စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တောင်တွင်းကြီး သမိုင်း မြန်မာ့ သမိုင်း ၁ နှင့် ၂


တောင်တွင်းကြီးမြို့ အ၀င်...

အပိုင်း(၁)
သုံးလူ့အထွဋ် သဗ္ဗညုတမြတ်စွာဘုရား ဖွားမြင်တော်မမြင်မီ (၃၈) တွင် မဇ္ဈိမဒေသ သင်္ကဿနဂိုရ်ပြည်ကို အစိုးရတော်မူသော၊ ဘေရိန္ဒမင်းကြီး၏ သားတော်များဖြစ်ကြသော သာဂရနှင့်သာဂီရ ညီနောင်နှစ်ပါးတို့သည်၊ တက္ကသိုလ်ပြည်မှ သင်ကြားတတ်မြောက်ခဲ့သောပညာဖြင့် တွက်ချက်ကြည့်ရှူရာ၊ ဤသင်္ကဿနဂိုရ်ပြည်၌ ခမည်းတော်မရှိလျှင် မင်းစဉ်မင်းနွယ် သိရ်ငယ်ပပျောက်အံ့သော အကြောင်း ညီနောင်နှစ်ပါးတို့သည်လည်း မဇ္ဈိမဒေသနိမိတ်၏ အရှေ့မှာသာ မင်းအဖြစ်သို့ ရောက်နိုင်အံ့သောအကြောင်းများကိုမြင်၍ ဇမ္ဗူဒီပါမြေအပြင် သင့်ရာကွက်ရပ်၊ လျောက်ပတ်သောဒေသတွင် မြို့ပြပြုစု တည်ထောင်လိုကြောင်း ခွင့်တောင်းလျှောက်တင်သောကာလ.... သားတော်တို့လျှောက်တင်သောစကားကို အားရနှစ်သက်တော်မူသဖြင့် ချစ်ခင်လှသောသားတော်တို့အား အလုံးအရင်း ဆင်မြင်းလက်နက် ရဲမက်ဗိုလ်ပါ၊ ကိရိယာအစုံ ကုန်တံလုံလောက်အောင်အရေး ပေးမချီးမြှင့်တော်မူသည်နှင့်၊ ညီနောင်နှစ်ပါးတို့သည်လည်း ခမည်းတော်မယ်တော်တို့အား ဝပ်တွားရိုကျိုး ရှိခိုးကန်တော့ပြီးလျှင် တည်ထွင်ရာသောအကြောင်း ဗိုလ်ပေါင်းစည်းကြပ် အောင်တပ်ချီတော်မူလေရာ၊ သလ္လာ္လ္လ္လ္လ္လ္လ၀တီမြစ်ကိုအမှီပြု၍ ၊ဥဿာပဲကူးအရပ်တွင်၊ ညီတော်သာဂီရမင်းသည် ပြည်ရွာထီးနန်း တည်ထောင်နေရစ်သည်။ နောင်တော်သာဂရမင်းလည်း လျောက်ပတ်သော အလုံးအရင်းကို အပ်နှင်းလျက်၊ ဆက်လက်ထွက်ခွါလာရာ သက်ပန်း ပြူရွာအရပ်သို့ရောက်လျှင်၊ ရွာနေရွာသားတို့က တိုင်းပြည်ထီးနန်းကို သိမ်းမြန်းအုပ်ချုပ်နိုင်သော လက္ခဏာ ဘုန်းတန်ခိုးတို့ဖြင့် တိုးပွါးကြီးကျယ်အံ့သည်ကို မြင်၍၊..... အရှင်မင်းမြတ်- ဤရပ်ဤရွာကို ညှာတာသနားသဖြင့် တရားနှင့်ညီလျော် ကျွန်တော်မျိုးများ ဆင်းရဲသားတို့ကို အုပ်ချုပ်၍ မင်းလုပ်စံနေတော်မူပါမည့်အကြောင်းကို လက်ဆောင်ပဏ္ဍာ များစွာ ဆက်သလျှောက်ထားလျှင်- ထိုဒေသကို ပဌာန-နဂိုရ် တောင်းပန်ရင်းအလိုကြောင့် ထိုသူတို့နေသောအရပ်ကို ပဌာနဂိုရ်မြို့ဟု သမုတ်တော်မူပြီးလျှင်- အမတ်ငကြမ်းတောကို အအုပ်အထိန်းခန့်ထားတော်မူခဲ့သည်။
ယင်းကမှ ရတနာဆင်ဖြူတော်ကို ခရီးရှေ့ညွှန်ထား၍ ချီသွားတော်မူပြန်ရာ ပန်းသင်းတောအရပ်သို့ရောက်လျှင် ဆင်တော်မသွား တန့်နားရပ်နေသည်နှင့် - ဆင်တော်ရပ်နေသောအရပ်သည် သာမညအားဖြင့် ရပ်နေသည်မဟုတ်၊ တစ်စုံတစ်ရာအကြောင်း၊ နတ်ကောင်းနတ်မြတ်တို့ စေ့စပ်ဆော်နှိုး၊ အကျိုးတော်ဆောင်၊ အောင်မြေကွက်ရပ်၊ နှင်းအပ်ကြသောအရာဟု၊ ကြည်ရွှင်စွာသောရွှေနှလုံးတော်မြတ်၊ ပြဌာန်းတော်မူပြီးလျှင်၊ မှူးတော်မတ်တော်တို့ကို ကြည့်ရှုစေရာ၊ တောတောင်မြေရေ၊ အခြေအမြစ်၊ ၀ါးသစ်ကြိမ်နွယ်၊ လယ်ပယ်ယာပယ်၊ တံဇယ်၊မုရင်း၊ လုပ်ခင်းဆောင်တာ၊ ရေလာရေစီးတို့ဖြင့် ကောင်းမြတ်ကြောင်း။ ထိုမှတပါးလည်း စတုရန်းတာ (၇၀၀)ကျော်အတွင်း၊ ပန်းသင်းပင်တို့သာပြွမ်းကြောင်း။ ကြိမ်နွယ်စသောသစ်ပင်တို့သည် လက်ျာရစ်နှင်နှင်သာ ပေါက်ရောက်တွေ့မြင်ကြောင်းများနှင့် တင်လျှောက်လျှင်…… အားရနှစ်သက်တော်မူသောကြောင့်မြို့ရွာထီင်္းနန်း တည်ဆောက်ရန်အခမ်းအနားများကို ပန်းသုံးမှတ်တိုင်စိုက်ပြစေလျှင်- စိုက်ပြသော ပန်းသုံးမှတ်တိုင်အတွင်းမှ ကြီးမားရှည်လျားသော၊မြွေတစ်ခုသည် တောင်အရပ်သို့ထွက်သွားသည်ကို တွေ့မြင်၍၊ ထိုမြွေသွားခြင်းသည် အချည်းအနှီးသောသွားခြင်းမဟုတ်။ မြို့နန်းတည်မည်ဟု ရွယ်ရည်စိုက်မှတ်သော ဤပန်းသုံးပနှက်ရာအရပ်သည် ထူးမြတ်သောအောင်မြေဇာတိ၊ ဘူမိသေဋ္ဌဖြစ်တန်ရာ၏ဟူ၍ူ ပညာရှိမှူးမတ်တို့ကို လိုက်ကြည့်စေရာ- တာ(၁၀၀၀) တစ်ထောင်ခန့်သို့ရောက်လျှင် ကြာအင်းတစ်ခုကို လက်ျာရစ်သုံးပတ်လှည့်ပြီးမှ ထိုကြာအင်းအတွင်းဆင်း၍ အတောင်သုံးဆယ်ခန့်မြင့်သော ကိုယ်ကိုဖော်ပြလျက် တောင်မြောက် လေးမျက်နှာ ကြည့်ပြီးလျှင် အစာကိုအန်၍ ထိုမြွေပျောက်သွားလေ၏။ ယင်းသို့သောအကြောင်းများကို၊ တင်လျှောက်သည့်ကာလ၊ ပန်းသင်းတောအရပ်မှ ချီတက်တော်မူ၍၊ ထိုကြာအင်းအရပ်၌ တိုင်းပြည်ထီးနန်း ပြုစုတည်ထောင်၍ သင့်မသင့် လျော်မလျော်များကို၊ သမ္မာဒေ၀စသောနတ်တို့အား တင်ကြားပသအိပ်မက်ယူကြရာ… မင်းကြီးသာဂရမြင်မက်တော်မူသည်ကား- ငရန့်တစ်ခု၊ ဗုဇွန်လုံးတစ်ခုတို့သည် မဟာသမုဒ္ဒ္ဒ္ဒရာမှတက်လှာ၍၊ ဤအရပ်ဒေသသို့ရောက်လျှင် နောက်သို့ပြန်သော-ဟူ၏။- ထိုသို့မြင်မက်တော်မူသတည်း။ ထိုနေ့ညသည်လည်း လဆန်း(၇)ရက်ဖြစ်လျက်၊ လသည် ပန္နက်ရာသီဖြစ်သော၊ ဆယ့်ငါးရက်နေ့ကဲ့သို့ ပြည့်ပြည့်ဝန်းဝန်း၊ ရှုမြင်ကြရ၏။ ယင်းသို့သောအကြောင်းများကို၊ မှူးမတ်ပညာရှိတို့အားမေးတော်မူရာ- အမတ်ကျော်လျောက်ထားသည်ကား--
အရှင်မင်းမြတ်လဆန်း(၇)ရက်နေ့၊လပြည့်ဝန်းသည်ကား၊- ပြည်တော်ကိုပုဏ္ဏ၀တီဟု သမုတ်တော်မူသင့်သော အကြောင်းဖြစ်ပါသည်။ မြွေအစာကိုအန်သည်မှာ ၀မ်းပြည့်၍ အန်ထုတ်သောအခြင်းအရာ ဖြစ်သောကြောင့် ၊ပြည်တော်တွင်၊ အရပ်လေးမျက်နှာမှ၊ လာရောက်နေထိုင်သောသူတို့သည် ရေစာစပါး၊ လွန်ပေါများ၍ သုံးစားမကုန်၊ လုံလုံလောက်လောက်၊ ကြွယ်ပင်ပေါက်သကဲ့သို့၊ ဖြစ်အံ့သောအကြောင်းရှိပါသည်။ ယင်းသို့သောအကြောင်းဖြင့် ၊ ဇေယျဝဍ္ဎဏတိုင်းဟု သမုတ်တော်မူရပါမည်။
အမတ်ကျော်လျှောက်သောစကားကို အားရနှစ်သက်တော်မူသည်ဖြစ်၍၊ အထက်ပန်းသုံးစိုက်မှတ်သော အရပ်တွင် ကျေးရွာတည်ထောင်ပြုစုစေပြီးလျှင်၊ ပန်းတွင်းရွာသမုတ်၍ ရေမြေနှင့်တကွ အစားအသနားတော်ခံစေသည်။ တိုင်းတော်ပြည်တော်ကိုလည်း "ပုဏ္ဏ၀တီပြည်၊ ဇေယျဝဍ္ဎဏတိုင်း"ဟု သမုတ်တော်မူပြီးလျှင်၊ မဟာသက္ကရာဇ် ၈၄၀၈* တွင် ငွေပန္နက်ချမှတ်ပြီး မြို့တော်၊ ထီးနန်းများကိုပြုစုတော်မူသည်။ ထိုသာဂရမင်းကြီးသည် မင်းကျင့်တရား ၁၀ပါး၊ အပရိဟာနိယတရား ၇ပါး၊ နာယကဂုဏ် ၆ပါး များနှင့်အညီ ပြည်သူဆင်းရဲသားတို့အား ရေချမ်းအိုးကို ပိုက်ရဘိသကဲ့သို့ အေးမြချမ်းသာအောင် ဆုံးမသြ၀ါဒပေး၍ မင်းလုပ်တော်မူသည်။ ထိုအခါ ဧရာဝတီမြစ်၏ အရှေ့ဘက်တလျှောက်တွင် ထိုကဲ့သို့ မြို့ရွာထီးနန်း မရှိကြသေး။ ကမ်းယံ၊ကချင်၊ ကရင်၊ပြူ၊ဓနု၊ ရှမ်း၊ကဒူး၊ သက်လူမျိုးတို့ ဘာသာဓလေ့၊ ကိုယ့်ရွာကိုယ်မင်းဆိုသကဲ့သို့၊ အသီးအသီး အုပ်ချုပ်နေထိုင်ကြလေသတည်း။

