စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မေတ္တာကို ဈာန်အထိရောက်အောင် ပွားများပုံ(ဘာသာရေး)

ဝါခေါင်လပြည့်နေ့ကို ဗုဒ္ဓဘာသာတို့အကြားတွင် ထင်ရှားသော နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ သည်မှာ နှစ်ပေါင်းများ စွာ ကြာခဲ့ပါပြီ၊ မြတ်စွာဘုရားရှင်လက်ထက်ကတည်းက ထင်ရှားခဲ့သောနေ့တစ်နေ့ကို မေတ္တာသုတ်တော် စတင်ဖြစ်ပေါ် လာရာနေ့၊ စာရေးတံမဲလောင်းလှူ ရာနေ့၊ တနည်းအားဖြင့် မေတ္တာအခါတော်နေ့အဖြစ် သတ်မှတ်ထားကြသည်၊

 မြတ်ဘုရားသက်တော်ထင်ရှားရှိစဉ်ကတည်းက ၀ါဆိုအပြီးတွင် တရားအားထုတ်လိုသော ရဟန်း (၅၀၀)သည် ဘုရား ရှင်အထံမှကမ္မဋ္ဌာန်းတောင်းကာတောအုပ်တခုအတွင်းဝင်ကာတရားအားထုတ်ရာရဟန်းသံဃာတော်တို့၏သီလ သမာဓိ တန်ခိုးများကြောင့် တောစောင့်နတ်များရုက္ခစိုးနတ်များ မိမိတို့ ဗိမာန်အတွင်း မနေနိုင် မထိုင်နိုင်ဖြစ်ကြပုံ၊

သစ်ပင်ပေါ်မှာမနေ နိုင်ကြပဲ မြေပေါ်ဆင်းကာ ဆင်းဆင်းရဲရဲ နေကြရသောကြောင့် ဒီသံဃာတော်တွေ တရက်ပြန်နိုးနိုး နောက် တနေ့ ပြန်နိုး နိုးဖြင့် စောင့်စားရင်း တလခန့်ကြာမြင့်သောအခါ ရဟန်းတော်များ မနေနိုင် မထိုင်နိုင် တရားရှုမှတ်လို့ မရနိုင်အောင် အာရုံ အမျိုးမျိုး၊ အနံ့သက်အမျိုးမျိုးပေးကာ နှောက်ယှက်ကြလေသောကြောင့် သံဃာတော်များ ဆက်လက် တရားမမှတ်နိုင်ပဲ ဘုရားရှင်ဆီ ပြန်သွားကြရပုံ၊
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလဲ ဒီရဟန်းငါးရာအတွက် တရားထူးရနိုင်ရာ နေရာသည် ဤတောအုပ်သာလျင် ပဋိရူပ ဒေသ၀ါသဖြစ်ကြောင်းသိတော်မူသောကြောင့်အနှောက်အယှက်အန္တရာယ်များကင်းဝေးစေရန်မေတ္တာကိုသာ စူးစူးစိုက်စိုက် ပို့ကြပါ၊ အန္တရာယ်ကင်းကာ တရားထူးရနိုင်ပါလိမ့်မည် ဟု မိန့်တော်မူပြီး “ ကရဏီယ မတ္ထကုသလေန ” အစချီသော အန္တရာယ်ကင်း မေတ္တာသုတ်တော်ကို ချီးမြင့်ဟောကြားတော်မူသည်။ ထိုနေ့သည်ကား သံဃာတော်အရှင်မြတ်များ ၀ါဆိုပြီး တလခန့်အကြာ ၀ါခေါင်လပြည့်နေ့ပင် ဖြစ်တော့သည်၊ ထို့နောက်တွင် အဆိုပါ ရဟန်းငါးရာသည် ယင်းတောအုပ်၌ ပင် မေတ္တာကို နာနာပွားကာ ၀ါကျွတ်သောအခါ အားလုံး ကိလေသာကင်းကွာ ရဟန္တာများ ဖြစ်တော်မူကြ လေသည်။
 
