စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်ရုံးရည် နှလုံးရည် ပြည့်ဝ မြဝတီမင်းကြီး ဦးစ



ရှေးခေတ် မြန်မာစာဆို အကျော်အမော် အချို့တို့သည် ပြောင်မြောက်သော စာပေ ဝါသနာရှင်ကြီးများ ဖြစ်ကြသည်။
ထင်ရှားလှသော တောင်ငူ နတ်သျှင်နောင်သည် ပင်လျှင် စစ်မြေပြင်မှ နေ၍ စစ်တိုက်နေသည့် ကာလအတွင်းတွင်ပင် ကျေးစေရတု ဖွဲ့ဆို သီကုံးခဲ့သည်။ စစ်သည်တော်တို့ မည်သည်မှာ ကိုယ်စိတ်ကြံ့ခိုင်၍ ကြမ်းတမ်းသော နိုင်ငံရေး၊ စစ်ရေးတာဝန်များ ထမ်းဆောင်၍ နေကြရသည်ကား မှန်ပါသည်။ သို့သော်လည်း ယင်း စစ်သည်တော်များ၏ ဟဒယ နှလုံးတွင်မူ ဂီတ၊ ကဗျာ၊ စာပေ အစရှိသော နုနယ်လှပသည့် အနုပညာကို မြတ်နိုးသည့် အာရုံ ဆန္ဒကလည်း ကိန်းဝပ်၍ နေတတ် ပေသေးသည်။ 


တိုင်းပြည်ရေးရာ စီမံ ခန့်ခွဲမှုတွင် ကျွမ်းကျင် လိမ္မာသော ဝန်ကြီးတစ်ဦးလည်းဖြစ်၊ ရှေ့နောက် အမြော်အမြင်၊ ဆင်ခြင် ဥာဏ်ပညာ ဗဟုသုတ ပြည့်ဝ၊ ''စာပေ ကျွမ်းကျင်နှံ့စပ် ကျမ်းဂန်တတ်သော ပုဂ္ဂိုလ်ကြီးတစ်ဦး'' လည်းဖြစ်သော၊ စိတ်သ ဘောထား မြင့်မြတ်၍ လောကဓံ တရားတို့ကို ကြံ့ကြံ့ခံ ရင်ဆိုင်ဝံ့သော ''ပညာရှိကြီး တစ်ဦး'' လည်းဖြစ်သော၊ အရှင်သခင်နှင့် တိုင်းပြည်အကျိုး အတွက် ရန်သူ မှန်သမျှကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက် နှိမ်နင်းခဲ့သော ''စစ်ဗိုလ်ချုပ်ကြီး တစ်ဦး'' လည်းဖြစ်သော၊ ကမ္ဘာ့ အမွေကို မြန်မာ့စာပေဖြင့် ရရှိလေအောင် ကြံဆောင် ကြိုးပမ်းခဲ့သော၊ ''ပြည်ကြီးနှလုံး ကဝိအမော် စာဆို ပုဂ္ဂိုလ်ကျော်ကြီး ဂီတ ပါရဂူကြီး တစ်ဦး'' လည်းဖြစ်သော ''မဟာသီရိ ဇေယျသူရ မြဝတီမင်းကြီး ဦးစ'' သည် ကုန်းဘောင်ခေတ်တွင် ပေါ်ထွန်းခဲ့ပေသည်။ ယနေ့ ကာလ အထိ ''မြဝတီမင်းကြီး'' ဟု အမည်တွင်သည့် ဦးစအား သက္ကရာဇ် ၁၁၂၈ ခုနှစ် သီတင်းကျွတ် လပြည့် ကျော် ၁ဝ ရက် အင်္ဂါနေ့တွင် ဖွားမြင်ခဲ့သည်။ ဖွားဇာတိမှာ စစ်ကိုင်းမြို့ အနောက် မိကျောင်းတက်ရွာ ဖြစ်သည်။ ငယ်မည်မှာ ''မောင်စ'' ဖြစ်သည်။ ဦးစ အသက်ခြောက်နှစ် အရွယ်တွင် အဖ ဦးပေါက်ကျော် သေဆုံးသည်။ အသက် ၁၁ နှစ်ခန့်တွင် အင်းဝမြို့ မဲထီး ဆရာတော် ဦးပရမ ကျောင်းတွင် သာမဏေပြု၍ စာပေ သင်ကြားသည်။ ဘိုးတော်ဘုရား လက်ထက် အမရပူရမြို့တော်မှ အိမ်ရှေ့နန်းစံ ရွှေတောင်မင်း၏ အိမ်ရှေ့သံဆင့် လက်ျာပျံချီထံတွင် ရေးမှတ်သည့် ဘက်မှ အမှုထမ်း၍ နေသည်။

