စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“သင့်ကိုယ်သင် ပြန်ကြည့်ပါ”


Saturday, August 31, 2013

1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

4. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

5. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ

့6, အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

7. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

8. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

9. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

10. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

11. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

12. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

13. များများပြုံးပါ၊ များများရီပါ။

14. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

ကဗျာ
Cute myanmar girls


https://www.facebook.com/photo.php?fbid=464745793623257&set=a.351047714993066.

ရုရှားနိုင်ငံသူ အားကစားမယ် လေးရဲ့ ယုံကြည်ချက်

 

            Julia Vinsလို့ အမည်ရတဲ့ ရုရှားနိုင်ငံသူလေး အားကစားမယ် လေးပာာ
ကြွေထည် ရုပ်လေး ကဲ့သို့ မျက်နှာ ရှိသလို တောင့်တင်းသန်မာလှတဲ့ကြွက်သားအပြိုင်းပြိုင်းနဲ့  ခန္ဓာကိုယ်ပိုင်ရှင်အဖြစ်ဖေ့ဘုတ်စာမျက်နှာကနေ ကမ္ဘာတ၀ှမ်းစိတ်ဝင်စားမူကိုရရှိနေပါပြီ။


         ရုရှားနိုင်ငံ Engels မြို့သူမကတော့ လေ့ကျင့်ခန်း လုပ်ပြီး သန်သန်မာမာ ဖြစ်လာပြီးကိုယ်ကိုကိုယ် ယုံကြည်မှု ရလိုကြောင်း ဆိုတဲ့ ငယ်ရွယ်ပြီးကျန်းမာသန်းစွမ်းတဲ့ သူမကိုအားပေး
လိုပါက သူမရဲ့ ဖေ့ဘုတ် [https://www.facebook.com/JuliaVins]
ကိုဝင်ရောက်အားပေးနိုင်ပါလိမ့်မယ်။

 
 

မူရင်း=ရုရှားနိုင်ငံသူလေး အားကစားမယ် လေးရဲ့ ယုံကြည်ချက်

ကုသိုလ် ရေကန်ထဲသာ ခုန်ဆင်းလိုက်ပါ



တစ်ရက်က တွေးစရာအကြောင်းအရာလေးတစ်ခု အမှတ်မထင်သွားတွေ့မိတယ်၊
လူတစ်စုက လူနဲ့ဝေးတဲ့ တောထဲက ဘုန်းကြိးကျောင်းတစ်ကျောင်းဆီကို ရောက်သွားတယ်တဲ့၊
အဲဒီလူတွေက မြို့ပေါ်မှာ နာမည်ကြီးလူဆိုးတွေ ဖြစ်တယ်ဆိုပဲ၊ဘုန်းကြီးကျောင်းကလည်း ဒီလူတွေအကြောင်းကို နည်းနည်းသိထားတယ်၊သူတို့တတွေ ကျောင်းကိုလာတာကလည်း ကျောင်းမှာ ခဏခိုလှုံဖို့လာတာပါ၊ အပြင်မှာ ရှုပ်ထားတဲ့အမှုတွေကို ရှင်းမနိုင်လို့ ကျောင်းမှာ လာပုန်းတဲ့သဘောပေါ့၊
ဘုန်းတော်ကြီးတွေကလည်း လက်ခံရခက်နေတယ်၊
လက်မခံရင်လည်း ဘုန်းတော်ကြီးတွေအတွက် အန္တရာယ်ရှိနေတယ်၊

ဘုန်းတော်ကြီးတွေ စည်းဝေးတိုင်ပင်ကြရတယ်၊သူတို့ကို လက်ခံဖို့အကြောင်းအရာလေးတစ်ခုကို ဖန်တီးပေးကြရအောင်ပေါ့၊အဲဒီအကြောင်းအရာလေးက တရားသဘောလေးလည်း ပါတယ်၊
နည်းနည်းအခက်တွေ့စေမဲ့ သဘောလေးလည်း ပါတယ်၊အတွေးလေးတွေကို သူတို့ရင်ထဲမှာ ရောက်သွားစေဖို့ပေါ့၊ဒီအကြောင်းအရာလေးကို သူတို့ဖြေရှင်းနိုင်ရင် ကျောင်းမှာနေပေါ့၊
မဖြေရှင်းနိုင်ရင် ကျောင်းမှာ နေခွင့်မရှိဘူးလို့ ပြောလိုက်တယ်၊

