စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“စိတ်ညစ်ရင် ရေချိုးပါ (ပါနီယဇာတ်)”


             
တခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။တစ်နေ့တော့ သားအဖနှစ်ယောက် ခရီးတစ်ခု
ထွက်ဖို့ ပြင်ကြပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာတော့အုပ်တစ်ခုကိုဖြတ်သန်းသွားရမှာပါ။ အဲဒီတောအုပ်ထဲမှာဓားပြသူခိုးတွေကလည်း ရှိနေပါတယ်။ ဓားပြသူခိုးတွေရဲ့
လုပ်ထုံးအစဉ်အလာတစ်ခုက သားအဖ နှစ်ယောက်လာရင်သား ကိုဖမ်းပြီး၊အဖေလုပ်သူကို အိမ်ပြန်ပြီး
ငွေယူစေပါတယ်။ ဆရာတပည့် လာရင်လည်းဆရာကိုဖမ်းပြီး၊ တပည့်ကို အိမ်ငွေပြန်ယူစေပါတယ်။
ဒီလုပ်ထုံးအစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက်က ခရီးမထွက်ခင် အဖေလုပ်တဲ့သူက
“ငါ့သား ဓားပြသူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖတော်တယ်လို့ မပြောနဲ့။
ဘာမှ မတော်ဘူးလို့ပြော” လို့ မှာပါတယ်။

ဒီလိုနဲ့တောထဲ ရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ဓားပြသူခိုးတွေနဲ့တွေ့ပါတယ်။တွေ့တော့
သားအဖနှစ်ယောက်ကိုဖမ်းပြီး “သင်တို့ဘာတော်သလဲ”လို့ မေးတော့ သားလုပ်တဲ့ သူက “ဘာမှ မတော်ဘူးလို့”ပြန်ဖြေလိုက်ပါတယ်။ဒီတော့ သားအဖနှစ်ယောက်တောအုပ်ကထွက်ခွင့်ရပြီး၊ ရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။နားရမယ့်နေရာ မှာနားပြီး ညချမ်းရောက်တော့ရေချိုးပါတယ်။ရေချိုးပြီး တော့စိတ်ကော၊ရုပ်ကောကြည်နေတဲ့အတွက် သားဖြစ်သူ ကမိမိရဲ့ တစ်နေ့တာသီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသားပြောခဲ့တာကိုပြန်သတိရပါတယ်။ ထိတ်လန့်သံဝေဂဖြစ်ပြီး“ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချတော့မှာပဲ”ဆိုပြီးရပ်လျက် ၀ိပဿနာ ပွားလိုက်တာ “ပစ္စေကဗုဒ္ဓါအရှင်မြတ်”ဖြစ်သွားပါတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတော့ ဖခင်ကို
တရားဟောပြီး နန္ဒမူလိုဏ်ဂူကို ကြွသွားပါတော့တယ်။
-【ငါးရာ့ငါးဆယ်၊ပါနီယဇာတ်】

ရေချိုးလိုက်လို့ တရားထူး၊တရားမြတ် ရသွားတာတော့မဟုတ်ပါဘူး။ အတိတ်ပါရမီ တွေကြောင့် ရသွားတာပါ။ဒါပေမယ့်ရေချိုး လိုက်တာလည်း တရားထူးရဖို့
အထောက်အပံ့ တစ်ခုဖြစ်သွားတာပါ။ရေချိုးထားတဲ့ စိတ်ကော ရုပ်ပါ ကြည်နေပါတယ်။
စိတ်ရုပ် ကြည်နေတဲ့အတွက် တရား အားထုတ်ရတာလည်းပိုပြီးအဆင်ပြေသွားပါတယ်။ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ပေးတာ ဆိုတော့စိတ်ညစ်တာလောက်တော့ အထူးပြောစရာ မလိုတော့ပါဘူး။

ဒါက ၀တ္ထု သာဓကလေးကို ကိုင်ပြောတာပါ။စာနဲ့ ကိုင်ပြောမယ်ဆိုရင်လည်း ၀ိဘင်းအဋ္ဌကထာမှာ
“ပညာပွားကြောင်း (၇)ပါး” ကို ပြထားပါတယ်။အင်္ဂါ(၇)ပါးမှာ ဒုတိယအင်္ဂါက ဉာဏ်ပညာ ပွားဖို့အတွက်
ကိုယ်တွင်း၊ကိုယ်ပ နှစ်ဋ္ဌာနကို သန့်ရှင်းစင်ကြယ်အောင်လုပ်ပေးပါ တဲ့။ သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကိုလည်းအကျယ်ပြန်ရှင်းပြထားပါတယ်။ ဆံပင်တွေ ရှည်နေမယ်၊ခြေသည်းလက်သည်းတွေရှည်နေမယ်၊ခန္ဓာကိုယ်မှာ ချွေးတွေ၊ကြေးတွေ ကပ်နေမယ်၊
ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ လေဆိုးတွေ ရှိနေမယ်၊ဒါဟာ “အတွင်းဝတ္ထု” မသန့်ရှင်းတာပါ။

