စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ် အာဟာရ ပြည့်ဝဖို့ သတင်းစာ နေ့စဉ် ဖတ်ကြစို့




ကောင်းညွန့်ဝေ (ရေစကြို)

''သတင်းစာ ပညာဟူသည် ပြည်သူလူထုကို ဝန်ဆောင်မှု ပေးခြင်းဖြစ်သည်'' (Journalism is a public Service) ဟု ကမ္ဘာ့သတင်းစာ လောက၏ အဆိုတစ်ရပ် ရှိသည်။


မြန်မာ့သတင်းစာ လောကတွင်လည်း ''သတင်းစာ များသည် လူထုဆန္ဒ၊ လူထုအာဘော်၊ လူထု၏ နစ်နာမှုများကို တင်ပြနေကြသော ဟစ်တိုင်ကြီး များလည်း ဖြစ်ပေသည်။ တိုင်းပြည်ကို မျက်စိဖွင့် နားဖွင့် ပေးနေကြသော လူထု သိပ္ပံကျောင်းကြီး များလည်း ဖြစ်ပေသည်။ တိုင်းပြည် အကျိုးကို သယ်ပိုး ဆောင်ရွက် နေကြသော လူမှုဝန်ထမ်း ဌာနကြီးများလည်း ဖြစ်ပေသည်'' ဟု ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် သတင်းစာ ဆရာကြီး ဦးဘဖေ (ရဲတင်း) က ၁၉၆၂ ခုနှစ် ပြည်လုံးကျွတ် သတင်းထောက် သင်တန်းတွင် ဟောပြောပို့ချ ခဲ့ဖူးသည်။

ပြည်တွင်းပြည်ပ ကမ္ဘာတစ်ဝန်းတွင် နေ့စဉ် ဖြစ်ပျက် လှုပ်ရှားမှုများမှ အရေးကြီးသော အဖြစ်အပျက် များကို ရွေးချယ် ဖော်ပြထားသည့် သတင်းစာကို တစ်နေ့ မဖတ်ရလျှင် တစ်ခေတ် နောက်ကျ ကျန်ရစ်မည်ဖြစ်သည်။ ''ထမင်း'' သည် ကိုယ်ခန္ဓာ ကြီးထွား ကြံ့ခိုင်ရေး၊ ကျန်းမာရေး၊ အသက်ရှင်သန်ရေးတို့ အတွက် နေ့စဉ် မှီဝဲစားသုံး ကြရသည်။ ''အစာ အာဟာရ'' ဖြစ်သကဲ့သို့ ''သတင်း'' သည် စိတ်နှင့် အသိဥာဏ် ရှင်သန် ထက်မြက် ပွင့်လင်းစေရန် နေ့စဉ်စားသုံး မှီဝဲရသည့် ''စိတ် အာဟာရ'' တစ်မျိုး ဖြစ်သည်။ ထို့ကြောင့် စာရေးဆရာကြီး မြမျိုးလွင် (၁၉၆၉) က ''သတင်း ဆိုသည်မှာ သက်ရှိ လူသားတို့၏ နံနက် အိပ်ရာထ ပထမဆုံး မှီဝဲရသော အာယုဝဍ္ဎန အားတိုးဆေး အာဟာရ ဖြစ်ပါသည်'' ဟု ဆိုမိန့်ခဲ့ခြင်း ဖြစ်ပေသည်။ ပြည်သူလူထု မသိရသေးသည်တို့ကို သိအောင်၊ မမြင်မိသည်များကို မြင်အောင်၊ မတွေးမိသည်များကို တွေးနိုင်အောင် ''သတင်းစာ'' က ပျိုးထောင် ပေးသောကြောင့် မျက်မှောက်ခေတ်တွင် နေ့စဉ်ထုတ် သတင်း စာများနှင့် သတင်းစာ နေ့စဉ်ဖတ်ရှုသူများ တစ်နေ့တခြား တိုးပွားများပြားနေခြင်း ဖြစ်သည်။

