စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ အသေလွတ်သောချမ်းသာ၊ မကုန်ပျက်သောချမ်းသာ ”


Sunday, August 25, 2013

[ www.facebook.com/youngbuddhistassociation.mm ]
တစ်နည်းအားဖြင့် ကာလိက၊ အကာလိကအခွဲကတော့ “သေခြင်းတရားကို လွန်မြောက်နိုင်တဲ့ချမ်းသာကို
အကာလိကချမ်းသာ၊ သေခြင်းတရားကို မလွန်မြောက်နိုင်တဲ့ချမ်းသာကို ကာလိကချမ်းသာ”လို့ ခေါ်ပါတယ်။

လောကီအာရုံ ကာမဂုဏ်ချမ်းသာတွေဟာ သေခြင်းတရားကို မလွန်မြောက်နိုင်တဲ့ ချမ်းသာတွေပဲ။

ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာမပါဘဲ ကာမဂုဏ်အာရုံ ခံစားမူသက်သက်နဲ့ သေခြင်းတရားက လွန်မြောက်
သွားတယ်ဆိုတာ မရှိပါဘူး။ သေခြင်းတရားကို လွန်မြောက်တယ်ဆိုတာ နိဗ္ဗာန်ကို မျက်မှောက်ပြုတာကို
ပြောတာပါ။

အာရုံကာမဂုဏ်ခံစားမူနဲ့ သေခြင်းတရားကို မလွန်မြောက်နိုင်တဲ့အပြင် အာရုံကာမဂုဏ်တွေအပေါ်မှာ စွဲလမ်းတဲ့စိတ်နဲ့ သေသွားမယ်ဆိုရင် အပါယ်လေးပါးကိုတောင်မှ ကျရောက်
နိုင်ပါတယ်။

အာရုံကာမဂုဏ်တွေကို ရှာဖွေတဲ့နေရာမှာ မကောင်းမူ ဒုစရိုက်တွေ ပြုလုပ်ခဲ့မယ်၊ မတရားတဲ့ အသက်မွေး
ဝမ်းကျောင်းမူတွေ ပြုလုပ်ခဲ့မယ်ဆိုရင်တော့ အဲဒီအမူတွေ
အတွက် အပါယ်လေးပါးမှာ ဒုက္ခအကြွေးတွေ ဆပ်ကြရမှာပါပဲ။

အာရုံကာမဂုဏ်ခံစားမူဟာ သေခြင်းတရားကို မလွန်မြောက်နိုင်တဲ့ချမ်းသာပါ။ ကာမဂုဏ်ချမ်းသာတွေအတွက် လုပ်နေတဲ့အလုပ် အားလုံးဟာလည်း သေခြင်းတရားကို မလွန်မြောက်
နိုင်တဲ့အလုပ်၊ အသေမလွတ်နိုင်တဲ့ အလုပ်တွေ ဖြစ်ပါတယ်။

ဝိပဿနာချမ်းသာ၊ မဂ်ဖိုလ်ချမ်းသာဆိုတာကတော့ သေခြင်းတရားကို လွန်မြောက်နိုင်တဲ့ ချမ်းသာပါ။ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ရပြီးတော့ ရဟန္တာဖြစ်သွားပြီဆိုရင် ဒီဘ၀ပဲ
သေရတော့မယ်။ နောက်ဘ၀ နောက်ခန္ဓာတွေ အသစ်ထပ်ပြီး
မဖြစ်တော့တဲ့အတွက်ကြောင့် သေခြင်းတရားကနေ အပြီးတိုင်
လွန်မြောက်သွားပြီ၊ ဘယ်တော့မှ မသေရတော့ဘူး။

သေတယ်ဆိုတာ ဘ၀ခန္ဓာရှိလို့ သေရတာပါ။ ဘ၀ခန္ဓာဆိုတဲ့ အပင်ပေါက်ရတာကလည်း ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတဲ့ စေတနာမျိုးစေ့မှာ တဏှာဆိုတဲ့ အစိုဓာတ်၊ အစေးဓာတ်
ရှိနေလို့ ပေါက်ရတာပါ။

စေတနာမျိုးစေ့မှာ ပူးကပ်နေတဲ့ တဏှာအစိုအစေးကို အရဟတ္တမဂ်မီးနဲ့ ခြောက်သွေ့ကျွမ်းမြေ့သွားအောင် ရို့မြှိုက်လိုက်နိုင်ပြီဆိုရင် စေတနာမျိုးစေ့ဟာ ဘ၀ခန္ဓာအပင်ကို မပေါက်စေနိုင်
တော့ပါဘူး။ ဘ၀ခန္ဓာအပင်မပေါက်ရင် သေခြင်းတရားနဲ့လည်း
ဆုံဆည်းစရာ အကြောင်း မရှိတော့ဘူးပေါ့။