အဲဒီပုစ္ဆာလေးကို သူတို့ ဖြေရှင်းနိုင်ရင် သူတို့ရင်ထဲမှာ အသိတစ်ခု ကိန်းပါစေ၊
ကိန်းသွားတဲ့ အသိလေးနဲ့ ကျောင်းမှာ ထားရမယ်လို့ ဆုံးဖြတ်ကြတယ်၊
အကယ်၍ မဖြေရှင်းနိုင်ဘူးဆိုလည်း သူတို့အတွက် နေရာမရှိဘူးပေါ့၊

အဲဒီပုစ္ဆာက ဘာလဲဆိုတော့ကျောင်းရှေ့မှာ အိုးကြီးကြီး တစ်လုံး ချထားတယ်၊
မလှမ်းမကမ်းမှာလည်း ရေကန်ကြိးကြိး တစ်ခုရှိတယ်၊အဲဒီ ရေကန်ထဲက ရေကို ကျောင်းရှေ့မှာ ချထားတဲ့ အိုးကြီးကြီးထဲ ထည့်ရမယ်၊ဘာပစ္စည်းမှ အကူအညီမယူရဘူး၊ လက်နဲ့ပဲ ထည့်ရမယ်တဲ့၊
အချိန်အပိုင်းအခြားတစ်ခု သတ်မှတ်ထားတယ်၊
ဘယ်အချိန်ကနေ ဘယ်အချိန်ထိ အိုးထဲကို ပြည့်အောင်ထည့်ရမယ်၊
အချိန်မှီ မပြည့်ရင် ကျောင်းမှာ နေခွင့်မရှိဘူးလို့ ပြောလိုက်တယ်။

လူဆိုးတွေ ပျော်သွားတာပေါ့၊ ဒီအိုးထဲ ရေဖြည့်တဲ့ကိစ္စက ဘာခက်တာ မှတ်လို့
ခဏပဲ ထည့်လိုက်ရမယ်ဆိုပြီး ပျော်နေကြတာပေါ့၊သူတို့ရဲ့ အထက်လူကြီးကလည်း ပြောလိုက်တယ်
အဲဒီကျောင်းက လက်မခံရင် ပြန်မလာနဲ့လို့ ပြောလိုက်တယ်၊
အခု ဒီပုံအတိုင်းဆို ဒီကျောင်းမှာ လွယ်လွယ်လေး နေလို့ ရပြီဆိုပြီး ပျော်နေကြတယ်၊

တကယ်တန်း အိုးရဲ့ အနီးနားထိအောင် သွားကြည့်တော့အိုးက အပြင်ကသာ အကောင်းကြိးဖြစ်နေတာ
အောက်ပိုင်း ဖင်မှာက အပေါက်ကြိးနဲ့၊'' ဟာ ဒီအပေါက်ကြိးနဲ့ အိုးထဲကို ဘယ်လို ရေထည့်မလဲ
ဒါ တို့ကို သက်သက်ညစ်တာပဲ ''ဆိုပြိး ဆူညံအော်ဟစ်ငြင်းခုံကြတယ်၊
ဘုန်းတော်ကြိးတွေကလည်း အလျှော့မပေးပါဘူး၊အိုးထဲကို ရေပြည့်အောင် ထည့်ရမယ်လို့ပဲ ဆက်လက်ပြီးသတ်မှတ်တယ်၊

ကဲ ဒါနဲ့ ဒီလို အော်ဟစ် ငြင်းခုံနေရုံနဲ့တော့ ပြီးမှာ မဟုတ်ဘူးဘယ်လိုပဲဖြစ်ဖြစ် ရအောင် ထည့်ကြစို့ ဆိုပြိး
ဖင်ပိုင်းက အပေါက်ကြီးကို လက်နဲ့ ပိတ်ထားတဲ့သူက ပိတ်ထားရေခပ်တဲ့သူက ရေခပ်၊ လောင်း ထည့်၊
အဲဒီလို နည်းနဲ့ ထည့်နေလိုက်တာ တော်တော်နဲ့ မရဘူးသတ်မှတ်ထားတဲ့ အချိန်ကလည်း ပြည့်တော့မယ်
ဘယ်လို လုပ်ရမလဲ မသိတော့ဘူးဖြစ်နေတယ်၊နောက်ဆုံးမှာ အဲဒီအထဲက ခေါင်းဆောင်တစ်ယောက်က
 
