စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘုရားပေးတဲ့ဇာတ်ညွှန်း

သုဂတိဘုံဘ၀တွေ အားလုံးထဲမှာ လူ့ဘုံလူ့ဘ၀ကို ရရှိပြီး လူသားရဲ့ ဘ၀ဇာတ် ထုပ်ကို ကပြသရုပ်ဆောင်ခွင့် ရခြင်းဟာ“အထက်မှာ ဘ၀ဂ်၊ အောက်အ၀ိစိ၊ နှံ့သည့် စကြာဝဠာ၊ ဖီလာထုတ်ချင်း၊ အကြွင်းမရှိ”ဆိုတဲ့အတိုင်း အနိမ့်ဆုံး အ၀ိစိကနေ အမြင့် မြတ်ဆုံး ဖြစ်တဲ့ ဘုရား ရဟန္တာများ အထိဖြစ်ခွင့် ရှိတဲ့ ဘ၀ဖြစ်လို့ သုဂတိအစစ်ဆုံးနဲ့ ဘ၀ဇာတ်အမြင့်ဆုံးဖြစ်တယ်။
ဒီလိုသုဂတိ ဘ၀စစ်စစ်ကို ရောက်ခိုက်,ရခိုက်မှာ ဘုရားရှင်ရဲ့ သာသနာတော် ကြီး နဲ့ပါ ကြုံကြိုက်ခွင့်ရပြီဆိုရင်တော့ အမြင့်ဆုံးဘ၀မှာ အမြတ်ဆုံး ဆုလာဒ်ကြီး တစ်ခုကို ထပ်မံရရှိတာဖြစ်လို့ အချည်းနှီး အဆုံးရှုံး မခံကြဘဲ ထိုက်တန်အောင် သရုပ် ဆောင်ကြ,ပြကြဖို့ ဘုရားရှင်က သတိပေးဆုံးမပါတယ်။ (ခု၊၁၊ ၂၄၇)
undefined

အခုလိုအဆင့်မြင့် သုဂတိဘုံသားဖြစ်ခွင့်ရကြတဲ့ လူတိုင်းဟာလည်း ဘယ်သူ မဆို မိမိတို့ရဲ့ ဘ၀ဇာတ်လမ်းကို ပင်ကိုယ်ကုသိုလ်ဗီဇ ဓာတ်ခံရှိသလောက် ကောင်းမွန် မြင့်မြတ်ပြီး အထူးချွန်ဆုံး အာဇာနည်များဆိုတဲ့ အော်စကာ ဆုကြီးနဲ့သာ ထိုက်တန် အောင် သရုပ်ဆောင်လိုမှာပါ။
“ကြားသူတိုင်း ရွံ၊ မြင်သူတိုင်း မုန်း၊ ကြုံသူတိုင်း နှလုံးနာ”ဆိုတဲ့ အော်စရာ အဖြစ်ဆိုးမျိုးနဲ့တော့ ဘ၀ကို ဇာတ်သိမ်းလိုကြမယ် မဟတ်ုပါဘူး၊ ဒါဟာ တိဟိတ် ဥက္ကဋ္ဌ် ဖြစ်တဲ့ လူသားတိုင်းရဲ့ ဗီဇမှန်စိတ်ဓာတ်ကောင်းတစ်ခုလို့ ဆိုရပါလိမ့်မယ်။

ခုလို အမြင့်မြတ်ဆုံး အခွင့်အရေးကြီးနဲ့ ကြုံကြိုက်ခိုက်မှာ အခွင့်နဲ့ တန်အောင် အရေးပါတဲ့ ဘ၀ဇာတ်သရုပ်ဆောင်တွေ ဖြစ်စေဖို့အတွက် ပွင့်တော်မူပြီးသမျှ ဘုရားရှင် တိုင်းကပဲ“ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား”ဆိုတဲ့ အခြေခံ ဇာတ်ညွှန်း သုံးပိုဒ်ကို ဟောညွှန် ချမှတ်ပေးတော်မူခဲ့ ကြပါတယ်။

