.......
Cleopatra ဆိုတာ မိန်းမသား တစ်ယောက်ရဲ့ အမည် နာမမျှ မဟုတ်ပါဘူး။ ဘုရင်မ တစ်ယောက်ရဲ့ ဘွဲ့နာမည်တော်ပါ။ အီဂျစ် နိုင်ငံရဲ့ ရှည်လျားတဲ့ သမိုင်းထဲက ထီးစဉ်နန်းဆက်မှာ Cleopatra ဘွဲ့ နာမတော်နဲ့ ခံယူခဲ့ကြတဲ့ ဘုရင်မတွေ ရှိခဲ့ပါတယ်။ Liz ကိုယ်စား ဝင်ခဲ့ရတဲ့ Cleopatra ကတော့ ဘီစီ ၆၉ မှာ မွေးဖွားခဲ့သူ။ Cleopatra VII (သတ္တမမြောက် ကလီယိုပါထရာ) ပါ။ သူဟာ အီဂျစ်ဘုရင်မပေမယ့် အီဂျစ်လူမျိုးမဟုတ်ပါဘူး။ Mace-donian Greek လို့ပြောကြပါတယ်။ သူ့ ဘေးလောင်း တော် ဘိုးလောင်းတော်တွေကစ သူ့ အထိအင်မတန် သက်တမ်းရှည်ကြာတဲ့ မင်းစဉ် နန်းဆက်ပါပဲ။ Ptolemy ဘွဲ့ခံ ဘုရင်ကြီးက စခဲ့တာ သူ့လက်ထက်မှာ မင်းဆက်ပျက် ရပါတော့တယ်။ သမိုင်းမှာတော့ ဒီမင်းဆက်ကို တော်လမီမင်းဆက် Ptolemies လို့ မှတ်တမ်းတင်ပါသတဲ့။
ကလီယိုပါထရာ အဖြစ်သရုပ်ဆောင်သူ ဟောလိဝုဒ် မင်းသမီ A.Jolie
သတ္တမမြောက် ကလီယိုပါထ ရာက အီဂျစ်မဟုတ်ဘဲ ဂရိမို့ သူ့ပထမ ဘာသာစကားက ဂရိ ပါ။ ဒါပေမယ့် အီဂျစ်၊ ဟေဗြဲ၊ လက်တင်၊ ပါသီ ယန်အပါအဝင် ဘာသာစကား ရှစ် မျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပြော နိုင်သူလို့ သမိုင်းဆရာတွေ ရေးကြပါတယ်။ သမိုင်းမှာ ထင်ရှားလှတဲ့ ဒီဘုရင်မနဲ့ ပတ်သက်လို့ အဖြစ်မှန်၊ အချက်မှန်တွေရဖို့ ရာစုနှစ်တွေ ကြာ ပြောရေးလာခဲ့တာတွေထဲက ဖွေရှာ စိစစ်ခဲ့ကြပါတယ်။ ဘုရင်မ ကလီယိုပါထရာနဲ့ ပတ်သက်တဲ့ သမိုင်းစာတွေ အများဆုံးဟာ ဘုရင်မ နတ်ရွာစံပြီး နှစ်ကာလတွေ များစွာကြာလွန်မှ ရေးတာတွေပါတဲ့။ ပိုဆိုးတာက ဒီလိုရေးခဲ့သူ၊ သမိုင်းစာရေးသူတွေဟာ ဘုရင်မကြီးကို မသိကြသူတွေ၊ ဘုရင်မကြီးရဲ့ ရန်သူအပေါ် သစ္စာခံကြသူတွေ ဖြစ်နေတာပဲတဲ့။ ဒီ သမိုင်းဆရာတွေကပဲ ဘုရင်မကြီးကို လှလွန်းတဲ့ မိန်းမဆိုးကြီး။ အလှမာန်ကိုး မိန်းမဆိုးလို့ ပုံဖော်ခဲ့ကြပါတယ်။ ဘုရင်မကြီးရဲ့ ဥာဏ်ပညာရှိမှု၊ မြော်မြင်တတ်မှု၊ ထက်မြက်ပြီး လုံ့လ ဥဿဟကောင်းတဲ့ အုပ်စိုးသူ ဖြစ်မှုနဲ့ အဲဒီစဉ် သမိုင်းကာလဟာ အီဂျစ် နိုင်ငံအတွက် အလွန်အင်မတန် အရေးကြီးလှတဲ့ အတိမ်းအစောင်း မခံကာလမှာ ဆူးကြားက ဘူးခါးဘဝ ဘုရင်မအဖြစ်နဲ့ နိုင်ငံတော်ကို မတိမ်းမမှောက် ကျွန်ဘဝ မရောက်ရလေအောင် အုပ်ချုပ်ရေးပညာ၊ သံတမန်ရေးရာတွေနဲ့ လူပါရင်းနှီးပေးဆပ် ကြိုးစားခဲ့ရတာတွေကို ဂုဏ်သိက္ခာ ဖျက်ရေးခဲ့ကြတာပါတဲ့။