အထက်ပါအကြောင်းအရာများကိုဗုဒ္ဓဘာသာဝင်တော်တော်များများသိဖူး၊ဖတ်ဖူးကြားဖူးကြပါလိမ့်မည်၊ဒီတကြိမ် တွင် မေတ္တာအခါေ တ်ာနေ့ ကို ကြိုဆိုသောအားဖြင့် ကုသိုလ်ရအောင်မေတ္တာပွားနည်း၊ ဈာန်အဘိဥာဉ်ရအောင် မေတ္တာပွား များနည်းများကို လက်လှမ်းမှီရာ ဖော်ပြပါမည်။

အစဦးစွာ မေတ္တာမပို့သင့်သူ ( ၅ )ယောက်
 
၁။ သေပြီးသူ ( မေတ္တာပို့လျင် အာရုံပြု၍ မရနိုင်သောကြောင့် )
 
၂။ အသွင်မတူသူ ( ယောကျားဖြစ်လျင် မိန်းမကို၊ မိန်းမဖြစ်လျင် ယောကျာ်းကို ) မပွားရပါ၊
 
( ၀ိသဘာဂအာရုံဖြစ်၍ ကိလေသာတဏှာစိတ် ဖြစ်တတ်သောကြောင့် )

၃။ မိမိချစ်ခင်လွန်းသူ ( ချစ်လွန်းသူဖြစ်၍ သောကစိတ် ဖြစ်နိုင်သောကြောင့် )
 
၎။မချစ်မမုန်းအလယ်အလတ်ဖြစ်သူ ( အာရုံပြုရန် သမာဓိရရန် နှေးကွေးနေတတ်သော ကြောင့် )
 
၅။ မိမိရန်သူ ( မေတ္တာစိတ်မဖြစ်ပဲ ဒေါသအာဃာတစိတ်များသာ ဖြစ်လာနိုင်သောကြောင့် )

 မေတ္တာကမ္မဋ္ဌာန်းပွားများလိုသူသည် အထက်ပါငါးဦးတို့အား ရှေးဥိးစွာ မပို့သင့် မပွားသင့်ကြောင်း သတိထားသင့်ပါသည်။
 
လောကတွင် ဘယ်သူ့ကို ဘယ်လောက်ချစ်ပါတယ် ပြောပြော မိမိကိုယ်ထက်၊ အတ္တထက် တန်ဖိုးထား မချစ်နိုင်ကြ ကြောင်းကို “ အတ္တသမံ ပေမံ နတ္ထိ ” ဟု ဗုဒ္ဓမြတ်စွာက မိန့်တော်မူသည်။ သို့ကြောင့်ပင် မေတ္တာပွားလိုသူသည် မိမိကိုယ်ကို အဥိးဆုံး ပွားများသင့်ကြောင်း၊ မိမိကိုယ်တိုင်က ဆင်းရဲကင်းပြီး ချမ်းသာသုခများခံစားချင်သကဲ့သို့ အခြားသော သတ္တ၀ါ များသည်လည်း ဆင်းရဲကင်းပျောက် ချမ်းသာသုခ ခံစားချင်ပေလိမ့်မည်. ဟု ကိုယ်ချင်းစာစိတ်ဖြင့် မေတ္တာစတင်ဖြန့်ကျက် နိုင်ပုံကို နည်းလမ်းညွှန်ပြတော်မူသည်။

မေတ္တာစတင် ပွားများရန်
 
ငါသည် ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် လောက အကျိုး သာသနာအကျိုးကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ…
 
ငါ၏ချစ်ခင်အပ်သော မိတ်ဆွေခင်ပွန်းတို့သည်…
 
ငါ၏ မချစ်လွန်း မမုန်းလွန်းသော ပုဂ္ဂိုလ်တို့သည် …
 
ငါ၏ ရန်သူဖြစ်သော ပုဂ္ဂိုလ်တို့သည်… ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် လောက အကျိုး သာသနာအကျိုးကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ…
 
