စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပုထုဇဉ်တို့ မသိနိုင်သော အရာငါးမျိုး



၁။ ဘယ်အသက်အရွယ်မှာ သေမည်ဟု မသိနိုင်၊

၂။ ဘယ်အနာရောဂါနှင့် သေမည်ဟု မသိနိုင်၊

၃။ နံနက်၊ နေ့လည်၊ ည ဘယ်ကာလ မှာသေမည်ဟု မသိနိုင်၊

၎။ ဘယ်င်္သချိုင်းမှာ ချမည်ဟု မသိနိုင်၊

၅။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူ၊ နတ်၊ ဘယ်ဘုံရောက်မည်ဟု မသိနိုင်ခြင်းတို့ ဖြစ်ပေသည်။

ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်၊ သေခြင်းတရားသည် ရုတ်တရက် ဆိုက်ရောက်လာနိုင်သည်ဟူ၎င်း၊ မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ၊

“ငါ့အား သေခြင်းတရားသည် အမြဲရှိ၏။ ငါ့အား အသက်ရှင်ခြင်းသည် အမြဲမရှိ” ဟူ၍၎င်း ဟောကြားခဲ့ခြင်း ဖြစ်ပေသည်။

မေတ္တာရှင်(ရွှေပြည်သာ)
++++++++++++++++++++++++++++++


*သံဝေဂတရား(ဂ)ပါးလင်္ကာ*

လယ်တီဆရာတော်ကြီး ရေးစပ်သတိပေးတော်မူခဲ့သော သံဝေဂတရားရဖွယ် လင်္ကာလေးဖြစ်ပါသည်။

နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။

ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။

ဝိဥာဏ်ထင်းလင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး ရှိချေ၏။

ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။

တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏။

ခုံခင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။

ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။

ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံးရှိချေ၏။

(လယ်တီဆရာတော်)
++++++++++++++++++++++++++++


*ဧည့်သည်*

လာတုန်းကလည်း တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ အဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။

ပြန်သွားတော့လည်း တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ အဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။

လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ၊
ဝန်းကျင်ခက်နွယ် နှောင်ကြိုးသွယ်ကြ၊
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ၊
မလိုဒေါသ လိုလောဘနဲ့၊
ဘ၀ရိပ်မြုံ-ကကြိုးစုံခဲ့၊
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ၊
သုတ်သုတ်ဆောလျင် ခရီးနှင်သည်၊
တို့များ“ဧည့်သည်”ပါတကား။

( ဗန်းမော်ရွေညို)
++++++++++++++++++++++++++++++++


၁။ အများသတွာ ကိုယ်ခန္ဓာကား
ရောဂါရန်စွယ် အန္တရာယ်အသီးသီး
ဖျက်အဆီးဖြင့် ပျက်စီးဖို့ရာ နီးလှစွာ
သူငါကြောက်လန့်ဖွယ်တကား။

၂။ စုကြဆောင်းကြ သိမ်းဆည်းကြသည့်
ဓနဥစ္စာ ရတနာလည်း မကြာရှည်ကြ
တစ်ခဏဖြင့် ကုန်ရပျောက်ရ၊
အဆုံးကျ စွန့်ရမှချည်းပါတကား။

၃။ အိမ်မြေလယ်ယာ ရတနာသီးသီး
သားသမီးနှင့် ဇနီးချစ်လင်
ခင်မင်နွဲကြ တွဲသမျှ ကွဲရနောက်ဆုံးပါတကား။

၎။ သတွာသင်္ခါရ ဖြစ်သမျှတို့ ကာလရှည်ကြာ
မတည်သာခဲ့ ဖြစ်လာပျက်ရ အနိစ္စ လောက သဘောပါတကား။

၅။ အသက်ဇီဝိန် ကိုယ့်ငွေ့ရှိန်နှင့်
ဝိညာဉ်မန ဤသုံးဝတို့ လုံးဝစွန့်ခွာ
ဤအခါ၌ ခန္ဓာသမုတ် ဘူတရုပ်ကား သရုပ်မမှန်
မြေသုဿာန် ဧကန်ဆိုက်ရမည်။

