စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျွန်တော်နှင့် တပ်ထဲကခွေးများ






ကျွန်တော့်အိမ်က အလုပ်လုပ်သည့်ဆေးရုံနှင့် အတော်နီးသည်။ လေးလွှာအပေါ်ဆုံးထပ်မှာ ရှိ
နေသည့် ကျွန်တော့်အိမ်ခန်းမှ ဆေးရုံရှိ ကင်ဆာဆောင်သို့ နှစ်မိနစ်သာ လမ်းလျှောက်ရသည်။ ကားတွေ
များပြီး ကျပ်နေသည့် ရန်ကုန်မြို့တော်ကြီးမှာ အလုပ်သို့လမ်းလျှောက် သွားရသည့် ဘ၀မှာ ဘယ်
လောက်ကံကောင်းလှပါသလဲ။ ကျွန်တော်အလုပ်လုပ်ရာ ကင်ဆာဆောင်ထဲမှာက လမ်းလျှောက်ပြီးသွား
လာနေသည့် လူနာများမှအစ၊အိပ်ယာပေါ်လဲပြီး နောက်ဆုံးအချိန်ကို စောင့်နေရသည့် လူနာမျိုးအထိ
အစုံ ရှိပါသည်။ အိမ်နီးသဖြင့် လူနာအရေးကိစ္စကြီးငယ်ရှိရင် အချိန်မရွေး ကျွန်တော့်ကို ခေါ်ကြသည်။
အိမ်နှင့် ဆေးရုံကြားအသွား လမ်းပေါ်မှာ နေ့နေ့ညညအမြဲဆုံရတတ်သည့် အုပ်စုတစ်ခုရှိသည်။


ခွေးတွေ။ ဟုတ်ပါသည်။ သူတို့တွေက အုပ်စုတောင့်တောင့်နှင့် ကင်ဆာဆောင်နှင့် ပတ်ဝန်းကျင်လမ်း
ပေါ်မှာ ရှိတတ်ကြသည်။ ဘယ်သောအခါမှ ကိုက်တယ်၊ပြုတယ် မကြားဖူး။ ကင်ဆာဆောင်မှာ ဓာတ်
ရောင်ခြည်ဖြင့် ကုသခံဖို့ ရက်ရှည်လများ ဆေးရုံတက်၊စောင့်ဆိုင်းကုခံ နေကြသည့် စစ်သည်၊ရဲမေ
လူနာများက လည်း အဲသည် အုပ်စုကြီးကို ကျွေးမွေးထားသည်။
အဲည်အုပ်စုကြီး ဖြန့်ကျက်နေရာယူထားသည့် “ခွင်”ကို ကြည့်ပါ။ ကင်ဆာဆောင်အ၀မှသည်၊
ဆေးရုံအ၀ ဂိတ်ပေါက်၊ထိုမှသည် ကျွန်တော်တို့ တိုက်ဝင်းခြံတံခါးအ၀၊ ထိုမှဆက်၍ ကျွန်တော်တို့
တိုက်အောက်ထပ်အထိ ဖြန့်ကျက်နေရာယူထားကြသည်။


ခွေးဆိုသည်က သူစိမ်းမြင်ရင် ဟောင်တတ်သည်။ သို့ပေမယ့် အဲသည်ခွေးအုပ်စုကြီးက
တော့ ယူနီဖောင်းနဲ့ဆို မဟောင်။ဘယ်အချိန်သွားသွား နေ့၊ညမရွေး ယူနီဖောင်းပါလို့ကတော့
မဟောင်ကြပါ။ ပုံမှန် လာနေကြ ဆရာဝန်၊သူနာပြု၊အစောင့်ရဲဘော်တွေလို လူရင်းတွေဆိုရင်
တော့ ယူနီဖောင်းမ၀တ်ထားလဲ မဟောင်ပါ။ တပ်ထဲမှာ မွေးလာသည့် ခွေးတွေ မို့လို့လား မသိ။ ယူနီ
ဖောင်းကိုတော့ ခင်တွယ်ကြပုံရပါသည်။


