စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Bodily Changes သွေးသားပြောင်းလဲမှုများ

Bodily Changes သွေးသားပြောင်းလဲမှုများ


သွေးသားပြောင်းလဲမှုက ဘယ်အသက်အရွယ်ကနေ ဘယ်အသက်အရွယ်အထိ ရှိနိုင်လဲ။ နောက် တကိုယ်လုံး ယားယံပြီးရင် အမဲစက်အဖက်တွေ ထွက်ထွက်လာပါတယ်။ ဒါက ဘာရောဂါကို ဦးတည်နေပါသလဲ။ အသက်က (၂၃) ပါ။ ယောက်ျားလေးပါ။ သိပ်မကြာသေးပါဘူး ဒီနှစ်မှ ဖြစ်တာပါ နေပှုရင် ပိုဖြစ်တတ်ပါတယ်။

ဒီမေးခွန်းကို အခုမှ ပြန်တွေ့ရလို့ ကြာသွားတာ (ဆောရီး) ဗျာ။

အမဲစက်ဆိုတာ အရင်ဖြေပါရစေ။ အရေပြားမှာ အရောင်ရင့်သွားစေတာက တခုခုဖြစ်ရာကနေ ပျောက်လို့၊ ဒါမှမဟုတ် ပျက်လို့ ပြောင်းလာတာ ဖြစ်ပါတယ်။ တခုခုဖြစ်တယ်ဆိုတာ အမျိုးမျိုးပေါ့။ ထိခိုက်တာ၊ ပိုးဝင်တာ၊ အနာဖြစ်တာ၊ ဆေးနဲ့ မတည့်တာ၊ အစုံပါ။ ယားတဲ့ လက္ခဏာ ဆိုတာက များသောအားဖြင့် (အလာဂျီ) မတည့်ဖြစ်တာ၊ မှို-ဗက်တီးရီးယား-ဗိုင်းရပ်စ်-ပါရာဆိုက် ဝင်တာကြောင့် ဖြစ်တယ်။ အပ ပယောဂ တခုမှ မပါဘဲ (ဆဲလ်) တွေ၊ (တစ်ရှူး) တွေဟာ အသစ် ဖြစ်လိုက်၊ ကြီးရင့်လိုက်၊ ပျက်စီးလိုက်၊ သေသွားလိုက် မပြတ်ဖြစ်နေတယ်။ ဒီဖြစ်စဉ်မှာ ပျက်စီး-သေဆုံးတာတွေ ကွာကျရင်လဲ ယားနိုင်တယ်။ ယားတဲ့အဆင့်ဟာ ရောဂါ၊ ဒါမှမဟုတ် ဖြစ်စဉ်တခုရဲ့ အတက်ပိုင်း (အလာဂျီ) လဲ ဖြစ်နိုင်သလို အကျပိုင်း (ပျောက်ကင်းတာ) လဲ ဖြစ်နိုင်တယ်။ (အလာဂျီ) ကို ရေးထားပါတယ်။

သွေးသား-ပြောင်းလဲမှု မေးတဲ့ ဆိုလိုချက်ကိုတော့ အတိအကျ မသိပါ။ ကျွန်တော်တို့ လူမျိုးတွေဟာ စကားကြွယ်သလို စကားလဲ လွယ်ကြတယ်။ စကားအရာမှာ “ဒါဆိုရင် ဒါဘဲ” လို့ ပညာ-ဘာသာရပ် တွေမှာလို (စတင်ဒါရိုက်) စနစ်တကျ သတ်မှတ်ပေးထားတာ မရှိတတ်ပါ။ ဒါပေမဲ့ စကားပြောတဲ့အခါ ဘာသာရပ်တွေပါ ထည့်ပြောကြရတော့ ခက်ပါတော့တယ်။ ပိုခက်သေးတာက သိပ္ပံဘာသာရပ်ရော၊ ဝိဇ္ဇာ-အနုပညာ ဘာသာရပ်တွေရော၊ သူများစကားတွေကို ဘာသာပြန်-ဖလှယ်ကြရတာတွေလဲ ပါရတယ်။ အဲဒီ မဟာတာဝန်ကို ကျွန်တော်တို့ ပညာရေး-စနစ်က ဖြည့်ဆီး မပေးနိုင်သေးပါ။ ဒီတော့ ကိုယ့်နည်း-ကိုယ့်ဟန်၊ ကိုယ့်သဘောနဲ့ကိုယ်၊ ကြိုးစားကြရတယ်။ သူပြောတာ မှန်တယ်။ ငါပြောတာ မမှားဘူး။ ဒါပေမဲ့ သူရော ကိုယ်ရော ဟုတ်ကြရဲ့လား အမေးခံရရင် မေးတဲ့သူကလဲ ဟုတ်ပြန်ရော။