သူ ဘုရင်မဖြစ်တော့ အသက် ၁၈ နှစ်သာ ရှိပါသေးတယ်။ လွတ်လွတ်ကျွတ်ကျွတ် အုပ်စိုးခဲ့ရတာ မဟုတ်ပါဘူး။ အီဂျစ်ရဲ့ ထုံးတမ်း နန်းဓလေ့အရ အမျိုးသမီး ဘုရင်မဟာ သူ့မိသားစုဝင် အရင်းအချာထဲက ယောက်ျားသား တစ်ယောက်ရဲ့ ထိန်းကျောင်းမှုနဲ့သာ နိုင်ငံကို အုပ်ချုပ်ရပါတယ်။ ဘုရင်မ ဆိုပေမယ့် မောင်အရင်း Ptolemy XIII တေဒသမြောက် တော်လမီ မင်းသားနဲ့ ပူးတွဲ အုပ်ချုပ်ရတာပါ။ နန်းဓလေ့ အရပဲ မောင်ငယ်အရင်း Ptolemy VIII နဲ့ ရွှေလက်တော် ဆက်ခဲ့ရတယ်။ ကြင်ယာတော်မင်းသား ကံတော်ကုန်တော့ နောက်မောင်တစ်ပါးဖြစ်တဲ့ ၁၄ ဆက်မြောက် တော်လမီ မင်းသားနဲ့ ပူးတွဲ အုပ်ချုပ်၊ ရွှေလက်တွဲပြန်ပါတယ်။ ကြင်ယာတော် မင်းသားက သူ့ကို ရာဇပလ္လင်ပေါ်က ဖယ်ရှားဖို့ ကြံစည်လာတော့ သေဒဏ်ပေးလိုက်ရတယ်။ သွေးရင်းမောင်ဘွား လင်သား ကြင်ယာကို ကိုယ်တိုင်သေရွာပို့ရတာ မိန်းမသား တစ်ယောက်ရဲ့ နှလုံးသား ဘယ်လိုခံစားရမယ် စဉ်းစားသာ စာနာပါရော့။ ဘုရင်မဆိုတဲ့ ဘဝက မိန်းမသားရဲ့ နှလုံးသားကို အကန့်အသတ်တွေနဲ့ ဖွဲ့နှောင်၊ ထုံးတမ်း နန်းဓလေ့၊ ရာဇဂုဏ် စတာတွေနဲ့ အခိုင်အမာ တည်လုပ်ထားတဲ့ နရသိန်မှာ လှောင်ပိတ်ထားပြီ။ ဒါမျိုးတရား သံဝေပြဖို့ တေမိယ ဇာတ်ဆို ငမောင်တို့မှာ ရှိတယ်လေ။
အာဏာဟာ အရာရာကို ဖောက်ပြန်လွဲသွေစေအောင် ဖန်တီးစွမ်းလှတယ်။ အကြွင်းမဲ့ အာဏာဟာ အပြင်းပြဆုံး လောဘတရားနဲ့ အပူလောင်ဆုံး ဒေါသတရားတွေကို မွေးဖွားကြီးထွား စေသလို ဥဿုံပျက် သုဉ်းခြင်းမှာ နိဂုံးချုပ်တယ်။ ဒါဟာ ဓမ္မတာ။ ဒါဟာ နိယာမ။