သူတို့တွေ၏ နောက်ထပ်ထူးခြားချက်တစ်ခုက ကင်ဆာဆောင်မှာ လူနာတစ်ယောက်ဆုံးပြီ
ဆိုတာနှင့် ဟောင်တတ်ကြခြင်းဖြစ်သည်။“ဟောင်”တယ်ဆိုတာထက် “အူ”တာဆို ပိုမှန်မည်။လူနာ
ကွယ်လွန်ပြီး အလောင်းကိုသယ်ဖို့ တွန်းလှည်းလာပြီဆိုရင် ပိုဟောင်သည်။ ညဘက်ဆိုရင် ပိုသိသာ
သည်။ ကင်ဆာဆောင်ရှေ့က ကင်းသမား ခွေးတစ်ကောင်က အသိပေးပြီး အူလိုက်သည်။ ဆေးရုံဝ
က နောက်ထပ် တစ်ကောင်က လိုက်အူသည်။ သည်လိုနှင့် တစ်ကောင်၊တစ်ကောင် ဆက်အူလိုက်


သည်မှာ ကျွန်တော်တို့ တိုက်အောက်ထပ်ရောက်သည် အထိဖြစ်သည်။

သည်လောက် အဆင့်မြင့်ဆက်သွယ်ရေးတွေ တိုးတက်နေသည့်ခေတ်ကြီးမှာ ကျွန်တော်နှင့်
ဆေးရုံအကြား သည်လို သတင်းပေးဆက်သွယ်ပေးနေသည့် “ခွေး”များဖြစ်ပါသည်။ လူနာတစ်
ယောက်ကွယ်လွန်ပြီဆို ၀ဒ်ထဲက သူနာပြုက ဖုံးလှမ်းဆက်ပြီး သတင်းပို့စရာမလို။ ဘယ်လိုမှ ဖုံးကွယ်
ထားလို့မရ။ ကျွန်တော်က ခွေးအူသံကြားသည်နှင့် ၀ဒ်ထဲကဖုန်းကို လှမ်းခေါ်လိုက်သည်။ ဒီတစ်ခါ
ဘယ်သူ့အလှည့်လဲပေါ့။ မျှော်လင့်ထားပြီးသားသူဆိုရင်တော့ ပြသနာမရှိပါ။ ၀ဒ်ထဲမှာ တာဝန်ကျ
ဆရာဝန်တစ်ဦး ရှိပြီးသား။သူ့ဘာသာ ဆက်လုပ်ရုံပင်။


လူနာတစ်ယောက်ဆုံးတာနှင့် တန်းသိနေသောကြောင့် အစပိုင်းမှာ သူနာပြုတွေအံ့သြကြ
သည်။ နောက်ပိုင်းတော့ ကျွန်တော်နှင့်တပ်ထဲကခွေးများ၏ ဆက်သွယ်အချက်ပြစနစ်ကို သိသွား
သဖြင့် မထူးဆန်းကြတော့။ ဒီလိုနှင့် အိမ်ကလူတွေပင် ခွေးဟောင်တာနှင့်ခွေးအူတာ မတူမှန်း သတိ
ထားမိလာကြသည်။ ခွေးအူပြီဆိုရင် ကျွန်တော်ဆေးရုံကို ဖုန်းဆက်တော့မည်မဟုတ်လား။


ဆေးကျောင်းသားဗိုလ်လောင်းဘ၀က တန်းစီပြီးသစ္စာဆိုတိုင်း လိုက်အူသည့်ခွေးတွေ ကြုံ
ရဖူးသည်။ စစ်ခရာသံကြားသည်နှင့် လိုက်အူသည့် ခွေးတွေ ကြုံဖူးသည်။ အသံတို့၊အလင်းတို့က
လှိုင်းလုံးနှင့်သွားသည်။ ခွေးတွေကြားနိုင်သည့် လှိုင်းလုံးFrequency က လူတွေကြားနိုင်တာထက်
ပိုများသည်။ ဒါ့ကြောင့် လူတွေမကြားနိုင်သည့် အသံတွေကို ခွေးတွေက ကြားနေရသဖြင့် လိုက်အူ
ကြတာဖြစ်ပါလိမ့်မည်။ ၀ဒ်ထဲက လူနာတစ်ဦးကွယ်လွန်သည်နှင့်ဘာကြောင့် ခွေးတွေအူကြသလဲ
တော့ မသိ။ လူတွေ မမြင်နိုင်သည့်အရာတွေကို ခွေးတွေ မြင်လို့ဖြစ်ချင်ဖြစ်မှာပေါ့။