အုပ်ချုပ်ရေး-စနစ်ကနေ (စတင်ဒါရိုက်) လုပ်တာတချို့တော့ ရှိပါတယ်။ “တစ်” လို့ ရေးရမယ်ဆိုတာဟာ အမိန့်နဲ့ ပြဋ္ဌာန်း လိုက်တာသာ ဖြစ်တယ်။ မကြိုက်လို့ ကိုယ့်စာမှာ ကိုယ်ယူဆသလို ရေးရင် သူငယ်ချင်းဆီ စာရေးတာမျိုးတော့ ရတာပေါ့။ ကိုယ်ပိုင် (ဆိုဒ်) မှာတော့ ဖြစ်တာပေါ့။ ပုံနှိပ်ထုတ်ဝေတာကိုပါ အုပ်ချုပ်ရေး-အာဏာနဲ့သာ လုပ်ခွင့် ရှိနေတော့ (ဆင်ဆာ) က (ကင်ဆာ) လိုဘဲ ညှာတာ မရှိဘူ။ အကြောင်းအရာရော၊ သတ်ပုံ-စာလုံးပေါင်းရော၊ ဘာရော-ညာရော အလွတ်မခံဘူး။

“သွေးသား-ပြောင်းလဲမှု” ဆိုတာကို အရွယ် ပြောင်းလဲတာမှာလဲ သုံးတယ်။ အရွယ်ဆိုတာကလဲ အနည်းဆုံး နှစ်မျိုး၊ လူပျို-အပျို ဖြစ်လာတာ နဲ့ သွေးဆုံးချိန် အပြောင်းအလဲတွေ ဖြစ်တယ်။ ဒါတွေကို ဇီဝကမ္မ-အပြောင်းအလဲလို့ သတ်မှတ်တယ်။ ဒီနှစ်မျိုးတင်မကဘဲ ပြောင်းနိုင်တာတွေ ရှိသေးပါတယ်။ ရောဂါဗေဒ-အပြောင်းအလဲ ခေါ်တယ်။ စာ ၄ ပုဒ် ရေးပြီးပါပြီ။
1. Puberty လူပျိုဖြစ်ပြီ၊
2. Virginity (1) အပျို တကယ်စစ်ပါတယ် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၃)၊
3. Virginity (2) လူပျိုစစ်တယ် ပြောတာဘဲ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၈)၊
4. Menopause သွေဆုံး-သားဆုံး။

လူ့ အပြောင်းအလဲတွေထဲမှာ သွေးသား-အပြောင်းအလဲဆိုတာ ပြောကြသလို ကိုယ်ခန္ဓာ-အပြောင်းအလဲ ဆိုတာလဲ ပြောကြတယ်။ ဆေးပညာအနေနဲ့တော့ ဟော်မုန်းတွေကြောင့် ပြောင်းတာကသာ သွေးသား-အပြောင်းအလဲနဲ့ နီးစပ်တယ်။ Changes အပြောင်းအလဲ နဲ့ Reflex အလိုအလျောက်-တုံ့ပြန်မှု၊ Reaction တန်ပြန်-ဖြစ်ပျက်တာ မတူကြပါ။ ရှက်ရင် မျက်နှာ နီလာမယ်။ ဒေါသထွက်ရင် မျက်နှာ မဲ-ရဲတက်လာတယ်။ ဆေးအစွမ်းကြောင့် ချွေးထွက်မယ်၊ ရင်တုံမယ်။ ခြင်ကိုက်ရင် အနီပိန့် ထွက်ပြီး ယားမယ်။ ဒါတွေက ဖြစ်စေတတ်တဲ့ အရှိန်ကုန်ရင် အရင်လို ပြန်ဖြစ်ပါတယ်။