စသည်ဖြင့် မေတ္တာစိတ်အားကောင်းလျင် ကောင်းလာသလောက်၊ သမာဓိအားကောင်းလျင် ကောင်းသလောက် နယ်ပယ် များ၊ ပုဂ္ဂိုလ်သတ္တ၀ါများကို ချဲ့ကားကာ ပွားများသင့်ကြောင်း မိန့်တော်မူပါသည်။

အထူးသတိထားရန်ကား - မေတ္တာစိတ်၏ အနီးဆုံး ရန်သူသည် တဏှာပေမ ခေါ်သောလောဘစိတ်ဖြစ်၏။
မေတ္တာစိတ်၏ ဝေးသောရန်သူကား မကျေနပ်သော လက်စားချေချင်သော ဒေါသ အာဃာတစိတ်ဖြစ်ကြောင်း သတိထား ရန် လိုပေသည်။
 
 
 ကုသိုလ်ရရုံ မေတ္တာပွားများနည်း

မေတ္တာပွားများနည်းသည် ကုသိုလ်ရရုံပွားများနည်း၊ ဈာန်အပ္ပနာရအောင် ပွားများနည်းဟု (၂)မျိုးရှိသည်၊ ထို၂ မျိုးတွင် ကုသိုလ်ရရုံပွားများနည်းမှာ တစ်အိမ်လုံး၊ တစ်တိုက်လုံး၊ တရွာလုံး၊တစ်မြို့လုံး၊ စသည်ဖြင့် သတ္တ၀ါအားလုံးကို စုပေါင်းကာ အာရုံပြု၍ ဤသတ္တ၀ါတို့သည် ချမ်းသာပါစေ၊ ကိုယ်ရောစိတ်ရော အေးချမ်းကြပါစေ ဟု ချမ်းသာစေလိုသော စိတ်ဆန္ဒကို အဖန်ဖန် အထပ်ထပ်ဖြစ်စေရမည်၊ ပွားများရပါမည်။

ထိုသို့ ပွားများရာတွင် အရွယ်လွန်ခါနီး အသက်ကြီးခါမှ တဦးတည်းသောသားငယ်ကိုမွေးဖွားသော မိခင်သည် မိမိ၏သား ငယ်အား အလွန်ချစ်ခင်သကဲ့သို့၊ ဂရုတစိုက် အရိပ်တကြည့်ကြည့် ဖြင့် အမှန်တကယ် ချမ်းသာစေလိုသော ဆန္ဒဖြင့် စောင့်ရှောက်သကဲ့သို့  ချမ်းသာစေလိုသော စိတ်ဆန္ဒဖြစ်မှသာ မေတ္တာဖြစ်သည်။
 
စိတ်က မပါဘဲနှင့် နှုတ်က ချမ်းသာပါစေ ဟု ဆိုရုံ ပွားများရုံဖြင့် မေတ္တာမဟုတ်၊ စိတ်က မပါဘဲနှင့် နှုတ်က “ အဝေရာ ဟောန္တု၊  အဗျာပဇ္ဇာ ဟောန္တု ” စသည့် ပါဠိတွေ အနက်တွေ ရွတ်၍ နေငြားသော်လည်း ထိရောက်သော မေတ္တာပို့ဟု မဆိုသာ၊ ကုသိုလ်ရရုံမျှသာ ဖြစ်သောကြောင့် ကုသိုလ်ရရုံမေတ္တာဘာဝနာဟု ဆိုရသည်။

