စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူရည်ချွန် အပန်းဖြေစခန်းများ ပြန်လည်ဖွင့်လှစ်

 
နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်နားထားခဲ့သည့် လူရည်ချွန် အပန်းဖြေစခန်းများကို နိုင်ငံအနှံ့မှ လူရည်ချွန် ၅၀၀ ကျော်ဖြင့် ပုဂံ၊ အင်းလေးနှင့် ငွေဆောင်ကမ်းခြေတို့၌ ပြန်လည်ဖွင့်လှစ်

03 April 2013

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်နားထားခဲ့သည့် လူရည်ချွန် အပန်းဖြေ စခန်းများကို ဧပြီလ ၁ ရက်နေ့တွင် ပထမဦးဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ ၁၉၈၈ နောက်ပိုင်း ရပ်နားထားခဲ့သော ဘက်စုံထူးချွန်သော လူရည်ချွန်များကို ပြီးခဲ့သည့် ၂၀၁၂ -၂၀၁၃ ပညာသင်နှစ်အတွက် စတင်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးမှ စုစုပေါင်းကျောင်းသူ၊ ကျောင်းသား ၅၁၀ အား ရွေးချယ်ခဲ့သည်။ ယင်းကဲ့သို့ ရွေးချယ်ရသော လူရည်ချွန်များကို အပန်းဖြေ လေ့လာရေးခရီးအဖြစ် ဧပြီလဆန်းတွင် နိုင်ငံတော်မှ စီစဉ်ပေးခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့သည့် လူရည်ချွန် အပန်းဖြေ စခန်းများကိုလည်း ပုဂံ၊ အင်းလေးနှင့် ငွေဆောင် ကမ်းခြေတို့၌ ဧပြီလ ၁ ရက်နေ့က ပထမဆုံး အကြိမ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
အဋ္ဌမတန်းမှ ဘက်စုံထူးချွန် လူရည်ချွန်များကို ပုဂံဒေသသို့ အပန်းဖြေခရီး သွားရောက်စေခဲ့ပြီး တက္ကသိုလ်ဝင်တန်းမှ ထူးချွန်သူ လူငယ်များအား ငွေဆောင်ကမ်းခြေနှင့် န၀မတန်းမှ လူရည်ချွန်များအား အင်းလေးဒေသသို့ လေ့လာရေးခရီး သွားရောက်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် လူရည်ချွန်များကို စခန်းသုံးခုသို့ သုံးဖွဲ့ခွဲ၍ စေလွှတ်ခြင်းဖြစ်ပြီး စခန်းတစ်ခုစီတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇၀ စီ သွားရောက်ကြခြင်းဖြစ်ကြောင်း ဒေသခံ တာဝန်ရှိ ဆရာများထံမှ သိရှိရသည်။
"ကျွန်တော်တို့ ဒီကလေးတွေကို ပညာအရည်အချင်းအလိုက် ရွေးချယ်ပါတယ်။ ရှစ်တန်း၊ ကိုးတန်း၊ တက္ကသိုလ်ဝင်တန်းပါ။ ကျောင်းအလိုက် ရွေးချယ်ပြီး ခရိုင်အလိုက် အပြီးသတ် ရွေးချယ်ပါတယ်၊၊ ရွေးချယ်ရာမှာလည်း ပညာအရည်အချင်းသာမက ကာယ၊ ဉာဏ၊ စာရိတ္တ အပါအ၀င် ကျန်းမာကြံ့ခိုင်တဲ့ သူတွေကို ရွေးချယ်ပါတယ်။ အဲဒီလို ရွေးချယ်ရာမှာလည်း ငွေရေးကြေးရေး ပြည့်စုံမှုနဲ့ မဆိုင်ပါဘူး၊ နိုင်ငံသားကောင်းတွေ ဖြစ်ပေါ်လာဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးချယ်တာပါ" ဟု ငွေဆောင်စခန်းမှ လက်ထောက်စခန်းမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးဉာဏ်သိန်းက ပြောပြသည်။

တာဝန်ရှိသူများ အနေဖြင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား စခန်းတစ်ခုချင်းစီအလိုက် ဒေသန္တရ ဗဟုသုတရရှိရန် စီစဉ်၍ ပတ်ဝန်းကျင် နေရာဒေသ အသီးသီးသို့ ပို့ဆောင်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အင်းလေး အပန်းဖြေစခန်းသို့ ရောက်ရှိခဲ့သော လူရည်ချွန်များအား ညောင်ရွှေစခန်းမှတစ်ဆင့် အင်းလေးကန် လေ့လာရေးခရီး၊ ကေလာကျေးရွာ ရေခြံလုပ်ငန်း၊ ငါးဖယ်ချောင်းရွာရှိ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း၊ အင်းပေါခုံ ယက္ကန်းရုံများ၊ အင်းလေးဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက် ဘုရားတို့ကို ဖူးမြော်လေ့လာခဲ့သည်။ ထို့အပြင် တောင်ကြီးမြို့ လေ့လာရေး ခရီးစဉ်တွင် ဟိုပုံးမြို့နယ်ရှိ ထမ့်စမ်းလိုဏ်ဂူတော်၊ စူဠာမုနိ ဘုရားနှင့် တောင်ကြီးမြို့မဈေးတို့ကိုလည်း လေ့လာခွင့် ရရှိခဲ့ကြသည်။