Cleopatra ရဲ့ဘဝက သမိုင်း ထင်ရှားတဲ့ သာဓက။ သမိုင်းထဲက ပဒေသရာဇ်တွေဟာ အတွေးအယူမှားရဲ့ သားကောင်တွေ အဖြစ်နဲ့ အတ္တမျိုးမာန်ယစ်လို့ သွေးမနှောရေး အစွဲကိုင်ဆွဲပြီး ဆွေထဲ မျိုးထဲချင်းသာ စုံဖက်ပေးခဲ့ကြတာ ရှိပေမယ့် တော်လမီ မင်းဆက်တွေကတော့ သွေးရင်းတွေချင်းသာ လက်ဆက်တဲ့ အလေ့အထ ကျင့်သုံးခဲ့တာ သမိုင်းမှာ နာမည်ကျန်ခဲ့ပါတယ်။ နန်းပလ္လင် ထီးဖြူအရယူဖို့ သွေးသားရင်းချာချင်းကို သေမင်းရပ်ထံ အမြန်ပို့ရေး တွေးတောကြံစည် အကွက်ဖော် နည်းလမ်းစုံ သတ်ဖြတ်တာလဲ တော်လမီတွေ သမိုင်းကျော်ရော့ပဲ။
ညီမတော်ရင်း Arsinoe အဖြစ် သရုပ်ဆောင်သူ Miss Egypt(2008)
Cleopatra ရဲ့ ညီမတော်ရင်း Arsinoe ကလဲ နန်းရပ်ထီးဖြူ လုယူကာ သူသာ ဘုရင်မလို့ ပြည်ရွာမှာ ကြေညာမယ် ကြံဆောင်ကြိုးပမ်းလာတော့ တစ်မိဝမ်းတူ ညီအစ်မပေမယ့် ကွပ်မျက်ခဲ့ရပြန်တယ်။ အာဏာရှင်ရဲ့ နန်းပလ္လင် ဆိုတာမျိုးက လူပေါင်းများစွာရဲ့ ဦးခေါင်းခွံတွေကို လူများစွာရဲ့သွေးနဲ့ သွန်းလောင်း တည်လုပ်တာမျိုးလေ။ သွေးသားရင်းချာ သာမက အဖ၊ အမိကိုတောင် အာဏာ လောဘဇောက မရှောင်နိုင်ပါဘူး။ ပြည်သူတွေကတော့ ရေတွက်မရပေါ့။ အာဏာရှင်တို့ရဲ့ အမြင်သာဆုံး လက္ခဏာတွေထဲက တစ်ခုဟာ အာဏာကို ခွဲဝေမျှတ မပေးချင်တာပါပဲ။ ကလီယိုပါထရာ ဘုရင်မကြီးလဲ မိသားစုဝင်တွေရဲ့ အန္တရာယ် ရန်စွယ်တွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရင်း အာဏာကို တစ်ဦးတည်းသာ ပိုင်စိုးခဲ့ပါတယ်။
Roman Republic
Cleopatra ကို တစ်ဦးတည်းသာ အာဏာမြဲစေတဲ့ အကြောင်းတစ်ခုက ဘုန်းမီးနေလ တောက်ပတဲ့ ရောမ ဂဏနိုင်ငံ Roman Republic နဲ့ ခိုင်မာတဲ့ ဆက်သွယ်မှု တည်ဆောက် နိုင်တာပါပဲ။ သမိုင်းရဲ့ အဲဒီကာလက ရောမတွေဟာ ဥရောပနဲ့ အာဖရိက မြောက်ပိုင်းရဲ့ နယ်တချို့ကို သိမ်းပိုက်အုပ်ချုပ် ထားနိုင်ခဲ့တယ်။ ဒီကာလရဲ့ ဒီလိုအခြေအနေမှာ အီဂျစ်ကိုပါ ရောမတို့ သိမ်းပိုက်မလာစေဖို့ သံတမန်ရေးရာ ကျွမ်းကျင်လိမ္မာတဲ့ ကလီယိုပါထရာ ဘုရင်မက ရောမနဲ့ ရွှေလမ်း၊ ငွေလမ်းဖောက် ချစ်ကြည်ရေး တည်ဆောက်ခဲ့တာပါ။ အင်မတန် ချီးကျူးစရာ သံတမန်ရေး ဆောင်ရွက်မှုပါပဲ။ ရောမရဲ့ ခေါင်းဆောင် စစ်သေနာပတိတွေနဲ့ ခိုင်မာမြဲမြံတဲ့ မဟာမိတ် ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ဘုရင်မကြီး အပြင်းအထန် ကြိုးစားခဲ့ရှာတယ်။ စစ်တိုက်တာ၊ အမျိုးသားရေး ဂုဏ်သိက္ခာ။ ဘုန်းအာဏာကို ဓားသွားနဲ့သာ တည်ဆောက်နိုင်တယ်။ စစ်သား ဖြစ်ရတာ ပြည်သူထက် တစ်ဆင့်သာတဲ့ဘဝ။ ချီတက်ဆိုတဲ့ အမိန့်သံနဲ့ အောင်ပွဲခံ တံပိုးခရာသံတွေနဲ့ သွေးမြောက်နေတဲ့ ရောမက သဘောကျစေဖို့ ဘဏ္ဍာရေး အထောက်အပံ့၊ သယံဇာတ ပစ္စည်းအထောက်အပံ့ ကောက်ပဲသီးနှံ ရိက္ခာအထောက်အပံ့ စစ်သင်္ဘော အထောက်အပံ့တွေ သာမက စစ်သည်အင်အားတွေပါ စုဆောင်းဖြည့်တင်း ပေးခဲ့ပါတယ်။
အဲဒီ ကာလက အီဂျစ်ဟာ အင်မတန် ချမ်းသာကြွယ်ဝခဲ့တယ်။ ရောမ ကတောင် အီဂျစ်ရဲ့ ကြွယ်ဝမှုအပေါ် မှီခိုရစ ပြုလာနေပြီ။ ဘဏ္ဍာရေးအစ၊ စစ်သားအဆုံးပေး ကမ်းနေရပေမယ့် လက်အောက်ခံ နိုင်ငံတစ်ခုက အထက်အုပ်စိုးသူထံ ပဏ္ဏာတော် ဆက်သွင်းတာမျိုး မဖြစ်စေရဘူး။ ဘုရင်မကြီးအုပ်စိုးခဲ့တဲ့ နှစ် ၂ဝ ကျော်ကြာ ရွှေလက်ထက်တော် အခါမှာ ရောမနဲ့ အီဂျစ်ကို မဟာမိတ် နိုင်ငံတွေ အဖြစ်နဲ့ အီဂျစ်ကို လွတ်လပ် အမှီခိုကင်းနိုင်ငံအဖြစ် ရပ်တည်နိုင်အောင် ကြံဆောင်ကြိုးကုတ်တော် မူခဲ့ရှာတယ်။
ဘုရင်မကြီးခမျာ ပုဗ္ဗေစကြောင့် ရုပ်ရည်လှလွန်းပေမယ့် ဘဝက အကျည်းတန်လှတယ်။ မောင်ရင်း ကြင်ယာ တေဒသမြောက် တော်လမီ Plolemy XIII က ဘုရင်မကြီးကို အရိုက်အရာ ချထားလို့ နန်းပလ္လင် ပြန်ရဖို့ နန်းတွင်းအရေး ရှုပ်ထွေးနေချိန်အခါ ဘီစီ ၄၈ အဦး ရောမ နိုင်ငံမှာလဲ မဟာပွန်ပေ- Pompey the Greeat နဲ့ Julues Caesar တို့ ရောမကို လုနေကြတယ်။ Pompey the Great အသတ်ခံရပြီးတဲ့နောက် အီဂျစ်နိုင်ငံတော်နဲ့ သူ့ဘဝ လုံခြုံရေး အတွက် နဲ့ မဟာမိတ်ပြု ထားရေးဟာ အရေးကြီးတဲ့ အကြောင်းလို့ ဘုရင်မကြီးက ဆုံးဖြတ်လိုက်ပါတယ်။
Julues Caesar
Julues Caesar အဖြစ်သရုပ် ဆောင်သူ ဟောလိဝုဒ်မင်းသား တဦး
အီဂျစ်ရဲ့ နေပြည်တော် Alexandria မှာ စိုးရွံ့မှုတွေ မြင့်တက်လာခဲ့တယ်။ သစ္စာရှိ ကျေးကျွန်တစ်ဦးရဲ့ အကူအညီနဲ့ ဖျဉ်အိတ်ကြီးထဲ ပုန်းလျှိုးလိုက်ပါကာ ရောမ စစ်သေနာပတိ ဆီနိတ်တာ Caesar ဆီ လျှို့ဝှက် အရောက်သွားခဲ့တယ်။ အီဂျစ်ထောက်ခံသူတွေရဲ့ တော်လမီ ၁၃ နဲ့ Caesar