'' ဟာ နေအုံး ငါ စဉ်းစားမိပြီ
ဒီအိုးကြီးကို မ မ '' ဆိုပြီး
ရေကန်ကြီးဆီကို မပြေးကြတယ်
ရေကန်ကြီးဆီလည်း ရောက်ရော
အဲဒီ အိုးကွဲကြီးကို ရေကန်ထဲ ပစ်ချလိုက်ကြတယ်
အိုးကွဲကြီးလည်း အဲတော့မှ ရေကန်ထဲမှာ နစ်မြုတ်သွားတယ်တဲ့
ကဲ ဒါဆို အိုးကြီးထဲ ရေတွေပြည့်သွားပြီ ဆိုပြီး ဘုန်းတော်ကြီးတွေကို ပြောသတဲ့၊

ဘုန်းတော်ကြီးတွေက အဲဒီတော့မှ အေး မင်းတို့လုပ်တာ မှန်ပါတယ် ၊ မင်းတို့ကို အဓိက ပြောချင်တာက
မင်းတို့ရဲ့ မိုက်မဲဆိုးသွမ်းနေတဲ့ စိတ်ဓာတ်တွေက အိုးကွဲကြီးနဲ့ တူတယ်၊
ကုသိုလ် စိတ်ကောင်း နှလုံးကောင်းဆိုတာ ဘုန်းကြိးကျောင်းက ရေကန်ကြီးနဲ့တူတယ် တဲ့
ရေကန်ကြီးထဲက ရေတွေကို အိုးကွဲကြိးထဲ နည်းနည်းစီ ခပ်ထည့်နေလို့
ဘယ်တော့မှ ပြည့်မလာသလိုပဲမင်းတို့ရဲ့အိုးကွဲနဲ့တူတဲ့ မိုက်မိုက်ရိုင်းရိုင်း စိတ်ဆိုး စိတ်ညံ့တွေထဲကို
ကုသိုလ်ရေလေး နည်းနည်းစီ ခပ်ထည့်နေရုံနဲ့တော့
ဘယ်တော့မှ ပြည့်လာမှာ မဟုတ်ဘူးတဲ့၊
ဘယ်တော့မှလည်း အေးချမ်း ငြိမ်းအေးလာမှာ မဟုတ်ဘူးတဲ့၊

အဲဒီတော့ မင်းတို့ရဲ့မိုက်မဲဆိုးသွမ်းနေတဲ့ စိတ်ဓာတ်တစ်ခုံလုံးကိုကုသိုလ်ရေတွေထဲမှာ စိမ်လိုက်မှ ရမယ်တဲ့၊ ရေထဲ ခုန်ဆင်းလိုက်မှ ရမယ်တဲ့၊ဒါကြောင့်မို့ မနက် မိုးလင်းက မိုးချုပ်ထိ ကုသိုလ်ရစေမဲ့ အပြုအမူကိုပဲ ပြုလုပ်ပါ၊ ကုသိုလ်ဖြစ်စေမဲ့ အပြောအဆိုမျိုးကိုပဲ ဂရုစိုက် ပြောဆိုပါ၊
ကုသိုလ်ဖြစ်မဲ့ အတွေး အကြံတွေကိုပဲ စိတ်ကူးကြံစည်ပြီး နေထိုင်ပါ၊ကုသိုလ်တွေ တောက်လျှောက်ရစေမဲ့ လုပ်ငန်းတွေကို လုပ်ပြီးနေပါ၊ ဒါမှသာ မင်းတို့ရဲ့ မကောင်းမှုတွေကို ဖုံးလွှမ်းပြီး အေးချမ်းသွားမှာ၊
အဲလိုမှ မဟုတ်ရင် အိုးကွဲကြီးထဲ ရေထည့်နေသလိုပဲ ဖြစ်နေပြီး ဘယ်တော့မှလည်း ပြည့်ဝတဲ့သူတွေ ဖြစ်လာမှာမဟုတ်ဘူးဘယ်တော့မှလည်း ကောင်းမွန်တဲ့သူ ဖြစ်လာမှာ မဟုတ်ဘူးတဲ့ဘယ်တော့မှလည်း အေးချမ်းတဲ့သူတွေ ဖြစ်လာမှာ မဟုတ်ဘူးတဲ့။

အဲဒီလို ဘုန်းတော်ကြီးများက မိန့်တော်မူပါသတဲ့၊


အရှင်သုဝီရ
အမရပူရ၊ မဟာဂန္ဓာရုံကျောင်းတိုက်
၃၁-၈-၂၀၁၃

အသောကမင်းကြီး၏ သတ္တမကျောက်စာ.....