ထိုသာဂရမင်း ၏အဆက်အနွယ်တော်ကား……….
၁- သာဂရမင်း။
၂ - ၎င်းသားတော်-သာရနုမင်း။**
၃-- ၎င်းသားတော် -သာရထွဋ်မင်း။
၎-- ၎င်းသားတော် -ပိတ်ပြောင်မင်း။
၅--၎င်းသားတော်ပိတ်ရောင်မင်း။ ဟူ၍ မင်းအဆက်ဆက် အုပ်ချုပ်လာခဲ့ရာ၊
ပိတ်ေ၇ာင်မင်းလက်ထက်၌ မဇ္ဈိမဒေသ၊ သင်္ကဿနဂိုရ်ပြည်တွင်၊ မင်းမရှိသည်နှင့်၊ ကဿပမြတ်စွာဘုရား၏ ဥဏ္ဏလုံမွေရှင်တော်ဓာတ်ကို၊ သိကြားမင်းဆောင်ယူလာပြီးလျှင်၊ " မဟလ"က ပုဏ္ဏားအယောင်ဆောင်ကာ၊ ပိတ်ရောင်မင်းအား၊ ပို့ရောက်လှာသည်။္ဏ္ဏ ထိုဥဏ္ဏ္ဏလုံမွေရှင်တော်ကို စေတီတည်ထားကိုးကွယ်တော်မူအံ့ဟု၊ ၀မ်းမြောက်ပီတိ၊ အလွန်ရှိတော်မူသည်ဖြစ်၍၊ ရွှေနန်းတော်မြောက်ဘက်တွင် စေတီတည်တော်မူသည်။ ထိုသို့စေတီတည်ဆဲ၊ ပစ္စယံသုံးဆင့်မြောက်၊ သုံးရက်ခန့်ရောက်လျှင် ၊ကျောက်ပေါက်ရောဂါ၊ သည်းထန်စွာဖြစ်ပြီး၊ မင်းကြီးပိတ်ရောင်မင်း နတ်ရွာစံတော်မူသည်။
ထိုမင်းမ၇ှိလျှင် သားတော်သံတော်မင်း၊ မင်းပြုတော်မူသည်။ ထိုမင်းလည်း ခမည်းတော်တည်ထားသောစေတီတော်ကို ဆက်လက်လုပ်ဆောင်ရာ သံတောင်အမြင့် (၃၀) ခန့်တည်ပြီးလျှင်၊ ဥဏ္ဏလုံမွေရှင်တော်ကို၊ ဌာပနာမည်ပြုရာ၊ မွေတော်ရှင်သည် ခုနစ်ကြိမ်မြောက်၊ကောင်းကင်သို့ပျံတက်ပြီးမှ ရွှေပန်းဆိုင်းသဏ္ဏာန်၊ ထက်ဝယ်ဖွဲ့ခွေကောင်းကင်၌စံနေသည်ကို၊ သံတောင်မင်းမှစ၍၊ မှူးမတ်ပြည်သူတို့သည်၊ ရွှေပေါက်ပေါက်ငွေပေါက်ပေါက်၊ ပတ္တမြားပေါက်ပေါက်တို့ဖြင့်၊ ပူဇော်ကန်တော့ပြီးမှ၊ ဌာပနာတိုက်သို့ကိန်းဝပ်တော်မူသည်။ ရတနာသုံးပါး၌၊ အလွန်တရာကြည်ညိုလေးမြတ်သော၊ သံတောင်မင်းသည် ကျောက်စာ၊ကမ္ဗ္ဗည်းများကို အသေအချာ ရေးသားမှတ်သား၍၊ ကျင့်အပ်သောတရား၊ မမှားစေရ။ ဆုံးမထိုက်သူ၊ ဒါဏ်ပေးထိုက်သူတို့ကို သေပြစ်သေဒါဏ်မရောက်စေဘဲ၊ သာယာသဖြင့် ၊ ဆုံးမဟောကြား၍၊ တရားနှင့်အညီ မင်းပြုတော်မူသည်။
ထိုမင်းမရှိလျှင် သားတော်-ဒုတ္တ္တသူမင်း။
ထိုမင်းသားတော်- သတိုးပြောင်၊
ထိုသတိုးပြောင်မင်းသည်၊ တိုင်းရေးပြည်မှု၌ ကြည့်ရှုစောင်မနည်းသဖြင့် ၊ အကျင့်ဆိုးသွမ်းသော မှူးမတ်တို့နှင့် သေစာသောက်စား၊ ပျော်ပါးကျူးလွန်သောကြောင့် ပျူ၊ သက်၊ ကဒူးလူမျိုးတို့၊ တိုက်ဖျက်၍၊ အသက်ကုန်ခြင်းသို့ရောက်လေသည်။ ထိုသတိုးပြောင်နောက်၊ မင်းဆက်မရှိ၊ ထီးနန်းပျောက်ကွယ်၍ နှစ်ပေါင်း(၁၃၀၀)ကျော် တောမြက်စည်ကား၊ ပပြား၊ချုံနွယ်၊ သက်ငယ်သမန်းတို့ဖြင့် မောက်လျှမ်း ပေါများလျက်၊ တောသား၊တောင်သူ၊မိလက္ခူ ချင်း၊ကရင်တို့သာ၊ လယ်ယာလုပ်စား၍၊ ရှည်လျားကာလ၊ နေထိုင်ကြလေသည်။

