စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အပြုံးမပျက်တဲ့အမေ


          ``သား .... ကိုဦး ...။ လာပါအုံးကွယ် ... အဖေစကားနည်းနည်း ပြောချင်လို့´´

          `` ဟုတ်ကဲ့ ... ပြောပါအဖေ ´´

          `` ဒီလိုကွ ... သားနဲ့သမီး မင်္ဂလာဆောင်တုန်းကလဲ သားအမေ ဒေါ်နှင်း နေမကောင်းလို့ မလာနိုင်ဘူးမဟုတ်လား။ သားတို့လဲ မင်္ဂလာဆောင်ပြီးကတည်းက ဟန်းနီးမွန်းခရီးထွက်ကြတာနဲ့ ပြန်ရောက်တော့လဲ အလုပ်တွေနဲ့ပဲ နေ့စဉ် နပမ်းလုံးနေရတာနဲ့ဆိုတော့ ခုထိ သားအမေနဲ့လဲ အဆက်အသွယ်မရဘူးမဟုတ်လား ...။´´

          ``ဟုတ်ကဲ့အဖေ ... ရွာကလူတွေနဲ့လဲ တစ်ယောက်နဲ့မှ အဆက်မသွယ်မရဘူး။ အကြောင်းထူးရှိရင်တော့ သူတို့ အကြောင်းကြားကြမှာပါ´´

          `` ဒီလိုကွ ... အခုဆို သင်္ကြန်နားလဲ နီးလာပြီဆိုတော့ သားတို့လဲ ရုံးပိတ်တော့မယ်။ သမီးကိုလဲ ပွဲရုံပိတ်ခိုင်းထားလိုက်မယ်။ ဒီသင်္ကြန်မှာ သားနဲ့သမီး သားအမေဆီကို သွားကန်တော့ရင်း အဲဒီမှာ အချိန်ပေးနေကြဖို့ အဖေ ပြောချင်တာပါ´´

          သမာသမတ်ကျတဲ့ ယောက်ခမဖြစ်သူရဲ့ စကားကို ကြားတော့ ကိုဦး အလိုလို ကိုယ့်စိတ်ကို သိမ်ငယ်သလို ခံစားမိတယ်။ အမေနဲ့ အစ်မရဲ့ ကျေးဇူးတရားတွေကိုလဲ တစိမ့်စိမ့်ပြန်မြင်ယောင်မိတယ်။

*******

          သူ အသက် (၁၀) နှစ်သား ပဉ္စမတန်းကျောင်းသားဘ၀မှာ အဖေဆုံးခဲ့တယ်။ အဲဒီတုန်းကတော့ အစ်မက (၁၄)နှစ်သမီး (၈) တန်းကို ရောက်နေပါပြီ။ အဖေ့အရိပ်ကို ခိုရင်း အဖေရှာဖွေပေးသမျှကို ထောင့်စေ့အောင် စီမံပေးတတ်တဲ့ အမေ ... ရုတ်တရက် အဖေဆုံးတဲ့အခါ လယ်လေး (၆)ဧကနဲ့ နွားနှစ်ကောင် လှည်းတစ်စီးကလွဲပြီး ဘာမှ မကျန်ခဲ့တဲ့အပြင် နာတာရှည် အဖေ့ကို ကုလိုက်ရလို့ အကြွေးလဲ တော်တော်လေး တင်ခဲ့တယ်။

          ဒီအကြွေးတွေကို လယ်ရောင်းပြီး ဆပ်ပြန်ရင်လဲ လုပ်စားစရာ ဘာမှ ကျန်မှာ မဟုတ်တော့သလို ဒီလယ်ကို ဆက်လုပ်ဖို့ကလဲ သန်သန်မာမာ ထွန်နိုင်ယက်နိုင်တဲ့ ယောက်ျားသားက မရှိတော့ အမေဘာဆက်လုပ်မှာလဲ။ ဦးကြီး(အမေ့အစ်ကိုကြီး) ကတော့ ပြောပါတယ်။ သူရင်းငှားတစ်ယောက်လောက် ငှားပြီး လုပ်ရင်လုပ် မလုပ်ရင်လဲ စပါးနဲ့ သူများကို သမန်းဖြစ်ထွန်ခိုင်းတဲ့။

