စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်ဆေးခြင်း အနုပညာ


ဘက်တီးရီးယားဟု ဆိုလျှင် လူကို နာမကျန်းဖြစ်အောင်၊ အသက်တိုအောင် လုပ်သည့် အကောင်များဟုသာ ပြေးမြင်မိတတ်ကြသည်။ တကယ်တမ်းတွင်ကား လူကို အကျိုးပြုသည့် ဘက်တီးရီးယားကလည်း ထက်ဝက်လောက် နီးပါး ရှိသည်။ ဥပမာ လူသားတို့ အူထဲက ဘက်တီးရီးယားများကြောင့်သာ လူသားတို့သည် စားသည့် အစာကနေ ဗီတာမင်၊ ဖောလစ်အက်စစ်၊ ကယ်လ်ဆီယမ်စသဖြင့် ခန္ဓာကိုယ် အတွက် မရှိမဖြစ် အာဟာရများ စုပ်ယူ ရရှိနေခြင်း ဖြစ်သည်။ သို့သော် အကျိုးပြု ဘက်တီးရီးယားသည်လည်း သူ့နေရာနဲ့ သူသာ အကျိုးပြုသည်။ ၀မ်းထဲက ဘက်တီးရီးယားသည် ခန္ဓာ၏ အခြား အစိတ်အပိုင်းများကို ရောက်သွားလျှင် လူကို နာမကျန်းခြင်းမှသည် အသက်ကိုထိ ရန်ရှာကောင်း ရှာနိုင်သည်။ သို့ဖြစ်ရာ ယခု ဆောင်းပါးတွင်ကား ဆိုးကျိုးပြု ဘက်တီးရီးယားများ ခန္ဓာကိုယ်ထဲ မ၀င်စေရန် အတွက် ဘက်တီးရီးယားကို အဓိက သယ်ဆောင်ရာ လက်နှစ်ဖက်ကို မည်သို့ ဆေးကြောရမည်ကို အကြံပြု တင်ပြပါမည်။ အင်္ဂလန်နိုင်ငံ ဂလိုကတ် စတာရှိုင်းယား တက္ကသိုလ် ဇီဝဗေဒ ပါမောက္ခ အဒမ်ဟာ့တ် ရေးသားသည့် တစ်ကိုယ်ရေ ကျန်းမာရေး လမ်းညွှန်ချက် စာအုပ်မှ ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။

ဘက်တီးရီးယားများ လူ့ခန္ဓာ ကိုယ်ထဲဝင်ဖို့ အလွယ်ဆုံး အပေါက်သည် ပါးစပ်ပေါက် ဖြစ်သည်။ ထိုပါးစပ်ပေါက်သို့ ဘက်တီးရီးယား ရောက်အောင် ပို့ဆောင်ပေးတာက လက်ဖြစ်သည်။ လက်သည် နေရာတကာကို ထိကိုင်သည်။ ဘက်တီးရီးယားကလည်း နေရာတကာမှာ ရှိနေသည်။ ထိုလက်သည် အစားအစာများကို ပါးစပ်ထဲ ကိုင်သွင်းလျှင် ထိုလက်ကနေ ဘက်တီးရီးယားစုံသည် ပါးစပ်ထဲကို ရောက်လာတော့သည်။

အစားအသောက်မှ တစ်ဆင့် ပါးစပ်ထဲ ဘက်တီးရီးယား ရောက်ခြင်း အဓိက လက်သည်သည် လက်ဖြစ်သည်။ ပိုအသေးစိတ်အောင် ပြောရလျှင် လက်ကို စင်ကြယ်အောင် ဆေးဖို့ ပျင်းကြခြင်းကြောင့် ဖြစ်သည်။ မပျင်းပါဘူးဆိုသူများပင် လက်ကို စင်အောင် ဆေးနိုင်မည့် နည်းလမ်းကို မသိသောကြောင့် လက်ဆေးပါလျက်နှင့် မကာကွယ်နိုင်သည့် ဘ၀သို့ ရောက်နေရသည်။

ယနေ့လူသားများ လက်ဆေး ပျင်းကြသည်၊ လက်ဆေး ညံ့ကြသည်၊ သို့သော် လက်ဆေးပါသည် ဟု ညာပြောသည့် နေရာတွင်တော့ အလွန်တော်ကြသည်ဟု လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။ အိမ်သာဝင်ပြီးတိုင်း လက်ဆေးသည်ဟု စစ်တမ်းဖြေဆိုသူ (၉၄) မှ (၉၆) ရာခိုင်နှုန်းထိက ဆိုထားကြသည်။

