ဣဿာနဲ့ မစ္ဆရိယကြောင့်´´
မြတ်စွာဘုရားလက်ထက်တုန်းက သိကြားမင်းက မြတ်စွာဘုရား ကို မေးလျှောက်လို့
မြတ်စွာဘုရားက ဖြေတာလေးတစ်ခုရှိတယ်။ သတ္တ၀ါတွေက ချမ်းသာချင်ကြတယ်။
ချမ်းသာချင်လျက်နဲ့ မချမ်းသာဘဲဖြစ်နေတာ ဘာကြောင့်လဲလို့မေးတယ်။
မြတ်စွာဘုရားက သတ္တ၀ါတွေ ချမ်းသာချင်ပါလျက်နဲ့ မချမ်းသာတာဟာ ဣဿာနဲ့
မစ္ဆရိယကြောင့်လို့ ဖြေတယ်။ ဣဿာဆိုတာက သူတစ်ပါးကြီးပွား တိုးတက်တာကို
မနာလိုတဲ့သဘော၊ မစ္ဆရိယဆိုတာက ကိုယ့်လိုမျိုး သူတစ်ပါး မကြီးပွားမတိုးတက်စေချင်တဲ့သဘော။
သူတစ်ပါးပြည့်စုံတာကို မနာလိုတာက ဣဿာ။ ကိုယ့်လို သူတစ်ပါး
မပြည့်စုံစေချင်တာက မစ္ဆရိယ။ နှစ်ခုက တူသလိုလိုနဲ့ မတူဘူးနော်။ တချို့က
ဣဿာနဲ့ မစ္ဆရိယကို တွဲပြီးပြောလို့ အတူတူပဲ ထင်နေကြတယ်။
ဣဿာဆိုတာက သူများရဲ့
ပြည့်စုံမှုကို အာရုံပြုတာ၊ မစ္ဆရိယဆိုတာ ကိုယ်ရဲ့ပြည့်စုံမှုကို အာရုံပြုတာ။
အာရုံချင်းမတူဘူး။ ဣဿာဆိုတာ သူများတွေပြည့်စုံတာကို ကြည့်ပြီး
မကျေမနပ်ဖြစ်တာ။ ဣဿာဆိုတာက ပါဠိစကားလုံး၊ အသံထွက်လေးနဲ့ပြောရင်
ဣဿာဆိုတဲ့အတိုင်း ကိုယ့်အိတ်ထက် သူ့အိတ်သာတာကို မကြိုက်တာကို
ဣဿာလို့ခေါ်တယ်။ မစ္ဆရိယကျတော့ ကိုယ်ကြီးပွားသလို မကြီးပွားစေချင်ဘူး။
ကိုယ်အောင်မြင်သလို မအောင်မြင်စေချင်ဘူး။ ကိုယ်ရထားတဲ့ စည်းစိမ်ဥစ္စာမျိုး
မရစေချင်ဘူး။ ကိုယ်ရထားတဲ့ ရာထူးအာဏာမျိုး မရစေချင်ဘူး။ ကိုယ်ရထားတဲ့
ပြည့်စုံမှုမျိုး မရစေချင်ဘူး။ အဲဒါကို မစ္ဆရိယလို့ခေါ်တယ်။
မုဒိတာတရားသာ အားကောင်းသွားမယ်ဆိုရင် ဣဿာတရား ခေါင်းပါး သွားမှာပဲ။
သူတစ်ပါးရဲ့ပြည့်စုံမှု၊ အဆင်ပြေမှု၊ ကြီးပွားတိုးတက်မှု၊ အောင်မြင် မှု၊
ထောက်ခံမှုတွေကို ၀မ်းမြောက်ဝမ်းသာဖြစ်နိုင်တယ်ဆိုရင်
မနာလိုတဲ့ ဣဿာမဖြစ်တော့ဘူးပေါ့။ ဣဿာရှိလို့ ဆင်းရဲနေတာဆိုပြီး
မြတ်စွာဘုရား က ဟောထားတော့ ဣဿာမရှိလို့ မုဒိတာအားကောင်းမယ်ဆိုရင်
ချမ်းသာမှာပေါ့။ ကိုယ်လည်း စိတ်ချမ်းသာပြီး လူ့အဖွဲ့အစည်းလည်း ချမ်းသာမယ်။
ကရုဏာတရားသာ တကယ်အားကောင်းမယ်ဆိုရင် သူတစ်ပါးကို သနားတယ်၊
ကြင်နာတယ်ဆိုမှတော့ ကိုယ့်လိုမျိုး မပြည့်စုံစေချင်ဘူး၊ ကိုယ့်လိုမျိုး
အဆင်မပြေစေချင်ဘူးဆိုတဲ့ မစ္ဆရိယဘယ်ရှိတော့မလဲ။ ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေ၊
အဆင်မပြေတဲ့သူတွေကို သနားတယ်။ သူ့ရဲ့ဆင်းရဲဒုက္ခတွေကို
လွတ်မြောက်စေချင်လိုက်တာ၊ သူ ပြည့်စုံသွားစေချင် လိုက်တာ၊