၆။ ဘယ်သက်ရွယ်မှာ ဘယ်ရောဂါနှင့် ဘယ်ခါကာလ
ဘယ်ဒေသ၌ သေရမည်တာ တို့သူငါ မှန်စွာမသိပါတကား။

၇။ မြေ၊ရေ၊လေ၊မီး ဓာတ်ကြီးလေးထွေ အနေကျကျ
အခြေလှ၍ မျှတနေစဉ် အသက်ရှင်လည်း အကြင်အခါ
ဓာတ်လေးဖြာတို့ အာဏာဟုန်ပြ သူပုန်ထသော်
ပျက်ရကျေရခြေမလှ သေရချေဦးမည်။

(သပြေကန်ဆရာတော်)
+++++++++++++++++++++++++++++


*မှော်ဆရာ့စက်ကွင်း*

ငယ်ရွယ်နုပျို၊ ပျိုမျစ်လှ၍ မာနယစ်မူး၊ ရူးနေသူ

ပညာထွန်းတောက်၊ ပါရဂူမြောက်၍ မောက်မာ မာန၊ ကြွနေသူ

ဥစ္စာဓန၊ ပေါကြွယ်ဝ၍ အတ္တမာနကြီးနေသူ

များချွေရံရှိ၊ အာဏာပြည့်၍ အတိမာနရောက်နေသူ

အားအင်ပြည့်မား များထက်သာ၍ မာနတံခွန်ထူနေသူ

အများနှင့်ဆန့်ကျင်၊ အဟုတ်ထင်၍ မှော်ဝင်မာန ပူးနေသူ

အရာရာကျရှုံး၊ ချစ်သူမုန်း၍ နုံးချည့်မာနစွဲနေသူ

ပိုးဖလံအဖြစ် မီးဝယ်နစ်သို့ မုန်း ချစ် စွန်းတွက်၊ မာနတက်ဘိ
လက်ရှိအခြေ၊ အောင်မြင်နေလည်း ရေပွက်ပမာ၊ ခဏသာ
ကံဟောင်းကူဖေး၊ အကျိုးပေးကြောင့်လူရေးခွင်ဝယ်၊ လူတွင်ကျယ်လုပ်
မာန်စွယ်ထုတ်ပြ၊ သရုပ်လှလည်း လင်းရလျှပ်စီး၊ တပြက်သာ

သြော်… လူတွေလူတွေ

အပူတွေကြား၊ အယူမှားလျှက် တရားဆိတ်သုဉ်း၊ အချိန်ဖြုန်းသော်
လုံးရာမှပြား၊ ပြားရာမှအက် အက်ရာမှကွဲ၊ ကွဲရာမှကြေ
ကြေရာမှမွ၊ မွရာမှလွင့် လွင့်ရာမှပျောက်၊ နိဂုံးရောက်သော်
တောက်လောင်မစဲ၊ မီးကျင်းထဲမှာ လူးလဲမထသာ၊ နာကြီးနာသည်
မာနဒဏ်က စုန်းမှော်အသွင် မသာတမျှ နံစွနှလုံးညှော်ဝင်
ထာဝရ၊ ဟန်မကျ၊ ပြုံးပျော်မရွှင်။

(အောင်ပန်းဝေ-ရွှေဘို)
++++++++++++++++++++++++++++++


*ငါစွဲ*

ငါသိငါတတ်၊ ငါသာမြတ်သည်
ငါ့အိုးငါ့အိမ်၊ ငါ့စည်းစိမ်နှင့်
ငါ့သားမယား၊ငါ့စီးပွားကို
ငါသာပိုင်သည်၊ ငါဆိုင်သည်ဟု
စိတ်တွင်ထင်စွဲ၊ ငါစွဲစွဲကာ
ဆင်ခြင်တုံတရား၊ မပွားများဘဲ
ကာမဂုဏ်တော၊ ရေစုံမျော၍
သတိတရား၊ မထားမိက
သံသရာစက်ကွင်း၊ ဒုက္ခတွင်းတွင်
စုန်ဆန်မျောပါ၊ ရှည်ကြာမည်တည်း။

