စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အာဖရိကဇစ်မြစ်ကို စိန်ခေါ်နေတဲ့ မြန်မာ့အရိုးများ ( ၂ )

အံသွားနှစ်ချောင်း၏ အတ္ထုပ္ပတ္တိ
မောင်သစ်ဆင်း
မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနက ၁၉၇၆ ခုနှစ်မှာ မြိုင်နဲ့ ပုလဲမြို့နယ်ထဲက ပုံတောင် တောင်တန်းတစ်လျှောက်အရင်က တွေ့ရှိချက်တွေအပေါ် မူတည်ပြီး ဘူမိဗေဒ လေ့လာရေးနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေမှုတွေ စတင်ခဲ့ပါတယ် ။ အဲ့ဒီနှစ်က ထူးထူးခြားခြားရယ်လို့ ဘာမှ မတွေ့ခဲ့ရပါဘူး။

၁၉၇၈ခုနှစ် ၊ ဧပြီလမှာတော့ မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနက ကထိက ဦးဘမော်နဲ့ အဖွဲ့ဟာ ပုံတောင်ဒေသ မိုးကောင်းရွာအနီး သံတောင်အရပ်မှာ ပုံတောင်ဂျီးယားကော်တာရိုင်နဲ့ အမ်ဖီကိသိကပ် မိုးကောင်းဂျင်းနစ် ရုပ်ကြွင်းတွေကို ထပ်မံ တွေ့ရှိပါတော့တယ်။ “ဧပြီလ ၁၂ ရက်မှာ ပုံတောင်ဂျီးယား ရုပ်ကြွင်းအံသွားကို တွေ့ခဲ့ပြီး ဧပြီ ၁၃ ရက်မှာ မိုးကောင်းဂျင်းနစ် ရုပ်ကြွင်းအံသွားကို တစ်ဆက်တည်း တွေ့ခဲ့တာဗျ။ ကော့တာတို့ ၊ ဘာနမ်ဘရောင်းတို့ တွေ့ခဲ့တဲ့ မေရိုးထက် ပိုပြီး ပြည့်စုံတယ်။ စားထားတဲ့ သစ်ရွက်က အစအနလေးတွေတောင် ဒီအတိုင်း ကျောက်ဖြစ်နေတာ” လို့ ဦးဘမော်က ပြောပါတယ်။ အဲ့ဒီတုန်းက ဦးဘမော်ရဲ့ရင်ထဲမှာ သင်္ကြန်ရေထက် အေးမြနေမလားဘဲ။
အဲ့ဒီနှစ် စက်တင်ဘာလမှာလည်း မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာန ကထိက ဦးသော်တင့်ကလည်း ပုံတောင်ဂျီးယား မေးရိုးအပိုင်း သုံးခု ထပ်တွေ့ခဲ့ပါသေးတယ်။

ရုပ်ကြွင်းတွေက အီယိုဆင်းသက်တမ်းက မြေလွှာမှာတွေ့ရတယ်ဆိုတာ နှစ်သန်းပေါင်း ၄၀ ရှိပြီလို့ ပညာရှင်များ သတ်မှတ်ကြပါတယ်။ လောလောဆယ် ကမ္ဘာက လက်ခံထားတဲ့ သက်တမ်းအရင့်ဆုံး အဆင့်မြင့် ပရိုင်းမိတ် အေဂျစ်ပတိုပိသိကပ်က နှစ်သန်းပေါင်း ၃၀ပဲ ရှိတာကြောင့် ပုံတောင်ရုပ်ကြွင်းတွေက နှစ် ၁၀ သန်း စောနေတယ်။ ဒါဟာ မနုဿဗေဒ လောကကို “တုန်” သွားစေတဲ့ အချက်ပါပဲ။ ပုံတောင်ကို ပညာရှင်တွေ ပြန်လည် စိတ်ဝင်စားလာကြပါတယ်။ “ပုံတောင်ရုပ်ကြွင်းတွေကို ပြန်တွေ့တော့ ကျွန်တော့်ကို “ Rediscoverer” (တွေ့ပြီးသားကြီးကို ပြန်တွေ့သူကြီး) လို့ ပြောကြတာ ရှိတယ်။ ဒါနဲ့ ကျွန်တော်က “ Rediscovery is better than Nondiscover” (ပြန်တွေ့တာဟာ ဘာမှ မတွေ့တာထက်တော့ အများကြီး ပိုကောင်းပါတယ်) လို့ ပြန်ပြောလိုက်ရတယ်” တဲ့။ ဦးဘမော်က ပြန်ပြောင်း အောက်မေ့ပါတယ်။

အမှန်တော့ ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုတွေ့ရဖို့ ဆိုတာ အင်မတန် ခဲယဉ်းတဲ့ကိစ္စပါ။ ဘယ်နေရာမှ ရှိနေမှန်းမသိရတဲ့ အရိုးစုကို မိုင်များစွာ ကျယ်ဝန်းတဲ့ ဒေသတစ်ခုမှာ လိုက်ရှာဖို့ဆိုတာ တွေးကြည့်ရုံနဲ့ သွေးပျက်စရာကြီးပါ ။ “ဒီအလုပ်က ကောက်ရိုးပုံထဲက အပ်ကို လိုက်ရှာရသလိုမျိုးပါဗျာ။ ကံလည်းလိုတယ် ” လို့ အငြိမ်းစား ဘူမိဗေဒ ပါမောက္ခဒေါက်တာ ဦးသိန်းက ဆိုပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုတွေ့ရှိဖို့ဆိုတာ ရုပ်ကြွင်းဖြစ်ဖို့ အခြေအနေ (Fomation) လည်းပေးပါဦးမှ၊ တွေ့ရင်တောင်တွေ့သူဟာ ကျွမ်းကျင်သူ ပညာရှင်ဖြစ်ပါဦးမှ။ (ဥပမာ ကျွန်တော်သာ ရုပ်ကြွင်းတစ်ခုကို ကံကောင်းထောက်မလို့ အမှတ်မထင် တွေ့လိုက်မိရင် ရုပ်ကြွင်းမှန်း သိမှမဟုတ်ဘဲ ရှုပ်လိုက်တဲ့ ကျောက်ခဲဆိုပြီး ကန်ပစ်လိုက်မိမှာပဲ။ ) ။ ပညာရှင်က တွေ့ရင်တောင်မှပဲ ရုပ်ကြွင်းကို အပြည့်အစုံရဖို့ အလွန်ခဲယဉ်းပါတယ်။

များသောအားဖြင့် မေးရိုးတစ်စိတ်တစ်ပိုင်း၊ ခေါင်းခွံတစ်ခြမ်းစသည်ဖြင့် မပြည့်မစုံ အကျိုးအပဲ့တွေကိုသာ တွေ့ရတတ်လေ့ရှိတာပါ။
ဒါပေမယ့် ချားစ်ဒါဝင် စတင် ပုံကြမ်းလောင်းခဲ့တဲ့ မပြီးဆုံးသေးသော လူ့ဖြစ်စဉ် ပန်ချီကားကြီးကို ဖြည့်စွက်ကြဖို့ ကမ္ဘာ့ပညာရှင်တွေကတော့ စိတ်ထက်သန်နေကြလေရဲ့။ ငွေကုန်ခံ လူပင်ပန်းခံပြီး ရတတ်သမျှ ရုပ်ကြွင်းတွေကို ရှာဖွေကြပါတယ်။ Leaky Foundation က ပညာရှင်တွေဆိုရင် ဒီဘာသာရပ်မှာ နာမည်ကြီးပေါ့။ ပါရဂူမြောက်အောင် တော်ကြ၊ ကျွမ်းကျင်ကြ၊ သြဇာကြီးကြပါတယ်။ ကမ္ဘာတစ်ဝှမ်း ပညာရှင်တွေ လေ့လာ ရှာဖွေခဲ့ကြတာ အခုဆိုရင်ရာစုနှစ် တစ်ခုတောင်ကျော်ခဲ့ပြီပေါ့။ ဒါပေမယ့် ရတတ်သမျှ ရုပ်ကြွင်း အထောက်အထားတွေက စိတ်ပျက်ဖို့ ကောင်းလောက်အောင် နည်းပါးလွန်းလှတယ်။ ဒါကြောင့်လည်း ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုး၊ အယူအဆအဖုံဖုံနဲ့ ငြင်းခုန်နေကြရတာပါ။ ရုပ်ကြွင်းများများ တွေ့ပါမှ လူ့အစ ဇာတ်ရှုပ်ကြီးဟာ ရှင်းတန်သလောက် ရှင်းမှာပါ။

အခုတော့ အထောက်အထား နည်းနည်း၊ စိတ်ကူးစိတ်သန်းများ (data-poor imagination – rich) ဖြစ်နေတယ်လို့ တိုင်းမဂ္ဂဇင်းက အားမလို အားမရ ဖြစ်လေရဲ့။
သို့သော် သဘာဝရဲ့ မျက်နှာသာ ပေးမှုကလေးတော့ ရှိပါတယ်။ ကျောက်ဖြစ် ရုပ်ကြွင်းတွေဟာ သဲချောင်း ကမ်းဘေး၊ မြစ်ဘေးလို နေရာမျိုးတွေမှာ တွေ့ရတတ်သတဲ့။ ပုံတောင်ပရိုင်းမိတ်တွေဆိုရင် ကမားချောင်း ဘေးနားက တွေ့ခဲ့ရတာပါ။ “ရုပ်ကြွင်း ရှာဖွေတယ်ဆိုတာ ဘူမိဗေဒအခြေခံနဲ့ ရှာဖွေကြရတာပဲဗျ။ ကျွန်တော်အတွေ့အကြုံအရတော့ မြန်မာအခေါ်“ကျစ်ချောင်”လို့ခေါ်တဲ့ မြေနေရာမျိုးတွေမှာ တွေ့ရတတ်တယ်” လို့ ဦးဘမော်က ရှင်းပြပါတယ် ။ “ အသည်းယားစရာကြီးပါဗျာ၊ ပုံတောင် ပရိုင်းမိတ်တွေဆိုရင် ယမားချောင်းကမ်းဘေးမှာပေါ်နေတာတဲ့၊ ချောင်းရေကျချိန်ရောက်တာနဲ့တစ်ခါတည်း ပါသွားတော့မှာ”လို့ ဒေါက်တာ ဦးသိန်း က ပြောတော့ အမယ်လေးလေး ကံသီလို့ပါလားဆိုပြီး ရင်တမမ ဖြစ်ရပါတယ်။ အတွေ့ဦးပေလို့သာပေါ့။ ချောင်းရေထဲများပါသွားခဲ့ရင်ဖြင့် အာဖရိကကို ကျော်တတ်နိုင်ဖို့ နေနေသာသာ မနုဿဗေဒ မြေပုံမှာ မြန်မာဟာ မထင်မရှား နေရာလေးတောင်ရမှာ မဟုတ်ပါဘူး။ အခုတော့ လူမျိုးနွယ်အစရဲ့ ဗဟိုချက်မလေလားဆိုပြီး ပညာရှင်တွေ မျက်စိဖြဲ ကြည့်ကြရပြီလေ။