ဂေါတမမြတ်စွာဘုရား၊ ပရိနိဗ္ဗာန်စံလွန်တော်မူသည်နောက်၊ သာသနာတော်သက္ကရာဇ် (၅၉)ခုတွင်၊
သံသယမည်သော သင်းတွဲပြည်ကြီးမှ၊ မဟာသမ္ဘဝ၊ စူဠသမ္ဘဝ၊ ဇစ္စန္ဓဘွား၊ မင်းနှစ်ပါးတို့
ကိုဖောင်နှင့်မျှောလိုက်ရာ- စစ်ကိုင်း အရပ်ကရွှေ နံကိုင် အမည်ရှိသော ဘီလူးမသည်
ညီနောင်နှစ်ပါးတို့၏ စားမြိန်စားပွဲတော်ကို ခိုးယူ စားသောက်သည်ကို၊ ဖမ်းကိုင်မိသည် ကာလ၊
သာယာသောစိတ် ရှိသည်ဖြစ်၍၊ ပဋိသန္ဓေတည်ခြင်း အကြောင်းရှစ်ပါးတွင်- ဆံထုံးကို ကိုင်ခြင်း၊
လက်ကို ကိုင်ခြင်း ဖြစ်သော အင်္ဂပဉ္ဓင်္ဂ ပဋိသန္ဓေသည် ထိုဘီလူးမဝမ်းတွင် ကပ်ငြိလေသည်။
ဤကဲ့သို့လျှင် ကပ်ငြိသော ပဋိသန္ဓေကို ဆောင်လျက် မင်းနှစ်ပါးတို့ စက္ခုအိနြေ္ဒကို ပုံသေအောင်
ကုမပြီးနောက်၊ အစဉ်အတိုင်း ထွက်လှာခဲ့ရာ ယခု တောင်တွင်းကြီးမြို့ အနောက်၊ ၅ တိုင်ခန့်ကွာ
တောအရပ်သို့ရောက်လျှင် ရင့်သော ပဋိသန္ဓေကို ကမ္မဇလ လှုပ်ရှားသည်ဖြစ်၍၊ သမီးငယ်တစ်ယောက်
ဘွားလေ၏။