တို့ သဘောထားကွဲ တိုက်ပွဲမှာ ကလီယို ပါထရာက Caesar ကို ထောက်ခံခဲ့တယ်။ Caesar အနိုင်ရပြီးတဲ့ နောက် အီဂျစ်ကို ကလီယို ပါထရာ လက်ထဲ ပြန်ထည့်ပေးခဲ့တယ်။ ခုတော့ အီဂျစ်ရဲ့ ဧကရီ စစ်စစ်ဖြစ်ပြီလေ။ တန်ဖိုးတော့ ပေးရသပေါ့။ ဘုရင်မကြီးဖြစ်ပြီး မကြာလှချိန်မှာ Caesarion ဆိုတဲ့ ဆီဇာရဲ့ သားတော်လေး တစ်ပါးကို မီးရှူးသန့်စင် ဖွားမြင်ခဲ့ရတယ်။ ဒီကလေးငယ်ဟာ အီဂျစ်နဲ့ ရောမကို နက်နက်ရှိုင်းရှိုင်း ချည်နှောင်ပေးလိမ့်မယ်လို့ ဘုရင်မ ကြီးသိခဲ့တယ်။
စစ်သေနာပတိ ဆီနိတ်တာ ရောမရဲ့ မီးရှူးတိုင် ဆီဇာဟာ မကြာမကြာ စစ်ဆင်ရေး ထွက်နေရပေမယ့် ကလီယိုပါထရာ အလှဘုရားမနဲ့တော့ အဆက်အသွယ်မပြတ် တိုးလို့ နှောင်တွယ်ခဲ့ကြတယ်။ ကလီယို ပါထရာဟာ ဆီဇာရဲ့ သားတော်ကို လက်ဆွဲလို့ ရောမကို နှစ်ခါ နှစ်ခေါက် အရောက်သွားခဲ့တယ်။ ခမည်းတော်ရဲ့ ဘုန်းအာဏာ ဗဟိုကို သားတော်မြင်တွေ့ ရစေအောင် ထင်ပါရဲ့။ နို့ပေမယ့် ရောမကတော့ အရှေ့ဘက်က ဘုရင်မတစ်ပါး ရောမ အုပ်စိုးသူရဲ့ သားတော် လက်ဆွဲပြီး ရောက်လာတာ မနှစ်ခြိုက်ကြပါဘူး။ အရှေ့က ဘုရင်မက ရောမရဲ့ အရေး အရာတွေထဲ စွက်ဖက်ပါဝင်လာမှာ မနှစ်မြို့ကြပါဘူး။ သူတို့ရဲ့ စစ်သူရဲ ကောင်းကြီး ကလီယိုပါထရာရဲ့ မာယာညွတ်ကွင်း သက်ဆင်းခဲ့ရတယ်လို့ ဒေါသတွေ ပွားနေပုံပါပဲ။ ရောမ လွှတ်တော်က ဆီဇာဟာ တန်ခိုးအာဏာ ကြီးလွန်းလာပြီး လွှတ်တော်ကို အလေးမထားတော့ဘူး။ အာဏာရှင် ဖြစ်လာပြီလို့ ဆီးနိတ်တာ တချို့က ခံစားလာရတော့ ဆီဇာကို လုပ်ကြံသတ်ဖြတ်ကြတယ်။ ဘီစီ ၄၄ မှာ ဆီဇာကွယ်လွန်ခဲ့တယ်။
ရောမလွှတ်တော်ဟာ ဆီဇာ အာဏာရှင် ပြန်ဖြစ်လာတာကို သင်ခန်းစာ ရခဲ့ပြီမို့ ဆီဇာလွန်ကာလမှာ တစ်ဦးတည်း အာဏာချုပ်ကိုင်မှု မဖြစ်စေဖို့ သုံးပါးပေါင်း အုပ်ချုပ်ရေးစနစ် ကျင့်သုံးခဲ့တယ်။ ဒီစနစ်မှာ Octivian, Marcus Lepidus နဲ့ Mark Antony တို့ဟာ ရောမရဲ့ သုံးပွင့်ဆိုင် အုပ်စိုး သူတွေ ဖြစ်လာခဲ့တယ်။ ဆီဇာ လုပ် ကြံခံရပြီကြားရတော့ ကြင်ယာ ခင်ပွန်းကို မလွမ်းအားဘူး။ အီဂျစ်နဲ့ သူ့ဘဝ လုံခြုံခိုင်မြဲရေး အပြေးအလွှား