         သူရင်းငှား ငှားမယ်ဆိုရင် အစအဆုံး စပါး တင်းငါးဆယ်လောက် ပေးရမယ်။ ထမင်းလဲ ကျွေးထားရမယ်။ အိမ်မှာလဲ နေခွင့် အိပ်ခွင့် ပေးထားရမယ်။ လူမမယ်သားလေးနဲ့ အပျိုပေါက်အရွယ်သမီးလေးနဲ့သာ ရှိနေတဲ့ မုဆိုးမမိသားစုထဲမှာ ဘယ်သူစိမ်းကိုမှ ညအိပ်ညဥ့်နေ နေခွင့် မပေးနိုင်ဘူး။ သမန်းဖြစ်ထွန်ဆိုတာကလဲ တစ်ဧကကို ဘယ်လောက်ဖြင် ဘယ်လောက် ထယ်ထိုးချိန်ကနေ စပြီး စိုက်ဖို့အဆင်သင့် သမန်းမြေဖြစ်သွားတဲ့အထိ ထွန်ရေးညက်ညက်ထွန်ပေးဖို့ ခိုင်းရမှာ။ မိုးလာ ရေလာလို့ သူစိုက်ကိုယ်စိုက် စိုက်နေတဲ့အခါ သူ့လယ်ပဲ ဦးစားပေးထွန်မှာပေါ့။ သူ့လယ်ပြီးမှ ကိုယ့်လယ်ကို လာထွန်ပေးမှာ။ ဒီအခါ စိုက်ချိန်နောက်ကျမယ်။ စိုက်ချိန်နောက်ကျရင် စပါးလဲ အထွက်လျော့မယ်။ သူ့ကိုလဲ စပါးပေးပြီး ခိုင်းရမယ်။ ကိုယ့်လယ်လဲ စပါးအထွက်လျော့မယ်။ ဒါမျိုးတော့ မလုပ်ချင် မလုပ်နိုင်။

          ``မလုပ်နိုင်တော့လို့ အသက်ထွက်ချင် ထွက်သွားပါစေ ဘယ်သူ့လက်ဝေခံမှ အဖြစ်မခံနိုင်ဘူး။ ငါ့သမီးနဲ့သားကို ငါ့ခွန်အားနဲ့ ငါ မွေးမယ်´´

လို့ အားတင်းပြီး ဒီနှစ် အမေကိုယ်တိုင် လယ်ထဲ ဆင်းခဲ့တယ်။
*******

          ဒေါ်နှင်းတစ်ယောက် သားဇော သမီးဇောနဲ့ မနက်လေးနာရီလောက် အိပ်ယာကထ ထမင်းအိုးထဲကို ရေများများထည့်ပြီး ကျို ရေဆူတော့ ထယ်ထိုးရင်းသောက်ဖို့ ဓာတ်ဗူးထဲ တစ်ချို့ထည့်။ ကျန်တာကို ဆန်ထည့်ပြီး ထမင်းတစ်အိုး ချက်လိုက်တယ်။ ထမင်းရည်ငှဲ့ပြီး နှပ်ထားတုန်းမှာ သမီးနဲ့သားကျောင်းသွားရင်ထည့်သွားဖို့ မြေပဲကို လေးစိပ်ကွဲထောင်းထားတာလေးနဲ့ ငရုတ်သီးမှုန့်နဲ့ အရင်ကြော် အဲဒီထဲ ဘဲဥဖောက်ထည့် ငံပြာရည်ထည့်လိုက်တော့ ဘဲဥငံပြာရည်ချက် ချက်လိုက်တယ်။ ဘဲဥငံပြာရည်ချက် ကျက်တော့မှ မီးဖိုက မီးသတ်ပြီး မနေ့ညက ကျန်တဲ့ ထမင်းကြမ်းကို ငါးပိရည်နဲ့ ငရုတ်သီးမှုန့်နဲ့ ရောနယ်ပြီး အဆာပြေတ၀ စားလိုက်တယ်။ အားလုံး ပြီးတော့ မနက် ငါးနာရီတောင် ထိုးခါနီးပြီ။

          ``သမီး ... ဌေးဌေး ...။ ထတော့နော်။ အမေ လယ်ထဲ သွားတော့မယ်။ သမီး ... ထ .. ထ ..။ အိမ်တံခါးကို ပြန်ပိတ်လိုက်အုံးနော် သမီး´´

          သမီးကြီး ဌေးဌေးကို နှိုးခဲ့ပြီး နွားတပ် ထယ်တပ်ပြီး လယ်ထဲ ထွက်လာခဲ့တယ်။ ထယ်ထိုးတယ်ဆိုတာ အမြင်မှာသာ လွယ်ပေမယ့် ဒေါ်နှင်းအတွက်တော့ အကျင့်မရှိလို့ လွယ်တော့ မလွယ်လှ မြေပြင်ကို ခြောက်လက်မ အနက်လောက် ဖြစ်အောင် ထယ်သွားနဲ့ ခွဲရ ဆွရတာမှာ နွားနှစ်ကောင်က ထယ်သွားကို ဆွဲသွားသည် ဆိုသော်လည်း ထယ်ကြောင်း တန်းအောင် ထယ်ကြောင်းချင်း စပ်အောင် လူက လိုသလို လိုက်ပြင်ပေးရသည်။ ထယ်တုံးကို တဖက်က ထိန်းရင်း နွားများဖြောင့်ဖြောင့် သွားအောင်လဲ မောင်းရသည် ထယ်ကြောင်းများကြောင် မညီမညာဖြစ်နေသည့် မြေပြင်ပေါ်တွင် တစ်ပတ်ပြီး တစ်ပတ် လိုက်ရသည်မှာ ပင်ပန်းလွန်းလှပါသည်။ သို့သော် ငါ့သားနဲ့ သမီအတွက် ဟူသော စိတ်အတွေး ၀င်လာသည့်အခါ ပန်းသမျှပြေး၍ စမ်းတမျှ အေးရပါသည်။

