စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘိုးသက်ရှည်၏ တိုးတက် စေလိုသော စေတနာဆန္ဒ(၂)



သားမြေးမြစ်တို့ ကိုယ်ကျန်းမာ ကြံ့ခိုင်ရုံနှင့် မပြီးသေး၊ စိတ်ဓာတ် ကျန်းမာ ကြံ့ခိုင်ရန် ကောင်းမြတ်သော စိတ်ထား၊ မျိုးချစ် ပြည်ချစ် စိတ်ဓာတ် ရှိရန်လည်း
လိုအပ်ပါသည်။ ''ကိုယ်ကျန်းတော့ စိတ်ရွှင်''၊ ''စိတ်ပျိုတော့ ကိုယ်နု''ဟူသော စကားပုံ နှစ်ခု အတိုင်းပင် ကိုယ်ခန္ဓာ ကျန်းမာလျှင် စိတ်က ကြည်လင် လန်းဆန်း ရွှင်ပျ နေပေသည်။ အလားတူ စိတ်ကို နုပျို လန်းဆန်းအောင် နေတတ်လျှင် ကိုယ်ခန္ဓာလည်း ဇရာ (အသက် အရွယ် ပြောင်းလဲ အိုမင်း လာမှု)ကို အထိုက် အလျောက် တောင့်ခံ ပေးနိုင် ပေသည်။ ဖြစ်မလာ သေးသည်ကို တွေးပူခြင်း၊ ဖြစ်လာသမျှကို ကြံ့ကြံ့ခိုင် ဖြေရှင်းကြည့် ဖြေရှင်း မရတော့လျှင် အဆိုးဆုံး မျှော်ပြီး အကောင်းဆုံး ခံနိုင်ရည်ရှိ၊ ဥပေက္ခာ ပြုလိုက် ပေရော့။ သောက ဖိစီး အပူ လုံးကြီး သည်းပွတ် နှလုံးကြွေ ပြုန်းတော့ လေမလား၊ အပူဗျာပါ ထိုင်များ နေရုံဖြင့် မည်သို့မျှ ဖြစ်မလာ။ သောက စိတ်ကို ထိန်းချုပ် နိုင်လျှင် ''စိတ်ထောင်း ကိုယ်ကျေ''မဖြစ်နိုင်တော့ပေ

အဘိုး ကိုယ်တိုင် အနှစ် ၈ဝ ကျော်ဘဝ တစ်လျှောက် ပျော်စရာ၊ ဝမ်းမြောက်စရာများ ကြုံရသည်။ သုခ လောကဓံပေါ့။ စိတ်ညစ်စရာ၊ ဝမ်းနည်းပူပန် စရာ၊ ဆွေးစ ရာ၊ သောက ဗျာပါဒ များခဲ့ရ ဖူးသည်။ ဒုက္ခ လောကဓံ ပါပဲ။ ပြဿနာ အခက် အခဲ ကြုံတွေ့ လာသမျှ ခေါင်းအေးအေး ထားပြီး ဖြေရှင်းသည်။ ပြီးမြောက် သွားသည် လည်းရှိ၊ မည်သို့မျှ ဖြေရှင်း မရနိုင်သော ပြဿနာ ကိစ္စ၊ အမှု အခင်းများ အတွက်ကား ကျောခိုင်းပြီး ခံလိုက်သည်။


 သောက မပွား မေ့ပျောက် ထားလိုက် တော့သည်။ လောကဓံကို ခံနိုင်ရည် ရှိရမည်။ သဘာဝ တရား၏ အဆုံး အမများပါ။ ဒုစရိုက်ကိုရှောင်၊ သုစရိုက်ဆောင်၊ အကုသိုလ်ကိုရှောင်၊ ကုသိုလ် ကို ဆောင်နိုင်လျှင် စိတ်၏ ချမ်းသာခြင်း တည်းဟူသော ပီတိ သုခ ရသကို ခံစား နိုင်ပေမည်။ သက်ကြီး ဝါကြီး ပုဂ္ဂိုလ်များ၏ ညွှန်ပြမှု၊ ဆရာ၊ မိဘတို့၏ သွန်သင်မှု၊ စာကောင်း ပေမွန် တို့၏ ပညာပေးမှု များဖြင့် ဆင်ခြင် သင့်သည်ကို ဆင်ခြင်၊ သင်ခန်းစာ ယူသင့် သည်ကိုယူ၊ မယူသင့် သည်ကိုပယ်၊ စိတ်ဓာတ်ကောင်း ကိုယ်ခံအား ပွားများအောင် လေ့ကျင့် ယူကြရန် သားမြေးမြစ် တို့အား အထူး မှာချင်သည်။

