စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"ကျော်ကြားခြင်းနှင့် မာနတရား"

http://upload.wikimedia.org/wikipedia/commons/3/31/Novitiate_faculty_in_the_Buddhism_is_prayying.jpg

ယနေ့ဟာ ဝါခေါင်လကွယ်ဥပုသ်နေ့ဖြစ်ပါတယ်၊ ဒါကြောင့် ဥပုသ်အကြောင်းလေးနှင့်ဆက်စပ်ပြီး မဟာဂန္ဓာရုံဆရာတော် မိန့်တော်မူတဲ့ သြဝါဒလေးကို ဝေငှလိုက်ပါတယ်။

ကျော်ကြားမှုကို အလုပ် လုပ်ယူရတယ်၊ ဒီလို ကျော်ကြားလာတဲ့အခါ အောက်ခြေ လွတ်ပြီး မာနတရားတွေ ကြီးတတ်ကြ တယ်၊ ခုခေတ် ကျော်ကြားပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဟာ တို့ မြတ်စွာဘုရား မီနိုင်ပါ့မလား၊ မမီနိုင်ဘူး၊ ပါရမီတွေ ဖြည့်ကျင့် လာခဲ့ရတယ်၊ ပြည့်လဲ ပြည့်ခဲ့တယ်၊ ပြည့်ခဲ့တဲ့အလျောက် ကျော်ကြားခဲ့တာပဲ။
ဗုဒ္ဓမြတ်စွာဟာ တေမိယဇာတ်တော်မှာ တေမိယမင်းသား ဖြစ်စဉ်အခါတုန်းက စကားမပြောဘူးဆိုပြီး စိတ်ကို အဓိဋ္ဌာန် ခဲ့တယ်၊ အဓိဋ္ဌာန်ခဲ့တဲ့အတိုင်းလဲ မပျက်မကွက် ကျင့်တော်မူ ခဲ့တယ်၊

ကျင့်တော်မူခဲ့တဲ့အတိုင်းလဲ ပါရမီတော်တွေက ပြည့် ခဲ့တယ်၊ ဘုရားအဖြစ် ရောက်တော့ လူ့ပြည် လူ့လောက လောက်တင် ကျော်ကြားရုံ မဟုတ်ဘဲ နတ်ပြည်, ဗြဟ္မာ့ပြည် ထိအောင် ကျော်ကြားခဲ့ပါတယ်၊
ဒါပေမယ့် ဘုရားသခင်ဟာ မာနတရားတွေ ကြီးမနေပါဘူး၊ ခုခေတ် တချို့ပုဂ္ဂိုလ်တွေ ဟာ ဘာမဟုတ်တဲ့ ကျော်ကြားမှုလေးတွေနဲ့ မာနတရားတွေ တက် နေကြတယ်၊ တော်တော်တော့ ကြောက်စရာကောင်းတယ်၊ ကိုယ့်စိတ်ကို အဓိဋ္ဌာန်နဲ့ လုပ်တဲ့ အလုပ်ဟာ အောင်မြင်မှု ပိုရှိတယ်၊ အဓိဋ္ဌာန်တဲ့ နေရာမှာလဲ ခိုင်ခိုင်မြဲမြဲ စိတ်ကို ဆောက်တည်ထားရတယ်၊ တို့ သစ်ကျုတ် ဥပုသ်စောင့်သလိုတော့ မလုပ်ကြနဲ့။

"သစ်ကျုတ်ကလေး ဥပုသ်စောင့်သလို"

တို့ ခုခေတ် အဓိဋ္ဌာန်တွေက သစ်ကျုတ်ဥပုသ်စောင့်တာနဲ့တူတယ်၊ တစ်နေ့သော အခါ သစ်ကျုတ်တစ်ကောင်ဟာ တော တောင်ထဲ လှည့်လည်ပြီး အစာရှာထွက်သတဲ့၊ အစာကလဲ ဘယ်လိုမှ ရှာမရဘူး၊ အစာရှာလို့ မရတဲ့ အဆုံးကျတော့မှ ငါဒီနေ့တော့ ဥပုသ်စောင့်မှပဲလို့ အဓိဋ္ဌာန်လိုက်သတဲ့၊ အဓိဋ္ဌာန် ပြီး ချုံပုတ်ကောင်းကောင်းတစ်ခုအောက် သွားပြီး အိပ်လိုက် တယ်၊ ဒီအခါ သိကြားမင်းကလဲ သစ်ကျုတ်ရဲ့ အကြံကို သိလို့ စမ်းချင်တဲ့ အကြံ ဖြစ်လာတယ်၊ ဒါနဲ့ သမင်ယောင်ဆောင်ပြီး သစ်ကျုတ်ကလေး မြင်လောက်ရာ မလှမ်းမကမ်းက နေပြီး ပြေးလွှားနေတာပေါ့လေ။