          မနက် ၈ နာရီလောက်ထိ ထယ်ထိုးပြီး နွားများကို အနားပေးထားသည့်အချိန်တွင် ထယ်ထိုးစဉ်က လေးထောင့်စပ်စပ် လယ်ကွက်များ၏ ထောင့်အထိ ထယ်သွားမရောက်နိုင်သဖြင့် ကျန်နေသည့် လယ်ကွက်ထောင့်များကို ပေါက်တူးဖြင့် လိုက်ပေါက်ပေးရသည်။ အခုလို နားချိန်လေး လိုက်ပေါက်မှ တစ်ခါတည်း ပြီးမည်။ ထားခဲ့လျှင် နောက်မှ သတ်သတ် လိုက်ပေါက်နေရဦးမည်။ လက်နည်းခြေနည်း တစ်ယောက်ထဲသမားမို့ အချိန်ကုန် မခံနိုင်ပေ။

         ထယ်ထိုးစဉ်က ပင်ပန်းသလားထင်ရသည်။ လယ်ထွန်ချိန် ရောက်သည့်အခါ ပင်ပန်းရသည်က ပိုလို့ပင် ဆိုးလှပါသည်။ လယ်ကွက်ထဲတွင် ရေက ထယ်စာဖတ်တို့ ထိပ်မြုပ်လောက်သည်အထိ တင်နေသဖြင့် ထယ်စာများကတော့ နူးနေပြီ။ ထိုထယ်စာများကို အသွားခြောက်သွားပါသော ထွန်ဖြင့် လိုက်ခွဲရတော့မည်။ လယ်ချင်းနီးသည့် ကိုအောင်မြင့်က ကူညီ၍ ပြပေးပါသည်။ ထယ်စာအခဲများကို စချေသည့်အခါ ထောင့်ကြီးအုပ် ထွန်နည်းဖြင့် ထွန်ရသည်။ ထယ်စာကျေပြီးလျှင် နှစ်နံစပ် ထွန်ရသည်။ ထောင့်ကြီးအုပ်က ဘယ်လို နှစ်နံစပ်က ဘယ်လို စသည်ဖြင့် သင်ပေးသည်။ မို့နေသော နေရာမှ မြေများကို ထွန်ဖြင့် တိုက်သွားပြီး ချိုင့်နေသော နေရာအရောက်တွင် ချထားခဲ့ရသည့် ထွန်သဘောတရားကိုလည်း လက်တွေ့ ပြပေးပါသည်။ ထွန်ချေးကန်သည်ဟု ခေါ်ပါသည်။

          သူလုပ်ပြစဉ်က ယောက်ျားအားနှင့်မို့ ထွန်တုံးလက်ကိုင်ကို ဆတ်ကနဲ ဆွဲမကာ ထွန်နှင့် ငြိပါလာသော မြေကြီးများကို ခြေဖနောင့်ဖြင့် ထိုးချလိုက်သည်မှာ လွယ်လွန်းလှပါသည်။ သူကိုယ်တိုင် ၀င်လုပ်ကြည့်သည့်အခါ ထွန်ကိုင်းတံကိုပင် ကြွအောင် မမနိုင်ပေ။ ထို့ကြောင့် ထွန်စာများ ချရမည့် နေရာရောက်လျှင် နွားကို ရပ် ထွန်တုံးကို ပခုံးဖြင့် ပင့်ထမ်းပြီးမှ ချရသည်။ ခရီးကြာသည် ပင်ပန်းသည်ဟု ဆိုသော်ငြားလည်း အလုပ်တော့ ဖြစ်သွားပါသည်။ ဒါကိုပဲ ဒေါ်နှင်း ကျေနပ်လှပါပြီ။ ငါ့ခွန် ငါ့အား ငါ့သွေး ငါ့ချွေးတို့သည် ငါ့သားနှင့် သမီးအတွက် ပေးဆက်ရလေပြီတကား။ ဘယ်လောက်ပဲ ပင်ပန်း ပင်ပန်း အိမ်ပြန်ရောက်လို့ သားနှင့်သမီး သနပ်ခါး အဖွေးသားဖြင့် စာကျက်နေကြသည်ကို မြင်လျှင် ပန်းသမျှ ပြေရတော့သည်။ ဘယ်လောက်ပင်ပန်း ပင်ပန်း အမေ အပြုံးမပျက်ပါဘူး သားနဲ့ သမီးရယ်။