ဒီဇာတ်ညွှန်းသုံးပိုဒ်မှာ ရှေ့နှစ်ပိုဒ်က ကာယကံ၊ ၀စီကံတို့ လိုက်နာဆောင်ရွက် သရုပ်ဆောင်ဖို့ ညွှန်ကြားတာဖြစ်ပြီး ဖြူအောင် စိတ်ကိုထား ဆိုတဲ့ နောက်ဆုံးအပိုဒ်က တော့ ဘ၀ဇာတ်ရဲ့ အနီးကပ်ဒါရိုက်တာဖြစ်တဲ့ နှလုံးသား အတွက် ထားရှိရမယ့် အဆင့် အတန်းကို ညွှန်ပြတာဖြစ်ပါတယ်။
မိမိတို့ရဲ့ နှစ်လုံးသားဟာ ဒီအဆင့်အတန်း မှီနေစေဖို့ အတွက်ကတော့ အရင် တစ်ပတ်ကပြောခဲ့တဲ့…….

(၁) စွန့်လွက်အနစ်နာခံခြင်း၊
(၂) ခွင့်လွှတ်သည်းခံခြင်း၊
(၃) ကိုယ်ချင်းစာနာခြင်း၊
(၄) အသိဉာဏ်ဆင်ခြင်တုံတရား အမြဲထားရှိခြင်း၊
ဆိုတဲ့ အရည်အချင်းကောင်း လေးချက်နဲ့ ပြည့်စုံစေရမှာဖြစ်ပါတယ်။

ဒီအရည်အချင်းလေးမျိုးထဲက ပထမဆုံးဖြစ်တဲ့ “စွန့်လွှတ်အနစ်နာခံခြင်း ဆိုတာ ရနိုင်သမျှ အာရုံခံစားစရာ စည်းစိမ်ချမ်းသာနဲ့ အခွင့်အလမ်းအားလုံးကို မိမိအတွက်သာ လက်ဝါးကြီးအုပ် သိမ်းပိုက်ထားလိုတဲ့ ၀ိသမလောဘ စိတ်ဓာတ်ဆိုး(ကာမ၀ိတက်)ရဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ အလောစိတ်ဓာတ်ဖြစ် ပါတယ်။

မြတ်ဗုဒ္ဓရဲ့ အလိုတော်အရ လောကမှာ ကြုံတွေ့ခံစားနေရတဲ့ ဆင်းရဲဒုက္ခ၊ မကျေ နပ် စရာများနဲ့ ၀မ်းနည်း ကြေကွဲစရာ ပြဿနာစတဲ့ ကျက်သရေမဲ့မှုအားလုံးဟာ ဒီတစ် ကိုယ်ကောင်းစိတ်ဓာတ်ကို အခြေခံပြီး ဖြစ်ပေါ်လာတာပါ။
ဒီတစ်ကိုယ်ကောင်းစိတ်ဓာတ် ဆိုးဖြစ်တဲ့ ၀ိသမလောဘဟာ ပြဿနာဆိုး အားလုံးတို့ရဲ့ အဓိက လက်သည် တရားခံဖြစ်တယ်လို့ မိန့်ကြားပါတယ်။

ဒါကြောင့် လောကကြီး ကျက်သရေရှိဖို့အတွက် ပထမဦးဆုံးအနေနဲ့ ၀ိသမ လောဘရဲ့ တိုက်ရိုက်ဆန့်ကျင်ဘက်ဖြစ်တဲ့“စွန့်လွှတ်အနစ်နာခံစိတ်ဓာတ်” (အဘိဓမ္မာ စကားနဲ့ ပြောရရင်တော့ အလောဘ စိတ်ဓာတ်)ရှိဖို့လိုတယ်လို့ ဟောညွှန် တော်မူ တာပါ။
ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် ယောင်ဝါးဝါးနဲ့ အသိအမှတ်လွဲ နေတတ် တာတစ်ခု ကိုလည်း သတိပေးပါရစေ။
လူတိုင်းတိုင်းလိုလိုပဲ လောဘ ဆိုတာ လိုချင်တပ်မက်တဲ့သဘောလို့ သိထားကြ လေတော့၊ ဒီစကားရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အလောက ဆိုတာကို မလိုချင်တဲ့ မတပ် မက်တဲ့ သဘောလို့ ခပ်လွယ်လွယ် မှတ်ထင်နေတတ်ကြ ပါတယ်။