သောတာပန်ပုဂ္ဂိုလ်အစရှိတဲ့ အောက်အရိယာပုဂ္ဂိုလ်တွေဆိုရင်တော့ အရိယာပုဂ္ဂိုလ်ပင် ဖြစ်စေကာမူ ဘ၀အသစ်တွေ ထပ်ဖြစ်ဦးမှာမို့လို့ သူတို့လည်း သေခြင်းတရားကို မလွန်မြောက်
နိုင်ကြသေးဘူး။ ဒါပေမဲ့ အရိယာပုဂ္ဂိုလ်များအတွက်တော့ သေရမယ့် ဘ၀အပိုင်းအခြား၊ အကန့်အသတ် ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့် သူတို့ကို မသေတော့မယ့် ပုဂ္ဂိုလ်တွေလို့ပဲ
ဆိုနိုင်ပါတယ်။

ဒီတော့ မဂ်စိတ်ဖြစ်မှ သေခြင်းတရားက လွန်မြောက်နိုင်မှာဆိုတော့၊ မဂ်စိတ်ဆိုတာကလည်း ၀ိပဿနာစိတ်ရှိမှ ဖြစ်နိုင်တာဆိုတော့ ၀ိပဿနာအလုပ်ကို လုပ်နေခြင်းဟာ သေခြင်း
တရားကို လွန်မြောက်နိုင်တဲ့အလုပ်ကို လုပ်နေခြင်းပါ။

ဝိပဿနာချမ်းသာဟာလည်း အကာလိကချမ်းသာပါပဲ။

[ www.facebook.com/youngbuddhistassociation.mm ]

ဝိပဿနာအလုပ်ဟာ အသေလွတ်တဲ့အလုပ်ဖြစ်သလို ၀ိပဿနာရဲက အခြံအရံဖြစ်တဲ့ ဒါန၊ သီလ၊ သမထ အလုပ်တွေဟာလည်း နိဗ္ဗာန်ကို
ဦးတည်ခဲ့ရင် အသေလွတ်တဲ့အလုပ်တွေ ဖြစ်ပါတယ်။
နောက်တစ်နည်းအားဖြင့်လည်း သေခြင်းဆိုတာ ပျက်စီးခြင်းပါပဲ။
လောကီအာရုံ ကာမဂုဏ်ချမ်းသာတွေဆိုတာက ပျက်စီးသွားမယ့်
ချမ်းသာတွေပါ။ လောကုတ္တရာချမ်းသာကတော့ ဘယ်တော့မှ
မပျက်စီးနိုင်တဲ့ ချမ်းသာပါ။

တစ်ခါရှာထားတဲ့ အာရုံကာမဂုဏ်ဟာ အမြဲတမ်းတည်တံ့ပြီးတော့
ထာဝရ တည်မြဲနေတယ်ဆိုတာ မရှိဘူး။ တစ်ခါခံစားပြီးတော့
ကုန်သွားတယ်၊ ကုန်သွားတဲ့အတွက်ကြောင့် နောက်ထပ် ခံစားဖို့
အတွက် ရှာဖွေရတယ်။ တစ်ခါရှာလို့ရထားတဲ့ ပိုက်ဆံ တစ်သက်လုံး
သုံးမကုန်တော့တဲ့အတွက် နောက်ထပ်ရှာစရာ မလိုတော့တဲ့ အေးအေး
ဆေးဆေး ငြိမ်နေရတယ်ရယ်လို့ မရှိပါဘူး။

ရှာလို့ရရင်း၊ ရလို့သုံးရင်း၊ သုံးလို့ကုန်ရင်း၊ ကုန်လို့ရှာရင်းနဲ့ အရှာ
သံသရာလည်လို့ မဆုံးတော့ပါဘူး။ ရှာလို့ရသမျှ သုံးလို့ကုန်သွားတဲ့
အတွက် ရှာပြီးရင်းရှာရင်း ဖြစ်နေရပါတယ်။

ကုန်ပျက်သွားမယ့် ကာမဂုဏ်ချမ်းသာအတွက် လုပ်နေရတဲ့ အလုပ်
ဟာလည်း ကုန်ပျက်သွားမယ့် အလုပ်ပါပဲ။ ကုန်ပျောက်ပျက်စီးသွားမယ့်
ချမ်းသာတွေအတွက် ကုန်ပျောက်ပျက်စီးမယ့် အလုပ်တွေ လုပ်နေရတာ
တကယ်တွေးကြည့်ရင် ၀မ်းနည်းစရာ အလွန်ကောင်းပါတယ်။

မဂ်စိတ်ကတော့ တစ်ကြိမ်ဖြစ်ပြီးသွားရင် မတည်မြဲဘဲ ကုန်ပျောက်
ပျက်စီးသွားတယ်ရယ်လို့ မရှိပါဘူး။ သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်က
သောတာပန်အဖြစ်ကနေ လျှောကျသွားလို့ သောတာပတ္တိမဂ်ဖြစ်အောင်
ထပ်ကျင့်ရတယ်ဆိုတာ မရှိဘူး။

မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားများဟာ ဘယ်တော့မှ မကုန်ပျက
်နိုင်တဲ့တရားပဲ။ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာများဟာ
ဘယ်တော့မှ မကုန်ပျက်နိုင်တဲ့ ချမ်းသာပဲ။