စဉ်းစားရရှာပါတယ်။ ရောမရဲ့ အုပ်စိုးသူ အပြောင်းအလဲဟာ သူနဲ့ သူ့နိုင်ငံတော်အတွက် ရတက်ပွေစရာ အခြေအနေပဲဆိုတာ ကလီယိုပါထရာ ဘုရင်မကြီး ကောင်းကောင်းကြီး သိ သပေါ့။ သူ့အလှ၊ သူ့ဥာဏ်ပညာ၊ သူ့ကျွမ်းကျင်မှုတွေကို အသုံးပြုပြီး ရောမရဲ့ သုံးပွင့်တစ်ခိုင်ထဲက အတင့်ဆုံး ပန်းတစ်ပွင့်ဖြစ်တဲ့ Mark Antony ကို စည်းရုံးသိမ်းသွင်း မဟာမိတ် ဖွဲ့နိုင်ခဲ့တယ်။
Mark Antony အဖြစ်သရုပ်ဆောင်သူ ဟောလိဝုဒ်မင်းသားတဦး
သူတို့နှစ်ယောက် ချစ်ဖက်ကြင်သူ ဖြစ်သွားကြတာ ပြောစရာ မလိုတော့ပါဘူး။ ဒီမဟာမိတ် အကြည်တော် အဆွေတော် နှစ်ပါးရဲ့ မဟာမိတ်ဖြစ်မှုနဲ့ ကြင်သူ ခင်ပွန်း ဖြစ်ရမှုက တန်ဖိုးကြီးလှပါတယ်။
ဘုရင်မဟာ မဟာမိတ်အဆွေတော် ခင်ပွန်းရဲ့ ကလေးသုံးယောက် မွေးဖွားပေးခဲ့ရတယ်။ စစ်သူကြီး Mark Antony ဟာ ဓားတဖွေးဖွေး၊ လှံတဝင်းဝင်းခင်းတဲ့ စစ်ပွဲကြီးတွေမှာ အနိုင်နွှဲနိုင်ပေမယ့် နှလုံးသား စစ်တလင်း ချစ်ဗျူုဟာ ခင်းရာမှာ အောင်ပွဲ မရရှာပါဘူး။ သူချစ်တဲ့၊ သူဂုဏ်မောက်တဲ့ သူဦးဆောင်တဲ့ ရောမကို မပြန်ဖြစ်တာ နှစ်ချီကြာခဲ့တယ်။ သည်းစိုင်ဦးရယ် မခွဲနိုင်ဘူးကွယ်ပေါ့။ နောက်ဆုံးတော့ ဇာတိပုည ဂုဏ်မာန တွေကိုမှ မစဉ်းစားနိုင်တော့ဘဲ ရောမနဲ့ စစ်ဖက်ပြိုင်တဲ့အထိ ဖြစ်ခဲ့တော့တယ်။
Mark Antony ဟာ အီဂျစ်ရဲ့ သစ္စာခံ ဖြစ်သွားလေမလားလို့ ရောမ စိုးရိမ်လာတယ်။ အလက် ဇန္ဒြီးယား နေပြည်တော်ရဲ့ ရွှေနန်းဆောင်ဆောင် ဘုံမှာ ပျော်မွေ့နေတာသာများပြီး ရောမရဲ့ တာဝန်တွေကို မေ့လျော့ လစ်ဟင်းခဲ့တာများလှပေါ့။ သားသုံးယောက် ကြိုးသုံးချောင်းက Mark Antony ကို အလက်ဇန္ဒြီးယားက မခွာနိုင်အောင် ထပ်ရစ်တုပ်နှောင်ထားပြန်တယ်။ ရောမက ဒါကို နားမလည်နိုင်ဘူး။ နော့ ရောမဆိုတာ စစ်တပ်နဲ့ ဓားကို တရားရယ်၊ အားရယ် မှတ်ယူမှားတာမို့ လူ့နှလုံးသား ခံစားရမှုကို နားမလည်နိုင်ဘူး။ မစာနာနိုင်ဘူး။ ဒီတွင် ရောမလွှတ်တော်ရဲ့ အရှိန်အဝါ သြဇာအကြီးမားဆုံး Octivian က Mark Antony ကို အပြင်းအထန် ဝေဖန်တော့တယ်။ စားပွဲပေါ်မှာ ရှင်းလင်းနားလည်မှု မရရင် စစ်မြေပြင်ဆီ ရောက်သွားရော။ စစ်မြေပြင်မှာ ရှာမရတဲ့ အဖြေ၊ တည်ဆောက်မရတဲ့ အခြေအနေကို စားပွဲဆီ ပြန်သယ်လာရတယ်။ ခုလဲ Octivian ရဲ့ ရောမတပ်ကြီးနဲ့ Mark Antony တို့ အီဂျစ်ထီးနန်း သခင် အကြင်နှစ်ပါးရဲ့ တပ်တွေ Actium (ယခု Careece )ရေပြင်၊ မြေပြင်မှာ ပွဲဝင်ကြသပေါ့။ ဒီပွဲမှာ အီဂျစ် အရေးနိမ့်ရပြီ။ Mark Antony သေဆုံးခဲ့တယ်။ ခင်ပွန်းလဲဆုံး၊ ထီးနန်းလဲ ဘုံးဘုံးလဲရပြီ။ ထီးကျိုးကာ စည်ကပေါက် ရောမလက်အောက် သုံ့ဘဝ ရောက်ရတော့မယ်။
သားတော်သုံးပါးရဲ့ ခမည်းတော်ခမျာ မတတ်သာလွန်းအဆုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်ရာ ကံမကုန်မီ အချိန်ကလေးမှာ ကလီယိုပါထရာရဲ့ ရင်ခွင်ထဲ ရောက်လာခဲ့တယ်။ ခင်ပွန်းရဲ့ နောက်ဆုံးအချိန်ကို တွေ့မြင်ခံစားရပြီးနောက် တိမ်းရှောင်ထွက်ပြေး ခဲ့တော့တယ်။ ထွက်ပြေးလွတ်လာရာက မကြာလှချိန်မှာ အီဂျစ်ပြည်ကြီး ထီးနဲ့နန်းကို လွမ်းတမျှော်ယူ နေတုန်းပဲ အီဂျစ်ဟာရောမရဲ့ လက်အောက်ခံ ပြည်နယ်ဖြစ်သွားတာ ကြားသိရတော့ ဘုရင်မကြီးခမျာ ရင်မချိ ဝေဒနာ ဖြေရာ မရတဲ့အဆုံး ကိုယ့်ကိုယ်ကို အဆိပ်နဲ့ သတ်သေလိုက်တော့တယ်။ ဒါဟာ သမိုင်းမှာ အင်မတန်လှတဲ့ အလက်ဇန္ဒြီးယား ရွှေမြို့တော်ကြီးရှိရာ အဲဒီအချိန်က အချမ်းသာ အကြွယ်ဝဆုံး အီဂျစ်နိုင်ငံတော်ကြီးနဲ့ ရွှေရောင်လင်းလက်တဲ့ ခေတ်သမယလဲ ဘုရင်မ သေဆုံးခြင်းနဲ့ထပ်တူ ကွယ်ပျောက်ရတော့တယ်။ နို့ပေမယ့် အီဂျစ်ဘုရင်မ ကလီယိုပါထရာ (သတ္တမမြောက်)ရဲ့ ဘဝဇာတ်ကြောင်းကတော့ မသေမကွယ်ပနိုင်တဲ့ ပုံပြင်လို၊ ဝတ္ထုလို သမိုင်းလို အချိန်ကာလတွေကို ကျော်နင်းစီးဆင်းနေဆဲ။ အဝေးမြင်နဲ့ ပုံဖော်ကြတော့ ဘုရင်မရဲ့ ဘဝပုံရိပ်မှန် မခံစားကြရတော့ဘူး။ တကယ်ကတော့…။
တကယ်ကတော့ ဘုရင်မကြီး ကလီယိုပါထရာဟာ သူ့ခေတ်သူ့ အခါက အီဂျစ်နိုင်ငံ အမျိုးသမီးတွေထဲမှာ ရှားမှရှား ပညာရှင်ပါ။ သင်္ချာ ပညာ၊ ဂီတပညာ၊ နက္ခတ္တ ဗေဒပညာ၊ ဂဲသြမေတြီ ပညာတွေသာမက လူထုကို စကားပြောခြင်းအတတ်-Public Speaking ကိုပါ လေ့ကျွမ်းသူပါ။ သူတတ်ထားသမျှ ပညာနဲ့ အတတ်တွေကို အီဂျစ်နိုင်ငံရဲ့ ဘုရင်မ အဖြစ်မှာ ချသုံးခဲ့ပါတယ်။ ပညာရှင် ဘုရင်မကြီးဟာ ပညာကို ကိုယ်တိုင်လဲ မြတ်နိုးတန်ဖိုးထားတယ်။ တည်တံ့ ပြန့်ပွားစေချင်ပါတယ်။ မြို့တော် အလက်ဇန္ဒြီးယားမှာ ပညာရပ် အသွယ်သွယ်တို့အတွက် ကြီးကျယ်တဲ့ စာကြည့်တိုက်ကြီး ထားရှိခဲ့တယ်။ မြို့တော် အလက်ဇန္ဒြီးယားဟာ သူ့ခေတ် သူ့အခါက ကမ္ဘာမှာ အလှပဆုံး မြို့တော်ကြီးတဲ့။ မြို့တော်ကြီး ဒီလို သာယာလှပစေဖို့ ဘုရင်မကြီး ကိုယ်တော်တိုင် ဆောင်ရွက်တော် မူခဲ့သတဲ့။ သာယာလှပတာမျှ မကသေးဘူး။ အလက်ဇန္ဒြီးယားဟာ ပညာနဲ့ ယဉ်ကျေးမှု မြို့တော်ကြီးလဲ ဖြစ်တယ်တဲ့လေ။ ဖြစ်ပေမပေါ့။ အလက်ဇန္ဒြီးယား စာကြည့်တိုက်ဟာ အဲဒီခေတ်အခါက ကမ္ဘာရဲ့ အကျယ်ဝန်းဆုံးနဲ့ အကြီးကျယ်ဆုံး ဆိုသကိုး။ ဘုရင်မကြီး ကိုယ်တော်တိုင် ဒီစာ ကြည့်တိုက်ကြီးမှာ သမိုင်းပညာ၊ ဘာသာရေးနဲ့ ဒဿန ပညာတွေကို ဆည်းပူးလေ့လာ မှတ်ရာမှတ်တမ်း ပြုစုတော်မူသတဲ့။
ဘုရင်မကြီးက ကလီယို ပါထရာရဲ့ အမှန်ပုံရိပ်လွှာကို ဖွေရှာစူးစမ်း ဖော်ထုတ်မှတ်တမ်း စာတစ်အုပ် ပြုစုသူကတော့ စာပေဆုရ စာရေးဆရာမ Stacy Schiff ပါပဲ။ စာရေးဆရာမ Stacy Schiff က Cleopatra Alife ဆိုတဲ့စာအုပ်ကို ၂ဝ၁ဝ ခုနှစ်မှာ ရေးသားထုတ်ဝေ ခဲ့ပါတယ်။ ဘုရင်မက လီယိုပါထရာ ဘဝဇာတ် အထ္တုပ္ပတ္တိကို စိတ်ကူးမှန်းဆ ရေးကြတာတွေထဲက အမှန်တွေကို ရေးခွဲထုတ်ပြဖို့ ရေးတာတဲ့။ ကလီယိုပါထရာဟာ တည်ကြည်ပြီး ဘုန်းအာဏာကြီး လှတယ်။ နို့ပေမယ့် သူ့ပုံလွှာမှန်ကို လွဲလွဲမှားမှား ဖော်ပြရေးသား ခံရတယ်။ လျှာနှစ်ခွနဲ့ ကြုံလာခဲ့သမျှ ပုရိသတွေကို ကိုယ်ကျိုးလောဘနဲ့ အသုံးချတယ်လို့ ပုံဖော်ခံခဲ့ရတယ်။ စာရေးဆရာမ Schiff ရဲ့ စာအုပ်က ဘုရင်မကြီး ကလီယိုပါထရာဟာ ထင်ရှားကျော်ကြားတဲ့ ဘုရင်မကြီးတစ်ပါး ဖြစ်တာသာမက ရှေးဟောင်းအီဂျစ် လူ့အဖွဲ့အစည်းနဲ့ အနုပညာ ယဉ်ကျေးမှုတို့ ကြွယ်ဝတဲ့ သမိုင်းတွင် အလှဘုရင်မတစ်ပါး ဆိုတာ ပြောပြနေပါတယ်။
ဘုရင်မက လီယိုပါထရာ စာအုပ်ရေးသားသူ စာရေးဆရာမ Stacy Schiff (2010)
from/Credit by Tyrino"s Notes

No comments:
Post a Comment