စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျောင်းမီးရှို့ခံရတဲ့ မောရ၀တီဆရာတော် စုံစမ်းရေးကော်မရှင်ကို ဘာတွေပြောခဲ့သလဲ

၂၀၁၂ ခု၊ စက်တင်ဘာ ၁၀ ရက်နေ့မှာ ရခိုင်ပဋိပက္ခစုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော်အပိုင်မှာ တည်ရှိပြီး တရွာလုံးမီးရှို့ခံလိုက်ရတဲ့ မောရ၀တီကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တွေဟာ မောရ၀တီ ဗဟိုသာသနာပြုဆရာတော် အရှင်ဝိဇယကို တွေ့ဆုံခဲ့ပြီး မေးမြန်းစုံစမ်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဆရာတော်ကို ဆက်သွယ်ပြီး ဘာတွေ ပြောဆိုခဲ့ပါသလဲလို့ မောင်ရမ္မာက ဆက်သွယ်မေးမြန်းတဲ့အခါ နိရဉ္ဖရာသတင်းဌာနကို အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
----------------------------------

မေး။ ။ ဦးဇင်းနဲ့ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်အဖွဲ့နဲ့ ဘယ်နေ့ဘယ်အချိန်မှာ တွေ့ခဲ့ပါလဲဘုရား။

ဖြေ။ ။ စက်တင်ဘာလ ၁၀ ရက်နေ့ ၈ နာရီ မထိုးခင်က သူတို့ ကျောင်းကို ရောက်ပါတယ်။ ပထမ ကျောင်းကိုလာလို့ ဦးဇင်းနဲ့ လာတွေ့ပါတယ်။ ဦးဇင်းနဲ့ အင်တာဗျူးလုပ်ပါတယ်။ ပြီးမှ ဦးဇင်းနဲ့အတူ ဒုက္ခသည်စခန်းကို သွားပါတယ်။ ဒုက္ခသည်စခန်းမှာလဲ ကျေးရွာသူ ကျေးရွာသားတွေကို မေးမြန်းပြီးတော့ အင်တာဗျူးလုပ်သွားပါတယ်။

မေး ။ ။ ဦးဇင်းနဲ့လာတွေ့တဲ့ ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့မှာ ဘယ်သူတွေ ပါပါသလဲဘုရား။

ဖြေ။ ။ ဒေါက်တာမျိုးညွန့်တို့ တခြား ပုဂ္ဂိုလ်တွေ အကုန်လုံး ပါဝင်ပါတယ်။ ဦးဇင်းက ဦးအေးသာအောင်၊ ဒေါက်တာ အေးမောင်တို့လောက်ပဲ သိတာပါ။ ဘာသာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံက ကော်မရှင်အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
မေး။ ။ အရှင်ဘုရားနဲ့ ရွာသာတွေကို သူတို့က ဘာတွေကို မေးမြန်းသွားခဲ့ပါသလဲ အရှင်ဘုရား။
ဖြေ။ ။ မေးမြန်းသွားတာကတော့ ရွာသားတွေကိုပါ။ အခြေအနေစုံစမ်းပြီးတော့ ဒီမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်တွေကို ဘယ်လိုပုံစံ ဖြစ်သွားသလဲဆိုတာကို မေးမြန်းသွားပါတယ်။ ဒီမှာ ၆ လပိုင်း ၈ ရက်နေ့က မီးတိုက်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ဘက်ကလွန်တယ်။ ဘယ်သူ့ဘက်က များတယ်ဆိုတာကို ချိန်ဆပြီးတော့ မေးမြန်းသွားပါတယ်။ ဒီကလူတွေကတော့ ဘယ်လိုဖြစ်တယ်ဆိုတဲ့ အကြောင်းစုံကို အသေးစိတ် ရှင်းပြလိုက်ကြပါတယ်။