ထိုတောအရပ်တွင်လည်း တစ်ဦးသော ရသေ့သည်ပျော်မွေ့ရာကမ္မ္ဓဋ္ဌာန်းဖြင့် စီးဖြန်း သီတင်းသုံး
လျက် ရှိလေ၏။ ထိုရသေ့လည်း နေ့ဆွမ်း အလို့ငှာ ချိုချဉ်သစ်သီး၊ ရှာမှီးသွားလာစဉ်၊ ဘီလူးမ သားဘွားခိုက်နှင့် တွေ့မြင်ပြီး ၊ အခြားသူတို့ သမီးသားကို စားအံ့သောငှါ၊ ခိုးယူလာခဲ့သော
အမှတ် ထင်သဖြင့် မန္တာန် မန္တရားနှင့် ချောက်လွှင့်လိုက်ရာ သမီးငယ်ကို ပစ်ခွါထွက်ပြေးလေ၏။
ဘီလူးမထွက်ပြေးလျှင် ကျန်ရှိရစ်သော သမီးငယ် ကိုကောက်ယူပြီးမှ ဤသို့အကြံဖြစ်သတည်း။
ဧရာဝတီမြစ်၏ အနီး ကြက်တင်းတောင်အရပ်တွင် နေထိုင်သော ငါ၏ အဆွေ ရသေ့တစ်ဦးမှာ- သမင်မ မွေးဘွား၍ပစ်သွားသဖြင့် ကောက်ယူရသော မိန်းမငယ်တစ်ယောက်ကို
အဓိဋ္ဌာန်ပြုသော လက်ညှိုးနို့ရည်ဖြင့် တိုက်ကျွေးပြုစု ၍ ဗေဒါရီဟူသော အမည်ဖြင့် ကြီးမြင့်ကြောင်းကို
ကြားသိရသည်။ ငါတုံတမူလည်း ဤ ရသေ့ကဲ့သို့ ပြုရလျှင် ထိုသတ္တဝါ သေဘေးမှ ရှင်းကွာ ၍ ၊ ချမ်းသာခွင့်ရောက်တော့မည်တကား၊ သဘောထား၍၊ အဓိဋ္ဌာန်ပြုလျှင်- လက်ညှိုးမှယိုထွက်သော နို့ရည်ဖြင့်
တိုက်ကျွေး၍ ကြီးမြင့်သည်ကာလ၊ ရသေ့နှင့်မာတုကာမ၊ အတူတကွ၊ နေ့ညနေထိုင်ခြင်းငှါ၊ မရာမလျောက်ပတ်။
မအပ် မလျော်၊ မသူတော်တို့ အာစာရ ဖြစ်သည်၊ သဘောထားပြီးလျှင်- မီးမဖုတ်သေးသော အိုးငယ်ကို အပ် ၍ ရေခပ်ရေယူခိုင်းလေ၏။
ထိုရသေ့အပ်သော အိုးငယ်သည် ရေထည့်လျှင်ပင်ကွဲပျက်ခြင်းသို့ ရောက်သဖြင့် ဤသို့
ကွဲပျက်ဖန်များသည်နှင့် သည်တော သည်တောင် အရပ်တွင် စောင့်နေသောနတ်များမှ နှောင့် ယှက်၍
ငါ့အိုးကွဲပျက် ရသည်-ဟု၊ ဆိုငိုမြည်တမ်းရာ ထိုတောအရပ်တွင် အမြဲနေလေ့ ရှိသော ဗိဿနိုးနတ်မင်းကြီး
ကြားသိလေလျှင် ထိုမိန်းမငယ်၏ ပါရမီဘုန်းကို နှလုံးသွင်းထိုက်သော အရာဖြစ်သည် တကြောင်း၊ နောက်နှောင်းသော ဘဝက မောင်နှမရင်း ဖြစ်ခဲ့ဘူးသည် တစ်ကြောင်းများကြောင့်၊ ထိုမိန်းမငယ်၏ ၊ကုသိုလ် ပုည၊
သီလ ပါရမီ ၊ကူညီထိုက်သောအခွင့်ရှိက၊ ချီးပင့်ပြသ၊ ကူမထောက်ပံ့ရမည်၊ ရည်ရွယ်သောအကြံနှင့်၊ သိကြားမင်းထံ သွားရောက် လျှောက်ထား လျှင် သိကြားမင်းလည်း္ဒ ဤ သို့အမိန့်ရှိလေသတည်း။-
ကဿပမြတ်စွာဘုရား သာသနာတော်တွင်း ၌ ထိုမိန်းမငယ်သည် တစ်ဦးသော အမျိုးသမီးဖြစ် ၍
လလက်ျာတ်ာရံ အရှင်မြတ် အိုက်စပ် ပူလောင်သော နွေအခါ ပေရွက် ယပ်တောင် လှူဒါန်းခဲ့ဘူးသော
အကျိုးဆက်သည် ထိုမိန်းမငယ် ဖြစ်လေတိုင်းသောအရပ် ၌ မစိုက် မပျိုးဘဲ၊ သက်သက်သော ပေပင်တို့ဖြင့် ပေါက်ရောက် ခြံရံလျက်၊ ကနက် ထီးနန်းနှင့်၊ မင်းခမ်း ကျင်းပ ၍ ၊ဘဝထိုထို၊ အလိုအတိုင်း၊ ပြည်ပစုံအံ့သည်။

အိုးထိန်းတောင်
ဤသို့လျှင် ပန်ထွာ ဆုတောင်းခဲ့သော ကုသိုလ်သည် အကျိုးပေးချိန် စေ့ရောက်တော့သသည် -
ဟူသော အမိန့်ကိုနာခံရ ၍ ၊ဗိဿနိုးနတ်မင်းက မဖုတ်သေးသော အိုးပင် ဖြစ်ငြားသော်လည်း မကွဲမပျက်စေခြင်းငှါ တောင်ငယ်ပမာဏရှိသော အိုးတစ်သိန်းကို ဖန်ဆင်းထားလေ၏။ ထိုအရပ်ကို
အိုးသိန်းတောင်တွင်သည်။ ယခု- အိုးထိန်းတောင်တွင်သည်။

ဗိဿနိုး
ထိုအရပ်ဒေသတွင်လည်း စတုရန်းအားဖြင့် တာလေးထောင် (၄၀ဝ၀) ပမာဏ ကျယ်ဝန်းသော မြို့ထီးနန်း ကို တန်ဆောင်း ပြအိုး၊ မြို့ရိုး ကျုံးမြောင်း များနှင့်တကွ ဗိဿနိုး နတ်မင်းက ဖန်ဆင်း တည်ထောင် ၍ ပေးသည်။

ရွှေရောင်တော်ဘုရား
မြို့ဦးဘုရား၊ တည်ထားကိုးကွယ်စေရန် အဇာတသတ်မင်း လက်ထက် သိုဝှက်သိမ်းဆည်း ၍ထားသော ဓာတ်တော်များကိုလည်း ယန္တယားစက်အတွင်းမှ ဆောင်ယူပေးအပ်သဖြင့် ဘုရားလောင်း
ကြက်ဖြူမင်း နေလေ့ရှိသော အရပ်တွင် သံတောင် (၅၀) ခန့် အတိုင်း အရှည်ရှိသော စေတီကို ဗိဿနိုးနတ်မင်းညွန်ပြတည်ထားလျှင် နီလ-ပီတ စသော ရောင်ခြည်တော်ခြောက်ပါးတို့သည် ပြိုးပြိုးပြက်ပြက် ၊
တခဲနက် ထွန်းလင်းတောက်ပသည်ကို ဖူးမြင်ရသော အရောင်တော်တို့ကြောင့် ရွှေရောင်တော်ဘုရားဟု
ကျောက်စာကမ္ဗည်း ထိုးမှတ်သည်။

ပန်ထွာပြည်-ဗိသာနိုးမြို့
ထိုမှတပါးလည်း စည်ကိုတီးလျှင် ရန်သူတပါးတို့မဝင်ရောက်နိုင် ၊ချောင်းရေကြီးစွာ၊ ဆီးကာစေတတ်သော အတုလစည်တော်ကိုလည်း သိကြားမင်းကပေးအပ်သည်။ စည်တီးလျှင်ရေကြီးစွာစီးကျသော ချောင်းကို ရန်ပယ်ချောင်း ဟု သမုတ်ခေါ်ဆိုသည်။

ဖေါင်တော်ပေါက်
ဗိဿနိုးမြို့အနောက်၊ မင်းသမီး ပျော်ပါးစေရန် ဖန်ဆင်းပေးသော အင်းသို့ သွားလိုလျှင် ဖေါင်နှင့် သွားလာနိုင်အောင် မြောင်းတူးဖောက် ၍ ပေးသည်။ ထိုမြောင်းကို ဖေါင်တော်ပေါက်ဟု သမုတ်သည်။

