ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့နယ် ထိုင်ကူမြစ်တန်းရွာတွင် နေထိုင်သောအဘ ဦးဘအုန်း၊ အမိ ဒေါ်ဖွားရှင်တို့က ၁၉၁၉ ခုနှစ် မေ ၁ဝ ရက် စနေနေ့တွင် စာရေးဆရာကြီး ဒဂုံတာရာကို မွေးဖွား
သန့်စင်ပေးခဲ့သည်။ ဆရာကြီး၏ အမည်ရင်းမှာ ဦးဌေးမြိုင် ဖြစ်သည်။
ဆရာကြီးသည် ရန်ကုန်မြို့ (၇)လမ်း အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်း၊ ကျိုက်လတ်မြို့ အမျိုးသားကျောင်း (၁၉၂၇-၁၉၃၆)၊ ရန်ကုန်ရေကျော် မက်သဒစ်ကျောင်း (၁၉၃၆-၁၉၃၇)၊ ရန်ကုန်တက္ကသိုလ် (၁၉၃၇-၁၉၄ဝ) တို့တွင် ပညာသင်ကြားခဲ့သည်။
၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ တက္ကသိုလ် သိပ္ပံမဂ္ဂဇင်းတွင် ပါဝင်သော ''မှုန်ပြာရီ'' ဝတ္ထုဖြင့် စာပေနယ်၌ စတင်ခြေချခဲ့ပြီး ထိုစဉ်က ကလောင်အမည်ကို ''မြိုင်သဇင်'' ဟု ခံယူခဲ့သည်။ စာပေ လုပ်ငန်းများအဖြစ် ၁၉၄၆ ခုနှစ်တွင် တာရာမဂ္ဂဇင်း ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် အဖြစ် လည်းကောင်း၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ မျိုးညွန့်မဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ် လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသား များသမဂ္ဂ၊ စာပေဖြန့်ချိရေး ဌာန အတွင်းရေးမှူး၊ ၁၉၅ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း
ထို့နောက် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် မြန်မာနိုင်ငံ အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်ကိုပါ ယူခဲ့ရပြီး ၁၉၆၂ ခုနှစ်တွင် အမျိုးသားစာပေ ညီလာခံ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရေးဆရာ စာပေကလပ် အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂဥက္ကဋ္ဌ တာဝန်များကို ပါ ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် တာရာ မဂ္ဂဇင်းကို ထုတ်ဝေခဲ့သည့် အချိန်မှစ၍ ''ဒဂုန်တာရာ'' အမည်ကိုခံယူပြီး စာပေများ ရေးသားခဲ့ပါသည်။ ဆရာကြီးသည် ၁၉၄၁ ခုနှစ်၌ ''မေ'' ဝတ္ထုထုတ်ဝေခဲ့၏။ ထိုဝတ္ထုမှာ နိုင်ငံရေး အငွေ့အသက် ပါရှိသော်လည်း အချစ်ဝတ္ထု ဖြစ်ပါသည်။ သူ့ခေတ် သူ့အခါသည် နိုင်ငံရေး လှုပ်ရှားနေသော အချိန်အခါဖြစ်သဖြင့် ''မေ'' ဝတ္ထုသည် အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကာ လူကြိုက်များခဲ့သည်။
ဆရာကြီးသည် ဒုတိယ ကမ္ဘာစစ် မတိုင်မီက မြိုင်သခင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ စောတင်မူ၊ မောင်လင်းထက်၊ မောင်ကြာညွန့်၊ ဗညားသီဟ၊ မောင်စိမ်းမြနှင့် ဦးဒဂုန်ဟူသော ကလောင် အမည်များဖြင့် စာပေများကို ရေးသားခဲ့ပြီး ဒုတိယကမ္ဘာစစ် နောက်ပိုင်း တွင် ဌေးမြိုင်၊ မောင်သစ္စာ၊ မောင်ခနှင့် မောင်ဘတင့် အမည်များဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေးနှင့် ဝေဖန်ရေးဆိုင်ရာ ဆောင်းပါးများစွာကို ရေးသားခဲ့ပါသည်။