ဒါကြောင့်လဲ တချို့လူပျင်းများက ကိုယ်ဟာ ကိုယ်ပျင်းလို့ အလုပ် မကြိုးစားချင် တာကိုပဲ သူများတွေလို လောဘမကြီးလို့ မလိုချင်လို့ ဆိုတဲ့ သဘောမျိုးနဲ့ ပြောလေ့ ရှိကြတာပါ။
သူတို့ပြောတဲ့ မလိုချင်လို့ ဆိုတာဟာ လောဘရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အလောဘ မဟုတ်ပါဘူး၊ အလောဘ ဆိုတာက ကုသိုလ်တရား အုပ်စုဝင်အမည်ပါ၊ ပျင်းရိတယ် ဆိုတာဟာယ ဆုတ်နစ်ဒေါသလို့ခေါ်တဲ့ အကုသိုလ် အုပ်စုဝင်ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓ ဟောညွှန်လိုရင်းဖြစ်တဲ့ အလောဘဆိုတာ မိမိကလိုချင်လို့ ရှာဖွေရရှိ ထားတဲ့ ပစ္စည်း ဥစ္စာကိုပင်ဖြစ်စေ၊ သူတစ်ပါးရဲ့ ဆင်းရဲဒုက္ခလွတ် မြောက် ရေးအတွက် စွန့်လွှတ်ရဲတဲ့ စိတ်ဓာတ်ကို ဆိလိုတာပါ။

ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရှာဖွေ လုပ်ကိုင်မယ်၊ ရရှိတဲ့ အကျိုး စီးပွါးကိုတော့ ကိုယ့်အတွက် ချည်းသာ ရယူသိမ်းပိုက်ခံစားမယ်ဆိုတဲ့ စိတ်မထားဘဲ သူတစ်ပါးအတွက်ငဲ့ကွက် စွန့်လွှတ်ဖို့ အမြဲထားရှိတဲ့ စိတ်ဓာတ် မျိုးမှ ကုသိုလ်စစ်စစ် ဖြစ်တဲ့ အလောဘစိတ်ဓာတ် ဖြစ်ပါတယ်။
စွန့်လွှတ်အနစ်နာခံတဲ့ စိတ်ဓာတ်နဲ့ ပတ်သက်လို့ ဘုရားရှင်က တပည့်များကို ဆုံးမရာမှာ၊ နေ့စဉ်ဆွမ်းခံရာ ဆွမ်းစားရာမှာပင် ကိုယ်ရနိုင် သမျှအားလုံးကို မယူဘဲ နောက် ပုဂ္ဂိုလ်အတွက် ငဲ့ကွက်ပြီး သင့်တော်ရုံ၊ မျှတရုံသာ ခံယူသုံးဆောင် ကြဖို့ အမြဲ သတိထား အသိပွားကြပါ(ဘောဇနေမတ္တညူ)လို့ ဆုံးမတော်မူပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ ဆုံးမပညတ်တော်မူချက်နဲ့ ပတ်သက်လို့ လေးစားမှတ်သား စရာ ကောင်းတဲ့ မထေရ်မြတ်တို့ရဲ့ လိုက်နာဆောင်ရွက်ပုံကိုလဲ ဆရာစဉ်ဆက် အရ ကြားနာမှတ်သားရဖူးပါတယ်။
မိမိရဲ့ ဆရာ့ဆရာ(ပါစရိယ)ဖြစ်တဲ့ ပုဇွန်တောင်က အရှင်အာဒိစ္စ၀ံသ ကျောင်း တိုက် ကြီးရဲ့ မူလတိုက်တည်ဆရာတော် နာမည်ကျော် မိလိန္ဒပဥှာအဋ္ဌကထာနိဿယ ကျမ်းပြုအကျော် ဆရာတော်ကြီး အရှင်အာဒိစ္စ၀ံသ သက်တော် ထင်ရှားရှိစဉ်က ကျောင်းတိုက် သံဃာတော်များအတွက် ဆွမ်းစားကျောင်းမှာ ဆွမ်းတစ်ဝိုင်း လေးပါး ကျစီ အတွက် ခဲဖွယ်ဘောဇဉ်များ စီစဉ်ထားပြီး အ၀င်ဝမှာ အားလုံး မြင်သာအောင် “ကိုယ့်အခွင့်”ကို သိ၊ နောင်လူကိုလဲ ကြည့်”ဆိုတဲ့ စာတန်းကို ရေးထားပါသတဲ့။
ဒီစာတန်းနဲ့ ပတ်သက်ပြီး ဆရာတော်က “ဆွမ်းတစ်ဝိုင်းမှာ လေးပါးကျစီ သတ်မှတ်ထားတဲ့အတွက် ဘယ်သူမဆို မိမိရှေ့မှာရှိတဲ့ ဆွမ်းပွဲပေါ်က ခဲဖွယ်ဘောဇဉ် အားလုံးရဲ့ လေးဖို့တစ်ဖို့ဟာ မိမိတို့ရသင့်တဲ့ အခွင့်အရေး ဖြစ်တယ်၊ အဲဒါကို သိပြီး ဘယ်လောက်ကောင်းမွန်တဲ့ ခဲဖွယ်ဟင်းလျာကိုမဆို လေးဖို့တစ်ဖို့ထက်မပိုအောင် ဘုဉ်း ပေးကြရပါမယ်။