ဒီအချိန်မှာ သစ်ကျုတ်ကလေးကလဲ ဆာလွန်းလို့ ဝမ်းက ပူနေပြီ၊ ဝမ်းပူနေတဲ့အချိန်နဲ့ သမင် ပြေးလွှားနေတဲ့အချိန် လာ တိုးတော့ သစ်ကျုတ်ကလေးဟာ ဟယ်-စောင့်ပြီးထားတဲ့ အဓိဋ္ဌာန်ဥပုသ်က စောင့်ချင်လို့ စောင့်တဲ့ ဥပုသ်မှ မဟုတ်ဘဲ၊ အစာဆာလို့ စောင့်ရတဲ့ဥပုသ်ပဲ၊ ယခုငါ့မျက်မှောက် အစာတွေ့ နေမှတော့ ထလိုက်မှပဲလို့ စိတ်ထဲက ကြံစည်ပြီး တကတည်း ထ,လိုက်ပါရော၊ သမင် လေးလဲ ပြေးတာပေါ့၊

သမင်က ပြေး, သစ်ကျုတ်က လိုက်နဲ့ ပြေးတမ်း လိုက်တမ်းကစားသလို ဖြစ်နေတာပေါ့၊ မီလုမီခင် ဖြစ်ကာမှ သမင်ကလေးက ဝေး သွားလိုက်၊ ဒီလိုချည်း ဖြစ်နေတယ်၊ ဖြစ်မှာပေါ့၊ သမင်က သမင်တုကိုး၊ ဘယ်သစ်ကျုတ် လိုက်လို့ မီပါ့မလဲ၊ ဒါနဲ့ မမီတဲ့ အဆုံးကျတော့ လက်မှိုင်ချပြီး နေရင်းဖြစ်တဲ့ ချုံပုတ်အောက် အသာပြန်ဝင်ပြီး ဟောဟဲ ဟောဟဲနဲ့ ပါးစပ်က ညည်းညူ လိုက်သတဲ့၊ “အောင်မယ်လေး ကံကောင်းလို့ ဥပုသ် မကျိုး တယ်” လို့ ဆိုသတဲ့၊ အေး-ခုခေတ် အဓိဋ္ဌာန်တွေကလဲ သစ်ကျုတ်ဆန်ဆန် ဖြစ်နေကြတယ်။

"အခုခေတ်အဓိဋ္ဌာန် ဥပုသ်များ"

ခုခေတ် လူတွေ ဥပုသ် စောင့်ကြပါရဲ့၊ ဒါပေမယ့် သူတို့ စောင့်တဲ့ဥပုသ်က ခုနက သစ်ကျုတ်လောက်တောင် အဆင့်အတန်း မမြင့်ချင်ဘူး၊ မလွှဲမရှောင်သာ စောင့်ကြရတယ်၊ ဘုရားစူး လွတ်ရုံလောက် စောင့်ကြရတဲ့ ဥပုသ်တွေ ဖြစ်နေကြတယ်၊ မိရိုးဖလာ စောင့်ကြရတာ များနေတယ်၊ ဥပုသ်ရဲ့အကြောင်း အရာတွေကိုလဲ ဘာမှ နားမလည်ကြဘူး၊ ဥပုသ်သီလဟာ နားလည်ပါးလည် အသိရှိရှိနဲ့ စောင့်ထိန်းမယ်ဆိုရင် သိပ်ပြီး တန်ဖိုးရှိပါတယ်၊

လူတွေမှာ နေ့စဉ်နှင့်အမျှ အကုသိုလ်တွေ ရှိနေ ဖြစ်နေကြတယ်၊ တစ်လမှာ ရက်ပေါင်းသုံးဆယ် ရှိတဲ့ အနက်က လေးရက်လောက်စောင့်ရတဲ့ ဥပုသ်ကလေးပဲ၊ ဒီလောက် ရက်ကလေး အကုသိုလ်တွေ ဆေးကြောရတာ၊ ဒါကို မှန်မှန် မစောင့်ချင်ကြဘူး၊ ဘယ်လောက် ဝမ်းနည်းစရာ ကောင်းသလဲဆိုတာ စဉ်းစားသာ ကြည့်ကြတော့၊

တို့ ဗုဒ္ဓ မြတ်စွာအဓိဋ္ဌာန်ကျတော့ အလွန်ခိုင်မြဲတော်မူတယ်၊ ဒါကြောင့် ဗုဒ္ဓဖြစ်တော်မူတဲ့အခါကျတော့ လူ, နတ်, ဗြဟ္မာတွေ လှုပ်လှုပ် ရွရွ ဖြစ်ကြရတယ်၊ ဒါပေမယ့် ဘုရားသခင် မာနကြီးတော်မူသလား၊ မကြီးပါဘူး၊ ကိုရင်တို့ မာနတွေ ကြီးမနေကြနဲ့၊ ကုသိုလ်တရားတွေ လက်ကိုင်ထားနိုင်ဖို့ အရေးကြီးတယ်၊ ကဲ...ကဲ... တော်ပြီ၊ သွားကြတော့။

ဓမ္မဗျူဟာ
အတွဲ(၁၈)၊ အမှတ်(၁၂)
(၁၉၈၀၊ ဖေဖော်ဝါရီလ)
နံနက်ခင်းသြဝါဒမှ

http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A365562

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...