ဂူအင်းထောင့်
ထိုမင်းသမီး၏ မယ်တော် ဘီလူးမ ရံခါလာရောက်နေထိုင်စေရန် တစ်ခုသော အင်း၏ အထောင့် ၌ ဂူတည်၍ ထားရှိသည်။ ယခု ထိုအရပ်ကို ဂူအင်းထောင့် ဟု သမုတ်ခေါ်ဝေါ်သည်။

အင်ကြင်းကုန်း
ကျေးဇူးကြီးမားသော ဗိဿနိုးနတ်မင်းနေထိုင်စေရန်မြို့၏ အရှေ့တောင်အရပ်တွင် အင်ကြင်းဥ ယျာဉ်ပြုလုပ်ကိုးကွယ်သည်၊ ထိုအရပ်ကို ယခု အင်ကြင်းကုန်းဟု ခေါ်ဝေါ်သမုတ်သည်။

ပန်ထွာပြည်သို့ စစ်ချီခြင်း
တရံရောအခါ သာသနာတော် တစ်ရာ့တစ်(၁၀၁)ခုတွင် မင်းအဖြစ်သို့ရောက်၍မြို့ကျုံးထီးနန်းများကို
တပြိုင်နက် တည်ထားတော်မူသော သရေခတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းကြီးသည် ပဉ္ဓင်းညို ပဉ္ဓင်းဖြူဟူသော အမတ်(၂)ယောက်ကို အကြီးအမှူးထားလျက် အရပ်ရပ်သော မြို့ကျေးရွာများမှာ ဒသဘာဂဖြစ်သောဆယ်ဘို့တစ်ဘို့ အခွန်တော်များကို အတောင်းအခံ စေလွှတ်မြဲဖြစ် ၍ ထိုအမတ်နှစ်ဦးတို့ ပန်ထွာပြည်သို့ သွားရောက်တောင်းဆိုလျှင်...... ပန်ထွာပြည်မှူးမတ်တို့လည်း နိုင်ငံခြားနား ၊ ကွဲပြားကိုယ်စီ၊ ရှိလေပြီးသည် အမှုကို အစု အခွံ၊ ဗုဇွန်တစ်လက်မမျှ၊ တို့က ပေးခွင့်၊ မသေင့်မလျော် ၊စော်ကားကျူးလွန်၊ အခွန်တောင်းမှူးမတ်တို့ကို၊ သတ်ဖြတ်ပြုလုပ်မည်ရှိသည်တွင်.......... မင်းသမီးဘခင်ဖြစ်သော ရသေ့က ဓလေ့ထုံးစံ၊ အခွန်တောင်းသံတမန်တို့ကို၊ ရာဇဒါဏ်မပေးသင့်ကြောင်း။ မကောင်းပြုက၊ မကောင်းသူ့တွက်တာဟု ဆရာရသေ့ မိန့်ဆိုလျှင်.. မစီရင်မရိုက်ခတ်၊ အခွန်တောင်း အမတ်တို့ကို၊ တစ်နပ်မျှ ထမင်းမကျွေး၊ ထွက်ပြေး ပြန်သွားစေသည်။ ယင်းသို့သော အကြောင်းအရာများကို ဒွတ္တဘောင်မင်းကြီးထံ ပြန်ရောက် လျှောက်ထားကြားသိတော်မူလျှင် အမျက်ချောင်းချောင်းထွက် ၍ ကိုယ်တော်တိုင် ချီတက်လာသည်။

ပန်ထွာပြည်ကြီး ပျက်စီးခြင်း
ထိုအခါ သိကြားမင်းပေးသော အတုလစည်တော်ကိုတီးလျှင် လှိုင်း တံပိုး ထလျက် ရေအယာဉ် ပြင်းစွာလာသည် နှင့်
မြို့ရင်းသို့ မချဉ်း မကပ်နိုင်၊ သစ် ဝါးဖောင် အစရှိသည်တို့ဖြင့် ပြုလုပ်ကူးကြ ငြားသော်လည်း ရေစီးရေလာ ပြင်းပြလှသောကြောင့် အောက်ခြေသို့သာ
မျှောသွားပျက်စီးခြင်း ဖြစ်ကုန်ကြသည်။ ထိုအကြောင်းကို မှူးမတ်ပညာရှိတို့နှင့် တိုင်ပင်ညီညွတ်ကြပြီး ပရိယာယ်ခြောက်ပါးတွင် ကျွမ်းကျင်သောယောကျာ်းတစ်ယောက်ကို နနွင်းဆိုးသင်္ကန်းဝတ်စေလျက် ပန်ထွာပြည်တွင်းသို့ဝင်ရောက်
ဖျက်ဆီးစေ၏။ အကြောင်းသည်ကား- ထိုရှင်ယောင်သည် သူခိုးအတတ်တွင်တတ်စွမ်းသူ (၂) ယောက်တန်၊(၃)ယောက်တန်လူကိုခေါ်သွားပြီးလျှင် ပန်ထွာမင်းသမီး၏ အဘဖြစ်သော မြို့ဦးရသေ့ထံ
ဆည်းကပ်နေထိုင် ဝတ်ကြီးဝတ်ငယ်တို့ကို ပြုလုပ်၊ အ ယုံသွင်းကာ သုံးလကျော် လေးလခန့်ရှိလျှင်
ခိုးယူတတ်သူတို့ကို မြို့တွင်း ၌ ရှိသော ကျွဲ၊ နွား၊ ရွှေငွေ အစရှိသည်တို့အား ခိုးယူစေပြီးလျှင် သင့်ရာ ကွက်ရပ်များတွင်ထောင့်ချည်ဝှက်ထား ကြလေသည်။ ယင်းသို့ပြုဖန်များသဖြင့် ဆရာရသေ့ကျောင်း၌ မှီတင်းနေထိုင်သော ထိုရှင်ယောင်အားမေးလျှင်... ရှင်ယောင်လည်းထောင့်ချည် ဝှက်ထားသောနေရာအရပ်များကို သေချာအောင် ဟောပြောရယူကြသဖြင့် ထိုရှင်ယောင်အား ယုံကြည်လေးမြတ်၊ မပြတ်ကိုးကွယ်ကြ ကုန်သည်။ တရံရောအခါ ထိုရှင်ယောင်သည် ဆရာရသေ့ နှင့် အတူ မင်းသမီးနန်း သို့ဆွမ်းစားဝင်ရာ ဝတ်ကြီး ဝတ်ငယ် ပြုလုပ် အယုံသွင်း၍၊ မဟာအတုလမည်သော ဤရန်ပယ်စည်ကြီးသည် အင်းအိုင်မန္တာန်ကောင်းစွာနှံ ၍၊
ထပ်မံပြုလုပ်ရလျှင် ယခုအခါထက် များစွာ တန်ခိုးကြီးခြင်း၊ ရန်သူ မင်းတို့ကို နှိမ်နင်းနိုင်သောလက်နက်မိုးတို့ကို
ရွာစေခြင်း၊ တိုင်းတော်ပြည်တော်တွင် ရေစာ စပါး ပေါများ ကြွယ်ဝအောင် မိုး-၃ ချက်တို့ဖြင့် ညီညွတ် ဖြောင့်မတ်စွာ
ရွာစေခြင်း စသော အကျိုးထူးတို့သည် ထင်ရှား ဖြစ်လတ္တံ့သည် တမုံ့-ဟု ပြောဆိုသော စကားကို ယုံမှား ၍
ပြင်ဆင်ပါ- အခွင့်ပေးလျှင်..... .ရှေးရှေးက ပုညကံ၊ ကုန်ချိန်တန်သဖြင့် အတုလစည်တော်ကို သင့်လျော်သော
သားရေတွင်၊ အထွေထွေပယောဂ၊ ရှုံ့ချ စီရင်၊ ပြင်ဆင် ကျက်လွှမ်း ပြီးလျှင်၊ သင်္ကန်း ဝတ်သော ရှင်ပျက်
ပြေးထွက်လေသတည်း။ အတုလစည်တော်လည်း၊ တီး ၍ မမြည်၊ မကြည်မလင်သော အသံ၊ တရံတဆစ်မျှ ၊နာခံဘွယ် မရှိ၊ ဖြစ်လေ၏။ ဝန်းရစ် ယှက်ကာသော ရန်ပယ်ချောင်းသည် ဆောင်းနှောင်း နွေစ၊ တပေါင်းလကဲ့သို့၊ ထောင်းထောင်းမြူမုံနှင့်၊ ရေဟုန်မကျ၊ ယင်းသို့သောကာလတွင်၊ သရေခေတ္တရာပြည့်ရှင်ဒွတ္တဘောင်မင်းကြီး၏ စစ်ဘုရင်တို့သည်၊ ထွက်ဝင်လွယ်ကူ၊ သိမ်းယူ ဖျက်ဆီးကြ သဖြင့် ၊မြို့ဝန်းကျင်ပတ်လည် ၊ပေပင်ပေါက်ကာတည်သော ၊ရွှေပြည်ပန်ထွာသည်၊ ထိုအခါ ပျက်စီးခြင်းသို့ရောက်လေသောနှစ် သက္ကရာဇ်ကား တစ်ရာ့သုံးခုနှစ်ပင် ဖြစ်သတည်း။ ထိုအခါ ဒွတ္တဘောင်မင်းကြီးကား.. .ရွှေနန်းစည်းစိမ် ၃-နှစ်မျှ ရှိသေးသည်။