လူတွေစုပြီးတန်းစီတော့မည်ဆိုရင် ယောင်တောင်ပေါင်တောင်နှင့် ရောက်လာသည့်ခွေး
တွေရှိသည်။ သူတို့ပါဝင်တန်းစီတော့မလို။ခြေလျင်တပ်အရာရှိငယ်သင်တန်းများကို ကျွန်တော်သွား
တက်ရတော့ အရာရှိသင်တန်းသားတွေနှင့် တန်းစီအမြဲလိုက်သည့်ခွေးတွေရှိသည်။တခါတလေ
ကျောင်းသားခေါင်းဆောင်ရပ်မည့် နေရာကိုဝင်ပြီးရပ်နေတာပင်ကြုံရသေးသည်။


ခွေးတစ်ကောင်၏ဦးနှောက်က လူ့ဦးနှောက်၏ ဆယ်ပုံတစ်ပုံမျှသာရှိသော်လည်း ခွေးများ
၏သိမှုနိုင်စွမ်းကို လျော့တွက်၍မရ။အရွယ်ရောက်ပြီး ခွေးတစ်ကောင်၏ ဦးနှောက်သည် နှစ်နှစ်သား
အရွယ်ကလေးငယ်၏ ဦးနှောက်မျှစဉ်းစားနိုင်စွမ်းရှိသည်ဟုလည်း သုတေသန တစ်ချို့က ဆိုသည်။
စစ်တပ်တွေထဲမှာ ခွေးတွေကို အသုံးပြုခဲ့ကြတာ ရှေးခေတ် အီဂျစ်၊ဂရိနှင့် ပါရှန်ခေတ်များ
လက်ထက်ကတည်းက ဖြစ်သည်။ဘီစီ၆၀၀ခန့်က ခွေးတွေကို ချပ်ဝတ်တန်ဆာများဝတ်ဆင်ပြီး
တိုက်ပွဲများအတွင်း အသုံးပြုခဲ့ကြသည်။ တိုက်ပွဲဝင်ခွေးသူရဲကောင်းများသည် ရန်သူတော်လူသား
များကို သေသည်အထိကိုက်ဖြတ်ခဲ့ကြသည်ဟူသော မှတ်တမ်းမှတ်ရာများရှိသည်။


ယနေ့ခေတ်မှာ ကင်းထောက်သည့်နေရာ၊ ကင်းလှည့်သည့်နေရာနှင့် ပစ္စည်း(လက်နက်၊
မူးယစ်ဆေး)ရှာဖွေသည့်နေရာများမှာ လေ့ကျင့်ထားသည့်ခွေးတွေကို သုံးကြသည်။ ဒုတိယကမ္ဘာ
စစ်အတွင်း ရုရှစစ်တပ်များသည် ခွေး၏ခန္ဓာကိယ်တွင် ဖောက်ခွဲရေးဗုံးများ တပ်ဆင်လျက် ဂျာမန်
စစ်တပ်များသို့စေလွှတ် ဖောက်ခွဲစေခဲ့ကြသည်။ အသေခံ ဖောက်ခွဲရေးသမားများပေါ့။ဒါကိုကြည့်
တော့ ယနေ့ အစွမ်းရောက်အကြမ်းဖက်သမားတွေ အသေခံဗုံးခွဲနေကြတာကို သတိမူမိသည်။
အစွမ်းရောက်သွားသည့်အခါ ဥာဏ်ကွယ်ပြီး ခွေးတွေ လုပ်သည့်အလုပ်ကို ၀င်လုပ်တတ်ကြပါလား
ဟု။