နောက်ကိုယ့်ရဲ့ အ၀တ်အစားတွေ ဟောင်းနွမ်းနေမယ်၊အိပ်ရာ၊ခြင်ထောင်၊စောင်၊ခေါင်းအုံးတွေ ဟောင်းနွမ်းနေမယ်။ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ
ဖွာလန်ကြဲနေမယ်။ပင့်ကူမျှင်တွေ ငြိတွယ်နေမယ်၊စာအုပ်တွေ ပြန့်ကျဲနေမယ်။အမှိုက်တွေ ရှိနေမယ်။
ဒါဟာ “အပြင်ဝတ္ထု” မသန့်ရှင်းတာပါ။

အဲဒီလို ကိုယ်တွင်း၊ကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင်စိတ်ရှုပ်လာပါလိမ့်မယ်။စိတ်ရှုပ်လာရင် ဉာဏ်အမြင်
မကြည်လင်တော့ပါဘူး။ ဒါဆိုရင် နေရထိုင်ရတာမပျော်ရွှင်တော့ပါဘူး။

ဒါကြောင့်ဆံပင်တွေ ရှည်နေမယ်၊ရှုပ်ထွေးညစ်ပတ် နေမယ် ဆိုရင် ညှပ်စရာရှိတာညှပ်၊
လျှော်စရာရှိတာလျှော်ပေးရမယ်။ခြေသည်း လက်သည်းတွေ ရှည်နေရင် ညှပ်ပေးရမယ်။
ခန္ဓာကိုယ်မှာ ချွေးတွေ၊ ဂျီးတွေရှိနေရင် ရေချိုးပေးရပါမယ်။ခန္ဓာကိုယ်ထဲ မှာလေဆိုးတွေ ၊ အပူအပုပ် တွေရှိနေရင်နားလည်တဲ့ဆရာဝန်နဲ့ပြသပြီး ၀မ်းသက်စေတဲ့ဆေး စသည်
စားပြီး ခန္ဓာကိုယ်ပေါ့ပါးအောင် လုပ်ပေးရပါမယ်။

ဒါက “အတွင်းဝတ္ထု” သန့်ရှင်းအောင်လုပ်ပေးတာပါ။နောက်အ၀တ်အစားတွေ ဟောင်းနွမ်းနေရင်၊
အနံ့အသက်ဆိုးတွေ ရှိနေရင် လျှော်ပေးရမယ်။စောင်တွေ၊ခြင်ထောင်တွေ ၊ခေါင်းအုံးတွေ၊အိပ်ရာခင်းတွေကို
လျှော်စရာရှိတာလျှော်၊နေလှန်းစရာရှိတာ လှန်းပြီးပေးရပါမယ်။အခန်းထဲမှာ ရှုပ်ပေပွနေရင် အခန်းသန့်ရှင်းရေးလုပ်ပေးရပါမယ်။ဒါက “အပြင်ဝတ္ထု” သန့်ရှင်းအောင်လုပ်ပေးတာပါ။

ကိုယ်တွင်း၊ကိုယ်ပ သန့်ရှင်းနေရင်စိတ်ကြည်လင်လာပါ လိမ့်မယ်။ စိတ်ကြည်လင်လာရင်
ဉာဏ်ပါကြည်လင်လာတော့တာပါ။

တရားအားထုတ်တဲ့ယောဂီကော၊စီးပွားရေးလုပ်နေတဲ့သူကော၊ကျောင်းသူကျောင်းသားကော၊ကိုယ်တွင်းကိုယ်ပသန့်ရှင်းအောင်ဂရုတစိုက်လုပ်ပေးနေရပါမယ်။
 
ဥပမာ - ရေချိုးပြီး တရားထိုင်တာနဲ့ ရေမချိုးဘဲချွေးသံ တရွှဲရွှဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီး
ထိုင်လို့ကောင်းမလဲ? ခေါင်းလျှော်ပြီး တရားထိုင်တာနဲ့ခေါင်းမလျှော်ပဲ ဆံပင်ဖွာလန်ကြဲနဲ့ တရားထိုင်တာ
ဘယ်ဟာက ပိုပြီးစိတ်ကြည် လင်မလဲ?အထူးပြောနေစရာမလိုတော့ပါဘူး
သိပ်သိသာပါတယ်။

ရေချိုးပြီးမှ တရားထိုင်ရင် ဉာဏ်ပိုပြီး သက်ဝင်ပါတယ်။ထိုင်ရတာလည်း ပိုပြီး ကောင်းပါတယ်။
ရေချိုးထားရင် စိတ်က ကြည်ကြည် လင်လင်လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။