သားသမီး မြေးမြစ် အဘိုး၏ အချစ် အနှစ် ကလေး များကို အမျိုးသား ယဉ်ကျေးမှု အကြောင်း ကြုံသခိုက် ပုံတိုက် ရှင်းပြ အလင်း ရကြ စေချင်သည်။ ကမ္ဘာဦး သမိုင်းဦး ကာလ

ရွှံ့ခေတ်၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်တို့ကို စာသင်ကျောင်း များက သမိုင်း ဘာသာရပ် အဖြစ် သင်ကြား ပေးသည်။ အကျဉ်းချုံး၍ ပြောရလျှင် လူတို့ မယဉ် ကျေးကြသေး၊ အရိုင်း ခေတ်များ အကြောင်း သိနိုင် ကြမည်။ အစပိုင်း၌ အဝတ် အစားမဝတ်၊ လှည့်လည် သွားလာရင်း တွေ့ရာ သစ်ကိုင်း၊ သစ်တုံး၊ ကျောက်တုံး လက်နက် များနှင့် သားငါး များကို သတ်ဖြတ် အစိမ်း စားသည်။ လူလူချင်း သတ်ဖြတ်ရာ၌လည်း ထိုလက်နက် များကို သုံးသည်။ အလေ့ကျ ပေါက်နေသော သစ်ဥ သစ်ဖု သစ်သီး သစ်ရွက်များခူး စားကြသည်။ ပိုင်ရှင် မရှိ လိုသလို ခူးစား နိုင်သည်ကို ပဒေသာပင် ခေတ်ဟု ဆိုကြသည်။ နိုင်ငံရေး အသုံး သမိုင်း အခေါ်အရ သမိုင်းဦး ဘုံမြေ ဖြစ်သည်။

လူတို့သည် နေပူဒဏ်၊ မိုးဒဏ်နှင့် အအေးဒဏ်မှ လူကို ကာကွယ်ရန်၊ ပိုးမွှား မှတ်ခြင်ဒဏ် ခံနိုင်ရန် သစ်ခက် သစ်ရွက်များ ကိုယ်မှာ ပတ်ကြသည်။ မိမိတို့ သတ်စားပြီး ပစ်ထားသော တိရစ္ဆာန် အရေခွံ ခြောက်များ ကိုယ်မှာ ပတ်ချည် ကြသည်။ တဖြည်းဖြည်း သစ်ခေါက်များ၊ လျှော်များကို ထုတေပြီး ကိုယ်မှာ ဆင်မြန်း ကြသည်။ ဝါမှ ချည်မျှင် ထုတ်တတ် လာချိန် ချည်ထည်များ ရက်လုပ် ဝတ်ဆင် လာကြသည်။ တစ်စ တစ်စဖြင့် တိုးတက်လာရာ ယနေ့ခေတ် ချည်ထည် ပိုးထည် ဓာတု ပစ္စည်းမှ ထုတ်လုပ်သော နိုင်လွန်၊ တက်ထရွန်၊ ဒက်ကရွန်း၊ ပီုလီယက်စတာ စသည့် အထည် များကို ဖက်ရှင် ဒီဇိုင်း မျိုးစုံ ဝတ်တတ် လာသည်။ 