သို့ပေမယ့် ပုံတောင်ပရိုင်းမိတ်တွေကို ပညာရှင်အားလုံးက တစ်ညီတစ်ညွတ်တည်း လက်ခံကြတာမဟုတ်ပါဘူး။ ပညာရှင်တို့ ထုံးစံအတိုင်း အလွယ်တကူ လက်မခံတတ်ကြဘဲလုံလောက်တဲ့ အထောက်အထားတွေ တောင်းဆိုကြပါတယ်။ “အမေရိကန် ပညာရှင်တွေက လက်ခံတယ်ဗျ။ ပုံတောင်ဟာ အစောဆုံး ပရိုင်းမိတ်ဆိုတာ။ ဒါပေမယ့် ဥရောပ အထူးသဖြင့် ပြင်သစ်က သိပ်လက်မခံချင်သေးဘူး ။ အခုထိ ရတဲ့ ရုပ်ကြွင်းတွေကို သူတို့အားမရလှသေးဘူး။ မေးရိုးဆိုရင်လည်း တစ်ခုလုံးရတာ မဟုတ်ဘဲ အစိတ်အပိုင်းကလေးတွေ ဆိုတော့။ နောက်ထပ် အထောက်အထားတွေ သူတို့လိုချင်ကြတယ်” တဲ့။ ဒေါက်တာဦးသိန်းက ဆိုပါတယ်။ ဒီဘာသာရပ်မှာ ပြစ်သစ်ပညာရှင်တွေဟာ အလွန် အစဉ်အလာကြီးပါသတဲ့။ သြဇာကြီးပါသတဲ့။
“ပုံတောင် ပရိုင်းမိတ်တွေမှာ အဆင့်နိမ့် ပရိုင်းမိတ်လက္ခဏာတွေလည်း ရှိတယ်။ အဆင့်မြင့် ပရိုင်းမိတ် လက္ခဏာတွေလည်း ရှိတယ်။ နှစ်မျိုး ရောနေတာဗျ ။ အဆင့်နိမ့်ကနေ အဆင့်မြင့်ကို ကူးပြောင်းနေဆဲနဲ့ တူပါတယ်။ ရှေ့အံသွားသုံးချောင်းပါလို့ အဆင့်နိမ့် သတ္တ၀ါပဲဖြစ်တယ်။ အင်သရိုပွိုက် ပရိုင်းမိတ် မဟုတ်ဘူးလို့ယူဆကြဟန်တူပါရဲ့ ” လို့ ဦးဘမော်က ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပုံတောင် ပရိုင်းမိတ်တွေရဲ့ သတင်းကို ကမ္ဘာက သိသွားခဲ့ပါပြီ။ ပုံတောင်ဒေသကိုလည်း စိတ်ဝင်စားလာကြပါပြီ ၁၉၇၈ နှစ်ကုန်ပိုင်းလောက်မှာ မြန်မာနိုင်ငံ ပုံတောင်ပုံညာဒေသနဲ့ ပခုက္ကူဘက် တစ်ဝိုက် ရှေးလူအရိုးတွေ ရှာဖွေစုဆောင်း သုတေသနပြုလိုတဲ့အကြောင်း ပြင်သစ်နဲ့ အမေရိကန်ပညာရှင် အဖွဲ့နှစ်ဖွဲ့က ကမ်းလှမ်းလာပါတော့တယ်။ ပြစ်သစ်အဖွဲ့က ပုံတောင်ပုံညာမှာ သုံးလလောက် လုပ်ငန်းဆောင်ရွက်ပြီး ရရှိတဲ့ ရုပ်ကြွင်းတွေကို အသေးစိတ် လေ့လာဖို့ ပြင်သစ်ကို ယူသွားမယ်။ လေ့လာပြီးရင် မြန်မာနိုင်ငံကို ပြန်ပြီး အပ်မယ်လို့ အဆိုပြုခဲ့ပါတယ်။ အမေရိကန်အဖွဲ့ကတော့ ပုဂံ၊ ပခုက္ကူနဲ့ ရခိုင်ပြည်နယ် အရှေ့ပိုင်းတွေမှာ တစ်ကြိမ် ခြောက်လနဲ့ နှစ်ကြိမ်လာရောက်လိုတဲ့ အကြောင်း၊ ရုပ်ကြွင်းတွေ ရခဲ့ရင် အမေရိကန် ယူသွားပြီး မူရင်း ရုပ်ကြွင်းတွေရဲ့ ပုံသွန်း (Plaster Cast)တွေကို ပြန်ပေးမယ်။ ပြီးတော့ သူတို့မှာ ရှိပြီးဖြစ်တဲ့ တခြား ရုပ်ကြွင်းတွေကိုလည်း မြန်မာနိုင်ငံအတွက် ပေးဦးမယ်လို့ ကမ်းလှမ်းခဲ့ကြပါတယ်။ အဲ့ဒီ အဖွဲ့တွေကို စမစ်ဆိုနီယံ အစ်တီကျူ၊ လီကီဖောင်ဒေးရှင်းအစရှိတဲ့ အဖွဲ့အစည်းကြီးတွေက ကမကထပြုပြီး ရန်ပုံငွေ ထောက်ပံ့တာပါ။
ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ချမှတ်ထားခဲ့တဲ့ သုတေသနလုပ်ငန်းများဆိုင်ရာ မူဝါဒက မြန်မာနိုင်ငံအတွင်း ရုပ်ကြွင်းများ ရှာဖွေလေ့လာခြင်း ကိစ္စကို မြန်မာနိုင်ငံကသာ ဆောင်ရွက်မယ်လို့ ချမှတ်ပြီး ဖြစ်နေပါတယ်။
ဆောင်ရွက်ဖို့အစီအစဉ်တွေလည်း ရေးဆွဲခဲ့ကြပါတယ်။ ဒီတော့ ပုံတောင်ဒေသကို နိုင်ငံတကာ ပညာရှင်တွေ လာရောက်လေ့လာဖို့ အခွင့်မသာခဲ့ပါဘူး။
အဲ….မြန်မာပညာရှင်တွေ သွားရောက် လေ့လာဖို့လည်း အခွင့်မသာတော့ပြန်ဘူး ဖြစ်သွားပြန်တယ်တဲ့။ အဲ့ဒါကတော့ တော်တော်လေး ထူးဆန်းတယ်ဆိုရမှာပါ။