ဒီလိုပါပဲ။ကျောင်းသားတစ်ယောက်ဟာ စာမကျက်ခင်ရေချိုးထားရင်စိတ်ကော၊ရုပ်ကော ကြည်နေတဲ့အတွက်ပိုပြီး ဉာဏ်သက်ဝင်သလို စာကျက်လို့လည်း
ပိုကောင်းနေပါလိမ့်မယ်။ကိုယ်က ဒီသဘောလေးတွေကိုအာရုံပြုပြီး ကိုယ်တွင်း၊ကိုယ်ပ နှစ်ဋ္ဌာနကို သန့်ရှင်းအောင်မကြာခဏ လုပ်ပေးနေရပါမယ်။စိတ်ချမ်းသာနေရင်
တရားအလုပ်ပဲလုပ်လုပ်၊စီးပွားရေးပဲလုပ်လုပ်၊စာပဲကျက်ကျက်၊ ဘာပဲလုပ်လုပ် အဆင်ပြေနေပါလိမ့်မယ်။

တကယ်လို့ စိတ်ညစ်လာပြီ ဆိုရင် ကိုယ်နေတဲ့အခန်းကို သန့်ရှင်းရေး လုပ်လိုက်ပါ။
အိပ်ရာ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီးအသစ်နဲ့ လဲလိုက်ပါ။
ပြီးတော့ ရေချိုးလိုက်ပါ။ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ်ပြီးသားအ၀တ်လေးကို ၀တ်လိုက်ပါ။

✤အားလုံးပြီးတာနဲ့အသစ်လဲပြီသား အိပ်ရာပေါ်မှာ ကိုယ်နဲ့သပ္ပါယ
ဖြစ်သလို ထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊မျက်လုံးလေးမှိတ်၊လက်အုပ်ကလေးချီပြီး
ငါးပါးသီလ ကို ယူလိုက်ပါ။
✤တစ်ဆက်တည်းပဲ“မြတ်စွာဘုရား၊ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို
သီတင်းသုံးတော်မူပါဘုရား” လို့ ပင့်လိုက်ပါ။ကိုယ်က အမျိုးသမီးဖြစ်နေလို့ ပင့်ရမှာ
အားနာနေရင်လည်း ဦးခေါင်းထက်ကို ပင့်လိုက်ပါ။
✤စိတ်ထဲမှာလည်း မြတ်စွာဘုရားကိုယ့်ခန္ဓာကိုယ်ထဲ၊ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။မြတ်စွာဘုရားကတော့ ပရိနိဗ္ဗာန်စံပြီးပြီ
ဆိုတော့တကယ်တော့ ဘယ်ကြွလာမှာလဲ။စိတ်ဓာတ်အင်အားကို ယူတာပါ။
စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ် လို့နှလုံးသွင်းထားရမှာပါ။

✤အားလုံးပြီးရင်လက်အုပ်ချီထားတာလေး ချပြီး
“အရဟံဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊၀ိပဿနာကို ငါးမိနစ်ပွားနေလိုက်ပါ။”
ဒါဆိုရင် စိတ်ချမ်းသာလာပါ လိမ့်မယ်။မယုံရင်စမ်းကြည့်ပါ။

စာရေးသူလည်း စိတ်ညစ်လာရင်ဒီနည်းအတိုင်းပဲ လုပ်တာပါ။
ဒါဆိုစိတ်ညစ်တာပျောက်သွားတာ များပါတယ်။

ကိလေသာမကင်းသရွေ့တော့ စိတ်တွေကအခါအားလျှော်စွာ ညစ်နေရဦးမှာပါ။
စိတ်ညစ်တာကို ညစ်တဲ့အတိုင်း မထားဘဲ၊ကိုယ်နှစ်သက်တဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။
ရေချိုးလိုက်တာ ကတော့သိပ်ပြီးမခက်လှပါဘူး။

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေး
တစ်ခုလုပ်ထား လိုက်ဖို့ပါ။

“စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ဂုဏ်တော် မေတ္တာလေး ပွားလိုက်၊
စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ဂုဏ်တော်မေတ္တာလေး ပွားလိုက်”နဲ့ကျင့်ပါများသွားရင်
“အထုံ” ဖြစ်သွားပါလိမ့်မယ်။ အထုံ ဖြစ်သွားရင် စွဲသွားတာများပါတယ်။ကောင်းတဲ့အထုံလေးတွေဆို စွဲနေအောင်လုပ်ထားရပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက်အနေနဲ့အကုသိုလ် မကင်းတဲ့ တခြားတစ်ခုခုကို
သွားလုပ်မယ်ဆိုရင်တော့ ကိုယ်ပြုတဲ့အပြုအမူကစွဲသွားတတ်ပါတယ်။ မကောင်းတာစွဲသွားရင် ဖြတ်ရတာ
ခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီးအကုသိုလ်မကင်းတဲ့အပြုအမူတွေ စွဲသွားတဲ့သူတွေ
အများကြီးပါ။ တွေ့ဖူး၊ မြင်ဖူးကြမှာပါ။