*******

          ``ဟဲ့ မိဌေး ... နင် ငါ့ကို ခွေးဖြစ်အောင် လုပ်နေတာလား ... ဟင် ...။ ငါ့စကားကို နင်နည်းနည်းမှ နားမထောင်ဘူး´´

          ``အမေ့စကားကို သမီး ဒီတစ်ခါတော့ နားမထောင်နိုင်ဘူးအမေ ...။ အမေ သမီးကို သတ်ချင်သတ် ရိုက်ချင်ရိုက်ပါ´´

          ``နင်တို့က နင်တို့အဖေမရှိလို့ ငါ့ကို အာခံချင်တာလား ...။ ဒီမှာ ငါ့မှာ လက်နှစ်ဖက် ခြေနှစ်ဖက် သန်သန်စွမ်းစွမ်း ရှိသေးတယ်။ ငါ့လက်နဲ့ ခြေနဲ့ နင်တို့ကို ကျွေးမထားနိုင်လို့လား´´

          ``ကျွေးမထားနိုင်လို့ ပြောတာ မဟုတ်ပါဘူးအမေရယ်။ သမီး စာကိုလဲစိတ်မ၀င်စားလို့ပါ။ ကျောင်းဆက်တက်ပြီး ဘွဲ့ရသွားတော့ရော သမီး ဘာလုပ်မှာလဲ။ ဘွဲ့လက်မှတ်ကြီးကိုင်ပြီး လယ်ထဲပြန်ဆင်းရမှာပဲ။ သမီး ကျောင်း မတက်ချင်တော့ဘူးအမေရယ်။ မောင်လေးတို့လို ယောက်ျားလေးဆိုရင်တော့ ဘွဲ့ရသွားလဲ ဘယ်နေရာ တာဝန်ကျကျ သွားရတာ အဆင်ပြေတယ်။ သမီးက ဘွဲ့ရလို့ အစိုးရတာဝန်နဲ့ လျှောက်သွားရမယ်ဆိုလဲ အမေ့ကို ထားပြီး မသွားချင်ဘူး။´´

          သမီးကြီးက လာမယ့်နှစ် ကိုးတန်းကို ဆက်မတက်တော့ဟု ဆိုလာသဖြင့် သားအမိနှစ်ယောက် အချေအတင် ပြောဖြစ်သည်။ မိမိပင်ပန်းနေတာကို သိလို့ တမင်ကျောင်းထွက်မှန်း သိသော်လည်း သမီးကြီး၏ အကြောင်းပြချက်ကလဲ ဟုတ်သလိုလိုဖြစ်နေသည်။ ကျောင်းတက်ပြီး အချိန်တွေ အများကြီး မပေးချင်တော့ဘူးတဲ့။ ကိုယ့်မာနနှင့်ကို အတင်းပြန်ထားပြန်ထားလျှင်တော့ ရသည်။ သို့သော် သမီးဆန္ဒအတိုင်း ထွက်ခိုင်းလိုက်လျှင် ခြံထဲမှာ ငရုတ် သခွား ကွမ်း စသည် စိုက်ခိုင်းထားလျှင် တဖက်တလမ်းက ၀င်ငွေ ပိုရနိုင်သည်။ နောက်ဆုံးတော့ ``သမီး အမေ့ကိုပဲ ကူပါရစေ အမေရယ်´´ ဆိုသည့် သမီးစကားကို အတည်ပြုပေးလိုက်သည်။ ဘ၀တိုက်ပွဲအတွက် ရဲဘော်တစ်ဦး တိုးတာပေါ့လေဟု ကြီးကြီးကျယ်ကျယ် တွေးမိရင်း ပြုံးမိရသေးတော့သည်။

          ဒီနှစ်က သမီးကြီးဌေးဌေးရဲ့ အကူအညီရတော့ သူကိုယ်တိုင် ထမင်းချက်ရ သက်သာသွားသည်။ တာဝန်တစ်ခု ပေါ့ပါးသွားသလို ခံစားရသည်။ ခြံထဲမှာလဲ ရုံးပတီ ငရုတ် သခွား ဆနွင်း ကြက်ဟင်းခါး စုံနေအောင် စိုက်ထားတာ တွေ့သည်။ ကွမ်းစိုက်ချင်သည်ဟု ပြောသည်။ ကွမ်းက ကရိကထများသည်။ ဖြစ်သွားလျှင်လဲ ၀င်ငွေ ကောင်းကောင်းရသည်။ ကိုယ်လဲ လုပ်မပေးနိုင်။ သူကိုယ်တိုင်လဲ မလုပ်တတ်သေး။ ထို့ကြောင့် ခြံတကာလှည့်ပြီး ကြည့်နေလေရဲ့။