နားဋောင်းကျ
ယင်းသို့လျှင်- တိုင်းပြည်ပျက်စီးကာ မင်းသမီးထွက်ပြေးသောကာလ၊ ပတ္တမြားနားဋောင်း၊ မြေသို့လျောင်း သော
အရပ်ကို နားဋောင်းကျတွင်သည်။ ထိုကျသောနားဋောင်းကို ရှာ၍တဖန်ရသောကြောင့် နားဋောင်းရဟူ ၍လည်း ခေါ်ဝေါ်ရေးသားလေ့ ပြုကြသည်။

မအူအောင်း
ထိုမင်းသမီး၏ အထိန်းတော်မိအူး ပုန်းအောင်း နေသောအရပ်ကို မိအူးအောင်းဟု သမုတ်သည်၊ ယခုကာလရှည်လျားစကား လျောသဖြင့် မအူအောင်းဟု ခေါ်ဝေါ်သည်။

ကိုးပင်
ထိုမှတစ်ပါး စီ ၍ ပေါက်သော ပေကိုးပင်သည် ဒွတ္တဘောင်မင်း တပ်ချီမလာမီ နရတိ ဖြစ်သော
အနောက်တောင်အရပ်သို့ တပြိုင်နက်တည်း ကိုင်းသည်၊ ထိုအကြောင်းကို ပေကိုင်းရာ အရပ်က
စစ်မက်ကြီးစွာရောက် လှာတတ်သည်-ဟု ဆရာရသေ့ ဟောပြောဘူးသည်၊ ထိုအရပ်ကို ကိုးပင်စည် -ဟု ခေါ်ဝေါ်သမုတ်သည်။ နောက် ရတနာပုရ၊ တတိယ နန်းတည်ဖြစ်သောဆင်ဖြူ၇ှင်ဘုရား သား တော်
စဉ့်ကူးမင်းလက်ထက်၊ ၁၁၃၈-ခုနှစ်တွင်မှ ထိုရွာသားတို့ လှေတော်အစုဖွဲ့ ၍ ထမ်းပြန်သည်နှင့်

၉ပင်-ရွှေလှေဟု
တွင်သည်။ ၎င်းရွှေလှေပင် မင်းတိုင်း ၁၂ မှုတွင် တစ်မှုပိုပွား ၍ များပြား ရှုပ်ယှက်သည်-ဟု သတိရကြသဖြင့်၊ရွှေလှေကိုအန္တတွင် ၊မီးချ ၍ ကျွမ်းလောင်၊ တက်တက်ကုန် ပြောင်သောကြောင့် ရွှေလှေ အမည်ပျောက်ကာကိုးပင် ဟုတွင်မြဲ တွင်သည်။

ပေတောငါးရွာ
ဤကိုးပင်သောပေပင်သာလျှင်မဟုတ်သေး ၊ရှေးရှေးသောဘဝ၊ ကဿပမြတ်စွာဘုရား သာသနာတွင်၊ လကျာ်ရံအရှင်တစ်ဦးကို လှူဒါန်းဘူးသောပေရွက်ယပ်ငယ်တစ်ခု၏အဘို့၊ လူတို့မစိုက် မပျိုး
၊တောစိုးသစ်ပင်များကဲ့သို့၊ အလိုအလျောက်၊ ငါးဌာနအရပ်တွင် ၊ပေပင်အများပေါက်ရောက်လေသည်။