ပညာရပ်တစ်ခုဟာ လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ အခုအချိန်မှာ ပညာရပ်တွေဟာ သီးခြားစီ မဟုတ်တော့ပါဘူး။ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး အကျိုးပြုနေကြတာပါ။ တွေ့ရှိချက် အသစ်တစ်ခုဟာ ရှိရင်းစွဲ အသိပညာကို တိုးတက် ပြောင်းလဲစေပါတယ်။ ဒါကြောင့်လည်း အသစ်တစ်ခု တွေ့လိုက်တာနဲ့ ကမ္ဘာကို အသိပေး ကြေညာရစမြဲ ဖြစ်ပါတယ်။ အဲ့ဒီတွေ့ရှိချက်ကို ၀ိုင်းဝန်းလေ့လာ ဆွေးနွေးဝေဖန် ငြင်းခုံကြရင်းနဲ့ အသိသစ် အမြင်သစ်တွေ တိုးပွားပြီး လူ့ဘောင်လောက တိုးတက်ကျယ်ပြန့် လာရတာပါ။ ပညာဟာ လွတ်လပ်မှုကို ကြိုက်ပါတယ်။ လောင်းရိပ်အောက်က ပညာဟာ တဖြည်းဖြည်း ကြုံလှီ သေဆုံးသွားတတ်ပါတယ်။ ပညာကို အညွန့်တလူလူနဲ့ ဝေဆာပွင့်လန်းစေချင်ရင်တော့ ပညာရဲ့အထက်မှာ ဘာမှမရှိစေရပါဘူး။
XXXXXXXXXX ……….. XXXXXXXX
(၇)
၁၉၇၉ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ အမေရိကန် မနုဿဗေဒ ပညာရှင်နှစ်ဦး မြန်မာနိုင်ငံကို ရောက်လာကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေအဖြစ် ရောက်လာကြတာပါ။ ကယ်လီဖိုးနီးယာ တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ Donald Savage နဲ့ မြောက်ကာရိုလိုင်းနား တက္ကသိုလ်က ဒေါက်တာ ရပ်ဆယ်စီကွန်း(Russel Ciochon)တို့ နှစ်ဦးဟာ မန္တလေးကို ရောက်လာပြီး ဦးဘမော်ကို တွေ့ဆုံကြပါတယ်။ ပုံတောင် ပရိုင်းမိတ်ကို လေ့လာကြည့်ရှုကြပါတယ်။ ပြီးတော့ ပုံတောင်ဒေသကို ရက်အနည်းငယ် သွားရောက် လေ့လာကြပါတယ်။ ရုပ်ကြွင်းမရခဲ့ပေမယ့် ပုံတောင်ပရိုင်းမိတ်တွေအကြောင်း ဦးဘမော်နဲ့ ပူးတွဲပြီး စာတမ်းပြုစု ရေးသားနိုင်ခဲ့ကြပါတယ်။
အဲ့ဒီစာတမ်းဟာ ၁၉၇၉ နိုဝင်ဘာလထုတ် နေချားမဂ္ဂဇင်းမှာ ပါရှိခဲ့ပါတယ်။ ဒါပေမယ့် အထက်ရဲ့ ခွင့်ပြုချက်မရဘဲ ဒီလိုတွေ့ဆုံ၊ လုပ်ဆောင်ခဲ့တဲ့ အတွက်ကြောင့် မူဝါဒ ဆိုင်ရာ အကြောင်းနဲ့ ငြိစွန်းတဲ့အတွက် ဦးဘမော်ဟာ လေးလလောက် ခေတ္တ ရာထူးချခံရပြီး စုံစမ်းစစ်ဆေးခြင်း ခံခဲ့ရပါသတဲ့။
ပါမောက္ခနှစ်ဦး အမေရိကန်ပြန်ရောက်တော့ စာနယ်ဇင်းတွေ၊ ရုပ်မြင်သံကြား အစီအစဉ်တွေကနေပြီး မြန်မာ့ ပုံတောင်ပရိုင်းမိတ်တွေအကြောင်း အသေးစိတ်ဆွေးနွေးကြပါတယ်။ မြန်မာရုပ်ကြွင်းတွေဟာ ကမ္ဘာမှာ တွေ့ခဲ့သမျှထဲက အစောဆုံး ပရိုင်းမိတ်တွေဖြစ်တယ်။ လူမျိုးနွယ်ဟာ မြန်မာနိုင်ငံထဲက စပြီး အာရှအနောက်ပိုင်းဒေသက တဆင့် အာဖရိက ကိုရောက်သွားတာဖြစ်နိုင်တယ်။ မြန်မာနိုင်ငံက ပုံတောင်မြေလွှာမျိုးမှာ ရှေးကျတဲ့ ပရိုင်းမိတ်တွေ ပေါများကြွယ်ဝတဲ့အခြေအနေမျိုးရှိတယ်။ ဒါကြောင့် မြန်မာ့ပညာရှင်တွေနဲ့ အတူလေးနှစ်လောက် စူးစမ်းလေ့လာ အလုပ်လုပ်ချင်တယ်ဆိုတာတွေ ပြောပြကြသတဲ့။
ဒါပေမယ့် အဲ့ဒီကာလ မူဝါဒအရ သူတို့မလုပ်နိုင်ခဲ့ကြပါဘူး။ ဘယ်သူကမှလည်း ဆက်လက်ပြီး ဘာမှ မလုပ်နိုင်ခဲ့ကြပါဘူး။
၁၉၄၃ ခုနှစ်တုန်းကလည်း အရေးကြီးတဲ့ တွေ့ရှိချက်တစ်ခု တွေ့ခဲ့ရသေးတယ်ဗျ။ ဒေါက်တာ ဒီတားရား (Hellmut de terra)နဲ့ အဖွဲ့က မြန်မာပြည်အလယ်ပိုင်း မိုးခေါင်ရေရှားရပ်ဝန်းဒေသ တစ်ဝိုက်မှာ ကျောက်ခေတ်ဦးပိုင်း လူသားတွေအသုံးပြုခဲ့တဲ့ အသုံးအဆောင်တွေ၊ ကျောက်လက်နက်တွေ တစ်ပုံတစ်ပင်တွေ့ရှိခဲ့ကြတယ်။ အဲဒါကို သူတို့က “အညာသားယဉ်ကျေးမှု” (Anyarthian Culture) လို့ ခေတ်ကာလတစ်ခု သတ်မှတ်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ကျောက်ခေတ်ဦးလူသားတွေ နေထိုင်ခဲ့ကြပါလားဆိုတာ သေချာသွားတာပေါ့” လို့ ဦးဘမော် က အမှတ်ရပါတယ်။