အလေ့ကျ သစ်ပင် များမှ သစ်သီး ခူးစားရာ သစ်စေ့မှ အပင် ပေါက်သည်ကို သိလာပြီး စိုက်ကြ ပျိုးကြသည်။ မြေဂူ၊ ကျောက်လိုဏ်၊ ကျောက်ကမ်းပါးစွန်း အောင်း  အခက် အလက် အရွက်ထူသော သစ်ပင်ကြီးများအောက် နေခို၊ မိုးခို၊ နှင်းခိုရာမှ စိုက်ခင်းစောင့် သစ်ခက်တဲ၊ ထိုမှ တဲအိမ်၊ တိုက်တာ ယနေ့ခေတ် ဆန်းမှ ဆန်းဆိုသော အဆောက် အအုံများ ဆောက်လုပ် နေထိုင် တတ်ကြပြီ။ အမိုး အကာဖြင့် တဲ၊ အိမ်၊ တိုက်တာ ဝင်းခြံတို့ ဆောက်လုပ် နေထိုင် ရခြင်းမှာ ဥတု ရာသီဒဏ် ခံနိုင်ရန်၊ ပိုးမွှား သားရဲ တိရစ္ဆာန်ရန် ကာကွယ်ရန်၊ ခိုးသား ဓားပြ အန္တရာယ်မှ ကာကွယ်ရန်၊  ကိုယ်ပိုင် ပစ္စည်း ဥစ္စာများ လုံခြုံရန် ဖြစ်ပေသည်။ ယနေ့ခေတ် အလှဆင်၊ အခန်းပြင်၊ အပူအအေး လိုသလို ဖန်တီးနိုင်သော  ဇိမ်ခံ တိုက်ကြီးများ အထိ ဆောက်နေ နိုင်ကြပြီ။

ကျောက်ခေတ်တွင် တိရစ္ဆာန်တို့၏ အသားကို ဖမ်းဆီး ရသမျှ အစိမ်းလိုက် ဝါးစားကြသည်။ တောမီးလောင်၍ ပိတ်မိသော တောကောင် သေတို့၏ မီးလောင် (မီးဖုတ်)ထားသော အသား၏ အနံ့ကို ကြိုက်၍ ဆွဲဖဲ့ စားကြည့်ရာ အရသာ ကောင်းမွန်မှန်း သိလာကြသည်။ ဤသို့ဖြင့် မီးရအောင် မွှေးယူသည်။ မီးဖုတ် ချက်ပြုတ် စားကြရာ ယနေ့ ကမ္ဘာ့ ရသာစုံ စားဖွယ်စုံများ ခေတ်အထိ လှမ်းတက် လာခဲ့ ပေသည်။

စိုက်ခင်း များကို သူစိမ်းဝင်မခူးရန် တဲထိုး စောင့်ရာမှ စိုက်ခင်းစောင့် တဲစုများ ရွာဖြစ် လာသည်။ အငြင်းပွား ရန်ဖြစ်လျှင် သက်ဝါကြီး၍ အတွေ့ အကြုံကြွယ် သူထံ အဆုံး အဖြတ် ခံကြသည်။ ဤသို့ဖြင့် ရွာ၊ မြို့၊ နိုင်ငံ အုပ်ချုပ်ရေး လုပ်ငန်းများ ထူထောင် မိလာသည်။ သစ်သီး အတွဲ လိုက်ခူးပြီး ထမ်းပိုး လာသူနှင့် သားကောင် ထမ်းလာသူတို့ လမ်းတွင် သူ့သစ်သီးနှင့် ကိုယ့်သားငါးများ ဖလှယ် စားသုံး ကြသည်။ နောင် သူ့သစ်သီးကို လိုချင်သည်။ ကိုယ့်တွင် သားငါး ပေးစရာ မရှိသော အခါ ရှားရှား ပါးပါး ကောက်ရထားသော ပြိုးပြိုး ပြောင်ပြောင် သတ္တု စသည် တို့ကို ပေး၍ ဖလှယ်ကြသည်။ ဤသို့ဖြင့် ဖလှယ် ရောင်းဝယ်ခြင်း၊ ဖလှယ်ရေး ကြားခံ ပစ္စည်း တစ်မျိုးမျိုးမှ တစ်ဆင့် ငွေကြေး ယူနစ်ကူး ယနေ့ခေတ် ကုမ္ပဏီ၊ ကော်ပို ရေးရှင်း စသည့် စီးပွားရေး လုပ်ငန်း ကြီးများ၊ ဘဏ်များ၊ ကုန်သယ်ယာဉ်များ၊ ကူးသန်း ရောင်းဝယ် ရေးများ မြင့်တက် ထွန်းကား လာသည်။

ရိုင်းရာမှ  ယဉ်သည် အထိ လူတို့၏ အသိဥာဏ်ဖြင့် အားထုတ် ခဲ့ကြ၍ လူနေမှု စနစ် မြင့်မား လာသည်။ ဤသို့ လူတို့ နေထိုင်သွားလာ၊ လုပ်ကိုင်၊ တည်ဆောက်၊ ဖလှယ်ရောင်းဝယ်၊ စီမံ အုပ်ချုပ်သည့် အဆင့် များကို မြန်မာ တို့က ယဉ်ကျေးမှု (လူ့ယဉ်ကျေးမှု)၊ အင်္ဂလိပ် ဘာသာဖြင့် (Civilization) ဟုခေါ်ကြသည်။ လူတို့သည် သစ်ပင် ကိုင်းပင် လေးများ လေတိုက်ရာမှ ယိမ်းနွဲ့ လှုပ်ရှား ပုံကို အတုယူကာ ကိုယ်ခန္ဓာ ခြေလက် တို့ကို ယိမ်းနွဲ့ လှုပ်ရှား ကြရာမှ အက ပညာ ပေါ်လာသည်။ ကျေးငှက်တို့ ကျီကျီကျာကျာ သံရှည် သံတို မြည်ကျူးသံ၊ သစ်ရွက် အကြို အကြား တရွှီရွှီ မြည်သော လေတိုးသံ၊ ပလုံပလုံ အချက် (စည်းချက်မှန်) ရေစီး သံများကို တုပပြီး သံတို၊ သံရှည်၊ သံပြတ်၊ သံနိမ့်၊ သံမြင့်၊ တက်သံ၊ သက်သံ၊ တန့်သံများ နှုတ်မှ ရွတ်ကြရင်း တေးဂီတ အဆို ပညာများ ပေါ်ပေါက် လာသည်။

အမဲလိုက် ရာ၌ သုံးသော  လေးမြားမှ လေးကြိုး၏ တင်းလျှင် မြည်သော အသံ၊ လျော့လျှင် မြည်သော အသံ များကို သတိ မူမိပြီး စောင်းကဲ့သို့သော ကြိုးတင်း၊ ကြိုးလျှော့၊ ကြိုးတပ် တူရိယာ၊ သစ်ရွက်မှုတ် လေချွန်ရာမှ လေမှုတ် တူရိယာ စသည့် တူရိယာများ ထွင်နိုင် လာကြသည်။ ကျောက်ခေတ် လူသားများ နေခဲ့ဖူးသော ကျောက်ဂူ နံရံများ (မြန်မာနိုင်ငံ တောင်ကြီး ခရိုင် ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူစု အပါအဝင် နိုင်ငံအချို့မှ ရှေးဟောင်း ဂူများ)တွင် ကျောက်ခေတ် လူသားတို့က မိမိတို့ ကြုံတွေ့ ခဲ့ရသော ကြံ့၊ ဆင်၊ ပန်းပွင့်၊ မိမိတို့ လက်ဖဝါးပုံ များကို ရရာ မီးသွေး၊ ကျောက်တုံး တို့ဖြင့် ရေးဆွဲသော နံရံ ပန်းချီများ တွေ့ရသည်။  ပန်းချီ ပညာလည်း  ကျောက်ခေတ် ကတည်းက ပေါ်ပေါက် ခဲ့ပေပြီ။