သို့သော် တကယ်တမ်း စောင့်ကြည့် စစ်ဆေးသည့် အခါတွင်ကား အမျိုးသမီး(၆၁)ရာခိုင်နှုန်း၊ အမျိုးသား(၃၇)ရာခိုင်နှုန်းသာ အိမ်သာဝင်ပြီးတိုင်း လက်ဆေးကြောင်း ပေါ်လာသည်။

အိမ်သာတက်ပြီးလျှင် လက်ဆေးပါဆိုသော သတိပေး ဆိုင်းဘုတ်သည်လည်း အမျိုးသားများ အဖို့ ပြောင်းပြန် နှိုးဆော်ရာ ရောက်နေသည်။ စစ်တမ်းတွေ့ရှိချက်အရ ကားဆိုင်းဘုတ် ချိတ်ထားလျှင် အမျိုးသမီးများ လက်ဆေးနှုန်းသည် (၆၁)ရာခိုင်နှုန်းကနေ (၉၇) ရာခိုင်နှုန်းထိ တက်သွားသော်လည်း အမျိုးသားများမူကား (၃၇) ရာခိုင် နှုန်းကနေ (၃၅)ရာခိုင်နှုန်းသို့ပင် ကျသွားကြောင်း တွေ့ခဲ့ရသည်။

လက်ဆေးခြင်းနှင့် ပတ်သက်ပြီး လွဲမှားသော ယုံကြည်ချက် တစ်ရပ်လည်းရှိသည်။ ရေနွေးနဲ့ဆေးလျှင် ဘက်တီးရီးယား ပိုသေသည် ဟူသော အလွဲယုံကြည်ချက်။ တကယ်တမ်းမှာ မည်သို့မျှ မထူးခြားကြောင်း တွေ့ရသည်။ အရေးကြီးသည်မှာ ဆပ်ပြာတိုက်ဖို့နဲ့၊ ဆပ်ပြာနဲ့ ကြာကြာ ပွတ်တိုက် ဆေးကြောဖို့ ဖြစ်သည်။ ဆပ်ပြာတိုက်လိုက်လျှင် ဆပ်ပြာတွင် ပါသော မော်လီကျူးများသည် အညစ်အကြေးများ၊ ဘက်တီးရီးယားများ၊ ဆီချေး၊ ချွေးများကို ဖမ်းယူ လိုက်သည်။ လက်ကို ဆပ်ပြာနဲ့ ပွတ်ကာ လက်ချင်းလည်း ဆပ်ပြာ မြုပ်များနဲ့ ကြာကြာ ပွတ်သပ် တိုက်ချွတ်ပါမှ အညစ်အကြေးများကို ဆပ်ပြာ မော်လီကျူးများက ပိုများများ ဖမ်းယူ သယ်ဆောင်နိုင်သည်။ ရေဆေးချလိုက်လျှင် ဆပ်ပြာနဲ့အတူ အညစ်အကြေးများ ပါသွားသည်။

နောက်တစ်ချက် သတိထားရန်မှာ လူတိုင်း သုံးနေကျ သာမန် ဆပ်ပြာများသည် ဘက်တီးရီးယားကို သတ်ဖြတ်ခြင်း မရှိ။ ဆပ်ပြာ၏ သဘောသည် ဘက်တီးရီးယားကို ဆပ်ပြာမော်လီကျူးများဖြင့် ဖမ်းယူကာ ပေါ်လောပေါ်စေပြီး လက်ပေါ်ကနေ ရေနှင့်အတူ ဆေးချ သယ်ဆောင်သွားခြင်းသာ ဖြစ်သည်။ သို့ဖြစ်သောကြောင့် လက်ဆေးလျှင် ဆပ်ပြာမြှုပ်နဲ့ လက်ချင်း ကြာကြာနာနာ ပွတ်သပ်ပေးဖို့ အရေးကြီးသည်။ (၁၅)စက္ကန့်မှ စက္ကန့် (၃၀) ကြား ဆပ်ပြာမြှုပ်နဲ့ ပွတ်သပ်ပြီးမှ ရေဆေးချခြင်းသည် အမှန်ကန်ဆုံး နည်းလမ်း ဖြစ်သည်။