အရင်လို ပြန်မဖြစ်တော့တာတွေထဲမှာ အဓိက Aging Changes အသက်ရလို့ ပြောင်းတာတွေ ဖြစ်တယ်။ Musculo-skeletal system အရိုး-ကြွက်သား စနစ် အပြောင်းအလဲတွေက မြင်သာတယ်။ ဆံဖြူ၊ သွားကျိုး၊ မျက်စိမှုံ၊ လက်တုံ၊ ခါးကိုင်း၊ နားထိုင်း။ ဒီလိုဖြစ်တာဟာ ၃ဝ-၃၅ နှစ်ကျော်မှာလို့ ဆေးစာက သတ်မှတ်တယ်။ အရပ်ပြောတာနဲ့ မကွာပါ။ ခေတ်စကားနဲ့ Rain check လို့ ပြောကြတယ်။ “အခု မရတော့လို့ နောက်မှလာပါ” ဆိုတာမျိုး။

အသက်ရလို့ ပြောင်းတာမှာ (ဆဲလ်) တခုချင်းကစတယ်။ Function လုပ်ဆောင်တာရော Appearance အသွင် သဏ္ဌာန်ရော ပြောင်းလာတယ်။ အရင်ကလို-အရင်ကလောက် မလုပ်နိုင်တော့ဘူး။ “တချိန်ကြ သေရမှာဘဲ” ဆိုတဲ့ Programmed (ပရိုဂရမ်) လုပ်ထားတာကိုး။ Apoptosis ခေါ်သလို Cell suicide လို့လဲ ခေါ်တယ်။ အဟောင်းသေမှလဲ နောက် အသစ်တွေက ပေါက်ဖွါးလာနိုင်မယ်။

(ဆဲလ်) အသစ် ဖြစ်မလာနိုင်ရင် သူရှိတဲ့ Organ အင်္ဂါအစိတ်အပိုင်းကလဲ အရင်လို မလုပ်နိုင်တော့ဘူး။ ဥပမာ အသဲ၊ ကျောက်ကပ်၊ ကျား-အစေ့၊ မ-မျိုးဥအိမ်တွေမှာ အသက်ရရင် (ဆဲလ်) တွေ နည်းလာကြတယ်။ ဒါပေမဲ့ ဦးနှောက်မှာကြ နည်းမသွားပါ။ အမှန်က Compensate ရင်းစားရအောင် လုပ်နိုင်တာပါ။ Strokes (ဆထုပ်ခ်) ရတာ၊ Alzheimer's disease (အဇာမိုင်ယာ) ရောဂါ နဲ့ Parkinson's disease (ပါကင်ဆိုနဇင်) ရောဂါရသူတွေမှာတော့ (ဆဲလ်) နည်းကြပါတယ်။

ကိုယ်ဝန်ဆောင်ရသူတွေမှာ Bodily Changes ကိုယ်ခန္ဓာအပြောင်းအလဲတွေ၊ Hormonal Changes ဟော်မုန်း အပြောင်းအလဲတွေ၊ Physiologic Changes ဇီဝကမ္မ-အပြောင်းအလဲတွေ၊ တလှေကြီးဖြစ်တယ်။ ဆေးပညာအရတော့ ကလေး မွေပြီးရင် အပျိုလုပ်လို့ မရပါ။

အရွယ်ကြောင့်ရော ရောဂါတွေကြောင့်ပါ လုပ်နိုင်စွမ်းတွေ နည်းစေ-နှေးပါတယ်။ အင်္ဂါတခုမှာ နည်းလို့ တခြားအင်္ဂါကို သွားနည်းစေတာလဲ ဖြစ်နိုင်တယ်။ ဥပမာ Atherosclerosis သွေးလွှတ်ကြော မာ-ကျဉ်းနေလို့ ကျောက်ကပ်ကို သွေးလာမှာ နည်းစေမယ်။ ကံကောင်းတာက အလုပ်အားလုံး အရင်လို မလုပ်နိုင်ပေမဲ့ အသက်ရှင်ဘို့ လုံလောက်တယ်။ ဒါ့ကြောင့်လဲ အသဲ၊ ကျောက်ကပ် အစားထိုးဘို့ လှူလို့ရတယ် မဟုတ်ပါလား။