ဤသို့  ရင်ထဲတွင် ဖြစ်ပေါ် လာသော   သာယာမှု၊ တက်ကြွမှု၊ ကြေကွဲ ဝမ်းနည်းမှု၊ ဒေါသ ဖြစ်မှု များကို ဂီတဖြင့်၊ အဆို အကဖြင့်၊ ပန်းချီဖြင့် ခံစားရသမျှ ဖော်ထုတ် အန်ချကြရင်း၊ အနု ပညာရပ် မျိုးစုံ၊ ရသမြောက်၊ ဂုဏ် အလင်္ကာမြောက် အနုပညာများ၊ အနုစာပေများ ဖြစ်ထွန်း ခဲ့သည်။ ဤကား လူတို့၏ စိတ်ပိုင်း ယဉ်ကျေးမှု တိုးတက် လာခြင်း ဖြစ်သည်။ ထို အနု သုခုမ ယဉ်ကျေးမှု များကို အင်္ဂလိပ် ဘာသာ စကား၌ Culture ဟုသုံးပြီး မြန်မာ တို့ကမူ ယဉ်ကျေးမှု ဟုသာ သုံးသည်။ ရုပ်ပိုင်း ယဉ်ကျေးမှု (Civilization)နှင့် စိတ်ပိုင်း ယဉ်ကျေးမှု (Culture) တို့ကို မြန်မာက ယဉ်ကျေးမှု ဟုသာ သုံးလေ့ ရှိသဖြင့်  ပိုမို ကွဲပြား စေရန် ရုပ်ပိုင်း ယဉ်ကျေး မှုကို (လူ့ ယဉ်ကျေးမှု) ဟု သုံးနိုင်ပြီး စိတ်ပိုင်း ယဉ်ကျေး မှုကို (ယဉ်ကျေးမှု အနုပညာ) ဟု သုံးနိုင် ပေသည်။

ယဉ်ကျေးမှုတွင် ဘိုးဘွား မိဘမှ သားစဉ် မြေးဆက် ဆင်းသက် လာ၍ မိမွေ ဖမွေ (မိရိုးဖလာ) ဆက်ခံ ရရှိသော ယဉ်ကျေး မှုကို  မူလ ပင်ကို ယဉ်ကျေးမှု (ပကတိ ယဉ်ကျေးမှု)ဟု ခေါ်တွင်သည်။ မူလ ယဉ်ကျေးမှု ကိုပင် အမွေ မခံနိုင်ဘဲ ရိုင်းနေရာမှ ယဉ်အောင် သွန်သင် ပျိုးထောင် လေ့ကျင့်၍ ရရှိသော (ပြုပြင်ပြီး) ယဉ်ကျေးမှု၊ ထို့အပြင် မူလ ယဉ်ကျေးမှု (ပကတိ ယဉ်ကျေးမှု) ရှိထား ပြီးပါလျက် ပိုမို ကောင်းမြတ် မြင့်မားစွာ အားထုတ် လေ့ကျင့် သဖြင့် ထူးခြား ပြောင်မြောက်စွာ ယဉ်ကျေး လာခြင်း တို့ကို (ဝိကတိ ယဉ်ကျေးမှု)ဟု ခေါ်ပေသည်။ ပြုပြင် မွမ်းမံ အမွှမ်း တင်ထားသော၊ အရောင် တင်ထားသော ယဉ်ကျေးမှု ဟု ဆိုလိုပေသည်။

မြေမှ တူးဖော် ရရှိသော ပတ္တမြား၊ ကျောက် အရိုင်းတုံး၊ စိန် အရိုင်းတုံး တို့တွင် ပကတိ တန်ဖိုး ရှိပြီး ဖြစ်သည်။ ထိုကျောက် အရိုင်းတုံး များ၏ မူလ တန်ဖိုးမှာ ငွေကျပ် တစ်သိန်း တန်သည် ဆိုပါစို့။ ထို ကျောက် အရိုင်းတုံးကို ကျွမ်းကျင်သော ကျောက်သွေး ဆရာက ခေတ်မီ ကိရိယာ စက်ပစ္စည်း နည်းပညာ တို့ဖြင့် အကွက်ဖော် သွေးယူ၊ အရောင် တင်လိုက်သော အခါ ထိုပတ္တမြား၊ ထိုစိန်တို့၏ တန်ဖိုးသည် ငါးသိန်းလည်းဟုတ်၊ ဆယ်သိန်းလည်းဟုတ် (ဝိကတိ)  တန်ဖိုး တက်သွား သကဲ့သို့ပင် လူ့ ယဉ်ကျေးမှုတွင်လည်း ပကတိ ယဉ်ကျေးမှုကို ပြုပြင် အရောင် တင်ပြီး လေ့ကျင့် ယူသော ဝိကတိ ယဉ်ကျေးမှု အဆင့် ရောက်လာ စေသည်။