နေ့စဉ် သတင်းစာများသည် သတင်းပေးခြင်း အလုပ် (Informative Function) ကို အဓိက ဦးစားပေးသည်။ သတင်း ဖြစ်ရပ်များကို ဖွင့်ဆို ရှင်းလင်းသော ဆောင်းပါးများ၊ ခေါင်းကြီးပိုင်းများနှင့် ဓာတ်ပုံများကို ဖော်ပြ ကြသည်။ ထို့အတူ အထူးကဏ္ဍ (အချပ်ပို) ဆောင်းပါးများ၊ ထူးဆန်းထွေလာ ရယ်စရာ ဓာတ်ပုံများ၊ ပန်းချီပုံများ၊ ကာတွန်းများ၊ ရုပ်ပြောင်များ၊ ဟာသ ကော်လံများနှင့် ရံဖန်ရံခါ ကဗျာဝတ္ထုတို စသည်တို့ကိုပင် ထည့်သွင်း ဖော်ပြကြသည်။ အချို့ သတင်းစာကြီးများက အခန်းဆက် ဝတ္ထုရှည်များ ဖော်ပြကြသည်။ သို့ဖြင့် စာဖတ်သူတို့အား ဖျော်ဖြေမှုကိုလည်း ပေးသည်ဟု ဆိုနိုင်သည်။ သတင်းစာများသည် သတင်း၊ ဆောင်းပါး၊ ခေါင်းကြီး၊ ကာတွန်းနှင့် ဝေဖန်ချက်များဖြင့် စာဖတ်သူများအား အကြံပေးခြင်း၊ လမ်းညွှန်ပေးခြင်း၊ သိမ်းသွင်း ဆွဲဆောင်ခြင်း တို့ကိုပြုနိုင်သည်။ သတင်းစာ၌ ထည့်သွင်းထားသော ကြော်ငြာကဏ္ဍ တွင်လည်း နာရေး၊ သာရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု အနုပညာ အစရှိသည့် ကြော်ငြာများသည် သတင်းကဲ့သို့ သတင်းစာ ဖတ်သူအား သုတကို ဖြစ်စေသည်ဟု ဆိုနိုင်သည်။

သတင်းစာသည် နေ့စဉ်နှင့် အမျှ ပြည်သူလူထုကို မျက်စိ၊ နား ဖွင့်ပေးလျက် ရှိသည်။ လူတန်းစား မရွေး၊ အယုတ်အလတ် အမြတ်မရွေး လူအားလုံးတို့၏ အရေးကြီးသော အဖြစ်အပျက်များကို စိတ်ဝင်စားဖွယ် ကောင်းအောင် ဖန်တီး တင်ဆက်လျက် ရှိသည်။ အချက်အပြုတ်၌ လိမ္မာကျွမ်းကျင်သော စားတော်ဆက် သည် ချို၊ ချဉ်၊ စပ်၊ ငန်၊ ခါး အရသာမျိုးစုံကို သင့်တင့်လျော်ကန်အောင် ဖွယ်ဖွယ်ရာရာ စီမံ၍ ပွဲတော်ဆက် တတ်သကဲ့သို့ သတင်းစာသည်လည်း ပြည်သူလူထုအား စိတ်ပျော်ရွှင်အောင် စဉ်းစားဆင်ခြင်မှု၊ ဝေဖန် ပိုင်းခြားမှု စသော အသိပညာ တို့ကို ပွဲတော် ဆက်ပေးပေသည်။

သတင်းစာကို လူထုခေါင်းဆောင်ဟုလည်း ဆိုနိုင်သည်။ မတရားမှုတို့ကို သတင်းစာဆရာ၏ ကလောင် လက်နက်ဖြင့် တိုက်ဖျက် ဖြိုခွဲနိုင်သည်။ အခွင့်အရေး၊ ဆုံးရှုံးမှု၊ နစ်နာမှုတို့ကို ဖွင့်ထုတ် ကြွေးကြော်နိုင်သည်။ သတင်းစာ တည်းဟူသော လက်နက်သည် အခြားသော လက်နက်တို့ထက် ထက်မြက်ပေသည်။ အာဏာ ရှိသူကိုလည်း သူမကြောက်၊ ဓနဂုဏ် မောက်သူကိုလည်း သူမထီ၊ ဂုဏ်ရည်မြင့်သူ ကိုလည်း မျက်နှာချို မသွေး အေးဆေးတည်ငြိမ်၍ တရားမျှတမှု တည်းဟူသော ချိန်ခွင်ဝယ် တင်၍ ဖော်ပြလေ့ ရှိသည်မှာ ''သတင်းစာ၏ ဂုဏ်ရည်'' ဖြစ်သည်။