.အလုံးစုံသော အယူအမျိုးမျိုး ရှိကုန်သူတို့ သည် နေနိုင်ကြပါစေ....။
ဤသို့  နတ်တို့ သည်... ချစ်အပ်သော ချစ်စရာကိုသာ မြင်အောင်ကြည့်တတ်သော အသောကမင်းကြီးသည် နေရာတိုင်းတွင် အလိုရှိသည်...။...".........
ကျွန်တော်တို့ သည် အမျိုးဘာသာ သာသနာနှင့် ပတ်သက်လျှင် ဓမ္မ၀ါဒီ အုပ်စုတွင် ပါဝင်သည် မှန်ပါ၏ ..။ သို့ ရာတွင်..ကျွန်တော်တို့ ၏ ဓမ္မသည် အခြားသူများ၏ ဓမ္မနှင့် ကား မတူချေ..။ ကျွန်တော်တို့ ၏ ဓမ္မသည် ဗုဒ္ဓ ဓမ္မ ဖြစ်သည့်အလျောက် ကျွန်တော်တို့ ၏ လောက အမြင်သည်လည်း ဗုဒ္ဓ ဓမ္မနှင့် ယှဉ်သော လောက အမြင် ဖြစ်သည် .။ ထို့ ကြောင့် ကျွန်တော်တို့ ၏ လောက အမြင်သည် တခြားသူတို့ ၏ လောက အမြင်နှင့်မတူဟူ၍ ဆိုရခြင်းဖြစ်ပါ၏..။

ကျွန်တော်တို့ သည် မိမိတို့ ၏ အမျိုးကို ချစ်ကြ၏ .။ ကမ္ဘာပေါ်ရှိ အခြားလူမျိုးများကိုလည်း ဗြဟ္မစိုရ် အမြင်ဖြင့် ကြည့်၍ ချစ်သည်ပင်ဖြစ်ပါ၏ .။သို့ သော် ကတညုတ မျက်စိဖြင့် ကြည့်သောအခါ ပဋ္ဌာန်းပါဠိတော် ဥပနိဿယ ပစ္စည်း အရ ကျွန်တော်တို့ အပေါ်တွင် ကျွန်တော်တို့  လူမျိုးက ပို၍ ကျေးဇူးကြီး၏ ..။ ထို့ ကြောင့် အခြားလူမျိုးများအပေါ်ထက် ကျွန်တော်တို့ လူမျိုးများအပေါ် ပို၍ ကျေးဇူးဆပ်ရ၏ .။

ဤသို့  ကျေးဇူးဆပ်ခြင်းကို စရဏ ကျမ်းများကလည်း ."..နရယည ."..ဟုဆို၏..။ နရယည ...ဆိုသည်မှာ....ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော မိမိတို့ ၏ လူမျိုးများ....ဟူ၍ ဖြစ်၏.။
ထိုနည်းတူ ကျွန်တော်တို့ သည် မိမိတို့ ၏ ဘာသာကို ချစ်မြတ်နိုးကြ၏..။ ကမ္ဘာပေါ်ရှိ အခြားလူမျိုးများ၏ ဘာသာကိုလည်း ဗြဟ္မစိုရ် မျက်စိဖြင့် ကြည့်၍ မြတ်နိုးသည်ပင်ဖြစ်၏...။ သို့ ရာတွင် ကတညုတ မျက်စိဖြင့် ကြည့်ပါက ကျွန်တော်တို့ ၏ဘာသာက အခြားလူမျိုးများ၏ ဘာသာထက် ကျွန်တော်တို့ အပေါ် ပို၍ ကျေးဇူးများ၏..။ ထို့ ကြောင့် ကျွန်တော်တို့ သည် အခြားလူမျိုးများ၏ ဘာသာများထက် ကျွန်တော်တို့ ၏ ဘာသာကို ပို၍ ကျေးဇူးဆပ်ရ၏ .။ ဤသို့ ကျေးဇူးဆပ်ခြင်းကို .....စရဏ ကျမ်းများက .."...ဗြဟ္မယည "...ဟူ၍ဆို၏..။ ဗြဟ္မယည ...ဆိုသည်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော မိမိတို့ ၏ စာပေများ.ဟူ၍ ဖြစ်၏..။