ဒါဖြင့် ပုံတောင်ဂျီးယားဟာ မြန်မာနိုင်ငံထဲမှာပဲ “အညာသား”အဖြစ် ဆင့်ကဲပြောင်းလဲခဲ့တာ မဖြစ်နိုင်ဘူးလား။
“မဖြစ်နိုင်သေးဘူးလို့ပြောလို့ မရပါဘူး။ ပုံတောင်ဂျီးယားနဲ့ အညာသားအကြား ဆင့်ကဲပြောင်းလဲခဲ့ကြတဲ့ ရုပ်ကြွင်းတွေသာ ရှာတွေ့ခဲ့ရင် ကိစ္စပြတ်သွားမှာပဲ” တဲ့။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဘူမိဗေဒပညာရှင် တစ်ဦးက မျှော်လင့်ပါတယ်။ ဒီဖြစ်စဉ်ကြီး တကယ်ဖြစ်ခဲ့ပါတယ်လို့ သေချာပေါက်ပြောနိုင်ဖို့ကရုပ်ကြွင်း အထောက်အထားအများကြီး လိုပါတယ်။ Proplithecus, Dyopithecus, Ramapcus, Homo eretus, Neandertal, Cro Magnon အစရှိတဲ့ ဆင့်ကဲပြောင်းလဲနေတဲ့ ရုပ်ကြွင်းတွေ ရရှိမှ ပြောနိုင်မှာပါ။
“တွေ့ဖို့ဆိုတာကလည်း ရှာဖွေကွင်းဆင်း လေ့လာနိုင်မှ ဖြစ်နိုင်တဲ့ ကိစ္စဗျ။ ဒီမှာက ကျောရိုးရုပ်ကြွင်းတွေကို စနစ်တကျ လေ့လာနိုင်သူ မရှိသလောက်ကို နည်းသေးတယ်။ တကယ်လို့ ပြင်ပက နာမည်ကျော် အဖွဲ့အစည်းကြီးတွေက ပညာရှင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်ခွင့်ရရင် သိပ်ကောင်းမယ်။ သူတို့ ဆောင်ရွက်ပုံနည်းစနစ်တွေ။ ပညာတွေ၊ အတတ်ပညာအသစ်တွေ ကျွန်တော်တို့ ရတာပေါ့။ ပူးတွဲစာတမ်းတွေ ပြုစုနိုင်ရင် ပိုပြီး အကျိုးရှိ အမြတ်ထွက်ပါတယ်” လို့ အဲ့ဒီဆရာက လူငယ်ပီပီ အားမာန်တက်ပါတယ်။
အဲ့ဒီ အားမာန်မျိုးဟာ အကောင်အထည် မပေါ်နိုင်တာမျိုး မဟုတ်ပါဘူး။ ပညာရပ်နဲ့ ပတ်သတ်ရင် ငွေကြေး၊ ပညာရှင် အကူအညီပေးချင်တာတွေရှိပါတယ်။
ဒါပေမယ့် အဲ့ဒီကာလက ပညာရပ်ဆိုင်ရာ ကိစ္စနဲ့ နိုင်ငံရေးကိစ္စကို ရောထွေး စဉ်းစားလေ့ရှိခဲ့တာကြောင့် အဲ့ဒီပညာရှင်ရဲ့ အိပ်မက်မျိုးတွေ ပျက်ပြယ်ခဲ့ရတာပါ ။
လူအစ အာရှကလား၊ အာဖရိကကလားဆိုတာ သေသေချာချာ ရှင်းလင်းဖို့ လိုနေပါပြီ။ ဒါပေမယ့် လောလောဆယ်မှာတော့ အာရှဘက်က အထောက်အထား နည်းနေပါသေးတယ်။ ပြင်ပ ပညာရှင်တွေကတော့ မြန်မာနိုင်ငံမှာ ရုပ်ကြွင်းတွေ အတော်များများ ရှိနေနိုင်တယ်လို့ မျှော်လင့် ယုံကြည်နေကြလေရဲ့။ ကျွန်တော်တို့မှာ အတတ်ပညာနဲ့ အတွေ့အကြုံ အားနည်းနေသေးတယ်ဆိုရင် အားကောင်းသူနဲ့ ပူးပေါင်းရမှာပါပဲ။ ပြီးတော့ ဒီကိစ္စဟာ ပိုက်ဆံကိစ္စ၊ စီးပွားရေးကိစ္စ မဟုတ်ပေဘူး။
ပညာရပ် ကိစ္စဖြစ်တယ်။ ခြုံပြီးပြောရရင် ကမ္ဘာ့ကိစ္စလည်းဖြစ်သလို မြန်မာ့ကိစ္စလည်း ဖြစ်ကြောင်းပါ။
“ဘာမှ မတတ်နိုင်ပါဘူးလေဆိုပြီး မေ့မေ့လျော့လျော့ နေကြမယ်ဆိုရင်တော့ ပုံတောင်ကိစ္စဟာ ဟိုတုန်းကလိုပဲ မှေးမှိန် ပျောက်ကွယ်သွားဦးတော့မှာပဲ” လို့ ဘူမိဗေဒ ဆရာငယ်တစ်ယောက်က စိုးရိမ်ဝမ်းနည်းလိုက်ပါတယ်။
XXXXXXXXXX ………. XXXXXXXX
(၈)
