စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သန်းခေါင်စာရင်း ကောက်ယူခြင်း အကြောင်း သိကောင်းစရာ




အောင်ဝင်း (ဖျာပုံ)

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များ အတွက်


မူဝါဒများ ချမှတ်ခြင်းနှင့် စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ရရှိထားရန် လိုအပ်ပေသည်။

မြန်မာနိုင်ငံတွင် မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ် သာလွန်မင်းတရား လက်ထက်နှင့် ၁၁၄၅ ခုနှစ် ဘိုးတော်ဘုရား လက်ထက်တို့တွင် သန်းခေါင်စာရင်း သဘော သက်ရောက်သည့် စစ်တမ်းများ ကောက်ယူခဲ့ သကဲ့သို့ ၁၈၇၂ ခုနှစ်မှစ၍ ၁၉၄၁ ခုနှစ် အထိ အောက်မြန်မာပြည်တွင် ၁ဝ နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူ ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ၁၉၅၃ ခုနှစ်တွင် မြို့ ၂၅၂ မြို့နှင့် ၁၉၅၄ ခုနှစ်တွင် ကျေးရွာအုပ်စု ၃၁၅၉ တို့အား သန်းခေါင်စာရင်း ကောက်ယူခဲ့ကြောင်း သိရသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်နှင့် ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် ကောက်ယူ ခဲ့သည်။ ၁ဝ နှစ်တစ်ကြိမ် ကောက်ယူရန် ဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် ကောက်ယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

လာမည့် ၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ သန်းခေါင်စာရင်း ကောက်ရန် နိုင်ငံတော်မှ သတ်မှတ် ထားရှိပြီး လိုအပ်သည့် အစီအမံများ စီစဉ် ဆောင်ရွက်နေသည့် အချိန်ကာလ ဖြစ်ပေသည်။ (၂ဝ၁၄ ခုနှစ် မတ် ၂၉ ရက် ညဥ့်သန်းခေါင်ယံ အချိန် မိမိတို့ နေအိမ်တွင် ရှိနေသော သူများ၏ စာရင်းကို ကောက်ယူမည် ဖြစ်သည်။)

သန်းခေါင်စာရင်းနေ့ ညဥ့်သန်းခေါင်ယံ အချိန် နိုင်ငံတော်၏ နယ်နိမိတ် အတွင်းရှိသူ၊ နေထိုင်သူများ၊ မတ် ၂၉ ရက် ညဥ့်သန်းခေါင်ယံ ကျော်လွန်ပြီးမှ သေဆုံးသူများ စာရင်းနှင့် နိုင်ငံရပ်ခြား ရောက်ရှိနေသည့် သံရုံး ဝန်ထမ်းများ၊ နိုင်ငံခြားတွင် နေထိုင်လျက် ရှိသည့် မြန်မာနိုင်ငံသားများ စာရင်းကောက်ယူမည် ဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ယူမည့် အဖွဲ့အစည်းများမှ ပြည်သူများသို့ နိုင်ငံတော်နှင့် မိမိ မိသားစု အကျိုးရှိစေ မည့်မေးခွန်းပေါင်း ၂ဝ ကျော်ကို မေးမြန်း ကောက်ခံမည် ဖြစ်သည်။ ယင်းမေးခွန်းများကို မှန်ကန်စွာ ဖြေဆို ပေးရန် လိုအပ်ပါသည်။ မေးခွန်းများ အပေါ် စိုးရိမ်ကြောင့်ကြစိတ် ထားရန် မလိုပါ။ သန်းခေါင်စာရင်း ကောက်ယူသည့် အချက်အလက်များကို အခြား မည်သည့် မှုခင်းအတွက်မျှ အသုံးမပြုကြောင်းနှင့် တစ်စုံတစ်ရာ စစ်ဆေးခြင်း မပြုကြောင်း နိုင်ငံတော်မှ တာဝန်ယူထားပြီး ဖြစ်ပါသည်။ သန်းခေါင်စာရင်းပါ အချက်အလက် မေးခွန်းများ မှန်ကန်စွာ ပြည်သူများမှ ဖြေဆိုပေးခြင်းဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့မှ မိမိတို့ နေထိုင်ရာ နယ်မြေအတွင်း လိုအပ်နေသည့် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း၊ ရေပေးဝေစနစ်၊ လျှပ်စစ် ဓာတ်အား၊ လမ်းတံတား၊ အလုပ်အကိုင် အခွင့်အလမ်း၊ နယ်မြေ ကာကွယ်ရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု၊ မသန်စွမ်းသူများ စောင့်ရှောက်ရေး၊ ဘိုးဘွားများ စောင့်ရှောက်ရေးနှင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ စောင့်ရှောက်ရေး လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရာတွင် အထောက်အကူများစွာ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူသည့် လုပ်ငန်းသည် နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင် စေမည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းသည် ကြီးမား ကျယ်ပြန့်သည့် လုပ်ငန်း ဖြစ်သည့်အတွက် ဝန်ကြီးဌာန တစ်ခုတည်း ဆောင်ရွက်၍ မရနိုင်ပေ။ နိုင်ငံတော်နှင့် ပြည်သူများ ပူးပေါင်း ဆောင်ရွက်ပါမှ သတ်မှတ်သည့်လုပ်ငန်း သတ်မှတ်ထားသည့် ကာလတွင် အောင်မြင်စွာ ပြီးမြောက်မည် ဖြစ်သည်။

သို့ပါ၍ သတ်မှတ်တာဝန် ပေးအပ်ခြင်း ခံရမည့် ကော်မတီ အဆင့်ဆင့် စာရင်းစစ်၊ စာရင်းကောက်နှင့် ပြည်သူများအားလုံး ကျရာအခန်းကဏ္ဍများမှ မွန်မြတ်သည့် စိတ်ထားဖြင့် တက်ကြွနိုးကြားစွာ ပါဝင် ဆောင်ရွက်ပေးရန် လိုအပ်လှပါကြောင်း တိုက်တွန်း ရေးသား အပ်ပါသည်။ ။

http://myawadynews.blogspot.com/2013/09/blog-post_3323.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...