ဤနေရာတွင် အဓိပ္ပာယ် အတွေး မမှားရန် လိုပေသည်။ မူလ မြန်မာ့ ကိုယ်ပိုင်(ပကတိ) ယဉ်ကျေးမှုကို (ဝိကတိ) ယဉ်ကျေးမှု ဖြစ်အောင် နိုင်ငံခြားမှ ယဉ်ကျေးမှု များကို ပုံတူ ကူးခြင်း စသည့် အတုခိုး မှားခြင်းမျိုး အဖြစ် အဓိပ္ပာယ် မဖွင့် သင့်ပေ။ ''အဟောင်း စံတင် အသစ်ထွင်''၊ ''လမ်းရိုး ဟောင်းတွင် ဆင့်ကာထွင်'' ဟူသော ဆိုရိုး စကားများနှင့် အညီ ခေတ်စနစ်နှင့် အညီ ဆန်းသစ်သော နည်းပညာ တို့ဖြင့် မိမိတို့ ရိုးရာယဉ် ကျေးမှုကို မြန်မာ အမျိုးသား ဘောင် အတွင်းမှ တီထွင် ဆန်းသစ်ခြင်းကို ဆိုလို ပေသည်။

သူတို့ နိုင်ငံများ မှာပင် လူများစု လက်မခံဘဲ လူတစ်စုက သားသမီးတို့ သဘာဝ နေထိုင် လုပ်ကိုင်၊ သီဆို၊ ကခုန် နေသော (သရုပ်ပျက်) ယဉ်ကျေးမှု များကို ပုံတူကူး အတုခိုး မှားလျှင် ပကတိ ယဉ်ကျေးမှုပင် ပျက်သွား ပေမည်။ ဝိကတိ မဖြစ်ဘဲ ကိုယ့်ပကတိ ယဉ်ကျေးမှုကို ဖျက်ရာ ရောက်သည်။ သရုပ်ပျက် ယဉ်ကျေး မှုကို အတုခိုး မှားလျှင် သူတို့ လုပ်သလို  ဆေးခြောက်၊ ဘိန်းဖြူ၊ စိတ်ကြွဆေး၊ လိင်ဖောက်ပြန်မှု၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့် ယဉ်ကျေး မှုကို အထင်သေး ကျောခိုင်း မိလာ တတ်ပေသည်။ အမျိုးသားရေး စိတ်ဓာတ် ခန်းခြောက်၍ မျိုးချစ်စိတ် ပျောက်ကာ အမျိုးသားရေး ကိုယ်ခံအား ကွယ်ပျောက် သွားပေမည်။

ခေတ်ဆန်သည် (Modernize) ဖြစ်သည်ဟု ဆိုကြသည်။ ဤသို့ပြုပေမှ သရုပ်ပျက် (အကျင့် ပျက်)များ အတု ယူကာ ဝတ်စား ဆင်ယင် ကော့ကော် ကန်ကား ကခုန်ခြင်းသည် ခေတ်၏ ရေစီး ကြောင်းဟု ဆင်ခြေ ပေးကြသည်။ ရေစီး ကြောင်းသည် ရှိပြီးသား ဖြစ်ကြောင်း ချောင်းမြောင်း တို့တွင်သာ စီးဆင်းရမည်။ လိုအပ်က မြောင်းသစ် ဖောက်မည်။

မလိုလားအပ်သော ရေကြီး ရေလွှမ်းမိုး မှုများမှ ကာကွယ်ရန် ဆည်မြောင်း တာတမံစနစ် ပေါ်လာ ရခြင်း ဖြစ်သည်။ မြေးတို့ မြစ်တို့ရေ ရေစီးကြောင်းသစ် ဆိုတိုင်း ရေလိုက် မလွဲ ကြစေနဲ့၊ ရေလိုက် လွဲလျှင် ရေတိမ်လည်း နစ်မည်။ ရေနက်လည်း နစ်မည်။ ပြည်ပက ရအောင် ယူအပ် သည်မှာ ခေတ်မီ အဆင့်မြင့် အသိ၊ အတတ်၊ နည်း ပညာကောင်း များသာ ဖြစ်သည် ဟူ၍ မှတ် ကြပါလေ။     ။

တက္ကသိုလ်မြတ်သူ

 http://www.myawady.com.mm/library/stories/storiesforall/item/21306-2013-08-03-12

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...