ဒါပေမယ့် ၁၉၈၁၊ ဧပြီလမှာ မြန်မာဘူမိဗေဒလောကကို လှုပ်ခနဲ ဖြစ်သွားစေတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပြန်ပါတယ်။ မုံရွာခရိုင် ရွှေမြင်တင် တောင်တန်းနားမှာ ရှေးဦးလူလို့ယူဆရတဲ့ မေးရိုးတစ်ခု တွေ့ရပြန်ပြီတဲ့။
တွေ့ရှိသူကတော့ ပုံတောင်ပရိုင်းမိတ်ကို တွေ့ခဲ့တဲ့ ကထိက ဦးဘမော်ပါပဲ။
ဦးဘမော်က အညာသား၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မုံရွာကြေးမုံအနီး ကြာပိုင်ရွာဇာတိ၊ ချောင်းဦးမှာ အလယ်တန်းအထိ ပညာသင်ခဲ့ပြီး မုံရွာကနေ ဆယ်တန်းအောင်တာပါ။ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဘွဲ့ရပါတယ်။ ဘသာရပ်ကို စိတ်ဝင်စားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူတွေ့ခဲ့တဲ့ ပုံတောင်ဂျီးယားကိစ္စကြောင့် ခေတ္တရာထူး ချခံရ။ စစ်ဆေးခံရတာတွေ ဖြစ်ခဲ့ပြီး စိတ်ဝမ်းမချမ်းမြေ့ ဖြစ်နေခဲ့ရာက စတုတ္ထနှစ်ဘူမိဗေဒ ကျောင်းသားတွေကို ကွင်းဆင်းသင်ပြဖို့ သူ့နယ်မြေဖြစ်တဲ့ နွယ်ခွေရွာ တစ်ဝိုက်ကို သွားရောက် ခွင့်တောင်းတော့ ခွင့်ပြုချက် ရခဲ့ပါတယ်။ (ပုံတောင်ဒေသကတော့ ဘာကြောင့်မှန်းမသိ ကန့်သတ်နယ်မြေလို ဖြစ်နေပြီး နောက်ထပ် ကွင်းဆင်းလေ့လာမှုတွေ မလုပ်ကြဘူးတဲ့)
အဲ့ဒီလို ကွင်းဆင်းလေ့လာကြရင်းနဲ့ နွယ်ခွေရွာရဲ့အနောက်မြောက်ဘက် တစ်မိုင်လောက်အကွာ ဒင်္ဂါးကုန်းလို့ ခေါ်ကြတဲ့ ယာကွက်ထဲကနေ ရှေးဦးလူရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း မေးရိုး အစိတ်အပိုင်းကို တွေ့ခဲ့ရတာပါ။
“ယာကွက်က ရွှေမြင်တင် တောင်တန်းရဲ့ တောင်ဘက်စွန်း တောင်စွယ်ပေါ်မှာဗျ။
ကျောက်စရစ်နဲ့ မြေနီရောနေတဲ့ မြေပေါ်မှာပေါ်နေတာ။ နေကလည်း ပူလိုက်တာဗျာ ကျက်နေတာပဲ။ ကျွန်တော်က ညှပ်ဖိနပ်စီးထားတော့ ခြေထောက်က သိပ်မလုံဘူး။ အဲ့ဒီမှာ တစ်ခုခုနဲ့ ခလုတ်တိုက်မိလိုက်တယ်။ နာသွားလို့ ငုံ့ကြည့်လိုက်တော့မှ ကျောက်ဖြစ်နေတဲ့ အရိုးကို တွေ့လိုက်တာဗျ”
ပြုံးနေတဲ့ ဦးဘမော်ရဲ့ မျက်နှာဟာ အတိတ် ဖြစ်စဉ်တွေကို ပြန်မြင်ရင်းက နုပျိုသွားသလိုပါပဲ။
အဲ့ဒီ မေးရိုးအံသွားတွေကို စစ်ဆေးကြည့်ပြီး အနည်းဆုံး နှစ် နှစ်သိန်း သက်တမ်းရှိတဲ့ Homo eructus ရဲ့အရိုးဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ တွေ့ခဲ့ပြီးဖြစ်တဲ့ ပီကင်းလူနဲ့ ဂျာဗားလူဆိုတဲ့ Homo eructus တွေနဲ့ အဆက်အစပ် ရှိနိုင်တယ်လို့ ယူဆပြီး သူတွေ့ခဲ့တဲ့ အရိုးကို Burma man လို့ နာမည်ပေးလိုက်ပါတယ်။ အခုကာလ ဆိုရင်တော့ Myanmar man ပေါ့။
အဲ့သလို တွေ့ရှိလိုက်တဲ့ သတင်းဟာ မြန်မာ့စာနယ်ဇင်းတွေထဲမှာ သတင်းထူးကြီးတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဦးဘမော်ဟာ ဒါဝင်သီအိုရီရဲ့ အစနဲ့ အဆုံးကို တွေ့ရှိခဲ့တာကလား။ ၁၉၇၈ ခုနှစ်က သူတွေ့ခဲ့တဲ့ ပုံတောင်ဂျီးယားဟာ လူအဖြစ် မကူးပြောင်းသေးဘူး။ အခုတွေ့တဲ့ “မြန်မာလူ” ကတော့ ပီကင်းလူထက် ပိုပြီး ရှေးကျသတဲ့။ အဲ့ဒါ သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပုံတောင်ဂျီးယားနဲ့ အညာသားအကြား ကြားအဆင့်တစ်ခုဖြစ်တဲ့ Homo eructus ရုပ်ကြွင်းကို တွေ့တာ ဖြစ်တယ်လို့ ဆိုနိုင်လေမလား။