ဒုတိယကမ္ဘာစစ်အတွင်းမှာပဲ အမေရိကန်နှင့် ဂျပန်စစ်ဖြစ်ကြတော့ ဂျပန်ကိုတိုက်ရန်
အလို့ငှာ အမေရိကန်ခွေးပိုင်ရှင်များသည် အမေရိကန်မရိမ်းတပ်ဖွဲသို့ သူတို့၏ကိုယ်ပိုင်ခွေးများကို
လှူဒါန်းခဲ့ကြသည်။ ပစိဖိတ်စစ်ခွေးများ (war dogs of the Pacific) ဟူ၍ နာမည်ကျော်ခဲ့
သည်။ မရိမ်းစစ်ခွေးပေါင်း ၅၄၉ကောင် တိုက်ပွဲမှ ပြန်လာနိုင်ခဲ့ကြသည်။ ကျဆုံးသွားသော စစ်ခွေး
များလည်း ရှိသည်ပေါ့။ စစ်ပြန်ခွေးများအားလုံး အရပ်ခွေးများပြန်ဖြစ်သွားကြသည်။ သူတို့ထဲမှ
လေးကောင်ကတော့ တပ်ထဲမှာပဲ ထာဝရနေခဲ့ကြသည်။


ဗီယက်နမ်စစ်ပွဲအတွင်းမှာလည်း အမေရိကန်တို့က စစ်ခွေးပေါင်း ငါးထောင်ကျော်အသုံး
ပြုခဲ့ကြသည်။သူတို့ကို ထိန်းကျောင်းဖို့ လူတစ်သောင်းကို တာဝန်ပေးခဲ့သည်။ ထိုစစ်ခွေးများသည်
လူပေါင်း တစ်သောင်းကျော်၏အသက်ကို ကယ်တင်နိုင်ခဲ့ကြသည်။ စစ်ခွေး ၂၃၂ ကောင်ကျဆုံးပြီး၊
ခွေးထိန်းကျောင်းသူ ၂၉၅ဦး တိုက်ပွဲမှာ ကျဆုံးခဲ့သည်။


၂၀၁၁အတွင်း အိုစမာဘင်လာဒင်ကို သုတ်သင်သည့် စစ်ဆင်ရေးမှာ အမေရိကန်ရေတပ်
SEALs တပ်ဖွဲ့သည် စစ်ခွေးတစ်ကောင်ကို အသုံးပြုခဲ့သည်။ ခွေးနာမည်က “ကိုင်ရို”။
ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ ခွေးတွေကို ဆေးသုတေသနလုပ်
ငန်းများမှာ အသုံးပြုခဲ့ကြသည်။အမေရိကန်အစိုးရက သုတေသနမှာ အသုံးပြုခံရသည့် ခွေးများကို
“သူရဲကောင်းများ”ဟု ခေါ်ဝေါ်ခဲ့သည်။


တပ်ထဲကခွေးတွေကို အသုံးပြုလို့ရသည့် အရေးကြီးသော နေရာတစ်ခုကတော့ “မိုင်း”
ရှာသည့် နေရာမှာဖြစ်သည်။အမေရိကန် မရိမ်းတွေက မရိမ်းခွေးတွေကို မိုင်းရှာတတ်အောင်
သည်လိုသင်ပေးသည်။ လျှပ်စစ်ဝါယာတွေကို မြေအောက်မှာ မြုပ်ထားသည်။ ခွေးကအပေါ်က
ဖြတ်သွားတိုင်း ဓာတ်လိုက်သည်။ နောက်မိုင်းအတုတွေကို လျှပ်စစ်ဝါယာတပ်ထားပေးလိုက်သည်။
ဓာတ်လိုက်မှာကိုကြောက်သောခွေးသည် မိုင်းအတုကိုလည်း ကြောက်တတ်ပြီ။ အနံ့ရရင် မှတ်မိ
နေသည်။ မိုင်းရှိသည့်နေရာကို ပြနိုင်သည်။တစ်ခုပဲ အားနည်းချက်ရှိသည်။မိုင်းရှာခွေးတွေကို
အကြာကြီးသုံးလို့မရ။ သူတို့ကအမြဲတမ်းသတိကြီးစွာထားပြီး လန့်နေကြသည့်ခွေးတွေဖြစ်သည်
စိတ်ဖိစီးမှုများသည့်ခွေးတွေဖြစ်သည်။ ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုသာခိုင်းပြီး အနားပေး
ရသည်။


