိနည်းတော်နှင့်လျော်ညီစွာ ဆက်ကပ်လှူဒါန်းနိုင်သော ကထိန် သင်္ကန်းစစ်စစ်များ ဖြစ်ကြပါစေရန် ဆန္ဒပြုတင် ပြလိုက်ရပေတော့သည်။
“ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းစေသော်ဝ်”

ကြည့်ရှုသူဦးရေ :>> 3
No comments:
Post a Comment