စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝမ်းမြောက်လို့မဆုံးနိုင်တဲ့ဘဝ

 http://www.anandamarga.org/learn-meditation2.jpg

             သောတာပန်တွေရဲ့ စိတ်ထားဟာ ပုထုဇဉ်တွေနဲ့ မတူတဲ့ သတ္တမအချက်က သစ္စာတရားတွေ သတိပဋ္ဌာန်တရားတွေနာကြားပြီးတဲ့အခါမှာ ဝမ်းမြောက်လို့မဆုံးနိုင်ခြင်းပါ။ သောတာပန်တွေဟာ သစ္စာတရားတွေ သတိပဋ္ဌာန်တရားတွေနာကြားပြီးတဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာနဲ့ ပြောလို့ကို မဆုံးနိုင်ဘူးတဲ့။ အနှစ်သာရရှိတဲ့တရားတွေ ဟုတ်လိုက်တာ။ မှန်လိုက်တာ။ ဒါ နိဗ္ဗာန်ရောက်ကြောင်းတရားတွေပဲ။ ရင်ထဲမှာ တော်ကြာရင်းပီတိဖြစ်လာ။ တော်ကြာရင်း ပီတိဖြစ်လာ။

ဝိပဿနာအားထုတ်လို့ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရသေးတာတောင်ဝိပဿနာတရားများများအားထုတ်ထားတဲ့ယောဂီဟာ ဘုရားအကြောင်း တရားအကြာင်းသံဃာအကြောင်း ကုသိုလ်တွေအကြောင်း မြတ်စွာဘုရားဟောကြားတဲ့သစ္စာတရားတွေအကြောင်း ရတနာမြတ်သုံးပါးနဲ့ပတ်သက်လို့ ဟောပြောပြသတဲ့အသံလေးများကြားလိုက်ရရင် တစ်ခါတည်း ရင်ထဲမှာ ဖျန်းဖျန်းဖျန်းနဲ့ ကြက်သီးတွေထလာတယ်။

ဝိပဿနာဉာဏ်တွေ အတော်အတန်ရင့်ကျက်နေတဲ့ယောဂီရိပ်သာတွေမှာလည်းရှိပါတယ်။ အနိစ္စ ဒုက္ခ အနတ္တ အကြောင်းများပြောလိုက်လို့ရှိရင် မိမိကိုတည့်တည့် ဟောနေသလိုပဲ။ဟုတ်လိုက်တာ။မှန်လိုက်တာ နဲ့ ကြေနပ်လို့ကိုမဆုံးဘူး။

မြတ်စွာဘုရားအကြောင်းများ ပြောလိုက်လို့ရှိရင်လည်း တစ်ခါတည်း မျက်ရည်တွေဝဲပြီးကျလာတာ။အဲဒါ ဓမ္မပီတိကြောင့်ကျတဲ့ မျက်ရည်။ နိဗ္ဗာန်ရောက်မယ့်မျက်ရည်လို့ခေါ်တယ်။
မျက်ရည်က နှစ်မျိုးရှိတယ်။ နောက်တစ်မျိုးက ဆွေမျိုးသားချင်းတွေသေလို့ စီးပွားဥစ္စတွေဆုံးရှုံးလို့ သောကပရိဒေဝကြောင့် ကျတဲ့မျက်ရည်။အဲဒီမျက်ရည်မျိုးကတော့ အပါယ်ကျမယ့် မျက်ရည်လို့ခေါ်ရမယ်။

ဘုရားအပေါ်မှာ ယုံကြည်လွန်းအားကြီးလို့ ကြည်ညိုလွန်းအားကြီးလို့ တရားအပေါ်မှာ ယုံကြည်လွန်းအားကြီးလို့ ကြည်ညိုလွန်းအားကြီးလို့ ဟုတ်ကြောင်းမှန်ကြောင်းတွေကို ရင်ထဲမှာ သိနေတယ်။ ဖွယ်ဖွယ်ရာရာ ပြန်မပြောပြတတ်သော်လည်းပဲ ကိုယ်ကအများကြီးအားထုတ်ထားတာဆိုတော့
ဟုတ်လိုက်တာ။ မှန်လိုက်တာ။ သင်္ခါရတရားတွေပဲ ။ အနိစ္စတရားတွေဘယ်ဟာမှမမြဲဘူး။ဟာ တကယ်ညှဉ်းဆဲနှိပ်စက်တာပဲ။ ငါက သူက နှိပ်စက်တာမဟုတ်ဘူး။သင်္ခါရတရားတွေဟာ အမြဲတမ်းပြုပြင်နေရတယ်။ ဒါတွေဟာ ဆင်းရဲတဲ့တရားတွေပဲ။ အနတ္တတရားတွေပဲ။ ဘယ်ဟာမှအစိုးမရဘူး။