          အခုတော့ မနက် ၇ နာရီလောက်ဆိုလျှင် သမီး လယ်ထဲလိုက်လာပြီး အဆာပြေလာပို့သည်။ နွားများကို အနားပေးရင်း လယ်ကွက် ထောင့်တွေကို ပေါက်တူးဖြင့် လိုက်ပေါက်နေသည်ကို သူတွေ့ကတည်းက နောက်နေ့များတွင် လယ်ထဲရောက်ကတည်းက သူ့ဘာသာ လိုက်ပေါက်တော့သည်။ အမေ့အပေါ် သိတတ်တဲ့ သမီးကြီးကို ကြည့်ပြီး အပန်းပြေရသလို ကျောင်းမှာ စာတော်သည့် သားငယ် စိုးနိုင်ဦးကြောင့်လဲ ပီတိဖြစ်ကာ အားသစ်ဝေရသည်။ ဘယ်လောက်ပင် ပင်ပန်းစေကာမူ သားလိမ္မာ သမီးလိမ္မာတို့ကြောင့် အမေ့မှာ အပြုံးတောင် မပျက်ခဲ့ရပါလေ။

*******

         ``အမေးးးးး ... သား ဂုဏ်ထူး သုံးဘာသာရတယ် အမေရေးးးးးးးးးး´´

          အိမ်ရှေ့ရောက်ကတည်းက အော်ဟစ်တက်လာတဲ့ သားအသံကြောင့် သားအမိသုံးယောက်လုံးရဲ့ အပျော်တွေက ရင်ထဲမှာ ဆို့တက်လာရတယ်။
          သမီးကြီးဌေးဌေးနှင့် သားအမိနှစ်ဦး တက်ညီလက်ညီ လုပ်ကိုင်လာခဲ့တာ ဒီနှစ်ဆိုရင် သူတို့အဖေလက်ထက်ကတည်းက တင်လာတဲ့ ကြွေးဟောင်းတွေကိုလဲ အကုန် ဆပ်နိုင်ခဲ့ပြီ။ အိမ်ကလေးကိုလဲ ပျဉ်းကတိုးသားနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ဆောက်နိုင်ခဲ့ပြီ။ အခုတစ်ခါ သားငယ်က ဆယ်တန်းကို ဂုဏ်ထူးသုံးဘာသာနဲ့ အောင်တယ်တဲ့။ ၀မ်းသာလွန်းလို့ ဘာမှ မပြောနိုင်ဘဲ သမီးကြီးကို ဖက်ထားရင်းက မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာတယ်။ သွားလေသူကို စိတ်ထဲကနေ အလိုလို တမိပါရဲ့။ အပျော်လွန်လို့ မျက်ရည်ကျရာကနေ ၀မ်းနည်းမျက်ရည် ဖြစ်မသွားအောင် စိတ်ကို စုစည်းပြီး
          ``ဒါဆို သားတက်ချင်တဲ့ ဂျီဒီဘီဆိုလား ဘာလား တက်လို့ ရပြီပေါ့ ဟုတ်လားသား´´
          ``ဂျီတီစီပါအမေရ ... ဂျီတီစီ တက်လို့ ရပြီလေ´´
          ``အမေက သားကို တက္ကသိုလ်ကျောင်းသားကြီး ဖြစ်စေချင်တာ သားရဲ့´´
          ``သားအခု ဂျီတီစီတက်ရရင် နောက်နှစ်နှစ်ဆိုရင် အငယ်တန်းအင်ဂျင်နီယာလက်မှတ် ရမှာအမေရ။ အမှတ်ကောင်းရင်လေ ဘီတက်ခ်ျတို့ ဘီအီးတို့ပါ ဆက်တက်လို့ ရတယ်။ ဘီအီးဆိုရင်လေ အင်ဂျင်နီယာကြီးဖြစ်မှာ´´
          `` ဟယ် ဟုတ်လား ...  သားကြိုးစားနော်။ အမေက အင်ဂျင်နီယာကြီးရဲ့ အမေ ဖြစ်တော့မှာပေါ့ ... ၀မ်းသာလိုက်တာ ... ၀မ်းသာလိုက်တာ´´
          မုဆိုးမ မိနှင်း ... အင်ဂျင်နီယာအမေ ဖြစ်ရတော့မှာပေါ့။ အတွေးနဲ့ ဖြစ်လာတဲ့ ပီတိက အလိုလို အားအင်တွေ ပြည့်လာရသလိုပဲ။ ဒီနှစ်တွေအတွင်းမှာ ယောက်ျားတွေနဲ့ တန်းတူ ရင်ဘောင်တန်းပြီး လယ်ထွန်ရ ထယ်ထိုးရနဲ့ဆိုတော့ ကိုယ့်အသက် ၄၅ နှစ်ဆိုတာတောင် မသိတဲ့လူကို ကျိန်တွယ်ပြောရမလောက် အိုစာသွားခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ်လေ ...။ ရုပ်ဆိုတာ တစ်ချိန် အိုရမှာပဲ။ ကိုယ့်ရင်သွေးကလေးတွေ လူတန်းစေ့အောင် ထားနိုင်မယ်ဆိုရင် အိုရုံမကလို့ လဲကျသွားရင် သွားပါစေ။ အမေအပြုံးမပျက်ပါဘူး။ ဆယ်တန်းအောင်တောင် ရှားပါးနေတဲ့ တစ်ရွာလုံးမှာ ကိုယ့်သားက အင်ဂျင်နီယာလောင်း။ မုဆိုးမဘ၀နဲ့ ကိုယ့်သားကို ဒီလိုဘ၀မျိုးထိ မြေတောင်မြှောက်ပေးနိုင်တာ ဂုဏ်ယူစရာ။ ဒါကြောင့် အခုနေ ပင်ပန်းချင်သလောက် ပင်ပန်းပါစေ သားငယ် အင်ဂျင်နီယာကြီးဖြစ်တော့မှပဲ အင်ဂျင်နီယာကြီးရဲ့ အမေဘ၀နဲ့ ဂုဏ်တင်လိုက်တော့မယ်။