ငါးဌာနဟူသည်ကား…..
၁- ဝက်ချင်းကန်၊
၂- စမုံ၊
၃- နာဋောင်းရ၊
၎- သားတိုးတန်း၊
၅- အင်းရွာ၊
ဟူ ၍ ယခုတိုင်ပေတော ၅- ရွာဟု၊ ထင်ရှားရှိလေသည်။ ယင်းသို့သော အကြောင်းကို ပိဋကတ်တော်ရေးရန်
ပေရွက် အလိုရှိသောကြောင့် မြို့ရုံးက ဆင့်တောင်းလျှင် ခုတ်ယူ ပေးပို့ရကြောင်းနှင့် ၁၁၄၅ -ခု၊စစ်တမ်း တွင်
ထိုငါးရွာ သူကြီးတို့ အသီးသီးအစစ်ခံ ထင်ရှားနှင့် ဖြစ်သည်။
ပန်ထွာပြည်၏ ဝိသေသ အထူး
ပန်ထွာပြည်၏ ဝိသေသ အထူးသော်ကား- အချင်းတာ ၁၀ဝ၀ ခန့် ကျယ်ဝန်းသော မြို့၏ အတွင်း အင်ကြင်းပင်
မရှိဘဲလျက် အင်ကြင်းအသီးအပွင့်တို့ကို ဗိဿနိုးနတ်မင်းသည် ဤသို့ လျှင်အဓိဋ္ဌာန် ပြုဘူးသ တည်း။
ငါ၏ နေရာဖြစ်သော အင်ကြင်း ဥယျာဉ်တော်မှ အင်ကြင်း အသီးအပွင့်တို့သည် လူမကြည်း မဆောင်ဘဲ
ဗိဿနိုး မြို့အတွင်း မင်းသမီးရှိရာ ရောက်စေသတည်း္လ
ဟုပြုဘူးသော အဓိဋ္ဌာန်ကို မလွန်ဆန်မူ ၍ ယခုတိုင်မပျက် အင်ကြင်းခက် အင်ကြင်းသီးတို့သည် ပန်ထွာမြို့တွင်း ၌ တွေ့မြင်ကြရသည်။
ပန်ထွာမင်းသမီးအား- မိဖုရားမြှောက်ခြင်း
ဤ သို့လျှင် ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာမင်းသမီးနှင့်တကွသော မှူးမတ် ပြည်သူတို့ကို
သိမ်းယူခေါ်သွား ကာ သရေခေတ္တရာပြည်သို့ရောက်လျှင် အပြင်အလျာလက္မ္ခ ဏာကောင်းမြတ်သူ ဖြစ်သည်နှင့် မိဖုရားအရာ မြှောက်လေသည်။ မင်းသမီးနှင့် အတူပါသော မှူးမတ်တို့ကိုလည်း သက်သာရာ အခွင့်ပေးကာ
စာကျေးမြို့ရွာ၊ ပညာ သတ္တိ၊ရှိသည်အလျောက် ချီးမြှောက်သူကောင်းပြုတော်မူသည်။ ပန်ထွာမင်းသမီးသည်
မိဖုရားအရာ၊ ပါသည့်မှူးမတ်တို့နှင့်တကွ၊ သူကောင်းပြုခံရသော်လည်း၊ ဒွတ္တဘောင်မင်းကြီးအားနှစ်မြို့
ချစ်ခင်ခြင်းသည်မရှိ။ မည်သို့သောအကြောင်းဖြင့် နှစ်မြို့ ချစ်ခင်ခြင်း မရှိလေသနည်း……..
ပွေးဖို-ပွေးမ
လွန်လေပြီးသော ဘဝ၊ အတိတ်သော ကာလတွင်၊ထို မင်းမိဖု၇ားတို့သည် ပွေးဖို ပွေးမ ဖြစ်ကြသောအခါ
ပွေးဖိုသည်၊ အလိုရှိရာ အခြား ပွေးမနှင့်သာ ပျော်ပါး ၍ ၊ အစားအသောက်၊ သစ်ခေါက် သစ်ဥနုနုထွားထွားရပါငြားလည်း
သနား ကရုဏာ ရှင်းရှင်းကွာလျက် မေတ္တာကြီးမား သော ပွေးမကိုသာဝေငှစားသောက်ခြင်း။ တစ်ခုသောအကြောင်းနှင့် ။ မရှောင်သာ မလွဲသာတွေ့ကြိမ်သောအခါလည်း မညှာ မတွယ်၊ သင်းမျှနှုယ်ဟု ၊တွင်းငယ် ကယ်ပေါက်က၊
တလျှောက်တည်း ထွက်ပြေကာ သေဘေးရောက်လှု၊ ထိုသို့သော အမှုသည် ယခုဘဝ၊ ပစွက္ခမှ၊ ဒေါသမုန်းပွဲ၊ ရန်စခဲလျှင် အခဲမကြေ ၊သို့ဖြစ်လေသော ကြောင့် ၊သေသည်၏ ဘဝ၊ နောက်ကာလ တွင် ရှည်သမျှကမ္ဘာ၊ ဖြစ်လေရာတွင် အကြင်နာ
နည်းပါး ခိုက်ပွားရန်လို၊ ထို ပွေးဖိုနှင့် ရှေးကုသိုလ်ကံ မဆက်ဆံရအာင်၊ အကြံ ကြီးမား ရှိစဉ်ခိုက်။ သုံးတိုက်လုံးမှန်ကူ၊ သယမ္ဘူထွဋ်ထား၊ ဝိသုဒ္ဓိနတ်ဖျားသည်၊ မပြတ်သောဒေသစာဖြင့် ဝေနေယျာအများကို တရားရေအေး
တိုက်ကျွေးတော်မူသည်။ ညီတော်အာနန္ဒာကို နောက်ရံအရာထားလျက် ပတ္တမြားတံဆိပ် ဖိုးဦးခေါ်တောင်တော်ထိပ်သို့
နှိပ်တော် မူစဉ်အခါ ၊အကြင်နာ နည်းပါးသော လင်မယား ပွေးဖို -မတို့သည် ၊ဒါနကို ရှေ့မြော်၍ ပူဇော်စရာမြေမှုံ့ ဖြင့် စုံ့စုံ့တက်အောင် တစ်တောင့်တစ်ထွာမျှ ပူဇော်ကြသည်ကို . ဘဂဝါပရမေ ငါးမာ၇်ချွေလည်း ထိုမြေမှုံ့ဖြင့် ကြဲဖြန့်ဒါနပြု ကုန်ကြသောပွေးဖိုမနှစ်ခု၏ ၊ကောင်းမှုကုသိုလ်၊ အလိုလိုပြည့်စုံအံ့သည် ကိုမြင်တော်မူ ၍ သိတ-ဟသိတ စသော
ပြုံးရယ်ခြင်း ၆ပါးတို့တွင် ဘုရား၏ ပြုံးခြင်းဖြင့် နှလုံးသွင်းတော်မူလျက် ၊ပြုံးတော်မူသည်ကို ညီတော်အာနန္ဒာ မေးလျှောက်သောကာလ........
ငါ၏ သာသနာတော်၊ တစ်ရာကျော်လျှင် ၊တေဇော်ကြီးမား ၊ပွေးမောင်မယ် လင်မယားတို့သည် တိုင်းခြား ပြည်သီး ၊ တထီးတစ်နန်းစီ၊ ဆုတောင်းရင်း ပါရမီနှင့် ၊အညီ ထပ်တူ မင်းမူမည့် အဖြစ်ကို ဓမ္မရာဇ် ရှင်စော၊ မိန့်တော်မူလေသည်။
ပန်ထွာမိဖုရား၏ ပရိယာယ်
