စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မသေခင်ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ



မြတ်စွာဘုရားရှင်က “မသေခင်သုတ္တန်”လို့ အဓိပ္ပါယ်ရတဲ့ “ပုရာဘေဒသုတ္တန်”မှာမသေခင်ဖြည့်ဆည်းရမယ့် ဘ၀အရည်အသွေးတွေကို တစ်စုတစ်ဝေးတည်းဟောကြားထားပါတယ်။

မြင့်မြတ်တဲ့လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓာတ်အရည်အသွေး၊ ဘ၀အရည်အသွေးတွေဖြစ်လို့ အကျဉ်းဆုံးချုပ်ပြီးပြောပြချင်ပါတယ်။

♦ မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝမကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။
အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။

♦ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်။

♦မသေခင်မှာ ကိုယ့်စိတ်ကိုယ်" ဒေါသမီး" မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရပါမယ်။
ထစ်ကနဲရှိ ဒေါသထွက်တာမျိုး၊ ကိုယ်မကျေနပ်တဲ့လူကို ရန်ငြိုးဖွဲ့ ကလဲ့စားချေဖို့
ကြိုးစားတာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ၊
ဘာလို့ ဒေါသထွက်နေဦးမှာလဲ။

♦နေရာတကာမှာ စိတ်ပူပန်တတ်တဲ့သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ်ပူလောင်မူတွေနဲ့ ဘာလို့ အချိန်ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသောမနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

♦ရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ်၊ မရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာမျိုးလည်း
ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာလှည့်ကြွားနေရတဲ့
အရသာက သေရင် ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာမို့လဲ။

♦လုပ်သင့်တာ မလုပ်ခဲ့မိလေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိလေခြင်းလို့ နောင်တရ
စိတ်ပူပန်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့အချိန်ကစပြီး
လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။

♦နူတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန်ပြောသူလည်းဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့စကားတွေကို စိတ်ထင်တိုင်းလျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။

♦မသေခင်ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့်တွေးတောပြီးလည်း အချိန်မဖြုန်းသင့်ပါဘူး။ ကုန်သွားတဲ့အချိန်က ပြန်မရနိုင်တဲ့အတွက် လက်ထဲရောက်လာသမျှ အချိန်တိုင်းကို
စိတ်တည်ငြိမ်းမူအပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ်ရပါမယ်။

♦ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော်တပ်မက်နေတာမျိုးလည်း လုံးဝမဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ရလာတဲ့ ကိုယ့်ဘ၀ကို
ကျေကျေနပ်နပ်လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့အပိုပါပဲ။

♦ကံ၊ ကံရဲ့ အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိတွေလည်း ကင်းရှင်းနေရပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီ
ပစ္စုပ္ပန်မှာရော၊ သံသရာမှာပါ ဆင်းရဲဒုက္ခတွေ ပင်လယ်ဝေရပါလိမ့်မယ်။

♦ကိလေသာဖြစ်မယ့်ကိစ္စ၊ အကုသိုလ်ဖြစ်မယ့်ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။

♦ကိုယ့်ကို သူတပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံလူံ့ဆော်တာမျိုး လုံးဝမပြုလုပ်ရပါဘူး။
အံ့ဖွယ်ထူးဆန်းတွေ လိမ်ညာဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ်များအောင် လုပ်ခြင်းဟာ
ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမည်းရောင်ဆိုးနေတာပါပဲ။

♦လူသားတွေရဲ့ မသေခင်ဘ၀ကို အရုပ်ဆိုးအကျည်းတန်စေတဲ့ မနာလိုဝန်တို၊ ၀န်တိုမူ (ဣဿာ၊ မစ္ဆရိယ)ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ
ဝန်တိုတဲ့စိတ် လွှမ်းမိုးနေတဲ့သူဟာ "မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်းကောင်" ပါပဲ။

♦ကိုယ်အပြုအမူကြမ်းတမ်းသူ၊နူတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေသဘောထား ကြမ်းတမ်းသူ မဖြစ်စေရဘူး။

♦ကိုယ်ကျင့်တရား မကောင်းသူ(သီလမရှိသူ)ကို ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်ကြပါတယ်။
မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ "ကိုယ်ကျင့်တရားပျက်သူ" မဖြစ်ပါစေနဲ့။

♦ ချစ်ခင်နေသူအချင်းချင်း၊ အဆင်ပြေနေသူအချင်းချင်း ကွဲပြားအောင် လူံ့ဆော်သူ၊
ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့သူ ချစ်ကြ၊ ခင်ကြ၊ အဆင်ပြေနေကြတာကို မနာလိုဝန်တိုဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့သူလောက် ကျက်သရေယုတ်တဲ့သူလောကမှာ မရှိတော့ပါဘူး။

♦မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါးခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ခေါ်တဲ့ အာရုံခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာရေအလျဉ်တွေ စီးဆင်းမသွားအောင် စောင့်ရှောက်နိုင်ရပါမယ်။
မြင်-မြင်ကာမျှ၊ ကြား-ကြားကာမျှနဲ့ ပြီးအောင် သတိပဋ္ဌာန်းတရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမူ ရပ်တန့်သွားမှာပါ။

♦မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့သူလည်း မဖြစ်စေရပါဘူး။
မာနကြီးတယ်ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ၊ သူများထက်သာတယ်လို့
ထင်နေတဲ့ “အထင်”ကြီးနေတာပါ။ အထင်ဟာ အထင်ပါပဲ။ တကယ်မဟုတ်ပါဘူး။