ထိုအချိန်မှ စ၍ ဦးစသည် စာပေကျမ်းဂန်များကို နှံ့စပ်စွာ ဖတ်ရှုလေ့လာစပြု၍ ကဗျာလင်္ကာ သီကုံးဖွဲ့နွဲ့ခြင်း ၌လည်း အစပျိုးခဲ့သည်ဟု ဆိုကြသည်။ သက္ကရာဇ် ၁၁ဝ၅ ခုနှစ်တွင် အိမ်ရှေ့မင်းထံ အမှုထမ်းစဉ် ဦးစသည် ကြိုးများ၊ ဘွဲ့များကို ရေးသား ပြုစုခဲ့သည်။ ၁၁၇ဝ ပြည့်နှစ်တွင် အိမ်ရှေ့မင်း နတ်ရွာစံသည်။ ဘိုးတော် ဘုရား၏ မြေးတော် စစ်ကိုင်းမင်း အိမ်ရှေ့အရာ ရသည်။ လှေမှူး ခန့်အပ်ခံရခြင်းမှာ ဦးစအဖို့ စစ်မှုရေးရာ၌ ပထမဦးဆုံး တာဝန်ယူ ထမ်းရွက်ရခြင်း ဖြစ်သည်။ ထို့နောက် အိမ်ရှေ့ အတွင်းဝန် ခန့်အပ်ခြင်း ခံရ၍ အမှုတော်ကို ထမ်းရွက်နေစဉ် ''နေမျိုးသူရ'' ဘွဲ့ကို ရရှိသည်။ ၁၁၈၁ ခုနှစ်တွင် ဘကြီးတော်ဘုရား လက်ထက်၌ နန်းတော်ကြီး အတွင်းဝန်၊ ထိုမှတစ်ဆင့် လက်ဝဲတော်နေရာနေ အတွင်းဝန် ''နေမျိုးဇေယျ သူရ''ကို ''သီရိမဟာ ဇေယျသူရ'' ဘွဲ့ဖြင့် ထပ်ဆင့် ချီးမြှင့်ခြင်း ခံရသည်။ မဟာ သီရိဇေယျ သူရ ဦးစသည် ဣန္ဒာဝုဓနန်းတွင်း ဇာတ်တော်ကြီး (အီနောင်နန်းတွင်း ဇာတ်တော်ကြီး) ကို ရေးသားခဲ့သည်။ 


စင်စစ် ဦးစသည် ''စစ်သည်စာဆို'' တစ်ဦး ဖြစ်သည်။ စစ်ပွဲတွင် ရွပ်ရွပ်ချွံချွံ လက်ရုံးရည်ကို ပြ၍ တိုက်ခိုက်နိုင်စွမ်း ရှိသကဲ့သို့ စာဆို အနေနှင့်လည်း ကဗျာ၊ ဂီတတို့ကို နူးညံ့သိမ်မွေ့၊ သာယာပျော့ပျောင်းစွာ ဖွဲ့ဆိုနိုင်သော နှလုံးရည်နှင့် ပြည့်ဝသူတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့်ပင် ဦးစသည် ထီးတွင်း နန်းတွင်း၌ ''စစ'' ဟု အမြတ်တနိုး ခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။ သက္ကရာဇ် ၁၁၈၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အရေးတော်ပုံတစ်ရပ် ပေါ်ပေါက်ခဲ့သည်။ ဤ အရေးတော်ပုံသည် ဦးစ၏ လက်ရုံးရည် အစွမ်းကို ထင်ရှား စေခဲ့သည်။ မြန်မာဘုရင့် လက်နက် နိုင်ငံတော် ဖြစ်သော ဓညဝတီ၊ ရခိုင်ပြည်နှင့် စစ်တကောင်း နယ်ခြားရှိ နတ်မြစ်ဝတွင် ရှိသော ရှင်မဖြူကျွန်း ကျေးရွာများ၌ အင်္ဂလိပ်တို့က ကျူးကျော်ကာ မတရားသဖြင့် ၎င်းတို့၏ အလံကို စိုက်ကာ လူသူ အစောင့်အရှောက်များ ထားလာသည်။ ဘုရင်မင်းမြတ် အမိန့်တော်နှင့် ဓညဝတီမြို့ဝန်၊ အခွန်ဝန်၊ အကောက်ဝန် အရာရှိတို့က အင်္ဂလိပ်တို့၏ အလံကို နုတ်ပယ် ဖျက်ဆီးကာ အစောင့်အရှောက်များကို မောင်းထုတ်ခဲ့သည်။ ထိုအခါ အင်္ဂလိပ်တို့က စစ်သင်္ဘောများဖြင့် ထပ်မံ ရောက်ရှိလာပြီး ရှင်မဖြူကျွန်းကို အတင်း အဓမ္မ သိမ်းယူကာ ခံတပ်များ ဆောက်လုပ်၍ နေကြပြန်ကြောင်း ဓညဝတီမြို့ဝန် မဟာမင်းကြီး ကျော်စွာက အစီရင်ခံ ပြန်သည်။ 