*******

          ``အမေ ... ဒါကတော့ သားဇနီး ခင်သူဇာပါ အမေ ...။ သူဇာ ...။ ဒါကတော့ ကိုယ့်မေမေပါ။ ဒါကတော့ ကိုယ်ပြောပြေနေတဲ့ ကိုယ့်မမကြီး မဌေးဌေးပါ´´
          ``ဟုတ်ကဲ့ ...။ သမီးလဲ တွေ့ရတာ ၀မ်းသာပါတယ်အမေနဲ့ မမကြီး။ သမီးကိုလဲ ဆုံးမစရာရှိရင် ဆုံးမပါနော်´´
          ``လက်ရှိတော့ အိမ်က ပွဲရုံကို သူပဲ ဦးစီးလုပ်နေပါတယ် ...။ သားကလဲ ရုံးပိတ်ရက်တွေမှာ သူ့ကို ကူနေရတော့ အမေ့ဆီ မလာဖြစ်တာပါ´´
          ``ငါ့ချွေးမလေးက တော်လိုက်တာအေ ...။ ချောကလဲ ချောလိုက်တာ ...။ ငါ့သားလေး ကံကောင်းလိုက်တာ ...။ အမေဖြင့် ဘယ်လို ၀မ်းသာမှန်းမသိဘူး´´
          အမေ့စကားအဆုံးတွင် အစ်မကြီးက ဘာမပြော ညာမပြော ဆောင့်ဆောင့်နှင့် အိမ်ခန်းတွင်း ၀င်သွားသည်။ ဇနီးဖြစ်သူ ခင်သူဇာကို လှမ်းကြည့်လိုက်တော့ ခင်သူဇာလဲ သူ့ကို ပြန်ကြည့်နေသည်နှင့် အကြည့်ချင်းဆုံသွားသည်။

          အစ်မကြီး သူ့ကို ချစ်သလောက် ဘယ်လောက်စိတ်နာနေသည်ကို ကိုယ်သာ အသိဆုံးမို့ အစ်မကြီးကိုလဲ အပြစ်မတင်ရက်သလို ဇနီးဖြစ်သူ အနေကြုံ့မှာကိုလဲ စိုးရိမ်မိသည်။ သားအမိနှစ်ယောက် ပင်ပင်ပန်းပန်းဖြင့် လယ်လုပ်ပြီး မိမိကို BE(Civil) ဘွဲ့ရသည်အထိ ကျောင်းထားပေးခဲ့သည်များကို သတိရလေလေ ကိုယ့်ကိုယ်ကို ယူကြုံးမရဖြစ်လေလေ။ နောင်တ တနင့်တပိုးဖြင့် အမေ့ကို မချိပြုံး ပြုံးပြနေရသော်လည်း အမေ့အပြုံးကတော့ သန့်စင်လွန်းလှသည်။ ကိုယ့်ရဲ့ ပျော့ညံ့မှု ဘ၀င်မြင့်မှုတွေကို တွေးမိတိုင်း ကိုယ့်ကိုယ်ကို စက်ဆုပ်မိသည်။