ထွန်းမြတ်တေဇ (မြန်အောင်)
++++++++++++++++++++++++++++++


*လူလေးမျိုး*

၁။ ငါးပါးသီလကိုမှ မလုံသောကြောင့် နာတာရှည်ရောဂါကို အမြဲတမ်း
ခံစားနေရသောသူ၊ ထောင်တန်းကျ၍ အမြဲတမ်း အညှင်းပန်း၊
အနှိပ်စက်ခံနေရသောသူများကို ဒါန၊ သီလ၊ ဘာဝနာလည်း တစ်ခုမှ မလုပ်သောကြောင့် လူ့ငရဲသားဟု ဆိုရသည်။

၂။ ပြိတ္တာများသည် ဒါန၊ သီလ၊ ဘာဝနာတစ်ခုမှ မလုပ်နိုင်ဘဲ၊
တစ်ဝမ်းတစ်ခါးအတွက်သာ ပင်ပင်ပန်းပန်းရှာဖွေ စားသောက်ရင်း
တစ်ဘ၀ဆုံးရသကဲ့သို့ လူဖြစ်ပါလျက် ဒါန၊ သီလ၊ ဘာဝနာတစ်ခုမှ မလုပ်နိုင်ဘဲတစ်ဝမ်းတစ်ခါးအတွက် ပင်ပင်ပန်းပန်းရှာဖွေ စားသောက်ရင်း
တစ်ဘ၀ဆုံးကြရသူများကို လူ့ပြိတ္တာဟု ဆိုရသည်။

၃။ တိရိစ္ဆာန်များသည် အိပ်၊ စား၊ ကာမသုံးမျိုးကိုသာ သိပြီး ဒါန၊ သီလ၊
ဘာဝနာတစ်ခုမှ မလုပ်သကဲ့သို့ လူဖြစ်ပါလျက် အိပ်၊ စား၊ ကာမသုံးမျိုးကို သာသိပြီး ဒါန၊ သီလ၊ ဘာဝနာတစ်ခုမှ မပြုလုပ်သောသူကို လူ့တိရိစ္ဆာန် ဟုခေါ်သည်။

၎။ စီးပွားဥစ္စာကိုလည်း အတန်အသင့်ရှိအောင် ရှာနိုင်၍ ဒါန၊ သီလ၊
ဘာဝနာကိုလည်း စွမ်းနိုင်သလောက် ပြုလုပ်နေသော သူကိုသာ လူ့ပရမတ္တ= လူစစ်စစ်ဟုဆိုရသည်။

မေတ္တာရှင် (ရွှေပြည်သာ)
+++++++++++++++++++++++++++++


ကြုံတွေ့ရမည့်ဒုက္ခဆင်းရဲမျာ

ကျွန်တော်တို့သံသရာတွင်ကျင်လည်နေရစဉ်ကာလပတ်လုံးဒုက
္ခမျိုးစုံနဲ့ကြုံတွေ့နေရမည်ဖြစ် ပါတယ်။ သတ္တ၀ါတိုင်းကြုံတွေ့ရမည့်ဒုက္ခရှစ်မျိုးရှိပါတယ်။ ၎င်းတို့မှာ-

(၁) ဇာတိဒုက္ခ=ပဋ္ဋိသန္ဓေနေရခြင်းဆင်းရဲ။

(၂) ဇရာဒုက္ခ=အိုမင်းရင့်ရော်ရခြင်းဆင်းရဲ။

(၃) ဗျာဓိဒုက္ခ=နာမကျန်းဖြစ်ရခြင်းဆင်းရဲ။

(၄) မရဏဒုက္ခ=စုတေလွန်ရခြင်းဆင်းရဲ။

(၅) အပိယေဟိသမ္မယောဂဒုက္ခ=မချစ်မနှစ်သက်အပ်သောသတ္တ၀ါနှင့် အတူကြုံရခြင်းဆင်းရဲ။

(၆) ပိယေဟိဝိပ္ပယောဂဒုက္ခ=ချစ်ခင်နှစ်သက်အပ်သူနှင့်ကွဲကွာနေ ရခြင်းဆင်းရဲ။

(၇) ယံပိစ္ဆံနလဘတိဒုက္ခ=လိုသည့်အရာကိုမရသောဆင်းရဲ။

(၈) ပဉ္စုပါဒါနက္ခန္ဓဒုက္ခ=ခန္ဓာငါးပါးဖြစ်ပေါ်နေရခြင်းဆင်းရဲ။
+++++++++++++++++++++++++++++++++