၁၁၈၅ ခုနှစ် နတ်တော်လပြည့်ကျော် ၁၃ ရက် အင်္ဂါနေ့တွင် ဘုရင်မင်းမြတ် အမိန့်အရ အလုံဝန်ကြီး မင်းကြီး မဟာဗန္ဓုလအား ''သတိုး'' ဘွဲ့တပ်၍ ပေးတော်မူပြီးလျှင် ဗိုလ်ချုပ် အဖြစ် ဓညဝတီစစ်ကြောင်း ကွပ်ကဲ အုပ်ချုပ် ချီတက်စေသည်။ ထိုအခါ ဦးစအားလည်း ''မင်းကြီး မဟာသီဟ သူရဘွဲ့'' နှင့် လက်ဝဲစစ်ကဲ ခန့်အပ်၍ ရှေ့ဦး ချီစေတော်မူသည်။ ထိုသို့ချီတက်စတွင် မင်းကြီး မဟာဗန္ဓုလ သည် တစ်တိုင်းပြည်သို့ ချီတက် ယှဉ်ပြိုင်ရမည့် စစ်ဗိုလ်မှူးများ ဖြစ်သည်နှင့်အညီ ဘွဲ့အမည်များကို တိုးတက် သတ်မှတ်ပေးရန် လျှောက်ထားရာ မင်းကြီး မဟာဗန္ဓုလသည် ''သတိုးဘွဲ့'' ကို လည်းကောင်း၊ ဦးစသည် ''မင်းကြီး မဟာသီဟသူရဘွဲ့'' နှင့် ''ဗိုလ်ချုပ်'' အဆင့်အတန်းကို ရရှိခဲ့သည်။ ဦးစသည် ၁၁၉ဝ ပြည့်နှစ် နတ်တော်လဆန်း ၁၄ ရက်တွင် အဂ္ဂမဟာ သေနာပတိဝန်ကြီး ခန့်ထားခြင်း ခံရ၍ တိုင်းရေး ပြည်မှုများကို ကြည့်ရှု စီရင်ရသည်။ ဦးစသည် ''အဂ္ဂမဟာ သေနာပတိ ဝန်ကြီး ခန့်အပ်ခြင်း ခံရပြီးနောက်ပိုင်း ၁၁၉၁ ခုနှစ်တွင် ''မြဝတီ'' မြို့ကို အသုံးကံ ကျွေးခံ သနားတော်မူခြင်း ခံရသည်။ ဦးစ စားရသော မြဝတီမှာ ဘိုးတော်ဘုရား လက်ထက် စာရင်းယူရာဝယ် ရွာလူကြီး ၁၄ နယ်နှင့် မြို့သူကြီးတစ်နယ် ပါဝင်သော မြို့ဖြစ်သည်။ ဦးစသည် မြဝတီကို စားရသောအခါမှ စ၍ ''မြဝတီမင်းကြီး ဦးစ'' ဟု အမည် တွင်ခဲ့ပြီး နိုင်ငံတော်တွင် အမြင့်ဆုံးဖြစ်သော ''လွှတ်တော်ဝန်ကြီး'' နှင့် ''မဟာ'' ဘွဲ့ကို ခံယူရရှိခဲ့သည်။ 