မေး ။ ။ အသေးစိတ်ရှင်းပြလိုက်ပုံနဲ့ ပတ်သက်ပြီး နည်းနည်းမိန့်ကြားပေးပါလားဘုရား။

ဖြေ။ ။ ဒီမှာ ဇွန်လ ၈ ရက်နေ့က ဘယ်ကစတင်ပြီးတော့ ဘယ်လိုသတင်းတွေ ရရှိလဲ၊ သတင်းမရဘဲ ဘယ်လို စဖြစ်တာလဲလို့ မေးပါတယ်။ မေးတဲ့အခါမှာ ရွာသားတွေက တနာရီလောက်က ဘင်္ဂါလီလူအုပ်စုက မောင်တောမြို့မှာ ဆန္ဒပြတယ်ဆိုတဲ့ သတင်းကို ကြားသိရတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ရွာသူရွာသားတွေ ဒီသတင်းလောက်ဘဲ ကြားသိရပြီးတော့ နေကြတယ်။ ရွာမှာ အစည်းအဝေးတစ်ခု လုပ်ပြီးတော့ ကျွန်တော်တို့ သတိထားပြီး နေကြရမယ်ဆိုပြီး နေကြတဲ့အခါမှာ ညနေ သုံးနာရီလောက်မှာ သရီကုန်းဘောင်ရွာကို မီးတိုက်တာကို ရွာသူရွာသားတွေ မြင်ပါတယ်။ မြင်သော်လည်းဘဲ ရွာသူရွာသားတွေက မီးတိုက်တာ ဟုတ်မှ ဟုတ်ရဲ့လား။ ကောက်ရိုးပုံကို မီးလောင်တာလားဆိုပြီး တွေဝေနေကြတဲ့အချိန် ည ၆ နာရီလောက်မှာ ကိုင်းကြီးရွာကို ဆက်တိုက်ပါတယ်။ ရွာကလူတွေကတော့ ကိုင်းကြီးရွာကို မီးတိုက်တာလား၊ ကောက်ရိုးပုံကို မီးတိုက်တာလား။ အဲဒီလိုဘဲ နေကြတဲ့အချိန် ညနေ ၇ နာရီလောက်မှာ ကုလားရွာအနီးက ရခိုင်အိမ်တစ်အိမ်ကို မီးစတိုက်ပါတယ်။ နောက်ပြီး ချိန်ခါလီ အုန်းတောကျေးရွာက ရခိုင်အိမ်တအိမ်ကို ၇ နာရီခွဲလာက်မှာ မီးတိုက်ပါတယ်။ အဲဒီအခါမှာ ငါတို့ရွာကို မီးတိုက်လာပြီဆိုပြီး သိကြတယ်။
ည ၉ နာရီလောက်မှာ စာသင်ကျောင်း ဘုန်းကြီးကျောင်းတလျှောက် မီးတိုက်ခံရတာကို အသေးစိတ် ရှင်းပြကြပါတယ်။ ဒီလိုရှင်းပြတဲ့အခါ ဘင်္ဂါလီမူဆင်ကုလားတွေ ဘယ်လောက်ရှိလဲလို့ ထပ်မေးပါတယ်။ ရွာသူရွာသားတွေက လူဦးရေ ၅၀၀၀ ခန့်ရှိတယ်လို့ ဖြေကြပါတယ်။ ဒီလိုညဥ့်ကာလမှာ လူဦးရေ ၅၀၀၀ လောက်လို့ ဘယ်လို သိနိုင်သလဲလို့ ထပ်မေးပါတယ်။ ရွာသားတွေက ဒီ ၅၀၀၀ ခန့်မှာ ဓာတ်မီး(လက်နှိပ်ဓာတ်မီး)ကိုယ်စီ ပါလာကြတဲ့အတွက်ကြောင့် အဲဒီဓာတ်မီးကို ကြည့်ခြင်းအားဖြင့် သိနိုင်သလို ဓာတ်မီးမပါဘဲ နောက်ကွယ်မှာ ဘယ်လောက်ရှိနိုင်မလဲဆိုတာကို မသိနိုင်ပါ။ အဲဒီဘင်္ဂါလီလူအုပ်စုကြီးဟာ လိုအပ်တဲ့ ပစ္စည်းတွေကို အကုန်ယူပြီးတော့ အိမ်တွေကို လောင်စာဆီပက်ဖျန်းပြီး တတန်းပြီးတတန်း မီးတိုက်သွားတယ်ဆိုတာကို ရှင်းပြကြပါတယ်။