ယင်းသို့သော နိမိတ် ဗျာဒိတ်တော်အရ၊ ဆင်းရူပနှင့်၊ မဒု-စရဏ လကွ့ဏာ ၊ပြည့်စုံပါသော ပန်ထွာမင်းသမီးသည်၊ မင်းကြီးဒွတ္တဘောင် ၊ရွှေနန်းကြီး သုံးဆောင်နှင့် ၊ထုံးနှောင် မေတ္တာ၊ ချစ်ခင်ပါ သော်လည်း အတီတာဘဝ လွန်ခဲ့သော ကာလက၊ ဒေါသမုန်းစိတ်သည်၊ ခဲအန်ကြိတ် ရင်မှာတည် ၍၊ မကြည်နိုင် မပြေနိုင်၊ အူလှိုင် ပြင်းပြ၊ လတ်တလော ထင်သော်ကြောင့်၊ တိုင်းပြည်က ပါသော မှုးမတ် တို့နှင့်တိုင်ပင်ရာ...... မှူးမတ်တို့ လျှောက်သည်ကား... အရှင်မိဖုရား ထိုသို့သော အ၇ာ ၌ ၊ ရွံရှာ စက် ဆုတ်ဖွယ် ရှိသော အဝတ်ကို ဒွတ္တဘောင်မင်းမြတ်အား ဆက်ကပ် ၍ ပြုရလျှင် ၊နုလှသောမှည့်ရှင်တော် သည် ၊မပေါ် ကွယ်ခြင်းသို့ဖြစ်ပါသည်။ မှည့်ရှင်ကွယ်က ဘုန်းတန်းကျ ၍၊ ခေတ္တရာ
ရွှေပြည်ပျက်အံ့ သည်အကြောင်း။..
၎င်းမှူးမတ်တို့ လျှောက်တင်ချက်ကို၊ မပျက်စေရ ၊သုသာန်ဝက ၊တစ ပုဆိုး၊ စက်ဆုတ်ဖွယ် အမျိုးမျိုးကို၊ ထိုက်တန်အောင် ဝါဖန် ဝါကြိတ် ပြုသကဲ့သို့ ၊နုလှစွာ ညက်စေပြီးလျှင် ပိတ်ဖြူ မျက်နှာသုတ်၊ ယက်လုပ် ၍ ထားသတည်း။
မိဖုရားသည်လည်း မာယာ ကာယ၊ ဝဥွှနဥာဏ်တွင်၊ အလွန်လိမ်မာသော မင်းမိန်းမဖြစ်၍ သီလာဟူသော နံ့သာမှုံ့တို့ကို၊ မင်းကြီးအား မပြတ် ဆက်ကပ်ခြင်းကို ပြုလေ့၇ှိ၏။ သီလာ ဟူသော နံ့သာကား။ ပူတာ တံတင်းတို့ကို ဖွင့်လျှင် ပြည်သူတို့
နှာဝတွင် ထားဘိသကဲ့သို့ အလွန်မွှေးကြှိုင်စွာ ရှိ၏။ ဒွတ္တဘောင်မင်းကြီးသည်လည်း ထိုနံ့သာတို့ကို လိမ်းစမှတ် ပြုဘိ၏။
ဒွတ္တဘောင်မင်း ပျက်စီးခြင်း
တရံရောအခါ ထိုနံ့သာနှင့် ထုံသော မျက်သုတ်တော်ပုဝါကို ဆက်လေလျှင် မင်းကြီးသည် သဘောအားဖြင့် မြတ်နိုးရိုသေသည် အမှတ်နှင့် မျက်နှာတော်သုတ်မိ၏။ ယင်းသို့သုတ်မိလျှင်- မျက်လုံးတော်နှစ်ဖက်ကြား
တွင် ရှိသော မှည့်၇ှင်တော်သည် ပျောက်ကွယ်ခဲ့လေ၏။ မှည့်ရှင်တော်၊ကွယ်လျှင် ဂဠုံမင်း က ပေးသောသံလေး သံမြှား သိကြားမင်းက ပေးသော အရိန္ဒ မာလှံပျံ၊ သီလဝံသ ထား၊ နတ်စစ်သည်များသည် ကွယ်ပျောက်ခဲ့သည်။ ခြေရင်းအလုပ် အကျွေးဖြစ် သော နဂါးမင်းသမီးဘေစန္ဒီလည်း နဂါးပြည်သို့ ပြန်ခဲ့၏။ ယင်းသို့ဘုန်းတန်ခိုးညံ့ပြီးမှ- ပုသိမ်မြို့မှ တစ် နှစ်လျှင် ငွေစင်တစ်သောင်း၊ ဆက်သမြဲ အခွန်တော်သည် မဆက်သဘဲ နေလေ၏ ။ခေါင်းလောင်းစည် ကြီးများသည်လည်း ရေမှာ ကျနစ်လေ၏။ အခွန်တောင်းဖြစ်သော ပဥွင်းဖြူ ပဥွင်းညိုတို့သည်လည်း တိမ်းရှောင်ထွက်သွားကြလေ၏။
ပန်ထွာမိဖုရားကွယ်လွန်ခြင်း
ဤသို့လျှင် ငါတို့ပြည့်ရှင်မင်းအား မကောင်းကြံသူဖြစ်သည်ဟု၊ မှူးမတ် ပြည်သူတို့က ပို့ဆက် သော
သစ်ကျားသီးနှင့် ဝက်မြေဥကို စားမိချေသောကြောင့် ပန်ထွာမိဖုရား ကွယ်လွန်လေသည်။ ထိုမိဖု ရား သစ်ဥ သစ်သီး
တို့ကို စံမက်နှစ်သက်ခြင်းသည် ပွေးဖြစ်ခဲ့ဘူးသော ရသတဏှာ ဝါသနာအထုံကြောင့်၊ စုံစုံမက်မက်၊ နှစ်သက် လှသော
အမှုဖြင့် သစ်ဥသစ်သီးတို့ကိုမငြီးမငွေ့၊ သုံးဆောင်လေ့ဖြစ်သတည်း။ ဤသို့လျှင်ပန်ထွာမင်းသမီး သစ်သီးသစ်ဥကို စားသောကြောင့် မှောက်မှား ကွယ်လွန်ရကြောင်း နှင့် မယ်တော်ဘီလူးမ ကြားသိလေလျှင် အလျင်တဆော လာရောက်ပြှီးမှ မင်းသမီးအလောင်းကို လူအပေါင်း မသိရအောင် ကြည်းဆောင် ခိုးယူကာ ဗိသာနိုးမြို့ နန်းတော်တွင် ဖုတ်ကြည်းသင်္ဂြုဟ်ခြင်း ကိုပြုပြီးနောက် တစ်ရက်လောက်မကြာ ချစ်ခင်လှသော မေတ္တာရင်ကွဲနာနှင့်၊ ခန္ဓာပျက်စီးခြင်းသို့ရောက် လေ၏။ မင်းသမီး ဘီလူးမတို့ သေကွယ်ကြလျင် ပြည်သူတို့ မင်းသံချ မေးသောကာလ မိသား နှစ်ဦးတို့၊အထူးအမြတ် ၊မြို့စောင့်နတ်ဖြစ်ကြောင်းနှင့် ပြန်ပြောသောအရ ယခုတိုင် ဗိဿနိုး မြို့မအတွင်း
မယ်တော်နတ်ကွန်းမှာ -ဆောက်ရိုး၊စကြော အရှေကထားကာ သားခုနှစ်ကောင်၊ ငါးခုနှစ်ကောင်များကို စားမြိန်စားထုပ်နှင့် တင်ကြားပသရသည်။
မင်းသမီးနတ်ကွန်းမှာ အနောက်က နှစ်ထပ်လည်ပေါ်ဆောက်လုပ်ကာ သက်သတ်မပါ။ သစ်သီးခုနစ်မည် သစ်ဥ ခုနစ် မည် ပန်းခုနစ်မည်များနှင့် တင်ကြားပသရသည်။
ရေးသားသူပြုစုသူ ကျော်ထက်ဝင်း နည်းပညာတက္ကသိုလ်-ဘားအံမြေ အချိန် 7:04 AM

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...