သက္ကရာဇ် ၁၂၁ဝ ပြည့်နှစ် ဝါခေါင်လဆန်း ၅ ရက်တွင် မင်းတုန်းမင်းသားက အသက် ၂၅ နှစ်မှသည် မြင်းမူရွာစား မဟာသီရိ ဇေယျသူရ အသက် ၈၃ နှစ်တိုင် ရေးသား ပြုစုခဲ့သော သီချင်း အမျိုးမျိုးကို စုဆောင်းရမည်ဟု အမိန့်တော် ရှိသဖြင့် မြဝတီဝန်ကြီး ဦးစသည် ကိုယ်တိုင် စုဆောင်း၍ ''မြဝတီ ဂီတသမိုင်း''ကို ပြုစုခဲ့ပေသည်။ မြဝတီဝန်ကြီး ဦးစသည် ပတ်ပျိုး၊ ကြိုး၊ ယိုးဒယား၊ ဘွဲ့၊ သီချင်းခံ၊ မွန်သံ (တလိုင်းသံ)၊ ရတု၊ မြင်းခင်း၊ သဘင်၊ ဂူလီသဘင်၊ လယ်ထွန်မင်္ဂလာဘွဲ့၊ တျာချင်းများ၊ တမ်းချင်း၊ သင်္ဘောလွှင့်ချင်း၊ သံပေါက်သီချင်းသစ်၊ မီးခွက်ကချင်း၊ အန်ချင်း၊ နတ်ယိုင်သံ၊ လဲ့ချင်း၊ လူးတား၊ သိင်္ဂါသံ စသည့် သီချင်း အမျိုးမျိုး အမည်ပေါင်း များစွာတို့ကို ရေးသားခဲ့သည်။ မြဝတီဝန်ကြီး ဦးစသည် သီချင်းရေးသူများတွင် တေးသီချင်း အကြောင်းအရာ အလိုက် အစုံလင်ဆုံး ရေးသားခဲ့သူ ''ဂီတ ပါရဂူကြီး'' တစ်ဦး ဖြစ်ပေသည်။ မြဝတီဝန်ကြီး ဦးစသည် ပတ်ပျိုး ၆၉ ပုဒ် ရေးသားခဲ့သည်။

 ဦးစ၏ ပတ်ပျိုးများမှာ မည်သည့်အခါမှ မရိုးနိုင်၊ ထာဝရ သစ်လွင်သော အသွင်ကို ဆောင်၍ ထူးခြား ကောင်းမွန်လှပေသည်။ သက္ကရာဇ် ၁၂ဝ၁ ခုနှစ်တွင် ဦးစသည် အကျဉ်းသား ဘဝနှင့် ထောင်အတွင်းမှ ရေးသား၍ သာယာဝတီမင်းထံ ရုပ်သေးကိုင် ဦးရွှေသာမှ တစ်ဆင့် ဆက်သွင်းလိုက်သည့် ''ကုန်းဘောင်နေမင်း'' ချီ ဘုန်းတော်ဘွဲ့ ပတ်ပျိုးသည် ဦးစ၏ အသက်ကိုပင် လွတ်ငြိမ်းချမ်းသာခွင့် ရလေအောင် အစွမ်း ထက်မြက်ခဲ့သည်။ ဦးစ ဖွဲ့သီကုံးခဲ့သော ပတ်ပျိုးများအနက် ယနေ့တိုင် ကျော်ကြား ခေတ်စားနေသော ပတ်ပျိုးများမှာ ''အထူးထူးငယ်နှင့်သာ''၊ ''ဘုံပျံနေနန်း''၊ ''မှိုင်းမှုန်ပြာဝေ''၊ ''သာတင့်ဆုံး''၊ ''စိန်ခြယ်ခြူးသန်း''နှင့် ''စိန်မြလျှံချယ်'' အစချီသော ပတ်ပျိုးများဖြစ်ပေသည်။

 မြဝတီမင်းကြီး ဦးစသည် ''သာဆန်းရဂုံဗွေ'' ချီ ပတ်ပျိုးကို သက္ကရာဇ် ၁၁၆၄ ခုနှစ် မင်းကွန်း အရှေ့ဘက်တွင် ဘကြီးတော်ဘုရား စံနေတော်မူခိုက် ရေးသား ဆက်သွင်းခဲ့ပေသည်။ ထို့ပြင် ''အထူးထူးငယ်နှင့်သာ'' ချီတောလား ပတ်ပျိုး ကြီးသည် ဂီတသံစဉ် ကူးပြောင်းပုံများ အလွန် ကောင်းမွန်လှသဖြင့် ဂီတပညာရှင်များက လေးစား မြတ်နိုး တန်ဖိုးထား လှပေသည်။ မြဝတီမင်းကြီး ဦးစသည် သီချင်း ရှစ်ပုဒ်ကို ဖွဲ့ဆိုခဲ့သည်။ မြဝတီမင်းကြီး ဦးစ၏ ကြိုးသီချင်း ရှစ်ပုဒ်သည် တူရိယာ ဂီတပညာ အခြေခံသင်ရိုး ၁၃ ပုဒ်တွင် အပါအဝင် ဖြစ်သည်။ ဦးစသည် ဘွဲ့သီချင်း ၂၆ ပုဒ် ရေးသားခဲ့သည်။ ဦးစ၏ ဘွဲ့သီချင်းများ အနက် ''ဂန္ဓမာတောင်'' ချီ မဉ္ဇူနတ်ပန်းဘွဲ့နှင့် ''ဥကင် ဘုံမြင့်သီတာဘွေ'' ချီ ပလ္လင်ရှစ်ခန်းဘွဲ့တို့သည် အလွန် ပေါ်လွင် ထင်ရှား လှပေသည်။ မြဝတီမင်းကြီး ဦးစသည် သီချင်းခံ ခုနစ်ပုဒ် ရေးသားခဲ့သည်။ ''ထူးမခြားနား'' အစချီသော ဘုရားရောင်ခြည် တော်ဘွဲ့သည် စာသားလည်း သစ်လွင်သည်။ အသံ၏ ကျက်သရေနှင့်လည်း ပြည့်စုံသည့် အတွက် ယခုတိုင် မင်္ဂလာပွဲ သဘင်တိုင်း၌ သီဆိုတီးမှုတ်ရသော သီချင်းခံကြီး ဖြစ်ပေသည်။