အသက်နဲ့အတူ အရိုးတွေဟာ ပါးလာ၊ အားနည်းလာတယ်။ အမျိုးသမီးတွေ သွေးဆုံးတဲ့နောက် ပိုသိသာတယ်။ Cartilage အရိုးနုတွေ၊ Ligaments အရွတ်တွေ နဲ့ Tendons ကြွက်သားချောင်းတွေလဲ ပါတယ်။ Muscle mass ကြွက်သား-ထုထည် နဲ့ Strength အားနည်းလာမယ်။ အသက် ၇၅ နှစ်ရှိရင် တဝက်သာ ရှိတော့မယ်။ Growth hormone ကြီးထွား-ဟော်မုန်း နည်းလို့ ကြွက်သားထုထည် နည်းရတာဖြစ်တယ်။ တနေကုန် အိပ်ရာထဲ နေရသူတယောက်အတွက် ကြွက်သား ရင်းစား ပြန်ရအောင် လေ့ကျင့်ခန်း ၂ ပါတ် လုပ်ပေးဘို့ လိုတယ်။ အသက် ၆ဝ ရောက်သူတွေဟာ အသက် ၂ဝ တွေထက် စာဖတ်ဘို့ အလင်းရောင်က ၃ ဆပိုသင့်တယ်။

လျှာက အရသာ၊ နှာခေါင်းက အနံ့ရတာတွေ ၅ဝ ကျော်ရင် နည်းလာတယ်။ အရေပြားလဲ ပါးလာတယ်။ ရှုံ့နိုင်-ဆန့်နိုင်စွမ်း နည်းလာတယ်။ ခြောက်သွေ့လာတယ်။ အရေးအကြောင်းတွေ ထင်လာတယ်။ အဆီလွှာလဲ နည်းလာတယ်။ ကူရှင်လို သိပ်မလုပ်နိုင်တော့ဘူး။ အအေး မခံနိုင်တော့ဘူး။ အာရုံကြော အားနည်းလာလို့ ပူ-အေး-ဖိ-နာဆိုတဲ့ ခံစားနိုင်တာတွေ နည်းလာတယ်။ သွေးကြောတွေလဲနည်း၊ ချွေးထွက်အိတ်တွေလဲ နည်းလာတယ်။ Melanocytes အရောင်ချယ် ပစ္စည်းတွေ နည်းလာလို့ နေရောင်ထိတာကို သိပ်မခံနိုင်တော့ဘူး။

Heart နှလုံးနဲ့ Blood vessels သွေးကြောတွေက မာလာကြလို့ သွေးလျှောက်တာ နှေးလာတယ်။ အသက် ၅ဝ ရှိသူရဲ့ နှလုံးဟာ အကြိမ်ပေါင်း 1,261,440,000 (၁့၂ ဘီလျံ) အနဲဆုံး ခုန်ခဲ့ပြီးပြီ။ ဂုဏ်ယူပါလေ။ နှလုံးကနေ သွေး ဂါလံပေါင်း ၂ဝဝဝ ကိုလဲ ဝင်ချီ-ထုက်ချီ လုပ်ခဲ့ပြီဖြစ်တယ်။ အသက်ရှူတာ လုပ်ပေးနေတဲ့ ဗိုက်နဲ့ရင်ခေါင်းကြားက (ဒိုင်ယာဖရမ်) ကြွက်သားကြီးလဲ အားနည်းလာတယ်။ အဆုပ်ထဲက Air sacs လေအိတ်လေးတွေ၊ Capillaries သွေးကြောလေးတွေလဲ နည်းလာတယ်။ Lungs အဆုပ်တွေကလဲ အရင်လောက် မဆန့်နိုင်တော့ပါ။ ဒါ့ကြောင့် Respiratory System အသက်ရှူလမ်း-စနစ်ဟာ သေဆုံးတော့မယ်ဆိုတာကို ပိုပြီးပြသနိုင်တယ်လို့ Framingham Heart Study က ဆိုပါတယ်။

