စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ရန်သူလို့ သဘောမထားပါနဲ့”


 
 Wednesday, September 4, 2013

တစ်ယောက်ကိုတစ်ယောက်
ရန်သူလို့ သဘောထားရင် ပြဿနာဖြေရှင်းရတာ
အင်မတန် ခက်သွားတယ်။ ရန်သူလို့ သဘောမထားပါနဲ့။

တစ်ဖက်သားကို ရန်သူလို့သဘောထားရင်
သူ့ရဲ့အဆိုးဆုံးတွေကိုပဲ ရှာဖွေပြီး ကြည့်တော့မှာနော်။
အကောင်းကို မကြည့်တော့ဘူး။
နဲနဲလောက်ဆိုးတာကို အကြီးကြီးဖြစ်အောင် လုပ်တော့မယ်။
နဲနဲလောက်မှားတာကို အကြီးအကျယ်အမှားကြီးဖြစ်အောင် လုပ်တော့မယ်။
မတော်တဆ ပြောမှားဆိုမှားလေး တစ်ခွန်းဖြစ်သွားတာကို
ဒါငါ့ကို တမင်တကာ စောင်းတာ၊ မြောင်းတာ၊ ချိတ်တာ၊ ရန်လုပ်တာလို့ ထင်တော့မှာပဲနော်။
အပြစ်ကိုရှာရင် အပြစ်တွေ့မှာပဲ။ အပြစ်မတွေ့နိုင်တဲ့သူရယ်လို့ အင်မတန်ရှားတယ်။

တစ်ဖက်သားက မတော်တဆမှားတာမျိုး၊
အကျင့်ပါနေလို့ မှားတာမျိုးကို
တမင်တကာ အပြစ်မရှာသင့်ဘူး။
ကိုယ်ကနဂိုထဲကရန်သူလို့ သဘောထားလိုက်ရင်တော့
အဲသလို သေးသေးလေးတွေကအစ အကုန်အပြစ်မြင်တော့တာပဲနော်
ကောင်းတာလေးတွေရှိပါတယ်။ ကောင်းကွက်ကို မမြင်ဟန်ဆောင်ပြီးတော့
မတော်တဆ မှားသွားတာနဲနဲပါးပါးလောက်ကို
ပုံကြီးချဲ့မယ်ဆိုရင် ပြဿနာမပြေလည်နိုင်တော့ဘူးနော်။

တစ်ယောက်ကိုတစ်ယောက်
အပြစ်မရှိ အပြစ်ရှာတတ်တဲ့အကျင့်ရှိသွားပြီဆိုရင်
ဆက်ဆံရေးက ကြာလေဆိုးလေ ကြာလေဆိုးလေ ဖြစ်သွားမယ်။
တမင်တကာ အပြစ်ရှာပြီးတော့ ပြောတတ် တွေးတတ်တဲ့သူဟာ
ကြာရင် ဘယ်လိုဖြစ်လာလဲဆိုတော့..
သူအပြစ်ရှိနေတယ်လို့ မထင်တော့ဘဲနဲ့၊
ဟိုလူဟာ တကယ်အပြစ်ရှိတဲ့သူလို့ ထင်တော့တာပဲနော်။
အဲဒီလိုဟာတွေကလည်း အများကြီးရှိတယ်နော်။

ပြဿနာကို လွဲမှားတဲ့နည်းနဲ့ မမြင်ဖို့။
လွဲမှားတဲ့နည်းနဲ့ မဖြေရှင်းဖို့။
အခက်အခဲပြဿနာရှိတဲ့အခါ..
အဲဒါကို သဘောထားမှန်မှန်နဲ့ ကြည့်တတ်မြင်တတ်ဖို့။

ပြဿနာဖြေရှင်းတဲ့နေရမှာလည်းပဲ ပြောပုံဆိုပုံလုပ်ပုံကအစ ပြောနည်းဆိုနည်းကိုပါ သေချာစဉ်းစားပါ။ တစ်ဖက်သားခံသာအောင်ပြောပါ။ လူတိုင်းမှာစိတ်ကောင်းဆိုတာရှိပါတယ်။ အဲဒီကောင်းတာလေး အရင်ဆုံးထွက်လာအောင် ကြိုးစားပေးပါနော်။

အဲဒီလို နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းသွားမယ်ဆိုရင် ပြဿနာသည်ပင်လျှင် ကိုယ့်အတွက် ကြီးပွားရာကြီးပွားကြောင်း အသိဥာဏ်ရော စိတ်ဓါတ်ရော တိုးတက်ရာ တိုးတက်ကြောင်း အထောက်အကူဖြစ်လိမ့်မယ်နော်။

(ဆရာတော်ဦးဇောတိက)
(သဘောထားကြီးပါတယ် စာအုပ်မှ)

နှလုံးသားအာဟာရ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...