.
*နေရာမှန်*

အိုဘယ့်လူသား၊ ခရီးသွား…
ရှည်လျားလှစွာ၊ သံသရာမှာ
ခဏတာရ၊ လူ့ဘ၀ကို
လောကီရေးရာ၊ အဖြာဖြာတွင်
ဗုဒ္ဓဟောကြား၊ မြတ်တရားနှင့်
သတိမမူ၊ ဥာဏ်မကူဘဲ
စိတ်အလိုလိုက်၊ လမ်းမှားလိုက်က
သံသရာခရီး၊ ရေပြင်ကြီးတွင်
စုန်ဆန်မျောပါ၊ ကူးခတ်ကာဖြင့်
အသင်လူသား၊ ခရီးသွားသည်
မီးစာကုန်ခမ်း၊ ခရီးပန်းကာ
ပန်းတိုင်မရောက်၊ လမ်းစပျောက်၍
နေရာမှန်ကန်၊ မြတ်နိဗ္ဗာန်ကို
ဆုံးရှုံးလက်လွတ်၊ နိဂုံးချုပ်ရမည်တည်း။

ထွန်းမြတ်တေဇ (မြန်အောင်)
++++++++++++++++++++++++++++


ငါသာ ငါ့ထက်၊ မာန်မတက်နှင့်
အထက်နေမင်း၊ လေးကျွန်းချင်းလည်း
မလင်းတိမ်တိုက်၊ တကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ၊ ဤအရာကို
ကညာရှိက၊ သတိရလိမ့်
လကိုနှုန်းထွေ၊ နေကိုနှုန်းသင့်
မြေနှင့်ပမာ၊ ကျင့်အပ်စွာ၏။
ရှင်မဟာသီလ၀ံသ
ငါနှင့်ငါသာ၊နှိုင်းစရာဟု
ပညာမုန်ယို၊ အရွယ်ပျိုက
မဆိုစလောက်၊ မာန်စောင်မြောက်၍
နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း
နှောင်းပြီးတခါ၊ ရိုသေစွာလျှင်
ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်
စိတ်ကျန်းမာန်လျှော့၊ ကျွန်ကန်တော့၏။

(ရှင်မဟာရဌသာရ)
++++++++++++++++++++++++++++


သာသနာခေတ်

မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက်သာသနာတော်နှစ်
ငါးထောင်ထားရှိတော်မူခဲ့ပါသည်။ ယင်းသာသနာနှစ်ငါးထောင်တွင် သာသနာခေတ်ငါးခေတ်စီရှိပြီးတစ်ခေတ်လျှင်နှစ်ငါးရာစီကြာမြင့်ပါ
သည်။ သာသနာခေတ်ငါးခေတ်မှာ-

(၁) ၀ိမုတ္တိခေတ်=ပဋ္ဋိသမ္ဘိဒါပတ္တရဟန္တာပုဂ္ဂိုလ်တို့မဆိတ်သေးသောခေတ်။

(၂) သမာဓိခေတ်=အဘိညာဉ်ငါးပါးဈာန်တရားရသောပုဂ္ဂိုလ်တို့ မဆိတ်သေးသောခေတ်။

(၃) သီလခေတ်=သီလလေးပါးကိုစောင့်ထိန်းသောပုဂ္ဂိုလ်တို့ မဆိတ်သေးသောခေတ်။

(၄) သုတခေတ်=ပိဋ္ဋကတ်ကျမ်းစာကိုသင်ကြားပို့ချသောပုဂ္ဂိုလ်
ရှိသေးသောခေတ်။

(၅) ဒါနခေတ်=အလှူဒါန၏တရားကိုအားထားပြု၍နေသူရှိသောခေတ်။

++++++++++++++++++++++++++++++++

You'realways Onmymind


ဒီနေရာမှကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...