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကိုဖုန်းဆက် ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက် ပြောတဲ့သူကကောင်းမြတ်တဲ့ အကြံပေးရင် တော်ပါရဲ့။
“ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက်ပါလား”စသည်ဖြင့် အကုသိုလ် မကင်းတဲ့ အကြံတွေ ပေးလိုက်ရင်ကိုယ့်အတွက် အများကြီးနစ်နာသွားနိုင်ပါတယ်။

ကဲထားပါတော့။
❖တစ်ယောက်ယောက်ဆီ ဖုန်းဆက်အကြံဉာဏ်တောင်းလို့ ကိုယ် အကြံတောင်းတဲ့ သူက
“လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊လုံးဝ လန်းသွားစေရမယ်”ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။
ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့။ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့်
ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ်ရဦးမှာပါ။နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ
အဖတ်တင်တာပါ။

❖စိတ်ညစ်တဲ့အခါ ထွက်ပေါက်မျိုးစုံတော့ ရှိနေကြမှာပါ။အဲဒီအထဲကမှာ ကောင်းတဲ့ ထွက်ပေါက်လည်း ဖြစ်၊
ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထားလိုက်ဖို့ပါ။

❖တကယ်တော့လည်း တရားသဘောအရ ဘယ်အရာမှ မမြဲပါဘူး။
စိတ်ညစ်တာလည်း အမြဲတည် မနေနိုင်ပါဘူး။ကာလတစ်ခုပါပဲ။
ကိုယ်ကမမြဲတဲ့ သဘောတရားလေးကိုသေချာ သဘောပေါက်ပြီး စိတ်ညစ်တာကို
အကြောင်းပြုပြီး၊ထွက်ပေါက်အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။

စိတ်ညစ်နေတဲ့ ကာလတိုလေးမှာကုသိုလ်တွေကို လုပ်ချင်သည်ဖြစ်စေ၊
မလုပ်ချင်သည် ဖြစ်စေ ပေတေ လုပ်နေလိုက်ပါ။ရေမချိုးခင်မှာဘဲ ဘုရားပန်းအိုး လဲတာ၊
ဘုရားသောက်တော်ရေ လဲတာ၊ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေကို
မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့် လုပ်လို့လည်းရပါသေးတယ်။
စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ်အမြတ်ထွက်အောင် လုပ်ပစ်ရမှာပါ။

ကာလတစ်ခုကြာလို့ စိတ်ညစ်တာလည်းပျောက်သွားရော ကိုယ့်ရင်ထဲကို ပြန်ကြည့်လိုက်တဲ့အခါ
ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ။

ဒီကုသိုလ်တွေဟာ နောက်ဘ၀အထိ အထုံဓာတ်တွေအနေနဲ့ ပါသွားတော့မှာပါ။ အထုံဝါသနာဆိုတာ
နောက်ဘ၀အထိလိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်းကုသိုလ်ပါရမီတွေ ပြုဖြစ်နေဦးမှာပါ။ဒါဆိုရင် နိဗ္ဗာန်နဲ့လည်းတဖြည်းဖြည်း နီးသွားတော့မှာပါ။

အဓိကကတော့ဘယ်လို အာရုံပဲ ကြုံလာကြုံလာ၊ကြုံလာတဲ့ အာရုံကိုအကြောင်းပြုပြီး ကုသိုလ်ဖြစ်သွားဖို့ပါ။
ဒါကိုကိုယ်ကအလေ့အကျင့်ဖြစ်အောင် လေ့ကျင့်၊လေ့ကျင့်ထားဖို့ပါ။လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။
နောင်ဆိုရင်အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး။ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။
ဒါဆိုရင် စိတ်ချမ်းသာ လာပါလိမ့်မယ်။
 
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist Association】
-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)】
ကျမ်းကိုး။
၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရား၊ သပြေကန်ဆရာတော်။
၂။ မဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း၊တိပိဋက မင်းကွန်းဆရာတော်။

(ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)၏“စိတ်ညစ်ရင်ရေချိုးပါစာအုပ်”စာမျက်နှာ၂၀မှ-၂၉
အထိ ကောက်နှုတ်ကူးယူ ပူဇော်မျှဝေပါသည်။)
အလင်းတန်းဂျာနယ်(၇.၉.၂၀၀၉)
 

1 comment:

  1. သာဓု သာဓု သာဓု
    ရှဲခွင့်​ပြုပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...