လေးဖို့တစ်ဖို့ထက် ပိုပြီးအခွင့်အရေးယူခဲ့ရင် ဒါဟာ သူများ အခွင့်အရေးကို မတရားရယူသူတာဖြစ်တယ်၊ စဉ်းလဲတဲ့ ခိုးခြင်းတစ်မျိုးပဲ၊ ဒါကို လုံးဝမကျူးလွန်မိ အောင် ရှောင်ရမယ်၊ မိမိတို့ စားပြီးတဲ့ အခါမှာ သိမ်းဆည်းဆေးကြောကြမယ့် ကပ္ပိယ များနဲ့ ကျောင်းသားများ ရှိကြတယ်၊ သူတို့နဲ့လည်း ကြည့်ပြီး မိမိရဲ့ ရပိုင်ခွင့်ထဲက တက် နိုင်သမျှ ခြုံးခြံခဲ့ရင် ကိုယ်ပိုင်ဆိုင်ခွင့်ကို နောက်လူအတွက် စွန့်လွှတ် လှုဒါန်းရာ ကျတယ်လို့ ရှင်းလင်း မိန့်ကြားပါသတဲ့။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ညောင်တုန်းမြို့ ရွှေဟင်္သာတောရကျောင်းတိုက် မှာ ပညာသင် ယူခဲ့ဖူးတဲ့ ဆရာတော်ကြီးတစ်ပါးနဲ့ စကားစပ်မိတဲ့အခါ ညောင်တုန်း ရွှေဟင်္သာ ကျောင်းတိုက်မှာလဲ အလားတူ ကျင့်သုံးကြောင်း မိန့်ကြားပါတယ်၊ ဆရာတော်ကြီး ပြောပြတာကတော့…..
တပည့်တော်တို့ ညောင်တုန်းရွှေဟင်္သာတောရမှာလည်း ဒီပုံစံမျိုးနဲ့ အလားတူပဲ ကျင့်သုံးကြပါတယ်၊ အဲဒီမှာတော့ ဆွမ်းစားဆောင်မှာ စာနဲ့တော့ ရေးမထားဘူး၊ ဆွမ်း ၀ိုင်းမှာ သံဃာစုံထိုင်းပြီးတာနဲ့ တစ်ပြိုင်နက် နာယကဆရာတော်ကြီးက….