မြန်မာပညာရှင် အချို့က ဒါကို လက်မခံကြသေးပါဘူး။ ဒီရုပ်ကြွင်းဟာ လုံးဝ ကျောက်ဖြစ်ရုပ်ကြွင်း မဟုတ်သေးဘဲ တစ်ဝက်တစ်ပျက် ကျောက်ဖြစ်ရုပ်ကြွင်း(Semi-fossil)သာ ဖြစ်တယ်။ ဒါကြောင့် နှစ်ပေါင်း သောင်းဂဏန်းလောက်ပဲ ဖြစ်နိုင်တယ်။ ဒါကြောင့် Homo erectus မဖြစ်နိုင်ဘဲ Homo sapians ရုပ်ကြွင်းသာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
ဦးဘမော်က ဒီရုပ်ကြွင်းကို အကြောင်းပြုပြီး ကောက်ချက်ဆွဲရာမှာ မြန်မာရဲ့အစဟာ ပါမောက္ခ လု(စ်)တို့ ပြောခဲ့သလို မြန်မာ တိဘက်တိုဘားမင်းက ဆင်းသက်လာတယ်ဆိုတာ သံသယဖြစ်စရာ ရှိလာပြီ။ “ မြန်မာဟာ မြန်မာက” လို့ ကျယ်ကျယ်လောင်လောင် ပြောလိုက်ပါတော့တယ်။
ဦးဘမော်ရဲ့ “မြန်မာအစ” ကိုလည်း မြန်မာ့ပညာရှင် အားလုံးက လက်မခံကြသေးပါဘူး။ ဒီလို ပြောနိုင်ဖို့ လုံလောက်တဲ့ အထောက်အထားတွေ အများကြီး လိုနေတယ်လို့ ဆိုကြလေရဲ့။ “ဒီမှာက ရုပ်ကြွင်း အထောက်အထားလို့ ပြောစရာ ပြစရာ သိပ်နည်းလွန်းနေသေးတယ်။ ရုပ်ကြွင်းအရိုးစု တစ်ခုလုံး အပြည့်အစုံရမှ ကောင်းမှာ။ ဒါတောင် အလောင်းတစ်လောင်းနဲ့တင် မပြည့်စုံသေးဘူး။ ၁၄-၁၅ လောင်းလောက်ကိုတွေ့ရမှ” လို့ အငြိမ်းစား သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်းက တောင်းဆိုပါတယ်။
ဒေါက်တာသန်းထွန်းဟာ မကြာခင်က ဦးဘမော် ရုပ်ကြွင်းတွေ့ခဲ့တဲ့ နွယ်ခွေကျေးရွာကို သွားရောက်ခဲ့ပါသေးတယ်။ ကျောက်လက်နက်အချို့လည်း ရရှိခဲ့သေးတယ်။
“ကမ္ဘာမှာ ဘယ်လောက် စီးပွားရေးအရ အရေးကြီးတဲ့ အဆောက်အဦတွေ ဆောက်ဆောက် ရှေးဟောင်း မနုဿဗေဒပညာရှင်၊ သမိုင်းပညာရှင်တွေက ဒီနေရာဟာ ပညာရပ်အရ တန်ဖိုးကြီးတယ်လို့ ဆိုလိုက်ရင် အားလုံး နောက်ဆုတ်ပေးရတာပဲ။ လုံးဝ မထိရဘူး။ ကျွန်တော် နွယ်ခွေသွားတာကတော့ ရေလှောင်တမံဆည်ကြီး ဆောက်တော့မယ်ဆိုလို့ အဲ့ဒီနေရာကို နောက်ဆုံးအနေနဲ့ ပြေးကြည့်တာပါပဲ” လို့ ဒေါက်တာ သန်းထွန်းက ရယ်ရယ်မောမောပြော ပါတယ်။
ဦးဘမော်ရဲ့ အဆိုကို ငြင်းခုန်ကြခဲ့ပေမယ့် ဒီရုပ်ကြွင်းကို ဒေါက်တာ ဦးသိန်းတစ်ယောက်ပဲ ကြည့်ခွင့်ရလိုက်ပါသတဲ့။ ငြင်းဆိုသူ ပညာရှင်အများစုဟာ ဓာတ်ပုံကိုပဲ ကြည့်ပြီး ကောက်ချက် ချကြရတာပါ။ မြန်မာပညာရှင်တွေရော၊ ပြည်ပပညာရှင်တွေပါ ကြည့်ခွင့် မကြုံလိုက်ရတော့ပါဘူး။ ဒီတစ်ခါမှာတော့ ဦးဘမော်က သူနွယ်ခွေက ရခဲ့တဲ့ ရှေးလူရဲ့ မေးရိုးရုပ်ကြွင်းကို အဲ့ဒီတုန်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းညွန့် လက်ထဲ အပ်ခဲ့ပါတယ်။ တိုင်းမှူးကလည်း အဲ့ဒီတုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီးကို မန္တလေးမှာ ပြသခဲ့ပြီး ဦးဘမော်ကို ဖိတ်ကြားလို့ သုံးယောက်သား ညစား စားခဲ့ကြပါသေးတယ်။
“ဒါဖြင့် ဆရာ… အဲ့ဒီသွားတွေ ကျွန်တော်တို့ ဘယ်မှာ ကြည့်နိုင်မလဲ“ လို့ မေးတော့ ဦးဘမော်ကိုယ်တိုင်လည်း မသိပါဘူးတဲ့။ မြန်မာနဲ့ နိုင်ငံတကာပညာရှင်တွေရဲ့ အတည်ပြုချက် လိုအပ်နေသေးပေမယ့် ဒီသွားတွေဟာ မြန်မာတစ်မျိုးသားလုံး အတွက်၊ ကမ္ဘာ့လူသားမျိုးနွယ်ရဲ့ ဖြစ်စဉ် ခရီးအတွက် တန်ဖိုးမဖြတ်နိုင်လောက်တဲ့ ပစ္စည်းတွေ ဖြစ်ကောင်းဖြစ်နိုင်တာမို့ နိုင်ငံတော်ရဲ့ လုံခြုံစိတ်ချရတဲ့ နေရာမှာ ထိန်းသိမ်း ထားရှိလိမ့်မယ်လို့တော့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