မေး။ ။ နောက်ထပ် ဘာများမေးမြန်းသွားပါသေးလဲဘုရား။

ဖြေ။ ။ နောက်ပြီး ဒီဒေသမျာ ရေရှည်နေထိုင်ဖို့ ဆန္ဒရှိသလား။ ရှေ့ကိုဆက်ပြီး နေထိုင်လိုသေးသလားလို့ မေးပါတယ်။ ရွာသူရွာသားတွေက နိုင်ငံတော်အစိုးရအပေါ်မှာ မူတည်တယ်။ နိုင်ငံတော်အစိုးရက ဘယ်လောက်ထိ လုံခြုံရေး ပေးနိုင်မလဲ။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကလဲ ၁၉၉၄ ခု၊ မေလ ၁ ရက်နေ့ မှာလဲ အိမ်ခြေ ၁၄၊ ဘုန်းကြီးကျောင်းတစ်ကျောင်း မီးရှို့တာ ခံခဲ့ရတယ်။ လူတစ်ယောက် သေဆုံးပြီးတော့ တစ်ယောက် ဒဏ်ရာရရှိခဲ့တယ်။ ဒါတွေကိုတော့ မြန်မာနိုင်ငံကလူတွေ မသိရှိကြပါဘူး။ အဲဒီအချိန်ကလည်း လုံခြုံရေးပေးမယ်ဆိုပြီး အစိုးရတာဝန်ရှိသူတွေက အာမခံပြောခဲ့ပါတယ်။ အခုအချိန်မှာလည်းပဲ လုံခြုံရေးပေးမယ်။ စိတ်ချပါဆိုပြီး နိုင်ငံတော်အစိုးရက ကတိပေးထားပါတယ်။ သို့သော်လည်း နိုင်ငံတော်အစိုးရက ဘယ်အတိုင်းအတာထိ လုံခြုံရေးပေးနိုင်မလဲ။ တကယ်လက်တွေ့မှာ မြန်မာတိုင်းရင်းသားတွေကို ကာကွယ်ပေးသလားဆိုတာကို ကျေးရွာသူ ကျေးရွာသားတွေက စောင့်ကြည့်နေကြပါတယ်။ လုံခြုံရေးရှိရင် နေထိုင်သွားဖို့ကတော့ ဖြစ်နိုင်ပါတယ်လို့ ပြောကြပါတယ်။

မေး။ ။ အရှင်ဘုရားကိုကော တစ်ဦးချင်း တွေ့ဆုံမိတဲအခါ ဘာတွေများ မေးမြန်းလျှောက်ထားတာ ရှိပါလဲ ဘုရား။

ဖြေ။ ။ ဒီနေရာမှာ အခုလိုဖြစ်မယ်ဆိုတဲ့ ကိစ္စကို ကြိုတင်ပြီးသိလား၊ ဖြစ်ပြီးမှ သိလားလို့ ဦးဇင်းကို မေးပါတယ်။ ဦးဇင်းက ကြိုတင်ဖြစ်ဖို့ဆိုတာကို ဦးဇင်းတို့ သိထားပါတယ်။ သို့သော် ဘယ်နေ့ ဘယ်ရက်ဖြစ်လာမလဲဆိုတာကိုတော့ နှစ်အကန့်အသတ်နှင့် ရက်အကန့်အသတ်နှင့် မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ ၁၉၄၂ ခုနှစ် မေလ ၁၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တစ်ကြိမ်၊ နောက် ၁၉၈၈ မှာ တစ်ကြိမ်၊ ၁၉၉၄ မှာ တစ်ကြိမ် စသည်အားဖြင့် အဲဒါတွေကို အခြေခံပြီး ကြည့်လိုက်တဲ့အခါမှာ အခုလဲ ဒီအတိုင်းဖြစ်လာမယ်ဆိုတာကို ဦးဇင်းတို့ သိထားတယ်လို့ ဖြေကြားလိုက်ပါတယ်။ နောက်ထပ်မံပြီးတော့ ဖြစ်နိုင်တဲ့ အလားအလာရှိသလား စသည်ဖြင့်တော့ မေးပါတယ်။ နိုင်ငံတော် အစိုးရက လုံခြုံရေးချပေးမယ်လို့တော့ ပြောပါတယ်။ ဦးဇင်းက ပြည်သူ့စစ်တွေကိုလည်း အခါအားလျော်စွာ ချပေးတာ ရှိတယ်။ သို့သော် ဤနေရာ ဤဒေသမှာ ပြည်သူ့စစ်တွေ ဘယ်လောက်ပဲ ချထားစေကာမူ လက်နက်အပ်နှံမှုမရှိရင် ဘာမှလုံခြုံရေးကို ယူလို့မရဘူး။ ပြည်သူတွေမှာလည်း လုံခြုံမှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မောရ၀တီကျေးရွာသည် အနီးကပ်ဆုံး ဘင်္ဂါလီကျေးရွာတွေက ၀ိုင်းရံပြီးနေရသော ကျေးရွာဖြစ်တဲ့အတွက်ကြောင့် ၅ မိနစ် ၁၀
မိနစ်အတွင်းမှာ ဘင်္ဂါလီတွေက ပြာကျအောင် လုပ်နိုင်တဲ့အတွက် ဖြစ်ပါတယ်။