ဈာန်ရအောင် မေတ္တာပွားများနည်း

ဈာန်ရအောင် မေတ္တာပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် “ ငါသည်လည်း ဆင်းရဲဒုက္ခကိုမုန်း၏၊ ချမ်း သာသုခကို အလိုရှိ၏၊ ခပ်သိမ်းသော သတ္တ၀ါတို့သည်လည်း ဆင်းရဲဒုက္ခကို မုန်းကြ၏၊ ချမ်းသာသုခကို အလိုရှိကြ၏၊ ငါကဲ့သို့ပင် ခပ်သိမ်းသောသတ္တ၀ါ တို့သည်လည်း ချမ်းသာသုခကို ရကြခံစားကြပါစေ “ ဟု ခပ်သိမ်းသောသတ္တ၀ါတို့၌ ချမ်းသာစေလို သော စိတ်ဆန္ဒကို ညွတ်စေ၍ …
 
ဤယနေ့မှစ၍ ရှေးလွန်လေပြီးသော ၂နှစ် ၃ နှစ်လောက်က သော်လည်းကောင်း၊ ၅ နှစ်၊ ၁၀ နှစ်လောက်ကာလက သော် လည်းကောင်း၊ ထို့ထက်အလွန်သော်လည်းကောင်း ဤကာလအတွင်း၌ မိမိ သွားဖူး၊ ရောက်ဖူးသမျှ၊ နေဖူးသမျှအရပ်တို့၌ မိမိနှင့် တွေ့ဖူး မြင်ဖူး၊ ကြုံဖူး၊ စကားပြောဖူး၊ အတူနေဖူး၊ အတူထိုင်ဖူး၊ အချင်းချင်းကျေးဇူးပြုဖူးသမျှသော ပုဂ္ဂိုလ်ကြီးငယ် မှန်သမျှတို့ကို မှတ်မိနိုင်သမျှ အာရုံပြု၍ ဤသူသည် ငါနှင့် အသက်တူ ရွယ်တူဖြစ်တယ်၊ ချမ်းသာချင်ရှာပေလိမ့်မည်၊ ကျမ္မာ ချမ်းသာပါစေ၊ ရောဂါဝေဒနာ တစုံတရာ ဘေးအန္တရာယ်မှန်သမျှ မကျရောက်ပါစေလင့်၊ ကိုယ်ရော စိတ်ရော အေးချမ်းပါစေ ဟု ပုဂ္ဂိုလ်ကြီးငယ်မကျန် အရွယ်မျိုးစုံကို အာရုံပြု၍ မေတ္တာပို့သွားရာ၏။
 
 
 
မိမိနှင့် မတွေ့ဖူး မမြင်ဖူးသော်လည်း အဝေးကလှမ်း၍ မိမိအပေါ် ကျေးဇူးပြုခဲ့ဖူးသူဖြစ်လျင် တိရစ္ဆာန်ကလေးတောင် မကျန် ပါစေနှင့်၊ အကုန်ပါအောင်ပို့ပါ။
 
ဤသို့ အတိတ်ကာလမှ စ၍ ယနေ့အထိ တွေ့ဖူးမြင်ဖူးသူထိအောင် အနုလုံအားဖြင့် တယောက်ချင်း တယောက်ချင်းပို့၍ လာရာ၏၊ ကာယဂတာသတိပွားများရာတွင် ခန္ဓာကိုယ် ၃၂ ကောဋ္ဌာသတို့ကို အနုလုံ ပဋိလုံ အဖန်ဖန်အထပ်ထပ် ကြည့်ရှု့ ဘိသကဲ့သို့ မိမိတွေ့ဖူးမြင်ဖူးသူများကိုလဲ အတိတ်မှစကာယနေ့အထိ အစဉ်အတိုင်း အနုလုံ ပဋိလုံအားဖြင့် တယောက်ချင်း တယောက်ချင်း အပြန်ပြန် အလှန်လှန် မေတ္တာပို့၍ သွားသည်ရှိသော် ထိုသူများထဲတွင် တဏှာပေမ ချစ်ခင်စိတ်မဖက်ပဲ ကုသိုလ်မေတ္တာ စိတ်သက်သက်ဖြင့် ချစ်ခင်နိုင်သော အချစ်ခင်ဆုံး မေတ္တာစိတ် ကြပ်ကြပ် အသက်ဝင်ဆုံး ပုဂ္ဂိုလ်တစ် ယောက်ကို တွေ့ရလတံ့။
 