Digestive system အစာခြေစနစ်ကတော့ သိပ်မခိုက်ပါ။ နဲနဲဖြစ်မှာက အစာတွေမျိုတာ ပုံမှန်ဖြစ်ပေမဲ့၊ အောက်ပို့ပေးတာ နှေးမယ်။ Lactase ဆိုတဲ့ (အင်ဇိုင်းမ်) ထွက်တာ နည်းလာလို့ နို့-နို့ပါတဲ့အစာကို ကျေချက်တာ နှေးမယ်။ စားသောက်ရင် ဗိုက်ကယ်၊ ဝမ်းပျက်စေနိုင်တယ်။ အူမကြီး အလုပ်မသွက်လို့ ဝမ်းချုပ်နိုင်တယ်။ အသဲက အရွယ်ငယ်လာ၊ (ဆဲလ်) တွေလဲ နည်းလာလို့ သူအလုပ်တွေထဲက အဆိပ်အတောက်တွေကို ချေဖျက်တာ သိပ်မကောင်းတော့တာမို့ အရက်-ဆေးဝါး သတိထားရတော့မယ်။

ကျောက်ကပ်အရွယ် ငယ်လာမယ်။ အသက် ၃ဝ ကျော်ရင် သွေးဝင်လာတာ နည်းမယ်။ ဓါတ်ဆားတွေ စွန့်ပေးနိုင်တာ နည်းလို့ ရေကိုသာ ထုတ်တာမို့ ရေခမ်းခြောက်တာ ဖြစ်လာမယ်။ Aldosterone ဟော်မုန်း နည်းလို့ ဖြစ်တာပါ။ ဒါပေမဲ့ လူ့ကိုယ်က လိုသလောက်တော့ ဆက်လုပ်ပေးနေတယ်။ ဆီးလမ်းက ထိန်းပေးနိုင်တာ နှေးလို့ ဆီးပိုသွားရလိမ့်မယ်။ ဆီးအိမ်ထဲမှာ ဆီးကျန်တာ၊ ဆီးသွာပြီး ရပ်ရတာ ခက်ခဲလာတယ်။ ယောက်ျားတွေမှာ ဆီးကျိတ်ကြီးလာမယ်။

• Insulin က အရင်လောက် ထုတ်မပေးနိုင်တာ့လို့ သကြားဓါတ်များတတ်တယ်။
• Bone marrow ရိုးတွင်းခြင်ဆီကနေ သွေးဥတွေ ထုတ်ပေးတာ နည်းလာမယ်။
• Immune system ရောဂါပြီးစနစ်က နှေးလာမယ်။
• Cancer ကင်ဆာ ဖြစ်တာ ပိုလာနိုင်တယ်။
• Vaccines ကာကွယ်ဆေးတွေ ကာကွယ်မှုပေးတာ နဲလာတယ်။
• Pneumonia နူမိုးနီးယား၊ Influenza တုပ်ကွေး ပိုဖြစ်လာမယ်။
• Allergy (အလာဂျီ) ဖြစ်ရင် ပိုဆိုးတယ်။
• လိင်ဆိုင်ရာ အပြောင်းအလဲ အမျိုးသမီးကြီးတွေမှာ ယောက်ျားအိုတွေထက် ပိုသိသာတယ်။

အသက်ကြီးလို့ ပြောင်းလဲတာတွေကို Normal Aging (နော်မယ်လ်) ပုံမှန်-အမျိုးအစားလို့ သတ်မှတ်ပါတယ်။ ရောဂါတွေ ရရင်တော့ အသက်ရသူတွေအတွက် ပိုဆိုးတယ်။ “သေရတာ အိုလို့ မဟုတ်ပါ။” Injuries ထိခိုက်မိတာတွေ၊ Infections ရောဂါပိုးဝင်တာတွေက အိုနေသူတွေကို ပိုဆိုးစေတယ်။ ကိုယ်ခန္ဓာ-စနစ်တွေကလဲ တခုနဲ့တခု အကျမြန်တာ မတူပါ။ မျက်စိမှုံပေမဲ့ နားကြားတာ (ပါဖက်) ဖြစ်နေနိုင်တယ်။ တခါတလေ အိုတာနဲ့ နာတာ အခွဲရခက်တယ်။ တယောက်နဲ့ တယောက် အိုစာတာမှာလဲ မတူကြပါ။ “မင်းကြီးများ ငါ မအိုသေး” လို့ အလောင်စည်သူမင်းက ကြွေးကြော်ဘူးတယ်။

Chronological age ဇာတာသက် နဲ့ Biological age ဇီဝသက် မတူကြပါ။ ဇာတာလဲ ဆေး၊ ကျန်းမာရေးလဲ ဂရုစိုက်ဘို့ မမေ့ပါနဲ့။

Dr. တင့်ဆွေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...