သူအဆင်ပြေသွားစေချင်လိုက်တာဆိုတဲ့ ကရုဏာလေး ဖြစ် သွားပြီဆိုရင် ကိုယ့်လိုပြည့်စုံအောင်၊ ကိုယ့်လိုအဆင်ပြေအောင် ကူညီပေးဖြစ်မှာပေါ့။
ကရုဏာအားကောင်းရင် မစ္ဆရိယမရှိတော့ဘူး။ မုဒိတာအားကောင်းရင် ဣဿာမရှိတော့ဘူး။
ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ချမ်းသာမှုကို ဖျက်ဆီးတာ လည်း ဣဿာနဲ့မစ္ဆရိယပဲ။
လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ချမ်းသာမှုကို
ဖျက်ဆီးတာကလည်း ဣဿာနဲ့ မစ္ဆရိယဆိုတော့ ကရုဏာနဲ့ မုဒိတာသာ အားကောင်းသွားရင်
လူ့အဖွဲ့အစည်းကို ဆင်းရဲအောင်လုပ်နေတဲ့ ဣဿာနဲ့မစ္ဆရိယနှစ်ခုစလုံး
ကင်းရှင်းသွားမယ်။ အဲဒီနှစ်ခု ကင်းရှင်းသွား ရင် မေတ္တာတရားတွေလည်း
အားကောင်းလာတဲ့အတွက်ကြောင့် တစ်ယောက်ကိုတစ်ယောက် စွမ်းနိုင်သမျှ ကူညီကြတော့မှာပေါ့။ ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာမယ်၊ လူ့အဖွဲ့အစည်းလည်း တိုးတက်သွားမယ်။
ဣဿာနဲ့ မစ္ဆရိယလွှမ်းမိုးခြင်းကြောင့်
ပထမဆုံး စိတ်ဆင်းရဲရတာက ကိုယ်ပဲလေ။ ကိုယ့်ထက်သာသွားပြီဆိုရင်
မကျေမနပ်ဖြစ်ပြီး အိပ်လို့တောင် မပျော်ဘူး။ ကာယကံရှင်က သိမှာတောင်မဟုတ်ဘူး။
ကိုယ်က အဓိက စိတ်မချမ်းမသာတွေဖြစ်နေတာလေ။
ဣဿာဆိုတာက ကိုယ်ကိုယ်တိုင် လည်း စိတ်ဆင်းရဲရတယ်။ မုဒိတာထားတော့
ကိုယ်ကိုယ်တိုင်လည်း ၀မ်းသာရတယ်။ မစ္ဆရိယဆိုလည်း ဒီအတိုင်းပဲ။
ကိုယ့်လိုမျိုး မဖြစ်စေချင်ဘူး။ ကိုယ့်လိုမျိုး မကောင်းစားစေချင်ဘူး။
ကိုယ်သာကောင်းစားချင်တယ်။ ကိုယ့်ဆွေမျိုးပဲ ကောင်းစားစေချင်တယ်။
ကျန်တဲ့သူတွေတော့ ဒုက္ခရောက်ရင် ရောက်ပါစေဆိုတာ ကရုဏာတရားမရှိလို့ပေါ့။
ကရုဏာတရားသာ တကယ်ရှိလို့ရှိရင် ကိုယ့်မှာရှိသမျှ ပုံအောပြီးတောင်
ပေးလိုက်ချင်တဲ့ စိတ်မျိုးဖြစ်သွားတယ်။
မစ္ဆရိယ မရှိတော့ဘူး။ ပြည့်စုံမှုကို ကိုယ်တစ်ယောက်တည်း
သိမ်းပိုက်ထားချင်တဲ့ စိတ်မျိုးမရှိတော့ဘူး။ အဲဒါကြောင့် သတ္တ၀ါတွေ
မချမ်းသာခြင်းရဲ့ အကြောင်းရင်းက ဣဿာနဲ့ မစ္ဆရိယဆိုတော့ ချမ်းသာချင်ရင်
ဣဿာနဲ့ မစ္ဆရိယမရှိအောင်၊ ကရုဏာနဲ့ မုဒိတာအားကောင်းအောင် ကြိုးစားရမယ်။
ဆရာတော်အရှင်ဆန္ဒာဓိကမိန့်ကြားသော ဗြဟ္မစိုရ်တရားအကြောင်း
Eternal Light Magazine
August 2013
လူငယ်နှင့် ဗြဟ္မစိုရ်တရား
https://www.facebook.com/photo.php?fbid=454701187961051&set=a.35104771499306
No comments:
Post a Comment