          ဘွဲ့ရပြီး သူဇာတို့ မြို့ကလေးကို မြို့နယ်ဆောက်လုပ်ရေးအင်ဂျင်နီယာအဖြစ် ရောက်ခဲ့ပြီး မကြာမီ သူဇာနှင့် ဆုံစည်းခဲ့ရသည်။ မြို့နယ်အင်ဂျင်နီယာ ဖြစ်လာတော့ ဆက်ဆံရတဲ့အသိုင်းအ၀ိုင်းကလဲ မြို့နယ်မှာ ထိပ်ထိပ်ကျဲတွေနဲ့ချည်း ဆက်ဆံလာရတယ်။ ဒီအသိုင်းအ၀ိုင်းကြားမှာ နေလောင်ထားလို့ ညိုညစ်နေတဲ့ အသားအရေနဲ့ ပြောင်းဖူးဖက်ဆေးလိပ်ကိုမှ အားရပါးရသောက်ပြီး စကားကိုလဲ ချိုချိုသာသာ မပြောတတ်ဘဲ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်တဲ့ မိန်းမကြီးတစ်ယောက်ကို
          ``ဒါ ငါ့အမေပါ´´
လို့ မပြောဝံ့ မပြ၀ံ့ခဲ့။ အင်ဂျင်နီယာကြီးရဲ့ အမေအဖြစ်နဲ့ ဂုဏ်တင်လိုက်မဟဲ့ဆိုတဲ့ အမေ သားဖြစ်သူအင်ဂျင်နီယာကြီးကို လာကြည့်ချင်လိုက်တာဆိုတဲ့ အမေ့ကို သူ့ဆီ လာမှာ စိုးရိမ်လို့ အမျိုးမျိုးအကြောင်းပြခဲ့တာတွေဟာ တွေးမိတိုင်း ကိုယ့်ကိုယ်ကို ကြုံ့ဝင်သွားသလို ခံစားရတယ်။
          အဆိုးဆုံးကတော့ သူဇာနဲ့ မင်္ဂလာဆောင်တော့မယ်ဆိုတဲ့အခါ သူဇာ့မိဘတွေကတော့ ဖိတ်ခိုင်းပါလျက် အမေ့ကို ဒီအသိုင်းအ၀ိုင်းထဲမှာ အမေလို့ မကြေငြာရဲတာနဲ့ ``သူဌေးအသိုင်းအ၀ိုင်းမို့ အမေမလာခဲ့ပါနဲ့´´လို့ အတ္တကြီးစွာ ပြောခဲ့ မှာခဲ့မိတယ်။ တကိုယ်ကောင်းဆန်လွန်းတဲ့ ကိုယ့်ကိုယ်ကို ပြန်တွေးမိတိုင်း စက်ဆုပ် ရွံရှာမိလိုက်တာ။

          ယောက္ခမတွေက အဆင့်အတန်း မခွဲခြားဘဲ ချစ်ကြတာ မြင်တော့ အမေနဲ့ အစ်မကို သတိရလိုက်တာ။ ဒါပေမယ့် ကိုယ့်အပြစ်နဲ့ ကိုယ်မို့ သွားလဲ မသွားရဲ ခေါ်လဲ မခေါ်ရဲနဲ့ အမြဲတမ်း လိပ်ပြာငယ်နေခဲ့မိတယ်။ သူဇာ့အဖေရဲ့ တိုက်တွန်းမှုကြောင့် အမေ့ဆီ လာလို့သာ လာရပေမယ့် စိတ်ထဲမှာ မ၀ံ့မရဲဖြစ်နေတဲ့အထဲ အစ်မကြီးရဲ့ ဆက်ဆံရေးကြောင့် ချက်ချင်းပဲ ပြန်ပြေးချင်လာမိတယ်။
          ``သားလေးတို့ သမီးလေးတို့ အခု သင်္ကြန်ပိတ်ရက်ကလေးမှာ အမေ့ဆီမှာနေနော်။ အမေက သားလေးတို့ဆီ လာလို့က မရဘူးလေ။´´