မဂ်တရား၊ ဖိုလ်တရားတွေက နာမ်တရားတွေဖြစ်လို့ ကုန်ပျက်တတ်တဲ့
ရုပ်နာမ်သင်္ခါရတွေရဲ့ သဘာဝအတိုင်း ဖြစ်လိုက်ပျက်လိုက်နဲ့ ကုန်ပျက်
နေတာပါပဲ။ မဂ်ပိုင်ရှင်၊ ဖိုလ်ပိုင်ရှင် သေလွန်သွားတဲ့အခါမှာလည်း
ကုန်ပျက်သွားမှာပါပဲ။

ဒါပေမဲ့ ဈာန်ရသူတွေ ဈာန်လျှောသလို မဂ်ဖိုလ်ရသူတွေ မဂ်ဖိုလ်လျှော
သွားတယ်ဆိုတာမျိုး မရှိတာရယ်၊ ဘယ်တော့မှ မကုန်ပျောက် ပျက်စီး
မသွားနိုင်တဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြု သိမြင်ခံစားနိုင်တာ
ရယ်ကြောင့် မဂ်တရား၊ ဖိုလ်တရား၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာတွေကို
အကာလိကချမ်းသာလို့ပဲ ခေါ်ရပါတယ်။

တကယ်တမ်း ဘယ်တော့မှ မကုန်ပျက်နိုင်တဲ့ ချမ်းသာကတော့ နိဗ္ဗာန်
ချမ်းသာပါ။ နိဗ္ဗာန်ချမ်းသာဟာ ဘယ်တော့ဆို ဘယ်တော့မှ ကုန်ပျောက်
ပျက်စီးခြင်းမရှိ၊ အစဉ်ထာဝရ တည်မြဲနေတယ်ဆိုတာကို အသေအချာ
အလေးအနက် တွေးကြည့်ရင် နိဗ္ဗာန်ချမ်းသာလောက် ခိုချင်စရာ
ကောင်းတဲ့ချမ်းသာ လောကမှာ မရှိတော့ပါဘူး။ ဒါ့ကြောင့် နိဗ္ဗာန်ချမ်းသာကို
အနိုင်းမဲ့ချမ်းသာလို့ တင်စားရပါတယ်။

ဘယ်တော့မှ ကုန်ပျောက်ပျက်စီးခြင်းမရှိတဲ့ နိဗ္ဗာန်ချမ်းသာအတွက်
လုပ်နေရတဲ့ ၀ိပဿနာအလုပ်ဟာ အကာလိကအလုပ်ပါပဲ။ ၀ိပဿနာရဲ့
အခြေခံဖြစ်တဲ့ ဒါန၊ သီလ၊ သမထအလုပ်တွေဟာလည်း နိဗ္ဗာန်ကို
ဦးတည်မယ်ဆိုရင် အကာလိကအလုပ်တွေပါပဲ။

[ www.facebook.com/youngbuddhistassociation.mm ]

ကုန်ပျက်သွားမယ့် ချမ်းသာတွေအတွက် အလုပ်လုပ်နေရတာဟာ ဘာမှ
အနှစ်သာရမရှိဘူး၊ မကုန်ပျက်မယ့် ချမ်းသာအတွက် အလုပ်လုပ်နေရတာသာ
အနှစ်သာရပဲလို့ အဲဒီလိုသဘောပေါက်ကြမယ်ဆိုရင် “မသေခင် ဘာလုပ်
ကြမလဲ”ဆိုတဲ့ မေးခွန်းအတွက် အဖြေ ထွက်လာနိုင်တာပါပဲ။

မိမိကိုယ်တိုင်က သေရခြင်းသဘောရှိပါလျက်၊ ကုန်ပျက်ရခြင်းသဘော
ရှိပါလျက် သေမယ့်သဘော၊ ကုန်ပျက်မယ့်သဘောကိုသာ ရှာမှီးနေခဲ့မယ်ဆိုရင်
အဲဒီရှာမှီးခြင်းဟာ မမြတ်သော ရှာမှီးခြင်း၊ နိမ့်ကျညံ့ဖျင်းသော ရှာမှီးခြင်း
ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သေခြင်းတရားက မလွတ်မြောက်နိုင်လို့ပါပဲ။

မိမိကိုယ်တိုင်က သေရခြင်းသဘောရှိပေမယ့်၊ ကုန်ပျက်ရခြင်း သဘော
ရှိပေမယ့် သေခြင်းကင်းတဲ့သဘော၊ ကုန်ပျက်ခြင်းကင်းတဲ့ သဘောကို
ရှာမှီးနေခဲ့မယ်ဆိုရင်တော့ အဲဒီရှာမှီးခြင်းကို မြတ်သောရှာမှီးခြင်း၊
အထက်တန်းကျ အဆင့်မြင့်သော ရှာမှီးခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ သေခြင်းတရားက လွတ်မြောက်နိုင်လို့ပါပဲ။

- ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက ( မသေခင်ဘာလုပ်ကြမလဲ )
Young Buddhist's Association
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...