အလားတူပင် ကျွန်တော်တို့ သည် ဗြဟ္မစိုရ် မျက်စိဖြင့် ကြည့်၍ အခြားလူမျိုးများ၏ ဘာသာသာသနာကိုလည်း လေးစားသည်ပင်ဖြစ်၏..။ သို့ ရာတွင် ကတညုတ မျက်စိဖြင့်ကြည့်သော အခါ ကျွန်တော်တို့ ၏ သာသနာက ကျွန်တော်တို့ အပေါ် ပို၍ ကျေးဇူးများ၏ .။ ထို့ ကြောင့် ကျွန်တော်တို့ သည် ကျွန်တော်တို့ ၏ သာသနာအပေါ် ပို၍ ကျေးဇူးဆပ်ရ၏..။ ထိုသို့ ကျေးဇူးဆပ်ခြင်းကို စရဏ ကျမ်းများက ."..ဒေ၀ယည "...ဟူ၍ ဆို၏..။ ဒေ၀ယည..၏ အနက်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော... ဘုရားဟူ၍ ဖြစ်၏..။

( ဦးရွှေအောင်...- အမြင်များ ပြောင်းလဲခြင်း....)

___________________________________

SweSwe Winn ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

ပုညကြိယ၀တ္ထု ၁၀-ပါး အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၄၃)






ပုညကြိယ၀တ္ထု ၁၀-ပါး
*****************

မိမိစိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေတတ်သော တရားကို ပါဠိလို “ပုည”၊ မြန်မာလို “ကောင်းမူ=ကောင်းသောအမူ” ဟုခေါ်၏။ ထိုပုညစုကို ဧကန်ပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်မာလို ပြုသင့်သောတရား” ဟုခေါ်၏။ [၀တ္ထု = ကောင်းကျိုးချမ်းသာ၏ တည်ရာ] ဤစကားစဉ်ဖြင့် ကောင်းကျိုးချမ်းသာ မင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ် ပြုထိုက်သော ကောင်းမူများကို “ပုညကြိယ၀တ္ထု”ဟုခေါ်သည်ဟု မှတ်ပါ။ ထိုပုညကြိယ ၀တ္ထုတို့သည် ၁၀-ပါးရှိ၏။

၁။ ဒါန
၂။ သီလ
၃။ ဘာဝနာ
၎။ အပစာယန
၅။ ဝေယျာဝစ္စ
၆။ ပတ္တိဒါန
၇။ ပတ္တာနုမောဒန
၈။ ဓမ္မဿဝန
၉။ ဓမ္မဒေသနာ
၁၀။ ဒိဋ္ဌိဇုကမ္မ…တည်း။


ဒါနအကြောင်း
**********

စွန့်ကြဲပေးကမ်းလှူဒါန်းမူကို “ဒါန”ဟုခေါ်၏။ ဤဒါနသည် စေတနာဒါန၊ ၀တ္ထုဒါနဟု ၂-မျိုးရှိ၏။ ဆွမ်း၊ သင်္ကန်း၊ ကျောင်းစသော လှူဖွယ်ဝတ္ထုများသည် “၀တ္ထုဒါန” မည်၏။ ထိုဝတ္ထုများကို စွန့်ကြဲပေးကမ်း လှူဒါန်းနေသောအခါ ကိုယ်အတွင်း၌ စိတ်စေတနာတို့ကို ဖြစ်စေ၏။ ထိုစေတနာကို “စေတနာဒါန”ဟု ခေါ်၏။ နောက် ဘ၀သံသရာဝယ် အကျိုးပေးရာ၌ ဆွမ်း၊ သင်္ကန်း၊ ကျောင်းစသော ၀တ္ထုဒါနများကသာ အကျိုးပေးကြသည်။ လှူဖွယ် ၀တ္ထုက မွန်မြတ်လျှင် စေတနာလည်း မွန်မွန်မြတ်မြတ် ဖြစ်တတ်သည်။