          အမေ့စကားသံကြောင့် ထိတ်ကနဲ ဖြစ်သွားမိတယ်။ အမေ့ကို ကြည့်လိုက်တော့ အမေ့မျက်ဝန်းမှာ သားကို ခင်တွယ်တဲ့စိတ်နဲ့ လက်နေတဲ့အရောင်က ရင်ကို နင့်သွားစေတယ်။
          ``သမီးတို့လဲ ဒီမှာပဲ နေမှာပါ အမေရဲ့ ...။ အပြန်ကျရင် အမေလဲ သမီးတို့နဲ့ လိုက်ခဲ့လေ´´
သူဇာက အမေ့ကို ခင်တွယ်စွာ ပြောလိုက်တော့ အမေ့မျက်နှာလေး ညှိုးသွားပြီး သူ့ကို ကြည့်လိုက်တယ်။
          `` ဟုတ်တယ်အမေ ...။ သားတို့ ပြန်ရင် အမေရော အစ်မပါ သားတို့နဲ့ လိုက်လည်ပါနော်´´
          ``ငါတို့ရုပ်ရေတွေက စုတ်စုတ်ပြတ်ပြတ်နဲ့ မင်းဂုဏ်ငယ်နေပါ့မယ် မောင်လေးရယ် ...။ အစ်မ မလိုက်တော့ပါဘူး´´
အိမ်ခန်းထဲမှ အစ်မကြီးစကားသံက ရင်ကို နင့်သွားစေတယ်။
          ``အမေနဲ့အစ်မအပေါ်မှာ သားတာဝန်မကျေခဲ့တာ ပြစ်မှားခဲ့မိတာတွေအတွက် ရိုသေစွာ ကန်တော့ တောင်းပန်ချင်လို့ပါ။ သားအပြစ်တွေ ကျေတဲ့အထိ အမေနဲ့ အစ်မကို သားအိမ်ဦးခန်းမှာထားပြီး ပြုစုလုပ်ကျွေးပါရစေဗျာ´´
          ``သမီးရယ် ...။ မောင်လေးကို ဒီလို မပြောပါနဲ့ ...။ သမီးလေးသူဇာ  ...။ 

စိတ်မကောင်းမဖြစ်နဲ့နော်။ သမီးကြီးက သူ့မောင်လေး မလာတာကြာလို့ စိတ်ဆိုးလို့ ပြောတာ´´
          အော် .... အမေရယ် ...။ သားရဲ့ အတ္တတွေ မာနတွေကို အမေ့မေတ္တာနဲ့ တစ်ခါတည်း အရေဖျော်ပေးလိုက်တာလားဗျာ။ သားရဲ့ အတ္တမာန်မာနတွေကြောင့် အခုဆို သားလဲ နောင်တတွေနဲ့ ပူလောင်နေရပါပြီ အမေရယ်။ အမေက ခွင့်လွှတ်လေလေ သားမှာတော့ ပူလောင်ရလေလေပါ။ အမေနဲ့ အစ်မသာ မြေတောင်မြှောက်မပေးခဲ့ရင် သားလဲ အမေတို့ အစ်မတို့လဲ လယ်ထဲ ခြံထဲမှာ နေလောင်ထားတဲ့ အသားအရေနဲ့ ချွေးဒီးဒီးကျအောင် လုပ်ရမှာပါ။ ဒီကျေးဇူးတွေကို မေ့ပြီး တစ်ခဏတာ မာန်တက်မိခဲ့တဲ့ သားကို ခွင့်လွှတ်ပါ အမေရယ်။ သားဘ၀မှာ ဒီစိတ်ဓာတ်မျိုး နောက်ထပ်ဝင်မလာစေရပါဘူးလို့ ကတိပေးပါတယ်။
          နောင်တတွေ တနင့်တပိုးနဲ့ အမေ့မျက်နှာကို မော့ကြည့်လိုက်တော့ သားကို ချစ်မြတ်နိုးစိတ်နဲ့ ကြည့်နေတဲ့ ကြည်စင်ရွှန်းလက်တဲ့ အမေ့ရဲ့ အပြုံးကို မျက်ရည်ကြားကနေ ၀ိုးတ၀ါးးးးးးးးးးးးးး
          အမေရယ် ... ကာယိကဒုက္ခ စေတသိက ဒုက္ခလို့ ခေါ်တဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေနဲ့ အမေ လောကဓံကို ဘယ်လောက်တောင် ဖြတ်သန်းခဲ့ဖြတ်သန်းခဲ့ အမေ့အတွက်အားဆေးဟာ သားပဲဖြစ်နေပါလား။ သားရဲ့ မှားယွင်းတဲ့ မာန်တွေကြောင့် အမေလဲ ၀မ်းနည်းကောင်း နည်းခဲ့ပေလိမ့်မယ်။ ဒါပေမယ့် သားရဲ့ မာန်ချိုးပြီး တိုးလျိုးနေတာက အမေ့ရင်ထဲက ခံစားချက်ကို မြူမှုန်လေးတစ်ခုစာတောင် မကျန်အောင် ခွင့်လွှတ်နိုင်စွမ်းရှိပါလား။ သားမှာသာ နောင်တတွေ တနင့်တပိုးနဲ့ ရင်ကျိုးမတတ်ဖြစ်နေပေမယ့် ခွင့်လွှတ်တတ်တဲ့ အမေကတော့ အပြုံးမပျက်ပါလေ။

          အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ မိဘနှင့် ပတ်သက်သော နောင်တများ ကင်းဝေးကြပါစေဗျာ။ သူငယ်ချင်းအားလုံးကို လေးစားလျက် (ဆန်းစုနိုင်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...