ထိုပုဂ္ဂိုလ်ကိုသာ စိတ်နှင့် ဥာဏ်နှင့်ကြည့်၍ ဤသူသည် ငါ့အား သနားချစ်ခင်ရှာတယ်၊ ဤမည်သော ဤမည်သော   ကျေးဇူးဥပကာရ ပြုဖူးရှာတယ်၊ ဤသူသည် ငါကဲ့သို့ပင် သက်ရှိသတ္တ၀ါဖြစ်တယ်၊ ဆင်းရဲကို မလိုချင်ပဲ ချမ်းသာသုခကိုသာ လိုချင်ရှာတယ်၊ ချမ်းသာပါစေ ကိုယ်ရောစိတ်ရော အေးချမ်းပါစေ၊ ဘယ်လို ဘေးရန်အန္တရာယ်မှ မကျရောက်ပါစေနှင့် ဟု ထိုပုဂ္ဂိုလ်အားခြေဖျားမှသည် ဦးခေါင်း တိုင်အောင်၊ ဦးခေါင်းမှသည် ခြေဖျားတိုင်အောင် အတွင်းရော အပြင်ရော တစ်ကိုယ် လုံး အနှံ့အပြား မေတ္တာစိတ်ကို ဖြန့်ဖြန့်နှံ့နှံ့ ပို့သရာ၏။ နှလုံးအတွင်းရှိ စိတ်ကလေးကိုလဲ မေတ္တာစိတ်ဖြင့် ၀င်၍ ဤသူ၏ စိတ်ကလေးသည် ပူလောင်ခြင်း ဆင်းရဲခြင်းမရှိ ချမ်းသာပါစေ ဟု ဖြန့်နှံ့ပို့သရာ၏။
 
ဤကဲ့သို့ အဖန်ဖန် မေတ္တာပို့သနေလျင် အချိန်ကြာလာသောအခါ ထိုပုဂ္ဂိုလ်ကို မျက်စိဖြင့် မြင်ရဘိသကဲ့သို့ ထင်မြင်လာ လိမ့်မည်၊ အနီး၌ ချဉ်းကပ်၍ နေဘိသကဲ့သို့ ထင်မြင်လာလိမ့်မည်၊ ချစ်ခင်ခြင်း မေတ္တာစိတ်လည်း အလွန်အားကြီး၍ လာ၏၊ မေတ္တာစိတ်တွေ တဖွားဖွားဖြစ်၍ ထိုပုဂ္ဂိုလ်၌သာ မိမိစိတ်သည် တွယ်၍ နေတော့၏၊ အဝေးသို့ မပြန့်လွင့်တော့ပြီ၊ ထိုအခါ ဥဂ္ဂဟနိမိတ် ရပြီဟူ၍ မှတ်ပါ။
 
ဥဂ္ဂဟနိမိတ်အဖြစ် ထင်မြင်လာသော ထိုပုဂ္ဂိုလ်ကို အဖန်ဖန်မေတ္တာစိတ် ဆက်လက်ဖြန့်ပို့သည်ရှိသော် ကြာလာသောအခါ မိမိစိတ်သည် ထိုပုဂ္ဂိုလ်၌ တွယ်ကပ်၍ အလွန်ငြိမ်သက် တည်ကြည်လာပြီးလျင် ဈာန်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ပထမ ဈာန်ဇော အပ္ပနာဝီထိ ကျလာ၏၊ ပထမဈာန်ကို ရလာတော့၏။