မြဝတီမင်းကြီး ဦးစကိုယ်တိုင် ရေးသားခဲ့သော ''ဂီတသမိုင်း'' အရ ဦးစသည် ရတု ၁ဝ ပုဒ် ရေးသားခဲ့သည်။ သက္ကရာဇ် ၁၁၈၃ ခုနှစ်တွင် ဘကြီးတော် ဘုရားသည် အင်းဝ နေပြည်တော်တွင် မြင်းခင်းသဘင် ဆင်ယင် ကျင်းပတော် မူသည်။ ထိုအခါ အမိန့်တော်နှင့် မြဝတီမင်းကြီး ဦးစသည် ''လွတ်စံငယ်လေ စံကျွန်းချီ'' မြင်းခင်းသဘင် ''မြင်းခင်းသဘင် ဘွဲ့တျာချင်း''၊ ''နတ်သငယ်လေယဉ်ကြူး'' ချီ အဲမောင်း (လှံရှည်) ကစား၍ ဂူလီသဘင်ဘွဲ့ တျာချင်း၊ ''ပတ်ဖြန့်ငယ်လေ ပြောင်ရွှန်း''၊ ''ခွဲခွဲခြားခြား''၊ ''ကျူးသီဖွဲ့ဝန်း''နှင့် ''ခင်းစံကြော့ဗွေ'' အစချီသော တျာချင်း၊ တျာဘွဲ့၊ တျာသံ သီချင်းသစ် တို့ကို ရေးသားဖွဲ့ဆို ဆက်သွင်း ခဲ့သည်။


 မြဝတီမင်းကြီး ဦးစခေတ်သည် ပညာ ဗဟုသုတ ဆိုင်ရာ အကြောင်းအရာ အမျိုးမျိုးကို တတ်ကျွမ်း သော ပညာရှင်ပေါင်း စုံလှသည့် ''ပညာပဒေသာ ခေတ်ကြီး'' ပင်ဖြစ်သည်။ မြဝတီမင်းကြီး ဦးစသည် အသက် ၈၃ နှစ်တိုင် နေရသည့် လက်ရုံးရည်၊ နှလုံးရည်တို့ဖြင့် ပြည့်ဝသော ''စွယ်စုံပုဂ္ဂိုလ်ကျော်'' စာဆို စစ်သည်တစ်ဦး ဖြစ်သည်။ ပတ်ပျိုး၊ ယိုးဒယား၊ ဘွဲ့၊ သီချင်းခံ စသည်ဖြင့် ဂီတကဗျာ လင်္ကာတို့ကို သာယာ ညင်းပျောင်း နွဲ့နှောင်းနာပျော်အောင် နှစ်လိုစဖွယ်၊ ကြည်နူးစဖွယ်ဖြစ်အောင် ဖွဲ့နွဲ့ သီကုံးခဲ့သည့် ပြည်ကြီး နှလုံး အကျော်အမော် စာဆိုပုဂ္ဂိုလ်ကျော်ကြီး၊ အဘက်ဘက်မှ ထူးချွန်ပြောင်မြောက်ခဲ့သည့် မြဝတီမင်းကြီး ဦးစသည် မြန်မာ့သမိုင်း၊ မြန်မာ့စာပေ၊ မြန်မာ့ဂီတ သမိုင်း၊ မြန်မာ့ အနုပညာ သမိုင်းတို့တွင် စံတစ်ဆူအဖြစ် ပေါ်ထွန်း ခဲ့ပါကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

မြ၀တီ


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...