ကိုယ်ဖြစ်စေချင်သလို ဘယ်ဟာမှမဖြစ်ဘူး။ သူ့အကြောင်းအားလျော်စွာဖြစ်တာပဲ။ အင်မတန်မှန်တာပဲ။ အင်မတန်နက်နဲတဲ့တရားတွေပဲ။ မိမိတို့က မကြာခဏလေ့လာနေရလို့ တရားတွေတော်တော်သိနေတော့ လွယ်တယ်လို့ အောက်မေ့ရတယ်။ မလွယ်ဘူး။ နာကြားဖို့ကိုမလွယ်တာ။ အားထုတ်ဖို့ကို အသာထားဦး တရားလေးခဏနာပါဦးဗျာ။

မနာနိုင်ဘူး။မအားလို့။ နားထောင်လို့ကိုမရဘူး။ ရင်ထဲမှာမီးတောင်ကြီးလိုဖြစ်နေတာ။ နိဗ္ဗာန်ရောက်ကြောင်းတရားဆိုရင် သူတို့နားမှာမီးလောင်နေပြီ။ သူတို့နားက
ကိလေသာဖြစ်မယ့်အသံမှ နားထောင်လို့ရတာ။ ဝိသဘာဂ အသံဆို နားထောင်လို့ကိုမဝ နိုင်ဘူး။
တရားရကြောင်း နိဗ္ဗာန်ရကြောင်းဆိုရင် ပျင်းရိသွားတာပဲ။ အိပ်ချင်လာတယ်။ တစ်ခါတည်း ဘယ်လိုမှ နားထောင်လို့မရဘူး။ခေါင်းတွေဘာတွေမူးပြီးတော့ ပစ်လှဲချင်သလို ဖြစ်လာတာ။
ဘဝအဆက်ဆက်ကလည်း အဝိဇ္ဇာတဏှာအားကြီးတယ်။
အခုသာသနာတော်ကြီးနဲ့တွေ့ပြန်တော့လည်း မလေ့လာမလိုက်စားတဲ့အခါ ကျတော့ သစ္စာတရားအသံတွေဆိုရင် စိတ်မဝင်စားတော့ဘူး။ ဘယ်လိုမှရင်ထဲမှာ လက်မခံနိုင်တော့ဘူး ဖြစ်လာတယ်။

တချို့ကျတော့လည်း ခက်ခက်ခဲခဲ အဆန်းလုပ်မနေပါဘူးကွာ။ ဒါနလောက်ပြုတော်ရောပေါ့။ နှလုံးသွင်းမှားတာတွေ။ အဲဒါ အဝိဇ္ဇာကြောင့် အယောနိသောမနသိကာရ။ အယောနိသောမနသိကာရကြောင့် အဝိဇ္ဇာ။ အပြန်အလှန်ပေါ့။
တချို့ ဒေသနာတွေမှာကျတော့လည်း အဝိဇ္ဇာ ဘာကြောင့်ဖြစ်သလဲ။ ဝိစိကိစ္ဆာနဲ့ ပမာဒကြောင့်။ ဒါလောကသုတ္တန်အရ အဓိကက အဝိဇ္ဇာပါပဲ။ အမှန်တရားမသိလို့။ အဝိဇ္ဇာအားကြီးပြီဆိုရင် တဏှာလည်းအားကြီးတာပဲ။

အဝိဇ္ဇာတဏှာအားကြီးပြီဆိုရင် သဒ္ဓါနဲ့ ပတ်သက်တဲ့တရား၊ ပညာနဲ့ပတ်သက်တဲ့တရားတွေကို မကြားချင်ဘူး။ သဒ္ဓါတရားခေါင်းပါးတဲ့ ပုဂ္ဂိုလ်ကို ရတနာသုံးပါးနဲ့ ကံ၊ ကံရဲ့အကျိုးကိုသွားပြောရင် သူ့မှာ နားကြားပြင်းကပ်တယ်တဲ့။

မစ္ဆရိယ- ဝန်တိုတဲ့ပုဂ္ဂိုလ်ကို ဒါနအကြောင်းသွားပြောရင် သူ့မှာနားကြားပြင်းကပ်တယ်တဲ့။ ဗဟုသုတနည်းတဲ့ ပုဂ္ဂိုလ်ကို ဗဟုသုတအကြောင်းသွားပြောရင် နားကြားပြင်းကပ်တယ်။ ပညာနည်းတဲ့ ပုဂ္ဂိုလ်ကို ပညာအကြောင်းသွားပြောရင် နားကြားပြင်းကပ်တယ်။နားမထောင်ချင်ဘူး။
တရားကိုပွားများအားထုတ်ထားတဲ့ ယောဂီက သစ္စာတရားကိုနာကြားလို့မဝနိုင်ဘူး။ တော်ကြာရင်းနာချင် ၊ တော်ကြာရင်းနာချုင် ခဏခဏနာချင်တယ်။ နာလည်းနာချင်တယ်။ အားလည်း အားထုတ်ချင်တယ်။ ဘယ်လိုမှ မအားလို့သာနေမယ်။ နည်းနည်းလေးအားတာနဲ့ သတိပဋ္ဌာန်တရားနာတယ်။ဝိပဿနာတရားအားထုတ်တယ်။