“အရှင်ဘုရားတို့ .. ယခုလို ဆွမ်းတစ်ဝိုင်းမှာ လေးပါးစီထိုင်နေကြတဲ့ အရှင်ဘုရား တို့ရဲ့ ရှေ့က ဆွမ်းပွဲပေါ်မှာ ရှိနေတဲ့ ဟင်းလျာခဲဖွယ်များထဲက လေးဖို့တစ်ဖို့စီဟာ အရှင် ဘုရားတို့အတွက် ရည်မှန်းလှူဒါန်းထာတာဖြစ်လို့ အရှင်ဘုရားတို့ ပိုင်ဆိုင်ကြပါတယ် ဘုရား၊ အရှင်ဘုရားတို့ ဘုဉ်းပေးပြီး ကျန်ခဲ့လို့ရှိရင်လဲ ကပ္ပိယများ ကျောင်းသားများက သိမ်းဆည်းပြီး စားသုံးဆေးကြောကြပါလိမ့်မယ်၊ ခုချိန်မှာ အရှင်ဘုရားတို့က အလှုခံ ပုဂ္ဂိုလ်တွေ ဖြစ်ကြပြီး ဒကာ ဒကာမများနဲ့ ကိပ္ပိယများက လှုဒါန်းသူတွေ ဖြစ်ကြပါတယ်။

တကယ်လို့ အရှင်ဘုရားများက မိမိတို့ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လေးဖို့တစ်ဖို့ထဲက ကပ္ပိယများ ကျောင်းးသားများအတွက် ငဲ့ကွက်ပြီး ချန်ထားခဲ့မယ်ဆိုရင်တော့ အရှင် ဘုရားတို့က အလှုခံပုဂ္ဂိုလ်အဖြစ်ကနေ အလှုပေးပုဂ္ဂိုလ်များ ဖြစ်သွားကြပါလိမ့်မည် ဘုရား၊ ကိုယ်တိုင် အလှုပေးပုဂ္ဂိုလ်များ ဖြစ်ကြရအောင် မေတ္တာ ကရုဏာတရားရှေ့ထား ပြီး ဘုဉ်းပေးသုံးဆောင်တော်မူကြပါဘုရား”လို့ လျောက်ထား မိန့်ကြားလေ့ရှိပါသတဲ့။

သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့“ ဆွမ်းတစ်ပွဲမှာရှိတဲ့ မိမိတို့ရဲ့ ရသင့်တဲ့ အခွင့်အရေးထဲက နဲနဲပါးပါး ချန်ထားတယ်”ဆိုတဲ့ ကိစ္စဟာ ဘာမျှ မပြောပလောက်တဲ့ အသေးအမွှားလေးတစ်ခုလိုပဲ ထင်စရာပါ၊ ဒါပေမယ့် “အမှိုက်ကစ ပြဿဒ်မီးလောင်” တတ်သလို “အမှိုက်က ရွှေုဖြစ်”ဆိုတာလဲ ရှိတတ်တဲ့ သဘာဝအတိုင်း မပြောပလောက် တဲ့ အနည်းအပါးလေးများကို အကြောင်းပြုပြီးတော့ပဲ လူတစ်ဦးချင်း၊ မိသားတစ်စုချင်း ခိုက်ရန်ဖြစ်ပွားခြင်းအစ နိုင်ငံချင်း စစ်ခင်းကြရတဲ့ အထိလဲ ဖြစ်တတ်ကြပြီး ဒီလို မပြောပလောက်တဲ့ အသေးအမွှားလေးတွေကို စွန့်လွှတ် အနစ်နာခံမှုကြောင့်ပဲ လူတစ်ဦးချင်းစီက စပြီး နိုင်ငံချင်းအထိ ရင်းနီးကျွမ်းဝင် ချစ်ခင်မျှတ သွားတာမျိုးလဲ ဖြစ်သွားနိုင်တယ်ဆိုတာကိုလဲ လောကရဲ့ ညီညွတ်မျှတ ကျက်သရေရှိမှုကို လိုလား သူတိုင်း လက်ခံရပါလိမ့်မယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
မှတ်ချက်=မေတ္တာဥယျာဉ်ဆိုဒ်မှကူးယူတင်ပြသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...