♦မသေခင်မှာ တစ်နေ့ထက်တစ်နေ့ ဉာဏ်ပညာကြီးမားသူဖြစ်အောင်ကြိုးစားနေရပါမယ်။
လောကီဉာဏ်သာမက လောကုတ္တရာဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုးနပ်ပါတယ်။

♦ဘယ်အရာမျိုးကိုမဆို ကိုယ်တွေ့အသိမပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့သူလည်း မဖြစ်စေရပါဘူး။ သိသင့်သိထိုက်တာမှန်သမျှ သူတစ်ပါး အပြောနဲ့ ယုံတတ်တဲ့သူလည်း မဖြစ်စေရပါဘူး။
သိသင့်သိထိုက်တာမှန်သမျှ သူတစ်ပါးပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါးပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်အောင် ကြိုးပမ်းအားထုတ်ရပါမယ်။

♦ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ်ကောင်းမူတွေ ပြုလုပ်တဲ့အခါမှာလည်း
လာဘ်မျှော်တဲ့စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမူရေးလာဘ်တ်လာဘလို့ခေါ်တဲ့ ထင်ပေါ်ကျော်စောမူ၊
စီးပွားရာထူးတိုးတက်မူ၊ သံသရာကောင်းစားမူတွေကို လုံးဝမမျှော်ကိုးဘဲ
သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့စိတ်၊ သတ္တ၀ါအများ ကောင်းစားစေလိုတဲ့စိတ်နဲ့ ပြုလုပ်ကြပါမယ်။

♦အကောင်း၊ အဆိုး လောကဓံအမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့အခါ
မှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိရပါမယ်။

♦သက်ရှိ သက်မဲ့တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွားအကုသိုလ်စိတ်တွေ၊ မကောင်းမူ ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်းနိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်းတစ်ခုပါပဲ။

♦အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်း ဒါ မစားရ မနေနိုင်၊ ဒါ မသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမူ ကင်းရှင်းရပါမယ်။ ရသတဏှာကို ထိန်းချုပ်စောင့်စည်းနိုင်ရပါမယ်။ ကိုယ်အပြုအမူဖြစ်သမျှ၊ စိတ်အနေအထားဖြစ်သမျှကို အမြဲသတိကပ် ရူမှတ်နိုင်တဲ့အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရူနိုင်တဲ့သူ ဖြစ်ရပါမယ်။

♦ကိုယ့်အထက်လူနဲ့ နိုင်းယှဉ်တဲ့မာန၊ ကိုယ့်တန်းတူလူနဲ့ နိုင်းယှဉ်တဲ့မာန၊ ကိုယ့်အောက်တန်းစားလူနဲ့ နိုင်းယှဉ်တဲ့မာန၊ မာန သုံးမျိုးလုံးလည်း ကင်းရှင်းရပါမယ်။

♦သေပြီးရင်အသက်ကောင်၊၀ိညာဉ်ကောင်လေး နောက်ဘ၀လိုက်တယ်ဆိုတဲ့သဿတဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊
ဘာမှ မဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါးရှိနေရင် မသေခင်လုပ်ရမယ့် အလုပ်တွေ ကမောက်ကမဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။

♦ကိုယ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေစတဲ့ သက်မဲ့အရာဝတ္ထုတွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေးဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာအစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုး ကင်းရှင်းရပါမယ်။

♦ဘာပဲလုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ်။

♦ကိလေသာအရင်းမခံဘဲ အလုပ်လုပ်နေပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာအရင်းခံတယ်လို့ ထင်မှားစွပ်စွဲလာရင်လည်း မတုန်မလူပ် သည်းခံနိုင်ရပါမယ်။

♦“တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား”ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိ စွဲစွဲမြဲမြဲရှိနေပြီဆိုရင်ရှိချင်တာ မရှိလို့လည်း မပူပန်တော့ပါဘူး။ ရှိပြီးတော့ မရှိလို့လည်း မဆူညံတော့ပါဘူး။

♦ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာလုပ်တဲ့ အဂတိလိုက်စားမူလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။

♦လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာလုပ်၊လုပ်သင့်လုပ်ထိုက်တာမလုပ် ဖြစ်နေကြတာဟာ
အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာခေါင်းပါးလာတာနဲ့အမျှ မလုပ်သင့် မလုပ်ထိုက်တာတွေလည်း ရှောင်ကြဉ်နိုင်လာပါလိမ့်မယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်း ဆောင်နိုင်လာပါလိမ့်မယ်။

♦မလုပ်သင့်တာအားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာအားလုံး အကြွင်းမဲ့ဆောင်နိုင်ပြီဆိုရင်တော့ ဘ၀လွတ်မြောက်မူကို ရပါပြီ။ သေခြင်းတရားက အပြီးတိုင် လွတ်မြောက်ပါပြီ။
ထပ်တလဲလဲ တစ်သေတည်း သေနေရတဲ့အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။
အနိုင်းမဲ့နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။

♦ဒါ့ကြောင့် မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာနအကျဆုံးကတော့
ကိလေသာခေါင်းပါးရေးအလုပ်၊ ကိလေသာအမြစ်ပြတ်ရေးအလုပ်ပါပဲ။

[ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)]
(မသေခင်ဘာလုပ်ကြမလဲစာအုပ်မှ-)


Young Buddhist's Association

ဒီနေရာမှကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...