ဆရာကြီး ရေးသားခဲ့သော စာပေများတွင် မေ (၁၉၄၁)၊ ဒဂုန်တာရာ၏ ဒဂုန်တာရာ (၁၉၅ဝ) ၊ ရုပ်ပုံလွှာ (၁၉၅၅)၊ စပယ်ဦး (၁၉၆၁)၊ အလင်္ကာ (၁၉၆၂)၊ ကြာပန်းရေစင် (၁၉၆၃)၊ ဒဂုန်တာရာ၏ ဝတ္ထုပေါင်းချုပ် (၁၉၆၉)၊ ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ (၁၉၇၉)၊ မာယာ(၁၉၉၁)၊ သုနာပရန္တ (၁၉၉၅)တို့သည် အလွန်ထင်ရှား ကျော်ကြားခဲ့သော စာပေများ ဖြစ်ပါသည်။
စာပေခရီးတွင် ရရှိခဲ့သောဆုများမှာ ''စပယ်ဦး'' ဝတ္ထုတိုပေါင်းချုပ်ဖြင့် ၁၉၆၁ ခုနှစ်တွင် စာပေဗိမာန်စာမူဆု၊ ''အလှဗေဒ'' စာအုပ်ဖြင့် ၁၉၉၉ ခုနှစ်တွင် စာပဒေသာ အမျိုးသားစာပေဆု၊ ၂ဝဝ၁ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ တစ်သက်တာ စာပေဆု များကို ရရှိခဲ့သည်။ ဆရာကြီးသည် စာပေ၊ အနုပညာဖြင့် ပျော်ပိုက်သူဖြစ်ရာ မိသားစုမရှိရှာသော လူပျိုကြီး ဘဝဖြင့် တူမအရင်းဖြစ်သူ သူနာပြုဆရာမကြီး ဒေါ်မြင့်မြင့်စိန် (စာရေး ဆရာမ သင်းမြစန္ဒီ)တို့၏ မိသားစုများဖြင့် နေထိုင်ခဲ့သည်။
စာရေးဆရာ၊ ကဗျာဆရာ၊ ငြိမ်းချမ်းရေး ခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်များဖြင့် ''ကိုရီးယားနိုင်ငံ'' မှ ငြိမ်းချမ်းရေးနှင့် စာပေလက်တွေ့ ဆောင်ရွက်မှု ဂုဏ်ပြုဆုကို ဆရာကြီး၏ ကျန်းမာရေး အခြေအနေအရ သွားရောက် မယူခဲ့နိုင်သော်လည်း ဆရာကြီးအတွက The Manhae Grand Prize For Practice (မန်ဟဲမဟာ) ဆုအပေါ်တွင် ''လွတ်လပ်မှုသည် စကြဝဠာကြီးထဲရှိ အရာအားလုံး၏ အသက်ဖြစ်သည့် ငြိမ်းချမ်းရေးသည် လူသားအားလုံးတို့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာစရာ ဖြစ်သည်'' ဟုရေးထိုးကာ ဆုအဖြစ်ပေးအပ်ခဲ့သည့် အခမ်းအနားကို ၂ဝ၁၃ ခုနှစ် သြဂုတ် ၁၁ ရက်တွင် ကိုရီးယားနိုင်ငံ၌ ကိုယ်စားဆုလက်ခံသူ တူမ စာရေးဆရာမ သင်းမြစန္ဒီသို့ ပေးအပ်ခဲ့သည်။ ထိုဆုကို တစ်ကမ္ဘာလုံးမှ ပုဂ္ဂိုလ်ကိုးဦးကိုသာ ချီးမြှင့်ခဲ့ရာတွင် ဆရာကြီး ဒဂုန်တာရာသည် တစ်ဦးအပါအဝင် ရရှိခဲ့ခြင်း ဖြစ်သည်။
ဆရာကြီးသည် ကျန်းမာရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့ ပြည်သူ့ဆေး ရုံ တွင် ဆေးကုသမှုခံနေရာမှ ၂ဝ၁၃ ခုနှစ် သြဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် ရွာငံစုရပ်ဈေး အနောက်ဘက် အမှတ် (၉၁) နေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။ အသက် ၉၅ နှစ် အရွယ်ပင် ဖြစ်သော်လည်း ဆရာကြီး လူ့ရပ်၊ လူ့ရွာစာပေနယ်မှ ထွက်ခွာ သွားသည်မှာ ဆုံးရှုံးမှုကြီးတစ်ရပ် အနေဖြင့် စာပေနယ်မှ စာပေရေးသားနေသော တပည့်သား၊ သမီးများက ဝမ်းနည်းတ သသ ဖြစ်ကြရ ပါသည်။ ဆရာကြီး ကောင်းရာဘုံဘဝမှာ ရောက်ရှိ ခံစားနေရပြီဟုလည်း မျှော်လင့်ကြပါသည်။
By မြ၀တီ
http://
No comments:
Post a Comment