စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အချစ်စစ်ဆိုတာ



Thursday, June 20, 2013

အချိန်က မနက် ၈ နာရီခွဲလောက်.... နည်းနည်းအလုပ်ရှုပ်နေတဲ့ မနက်ခင်းတစ်ခုမှာပေါ့ဗျာ.. အသက်ရှစ်ဆယ်လောက်ရှိတဲ့ လူကြီးလူကောင်းတစ်ယောက်ဟာ သူ့လက်က ဒဏ်ရာကို ချုပ်ရိုးဖြေဖို့ရောက်လာပါတယ်...

ရောက်ရောက်ချင်းပဲ သူ ၉ နာရီမှာ ချိန်းထားတာလေးရှိလို့ မြန်မြန်သွားချင်တဲ့အကြောင်းပြောပါတယ်... သူ့ကို သဘောပေါက်ကြောင်းမျက်ရိပ်ပြပြီး ထိုင်ခုံမှာထိုင်ခိုင်းလိုက်ပါတယ်... တစ်ယောက်ယောက်လာမကြည့်ပေးနိုင်သေးသ၍ သူတစ်နာရီတော့စောင့်ရဦးမယ်လို့ ကျွန်တော်တွက်လိုက်ပါတယ်... သူ့နာရီကိုကြည်လိုက် ဒဏ်ရာကိုကြည့်လိုက်နဲ့ သောကများနေတဲ့ပုံကို ကျွန်တော်သတိထားမိလိုက်တယ်... တခြားလူနာတစ်ယောက်မှလည်း ကြည့်စရာမရှိတဲ့အတွက် သူ့အနာကို ကြည့်ပေးဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်....

အနာကိုကြည့်လိုက်တော့ ကောင်းကောင်းကျက်နေပါပြီ... ဒါနဲ့ သူ့ချုပ်ရိုးဖြေပြီး ပတ်တီးပြန်စီးပေးဖို့ လိုတဲ့ပစ္စည်းတွေ အကူတစ်ယောက်ကိုယူခိုင်းလိုက်တယ်... သူ့အနာကို ကျွန်တော်ကုသပေးနေတုန်း သူနဲ့စကားစပြောဖြစ်ပါတယ်.. ဒီလောက်အလျင်လိုနေတာ တခြားဆရာဝန်တစ်ယောက်ယောက်နဲ့များ ချိန်းထားလားလို့ သူ့ကိုကျွန်တော်မေးကြည့်တယ်...

ဦးလေးကြီးက မဟုတ်ပါဘူးလို့ဆိုပြီး သူ့ဇနီးနဲ့တူတူ မနက်စာစားဖို့ ဘိုးဘွားရိပ်သာကိုသွားရမှာလို့ ပြောပြပါတယ်... သူမရဲ့ ကျန်းမာရေးအခြေအနေကို ကျွန်တော်မေးကြည့်တယ်... သူက သူ့ဇနီးဟာ အယ်လ်ဇိုင်းမားရောဂါခံစားနေရကတည်းက ဘိုးဘွားရိပ်သာကို ပို့ထားရတာလို့ ပြောပြပါတယ်...

ကျွန်တော်လည်း သိချင်စိတ်ဖြစ်လာတာနဲ့ သူနည်းနည်းနောက်ကျရုံနဲ့ သူ့ဇနီးက ဝမ်းနည်းနေမှာမို့ အလျင်လိုနေတာလားလို့ မေးကြည့်လိုက်တယ်...သူ့ဇနီးက သူဘယ်သူလဲဆိုတာတောင်မသိတော့ဘူးဆိုတာရယ် ဒီလို သူ့ကိုမမှတ်မိတော့တာ လွန်ခဲ့တဲ့ငါးနှစ်ကတည်းကဆိုတာရယ်ကို ဦးလေးကြီးကပြန်ပြောပြတယ်...

ကျွန်တော်လည်း အံ့သြတကြီးနဲ့ သူ့ကိုမေးလိုက်တယ်...
"ဦးလေးဘယ်သူလဲဆိုတာကို သူမသိတော့တာတောင် ဦးလေးက မနက်တိုင်းသွားနေတုန်းပဲလား..."

သူကပြုံးလိုက်တယ်.... ပြီးတော့ ကျွန်တော့လက်ကို အသာပုတ်ပြီး ပြောတယ်...
"ငါ့ကိုသူမသိပါဘူး... ဒါပေမဲ့ ငါကတော့ သူ့ကိုသိနေတုန်းပဲလေ..."

ကျွန်တော်သူနဲ့အတူမျက်ရည်မကျမိအောင် ချုပ်ထိန်းထားခဲ့ရပါတယ်... ကျွန်တော့်လက်မောင်းမှာ ကြက်သီးတွေတောင်ထလို့... ပြီးတော့ ကျွန်တော်တွေးမိတယ်....
"လူတွေလိုချင်နေကြတဲ့ အချစ်စစ်ဆိုတာ ဒါမျိုးပေါ့...."

တကယ့်အချစ်စစ်တွေဟာ လက်တွေ့မကျသလို စိတ်ကူးယဉ်လည်းမဆန်ပါဘူး... အချစ်စစ်ဆိုတာဟာ ဖြစ်တည်မှုအားလုံး... ဖြစ်ပျက်ခဲ့တာတွေအားလုံး... ဖြစ်လာနိုင်စရာအားလုံးနဲ့ မဖြစ်လာနိုင်တဲ့အရာအားလုံးအပေါ်မှာ နားလည်လက်ခံချက်တစ်ခုသာ ဖြစ်ပါတယ်...

နှိုင်းရင့်နွေ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...