သောတာပန်တွေဟာ သစ္စာတရားကို အမြဲတမ်းနာကြားချင်တဲ့စိတ်ရှိတယ်။ အဲဒီလို သစ္စာတရား သတိပဋ္ဌာန်တရား တွေနာပြီးတဲ့အခါလည်း ပါဠိတွေမသိပေမယ့် အဓိပ္ပာယ်တွေအထိုက်အလျောက်သိနေတော့ စိတ်ထဲမှာ အားရပါးရလည်းဖြစ်တယ်။ ဝမ်းသာလို့လည်းမဆုံးနိုင်ဘူး။ ပီတိသောမနဿက တော်တော်နဲ့ မပျောက်ဘူး။ တစ်ကိုယ်လုံးတသိမ့်သိမ့်ဖြစ်နေတာ။

ပုထုဇဉ်တွေကျတော့ တရားနာနေတဲ့အချိန်လေးပဲ သံဝေဂဉာဏ်ဖြစ်သလိုလို အမြင်မှန်ရသလိုလိုရှိတယ်။ တရားသိမ်းလို့ သာဓု သာဓု သုံးကြိမ်လည်းခေါ်ပြီးရော တရားနဲ့ပတ်သက်လို့ ရင်ထဲမှာ ဘာမှမကျန်တော့ဘူး။ နာတုန်းခဏပဲ ပြီးရင်မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာ။
အဲဒီလို ပုထုဇဉ်စိတ်ထားနဲ့ သောတာပန်စိတ်ထားက ကွဲပြားမှုရှိတယ်။ လူပုံသဏ္ဍန်က ကွဲပြားသွားတာမဟုတ်ဘူးနော်။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက ဘယ်လိုမိန့်သလဲဆိုတော့……
သောတာပန်ဆိုတာ ချိုပေါက်လာတာမဟုတ်ဘူး။ အသား အရေစိုပြည်ပြီးရုပ်အဆင်းကလှလာတာလည်း မဟုတ်ဘူး။ စိတ်ထဲမှာ ကိလေသာပါးရှားပြီး သောတာပန်စိတ်ဖြစ်ပေါ်လာတာကို သောတာပန်လို့ခေါ်တာ။ သေသေချာချာမှတ်ထားကြ
ဒီလောက်ဆို ယောဂီတွေအနေနဲ့ မိမိကိုယ်မိမိ သောတာပန်ဖြစ်မဖြစ် ဒီတရားမှတ်ကျောက်နဲ့ စစ်ကြည့်လို့ မရနိုင်ဘူးလား။ ရနိုင်ပါတယ်။

အချိန်ယူပြီးသေသေချာချာ စစ်ကြည့်ကြနော်။ တစ်ငါတည်းငါနေတဲ့ အတ္တဒိဋ္ဌိ ငါစွဲတွေအားကြီးနေသေးတယ် ဆိုရင်တော့ မဟုတ်သေးဘူး။ သောတာပန်တကယ်မဖြစ်သေးပဲ ကိုယ့်ကိုယ်ကို အထင်မကြီးမိကြစေနဲ့။ အခုလို သာသနာတွင်းမှာ လူလာဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အချိန်လွန်မှ သိရရင် ကိုယ်ပဲနစ်နာမှာ။
သောတာပန်ဖြစ်တာသေချာတဲ့ ယောဂီတွေကတော့ ကိုယ်အပါယ်တံခါးပိတ်သလို တခြားသူတွေလည်း အပါယ်တံခါးပိတ်အောင် သာသနာပြုပြီး မြတ်စွာဘုရားကိုကျေးဇူးဆပ်ကြနော်။ တရာနဲ့ပူဇော်၊ တရားနဲ့ ကျေးဇူးဆပ်ကြ။ ကဲ….. အခုတော့ သာဓု သုံးကြိမ်ခေါ်ပြီးတရားသိမ်းကြစို့…..
သာဓု… သာဓု… သာဓုပါဘုရား။

ဓမ္မာ့မိတ်ဆွေတို့ ကျွန်တော်တို့လည်း ဝမ်းမြောက်လို့မဆုံးနိုင်တဲ့ဘ၀ကို ပိုင်ဆိုင်ကြနိုင်စေရန် မြစိမ်းတောင် ဆရာတော် အရှင်ဇာနေယျ၏ သောတာပန်ဆို ဒီလိုပါ စာအုပ်မှ ထုတ်နှုတ်မျှဝေလိုက်ပါတယ်။

ဆန္ဒမွန်ဖြင့်…………..
Nyan soe

http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A358524&x

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...