မြန်မာဝေါဟာရမှာ “ခွေး”နှင့် နီးစပ်သော်လည်း အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ကွာ
ခြားသွားသည့် အကောင်က“မြေခွေး”ဖြစ်သည်။ ဇာတ်နိပါတ်တော်တွေမှာ ဆိုရင် မြေခွေးသည်
ကောက်ကျစ်သည်၊စဉ်းလဲသည်။သည်လိုသာ ဥပမာပေးသည်။ မြန်မာပြည်မှာသာ မဟုတ်။ တ
ကမ္ဘာလုံးမှာလည်း မြေခွေး၏ ပြယုဂ်သည် မကောင်း။ ကောက်ကျစ်သည့် အဓိပ္ပာယ်ကိုသာ
ဆောင်နေသည်။ မြေခွေးတွေကို“ခွေး”များကဲ့သို့ လေ့ကျင့်ပေးကြတာမျိုး ရှိပေမယ့် မြေခွေးသည်
“ခွေး”လောက် ဥာဏ်ရည်မမြင့်။ ခိုင်းစေလို့မရ။ မယဉ်ကျေးသည့် သတ္တ၀ါသာဖြစ်သည်။


ကိုယ့်ပတ်ဝန်းကျင်မှ “ခွေး”များကိုတွေ့ပြီးပွားများလာသည့် အတွေးနှင့် ဗဟုသုတများ
ဖြစ်ပါသည်။ လူ့လောကမှာလည်း “ခွေး”ကဲ့သို့ သစ္စာရှိပြီး “မြေခွေး”ကဲ့သို့ကောက်ကျစ်သော လူ
တွေ ရှိပါသည်။ မိမိအသိုင်းအ၀ိုင်းကို သစ္စာရှိသော၊တာဝန်ကို ကျေပွန်စွာထမ်းဆောင်တတ်
သော၊ အများအတွက် အသက်ကို စွန့်တတ်သော “လူသား”တွေ ရှိပါသည်။ ထို့အတူ အရောင်
ပြောင်းတတ်သော၊အကောက်ကြံတတ်သော၊အများပျက်ဆီးရာ ပျက်ဆီးကြောင်းကြံတတ်သော
“မြေခွေး”ကဲ့သို့ လူများလည်း လူထုထဲမှာ ရှိပါသည်။ လူထုကို Demo ဟု အင်္ဂလိပ်လိုခေါ်
သည်။ သည်တော့ လူထုထဲက ကောက်ကျစ်သူတွေကို “ဒီမိုမြေခွေး”လို့ ခေါ်နိုင်သည်ပေါ့။



ဘုရားရှင်ကိုယ်တော်မြတ်ကြီးပင်လျှင် ပါရမီဖြည့်စဉ်အလောင်းအလျာဘ၀က တိရိစ္ဆာန်
ဘ၀များကို ရရှိခဲ့ဖူးပါသည်။ ကျွန်တော့်လို ပုထုဇဉ်တစ်ယောက်ကတော့ သေသည့်အခါ တိရိစ္ဆာန်
ဘ၀ကို အချိန်မရွေးရောက်နိုင်သည်။ဘယ်လောက်ကုသိုလ်တွေ လုပ်ထားသည်ပြောပြော သေ
ငယ်ဇောနှင့် မြောနေသည့်အချိန်မှာ “ဇော”စိတ်ဖြစ်ပေါ်ပုံကို မူတည်ပြီး ဘ၀ကူးသွားနိုင်သည်ဟု
ဖတ်ဖူးပါသည်။ တိရိစ္ဆာန်ဖြစ်ရင်တောင်မှ အများအတွက် အသက်စွန့်သောခွေး၊သစ္စာရှိသောခွေး၊
ဥာဏ်ရည်ဖြစ်သောခွေး ဖြစ်ရင်ကောင်းမှာပဲဟု တွေးနေမိပါတော့သည်။

ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han)


REF:http://dogcare.dailypuppy.com/dogs-brains-2711.html
http://en.wikipedia.org/wiki/Dogs_in_warfare
http://en.wikipedia.org/wiki/Gray_wolf


http://myawadynews.blogspot.com/2013/09/blog-post_6572.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...