ပုဂံလေ့လာရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့သော လူရည်ချွန်များကိုမူ ပုပ္ပားတောင်ကလပ်၊ ပုပ္ပားတောင် Resort နှင့် သစ်တောပြတိုက်၊ ပရဆေးဥယျာဉ်၊ ချောက်ရေနံချက်စက်ရုံ၊ စလေရုပ်စုံကျောင်း၊ ဓာတ်မြေသြဇာစက်ရုံ၊ ပခုက္ကူသီဟိုဠ်ရှင်ဘုရား၊ ပခန်းဒေသများသို့ လေ့လာခွင့် ပြုခဲ့သည်။
လူရည်ချွန်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်များက ကြိုဆိုခဲ့ကြကြောင်းလည်း သိရှိရသည်။ အားကစားပွဲများ ပြုလုပ်ပေးခြင်း၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဦးဆုံးအကြိမ် ထူးချွန်ကျောင်းသားများအား ပညာရေးဝန်ကြီးဌာနမှ ရွေးချယ်ရာတွင် အခြေခံပညာ ကဏ္ဍ၌သာ ရွေးချယ်ခြင်းဖြစ်ပြီး ခရိုင်အလိုက် အဋ္ဌမတန်း၊န၀မတန်းနှင့်တက္ကသိုလ်ဝင်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ရွေးချယ်ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ရွေးချယ်ခြင်းဖြစ်ပြီး မြို့နယ်အရေအတွက် အနည်းအများအလိုက် အချိုးကျရွေးချယ်ခြင်းဖြစ်ရာ မြို့နယ်လေးမြို့နယ် အောက်သာရှိသော ခရိုင်များ၌ အဋ္ဌမတန်း ကျောင်းသားတစ်ဦး၊ န၀မတန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသားနှစ်ဦးစီကို ရွေးချယ်ခြင်းဖြစ်သည်။ မြို့နယ်လေးမြို့နယ် အထက်ရှိသော ခရိုင်များ၌ အဋ္ဌမတန်းကျောင်းသား နှစ်ဦး၊ န၀မတန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသားလေးဦးစီကို လူရည်ချွန်အဖြစ် ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။


ထိုသို့ ရွေးချယ်ရာ၌ ကျောင်းအသီးသီးရှိ အောက်တိုဘာလစစ် ပထမနှစ်ဝက် စာမေးပွဲတွင် အမှတ်အများဆုံး ရသည့် ကျောင်းသူကျောင်းသားများအား မြို့နယ် ဘက်စုံထူးချွန် ဖြေဆိုခွင့်ပေးပြီး မြို့နယ်တွင် အမှတ်အများဆုံးရသူ နှစ်ဦးကို ခရိုင်အဆင့် ဘက်စုံထူးချွန် စာမေးပွဲ ဖြေဆိုစေကာ လူရည်ချွန်အဖြစ် ရွေးချယ်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဖြေဆိုရာတွင် ရေးဖြေ၊ နှုတ်ဖြေနှင့် ကာယပြိုင်ပွဲများပါ စီစဉ်ပြီး ဖြေဆိုစေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခင်က လူရည်ချွန် ရွေးချယ်ခံရရန် မလွယ်ကူကြောင်းနှင့် ယခုကဲ့သို့ ရပ်ဆိုင်းထားခဲ့သည့် လူရည်ချွန် စီမံကိန်းနှင့် အပန်းဖြေစခန်းများ ပြန်လည် အကောင်အထည်ဖော်နေသည့် အတွက်လည်း ကျောင်းသားမိဘများနှင့် လူရည်ချွန်ဟောင်းများက ကြိုဆိုကြကြောင်းလည်း စုံစမ်းသိရှိရပါသည်။


ပုဂံဒေသသို့ အပန်းဖြေခရီး လာရောက်သော ကျောင်းသားမိဘတစ်ဦးက "သားသုံးယောက် ရှိပါတယ်။ သားကြီးက ဆေးကျောင်းဒုတိယနှစ်ပါ။ သူ့တုန်းက အခုလို အတွေ့အကြုံ မရခဲ့ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်ကြာမှ ဒီအခွင့်အရေး ပြန်ရတာပါ။ အခု သားအလတ်က လူရည်ချွန် ရွေးချယ်ခံရလို့ မိဘတစ်ယောက်အနေနဲ့ ဂုဏ်ယူဝမ်းသာမိပါတယ်။ ခုလို နိုင်ငံတော်က ဆောင်ရွက်ပေးတာဟာ လူ့စွမ်းအား အရင်းအမြစ် ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် ပျိုးထောင်လေ့ကျင့်ပေးတာ ဖြစ်တဲ့အတွက် အထူး ကောင်းမွန်ပါတယ်" ဟု ပြောပြခဲ့သည်။


လူရည်ချွန်ဆု ရွေးချယ်ချီးမြှင့်မှု စီမံကိန်းကို တော်လှန်ရေးကောင်စီခေတ် ၁၉၆၄ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်းအရ လူရည်ချွန်များကို ရွေးချယ်ရာတွင် ကျောင်းအဆင့်၌ ဉာဏ ဗလနှင့် ဖွံ့ဖြိုးရေးတို့ကို အမှတ်ပေးစိစစ်ကာ ဖွံ့ဖြိုးရေးတွင် ပညာရေး လက်တွေ့ ဖွံ့ဖြိုးမှု လုပ်ငန်းများ၊ ကျောင်းကောင်စီ လုပ်ငန်းများ၊ အခြားအသင်းအဖွဲ့ များ ခေါင်းဆောင်မှု၊ ၀တ်စားဆင်ယင်မှု၊ ကျောင်းတက်မှန်မှု စသည်ဖြင့် အသေးစိတ် စိစစ်ကြောင်း သိရသည်။
ယခင်က လူရည်ချွန်များအတွက် နွေရာသီ အပန်းဖြေစခန်းများအဖြစ် အင်းလေးခေါင်တိုင်စခန်းနှင့် ပွဲကောက် လူငယ်စခန်းတို့မှာလည်း ထင်ရှားခဲ့သည်။
EMG


ဒီနေရာမှကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...