ထိုသို့ ''သတင်းစာ ဂုဏ်ရည်'' နှင့် သတ္တိကြောင့် အာဏာရှိသူတို့သည် အာဏာကို အလွဲသုံးစားပြု၍ ထင်ရာ မလုပ်ဝံ့၊ မတရားမှုကို တပ်မက်သူတို့သည် သတင်းစာကို အဝေးကရှောင်၍ အမှောင်ခိုကြသည်။ ''ရန်သူ၏ လှံစွပ်ပေါင်း တစ်ထောင်ထက် သတင်းစာ၏ ကလောင်ကို ကြောက်ပါသည်'' ဟု ဆိုခဲ့သူမှာ ကမ္ဘာတွင် သိမ့်သိမ့် တုန်စေခဲ့သော စစ်ဗိုလ်ချုပ်ကြီး နပိုလီယံ ဖြစ်သည်။

သတင်းစာသည် နိုင်ငံနှင့် ကမ္ဘာ၏ တစ်နေ့တာ ဖြစ်စဉ် အကျဉ်းချုပ် သမိုင်းတို့ကို အမှန်အတိုင်း ရေးသား ဖော်ပြနေခြင်း ဖြစ်သည်။ သမိုင်းဝင် မှတ်တမ်းသဖွယ် နိုင်ငံ၏ အခြေအနေတို့ကို ထင်ဟပ်သော ကြေးမုံပြင် ဖြစ်သည်။ ယနေ့ သတင်းစာများသည် နက်ဖြန်မှစ၍ လူ့ သမိုင်းကျမ်းများ ဖြစ်လာပေလိမ့်မည်။ သတင်းစာ များက နား၊ မျက်စိ ဖွင့်ပေးသောကြောင့် ပြည်သူလူထုသည် တစ်ထိုင်တည်းနှင့် သမိုင်း စာမျက်နှာများကို ကျေကျေညက်ညက် လေ့လာရသကဲ့သို့ အသိဥာဏ် ပွင့်လင်းသည်။ အတွေးအခေါ်များ ရင့်သန်သည်။ အယူအဆများ မှန်ကန် လာနိုင်သည်။

ပြုမိသမျှ အကျည်းတန်မှုများ၊ အမှားများကို ပြန်လည်ဆင်ခြင် သိမြင်နိုင်သည်။ ရှေ့လမ်းစ အတွက်လည်း အမှန်အတိုင်း အကျိုးရှိရှိ ဆောင်ရွက်နိုင်သည်။ ''သတင်းစာသည် အတိတ်၏ ပြတိုက်ဖြစ်၍ အနာဂတ်၏ အုတ်မြစ်လည်း ဖြစ်ပေသည်'' ဟု ဆိုကြသည်ကို မှတ်သား ခဲ့ဖူးသည်။

သတင်းစာ ပေါ်ပေါက်လာခြင်းသည် လူထုအတွက် ကံကောင်းခြင်းပင် ဖြစ်သည်။ နိုးကြား ပွင့်လင်းခြင်း မရှိသေးသော လူထုသည် သတင်းစာ၏ အစွမ်းကြောင့် နိုးကြား လာကြသည်။ တရားမျှတမှုနှင့် မှန်ကန်မှု တို့သည် သတင်းစာကို အမှီပြု၍ ထွန်းပြောင် လာနိုင်ကြသည်။ သတင်းစာသည် ပြည်သူလူထု၏ နား၊ မျက်စိ တို့ကို ဖွင့်ပေးနိုင်ရုံ မျှသာမက သတင်းစာများသည် ပြည်သူလူထု အတွက် နေ့စဉ် ဖတ်ရှုလေ့လာရန် ပြဋ္ဌာန်း ထားသော ''လောကဝိဟာရ ကျောင်းသုံးဖတ်စာများ'' ဖြစ်သည်မှာ အထင်အရှားပင် ဖြစ်၍ သတင်းစာ နေ့စဉ် ဖတ်ကြပါစို့ဟု တိုက်တွန်း လိုက်ရပါကြောင်း။ ။


မြ၀တီ


http://myawadynews.blogspot.com/2013/09/blog-post_3584.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...