ထိုသို့ ပထမဈာန်ကို ရပြီးသော ယောဂီသည် ပုဂ္ဂိုလ်ကိုပင်လျင် အာရုံဆက်လက်ပြုကာ မေတ္တာစိတ်ပို့သ၍ အထက် အထက်ဖြစ်သော ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ကျအောင် ဆက်လက် လေ့ကျင့်ပွားများအပ်၏။ ဖြစ်စေအပ်၏၊ ဤသို့လျင် တစ်ဦးတည်းသော ပုဂ္ဂိုလ်ကို အာရုံပြု မေတ္တာပို့သဖြန့်နှံ့ပြီး စတုတ္ထဈာန်တိုင်အောင် ၀သီဘော်နိုင်အောင်လည်း ကြိုးစားရမည်၊ ထို့နောင်မှ မိမိတွေ့ဖူး ကြုံဖူး မြင်ဖူး၍ မေတ္တာပို့ကာ ချန်ထားခဲ့သော ပုဂ္ဂိုလ်တို့ကိုလည်း တစ်ယောက်ချင်း တစ်ယောက်ချင်းစေ့အောင် ဤနည်းတူ မေတ္တာစိတ်ဖြန့်နှံ့ပို့သ အာရုံပြု၍ စတုတ္ထဈာန်ထိအောင် ဖြစ်စေအပ်၏။
ထို့နောက် မိမိမတွေ့ဖူး မမြင်ဖူးသော်လည်း ကြားဖူးသမျှသော အရပ်(၁၀)မျက်နှာရှိ အလုံးစုံသော သတ္တ၀ါတို့ကို တစ်ယောက်ချင်းသော်လည်းကောင်း၊စုပေါင်း၍တပေါင်းထည်းသော်လည်းကောင်း အာရုံပြု၍ မေတ္တာဖြန့်နှံ့ပို့သသင့်သည်။ ဤနည်းဖြင့် ဈာန်အဆင့်အထိ ပွားစေ ဖြစ်စေအပ်၏။
မေတ္တာစိတ်နှင့် ရန်သူ

ရန်သူမဟုတ်သောသူတို့၌ မေတ္တာဈာန်ဇောစိတ် ကျဖန် ဖြစ်ဖန်များ၍ ထက်သန်အားကောင်းလာသောအခါ မိမိအလွန်မုန်း သော ရန်သူ၌လည်း မေတ္တာဈာန်စိတ် ဖြစ်နိုင်တော့၏၊ အကယ်၍ ဤကဲ့သို့ ဈာန်ဇော မကျစေနိုင်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျင် မိမိရန်သူကို ဆက်လက် မေတ္တာပို့ကာ နှလုံးမသွင်းအပ်တော့၊ အာရုံမပြုသင့်တော့ပေ၊ တောထဲ၌ရှိသော မြက်ခြောက်၊ ထင်းခြောက် တို့နှင့်အတူသာ ထားအပ်တော့သည်။ ရှိသည် ဟူ၍ပင် မမှတ်အပ်တော့၊ အနာရမ္မဏဥပေက္ခာ ( န- အာရမ္မဏ- ဥပေက္ခာ ) အာရုံမပြုတော့ခြင်း ဟူသော ဥပေက္ခာစိတ်ကို ထားအပ်တော့သည်၊ ထိုရန်သူမှကြွင်းသော အခြား သော သူတို့၌သာလျင် အာရုံပြုကာ မေတ္တာစိတ် ဈာန်စိတ်ကို ဖြစ်စေကာ ဆက်လက်ပို့သအပ်တော့၏။
 
 
သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ..
 
ကောင်းကျိုး လိုရာဆန္ဒပြည့်ဝကြပါစေ ..
 
 
 
Rf. ဒီပနီကျမ်းပြုအကျော် လယ်တီဆရာတော်ကြီး၏ ကမ္မဋ္ဌာန်းကျမ်းကြီး နှာ-၂၃၀-၎
 
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ကြီး၏ ဟောတရားတော်များ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...