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး ဂျာနယ်တွင် ၂၀၁၃ ခုနှစ် က ဖော်ပြထားသော စစ်တမ်း တစ်ခုသည် လူတွေဆပ်ပြာ ဘယ်လောက်ကြာကြာ တိုက်လဲကို လေ့လာထားသည်။ ဆပ်ပြာလူးကာ လက်ချင်း ကိုးစက္ကန့် အထက် ပွတ်သပ် သူက (၃၀)ရာခိုင်နှုန်းသာ ရှိသည်။ (၇၀)ရာခိုင်နှုန်းသည် ရှစ်စက္ကန့် အောက်သာ ပွတ်သပ်ကြသည်။ ဆပ်ပြာသည် လက်ပေါ်က အညစ် အကြေးများ၊ ဘက်တီးရီးယားများကို ပေါလောပေါ်စေဖို့ အနည်းဆုံး (၁၀)စက္ကန့် အထက် အချိန်ယူရကြောင်း လေ့လာ တွေ့ရှိ ထားရာ စိတ်ချရစေရန် (၁၅) စက္ကန့်မှ (၃၀) စက္ကန့်ကြား ဆပ်ပြာနဲ့ ပွတ်ကာ လက်ဆေးဖို့ စစ်တမ်းက နှိုးဆော်သည်။

အမျိုးသားများ၏ (၅၀ ဒသမ ၃)ရာခိုင်နှုန်းသာ ဆပ်ပြာနဲ့ ရေသုံးကာ လက်ဆေးကြသည်။ (၃၅) ရာခိုင်နှုန်းကား အိမ်သာမှထွက်လျှင် လက်ကို ရေဆွတ်ရုံလောက်နဲ့ ပြီးကြသည်။ (၁၅)ရာခိုင်နှုန်းကား လက်ဆေးဖို့ပင် စိတ်မကူးဟု စစ်တမ်း တစ်ရပ်ကလည်း ဆိုသည်။ အမျိုးသမီးများက သန့်ရှင်းရေး ပိုဂရုစိုက်သည်။ အိမ်သာက ထွက်လျှင် လုံးဝ လက်မဆေးသူ ခုနစ်ရာခိုင်နှုန်းသာ ရှိသည်။ (၇၈)ရာခိုင်နှုန်းထိသည် ဆပ်ပြာတိုက်ကာ လက်ဆေးကြသည်။

ဆပ်ပြာတိုက်တတ်ရုံနှင့်လည်း မပြီးသေး။ လက်ကို ခြောက်အောင် သုတ်တတ်ပါမှ ဘက်တီးရီးယားရန်က စိတ်ချနိုင်မည်။ ဆပ်ပြာနဲ့ လက်ဆေးပြီးသည့်တိုင် ဘက်တီးရီးယား အချို့ ကျန်ချင် ကျန်နေနိုင်သည်။ အလောသုံးဆယ် လက်ဆေးလျှင် ဘက်တီးရီးယား ပိုများများ ကျန်နေနိုင်သည်။ လက်ဆေးပြီးလျှင် လက်ကို ပြီးစလွယ် သုတ်လိုက်ပါ က လက်သည် စိုစိစိ ဖြစ်ကျန်ခဲ့ရာ ထိုအခြေအနေသည် ဘက်တီးရီးယား အကြိုက်ဆုံး အနေအထား ဖြစ်၏။ ရှိနေသော ဘက်တီးရီးယားများ အပြင် ၀န်းကျင်က လာလတ္တံ့သော ဘက်တီးရီးယားများကိုပါ ဖိတ်ခေါ်ရာ ရောက်နေသည်။ သို့ဖြစ်ရာ လက်ကို ခြောက်သွေ့ နွေးသွားအောင် သုတ်တတ်ဖို့ လိုသည်။ တစ်သျှူးစက္ကူသည် လက်ကို ခြောက်သွေ့နွေးသွားအောင် သုတ်ဖို့ အသင့်တော်ဆုံး ဖြစ်သည်။

ကောက်ချက်ဆွဲ ရမည် ဆိုလျှင် တကယ့်ကို စံချိန်စံညွှန်းမီ လက်ဆေးတတ်သူမျိုး၊ လက်ကို ခြောက်သွေ့အောင် သုတ်တတ်သူမျိုးသည် ကမ္ဘာ့လူသားထု၏ ငါးရာခိုင်နှုန်းခန့်သာ ရှိနိုင်သည်။ ထိုငါးရာခိုင်နှုန်း ထဲတွင် စာဖတ်သူ ပါဝင်အောင် ကြိုးပမ်းဖို့ တိုက်တွန်းပါရစေ။

Ref: Daily Mail
messenger news journal
http://www.searchmyanmar.com/link/comment/cid/54383

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...