ဦးဘမော် က သူ့ “မြန်မာလူ” အကြောင်း စာတမ်းကို ဟောင်ကောင် တက္ကသိုလ်ထုတ် (The East Asian Tertiary/Quaternary Nwesletter) စာစောင်ကို ပေးပို့လိုက်တော့ ၁၉၉၃ ခုနှစ်ထုတ် စာစောင်မှာ ပါရှိလာပါတယ်။ မြန်မာလူအကြောင်းကမ္ဘာက ဘယ်လောက် စိတ်ဝင်တစား တုန့်ပြန်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
မြန်မာလူရဲ့ တန်ဖိုးအစစ်အမှန်ကို တညီတညွတ် မဆုံးဖြတ်နိုင်သေးပေမယ့် အဲ့ဒီ တွေ့ရှိချက်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ သုတေသနဌာနက ဒုတိယအကြိမ် ပြင်ဆင်ရိုက်နှိပ်တဲ့ အခြေပြ မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲမှာ ရေးသားဖော်ပြခဲ့ပါတယ် ။ ဒါတင်မက မုံရွာမြို့ ရာပြည့်ကျောက်စာမှာလည်း မြန်မာလူ၏ မူလအစကို ဤဒေသမှစတင် တွေ့ရှိခဲ့သည်လို့ ရေးထွင်းမော်ကွန်း တင်ထားပြီးပါပြီ။ မုံရွာသားတွေကတော့ အဲ့သည်အတိုင်းပါပဲ။ လုပ်ချင်ရင်လုပ်လိုက်တာပဲ။
ကျန်တာနောက်မှကြည့်ရှင်း။ အင်း …….. ။
XXXXXXX ……….. XXXXXXX
(၉)
ဟုတ်ကဲ့ ကျွန်တော့်သားကြီးမေးတဲ့ လူဘယ်နေရာက စသလဲမေးခွန်းကို ကျွန်တော်မဖြေနိုင်တာ အဲဒါတွေကြောင့်ပါ ။
ကျွန်တော်တို့မှာ အထောက်အထားတွေ လိုနေတယ်။ ဒါပေမယ့် ရှိသမျှသော အထောက်အထားလေးတွေတောင် ဘယ်နေရာရောက်နေမှန်း မသိရပါဘူး။
ပုံတောင်ဂျီးယားမေးရိုး လေးခုကို ပကတိအတိုင်း ကြည့်ဖူးချင်လို့ မေးမြန်းတဲ့အခါ အ.ဆ.ည ကပဲ သိမ်းထားသလိုလို အမျိုးသားပြတိုက် ပို့လိုက်သလိုလိုနဲ့ ရေရေရာရာ မသိခဲ့ရပါဘူ။ နွယ်ခွေမေးရိုးလည်း ထိုနည်းအတိုင်းပါပဲ။
ကျွန်တော်ကတော့ ဇာတိမာန် တက်ချင်သူပါ။
ကမ္ဘာမှာ လူအစ မြန်မာကဟေ့လို့ ကြွေးကြော်ပြီး ဇာတိမာန် တထောင်းထောင်း လက်ခမောင်း တဖြောင်းဖြောင်းခတ်ချင်သူပါ။
အမေရိကန်တို့၊ ဂျပန်တို့ကို “သြော်…. ငါတို့နောက်မှ လူဖြစ်ခဲ့ကြရရှာတာပါလား” လို့ သနားစိတ်ကလေးနဲ့ အပေါ်စီးကကြည့်ချင်သူပါ။
အဲ့ဒီလိုကျွန်တော်တို့ ခံစားနိုင်ဖို့ဆိုတာ အခုလက်ရှိ အထောက်အထားတွေကို သက်ဆိုင်ရာ ကမ္ဘာပညာရှင်တွေ ကိုယ်တိုင်ကြည့်ရှုစစ်ဆေးလေ့လာပြီး လိုအပ်ရင် ရေဒီယိုအက်တစ်နည်းကဲ့သို့သော သက်တမ်းထုတ်ဖော်ပုံမျိုးနဲ့ ဆောင်ရွက်ကြပြီး သေချာတဲ့ အဖြေ တစ်ခုကိုတော့ဖြင့် သိချင်လှပါပြီ။ တကယ်လို့များ ဒီရုပ်ကြွင်းတွေရဲ့ သက်တမ်း အာဖရိကထက်များ စောခဲ့မယ်ဆိုရင် သေချာခဲ့ရင် လူဆင့်ကဲဖြစ်စဉ် သမိုင်းကြီးကို အသစ်တစ်ဖန် ပြန်လည် ရေးသားကြရတော့မှာပါ။
အဲ့ဒီအတွက် ရှိပြီးသမျှ အထောက်အထားလေးတွေရဲ့ တန်ဖိုး အစစ်အမှန်ကို သေချာအောင် ဖော်ထုတ်နိုင်စေကြောင်းနဲ့ နောက်ထပ် အထောက်အထားများလည်း များများနဲ့ မြန်မြန် ရရှိကြပါစေကြောင်း ကျွန်တော်က ဆုတောင်းလိုက်ရပါတယ်။
၁၉၉၅ ၊ စက်တင်ဘာလ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...