 အဲဒီအတွက်ကြောင့် ပြည်သူ့စစ် ဖွဲ့ထားရုံမျှနဲ့ မဖြစ်နိုင်ပါဘူး။ ဒီမှာ ပြဿနာဖြစ်တာနဲ့ အထက်လူကြီးတွေက အစည်းအဝေးထိုင်ဖို့တစ်မျိုး၊ အောက်က ငယ်သားတွေက အထက်ကလူကြီးတွေရဲ့ အမိန့်အာဏာ စောင့်ဆိုင်းရတာက တစ်မျိုးနဲ့ အဲဒီစောင့်ဆိုင်းနေချိန်အတွင်းမှာပဲ ဒီကျေးရွာတွေဟာ ၅ မိနစ်၊ ၁၀ မိနစ်နဲ့ ပြာကျသွားရပြီ။ ဒါကြောင့် သူတို့(ဘင်္ဂါလီတွေ)မှာ ခုလို ပြုလုပ်မယ့် စီမံကိန်းတွေ ရေးဆွဲပြီးသား ဖြစ်နေတဲ့အတွက်ကြောင့် နောင်လာလတ္တံ့သော ကာလမျိုးမှာလည်း အခုလို မီးရှို့မှုတွေ လူသတ်တာတွေ ဆက်လက်ပြီး ဖြစ်နိုင်တယ်ဆိုတာကို ဦးဇင်းပြောပြလိုက်ပါတယ်။

မေး။ ။ ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ တခြားဘယ်နေရာတွေကို သွားရောက်မေးမြန်းခဲ့တယ်လို့ ကြားရပါသလဲဘုရား။

ဖြေ။ ။ နှစ်နေရာကိုပဲ ရောက်ခဲ့တယ်လို့ ဦးဇင်းတို့ ကြားပါတယ်။ ပထမဆုံးစစ်တွေက လာတာနဲ့ ဦးဇင်းတို့ မောရ၀တီကို ၀င်ပါတယ်။ အဲဒီကနေ ခရေမြိုင်ကို ၀င်ခဲ့တယ်လို့ သိရပါတယ်။

မေး ။ ။ ကော်မရှင်အဖွဲ့ဟာ ဘင်္ဂါလီမူဆလင်ဒုက္ခသည်စခန်းတွေကို သွားရောက်မေးမြန်းခဲ့ပါသေးလားဘုရား။
ဖြေ။ ။ ဒီမှာက မူဆလင်ဒုက္ခသည်စခန်းဆိုတာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မောင်တောမြို့မှာက သူတို့ဘင်္ဂါလီတွေကို ဘယ်တိုင်းရင်းသားတွေက လုပ်ကြံခဲ့တာ၊ တိုက်ခိုက်ခဲ့တာ မရှိခဲ့ပါဘူး။ သူတို့ကပဲ တိုင်းရင်းသားရွာတွေကို မီးရှို့ပြီး လူတွေကို သတ်သွားတာပါ။ ဒါကြောင့် မောင်တောမြို့နယ်မှာ ဘင်္ဂါလီဒုက္ခသည်စခန်းဆိုပြီး မရှိပါ။

(မှတ်ချက် = ဦးဝိဇယအရှင်ဘုရားသည် မောရ၀တီကျေးရွာသို့ သာသနာပြုရန်အတွက် ၁၉၉၃ ခုနှစ်တွင် ရောက်ရှိလာပြီး ၁၉၉၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ပထမအကြိမ် ကျောင်းကို ဘင်္ဂါလီများက မီးရှို့ခဲ့သည်။ ယခုတစ်ကြိမ် ၂၀၁၂ ခု၊ ဇွန်လ ၈ ရက်နေ့တွင် တစ်ကြိမ် ကျောင်းကို မီးရှို့ခံခဲ့ရသည်။)
နိရဉ္ဖရာ သတင်းဌာန)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...