ဆက်ပါဦးမည် - ဆွမ်းလှူရာ၌ ထိုဆွမ်းကို အာရုံပြု၍ လည်းကောင်း၊ ဆွမ်းဘုဉ်းပေးကြသော သံဃာများကို အာရုံပြု၍လည်းကောင်း အတွင်းသန္တာန် စိတ်စေတနာများစွာ ဆက်၍ ဖြစ်နေ၏။ ထိုစိတ်စေတနာတွေသည် ဖြစ်ပြီးလျှင် ချုပ်ကြသော်လည်း တစ်ခါတည်း မျိုးပြုတ်အောင် ချုပ်ပျောက်ကြသည် မဟုတ်။ နောင်အခါ အကျိုးပေးရန် မိမိတို့ သတ္တိကို မြှုပ်နှံ၍ ချုပ်သွားကြသည်။ (ကံ၏ သတ္တိများ ခန္ဓာအစဉ်၌ ကျန်ရစ်ပုံကို ကံအခန်း၌ ပြမည်။ ထိုဆွမ်းကျွေးမူ ကုသိုလ်ပြုရာ အချိန်သည် ၃နာရီကြာလျှင် ထိုအတွင်း၌ စေတနာပေါင်း မည်မျှများပြားမည်ကို မှန်းဆပါ။ လက်ဖျောက် တစ်ချက်တီးအချိန်တွင် စိတ်ပေါင်း ကုဋေတစ်သိန်းမက ဖြစ်ပျက်နိုင်ပါသည်။)


ပစ္စည်းနှင့် အလှူခံက စေတနာထက်သန်အောင် ကူညီပုံ
****************************************

ဆွမ်းစသော လှူဖွယ်ဝတ္ထု၊ ရဟန်း သံဃာတော် စသော အလှူခံ ပုဂ္ဂိုလ်များသည် နောက်နောက်ဘ၀၌ လိုက်၍ အကျိုးမပေးနိုင်ကြသော်လည်း စေတနာထက်သန်ကား ကူညီနိုင်ကြသည်။ သာမန် ရိုးရိုး ဆွမ်းလှူရသောအခါနှင့် အထူးတလည် ချက်ပြုတ်စီစဉ်လှူရသောအခါ ၂-မျိုးတွင် ရိုးရိုးဆွမ်းကို အာရုံပြုရသော စေတနာသည် လွန်စွာ ထက်သန်ခြင်းမရှိ။ အထူးတလည်စီစဉ်ချက်ပြုတ်အပ်သော ဆွမ်းကို အာရုံပြုရသော စေတနာကား လွန်စွာထက်သန်၏။ အလှူခံ ပုဂ္ဂိုလ်အတွက်လည်း တော်စွာလျော်စွာ အလှူခံကို လှူရသောအခါ စေတနာသည် သိပ်မထက်သန်လှ။ အလွန်မွန်မြတ်သော ပုဂ္ဂိုလ်ကို လှူရသောအခါ စေတနာသည် လွန်စွာထက်သန်၏။ ဤသို့လျှင် လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကလည်း စေတနာကို ထက်သန်အောင် မွန်မြတ်အောင် ကူညီနိုင်ကြသည်ဟု မှတ်ပါ။


နည်းနည်းအလှူနှင့် များများအလှူ
*************************

ပစ္စည်းနည်းနည်းကို လှူဖို့ရန်နှင့် ပစ္စည်းများများကို (ကြီးကြီးကျယ်ကျယ်) လှူဖို့ရန် အားထုတ်ရာ၌လည်း အားထုတ်မူ လုံ့လချင်း မတူကြချေ။ နည်းနည်းလှူဖို့ရန် အားထုတ်ရာ၌ တစ်ခဏနှင့် ကိစ္စပြီး၏။ များများလှူဖို့ အားထုတ်ရာ၌ကား အလှူဝတ္ထုများပြား ကြီးကျယ်သလောက် အချိန်ကြာ၏။ လှူဖို့ရန် ပစ္စည်းကို ရှာဖွေစုဆောင်းခိုက်မှာလည်း (မလှူမီ ရှေးအဖို့၌ ဗုဗ္ဗစေတနာတွေ) အတော်များစွာ ဖြစ်နေပြီ။ ထို့ကြောင့် နည်းနည်းအလှူနှင့် များများအလှူ ၂-မျိုး၌ ပုဗ္ဗစေတနာချင်း ယှဉ်ပြိုင်ကြည့်လျှင် များများအလှူက သာလွန်ကြောင်းသိသာပေ၏။ ပေးလှူနေတုန်းအခါမှာလည်း အများကြီး လှူနေရသူမှာ အာရုံက ကြီးကျယ်ခမ်းနားသလောက် စေတနာလည်း ခမ်းနားကြီးကျယ်နိုင်သည်။ ထို့ကြောင့် လှူနေတနုး မုဉ္စစေတနာ အခိုက်မှာလည်း အကြီးအကျယ် အများအပြား သားသားနားနား အလှူ၌သာ စေတနာထက်သန်ပုံ သာလွန်ဖွယ်ရှိပေသည်။ လှူဒါန်းပြီးနောက် ၀မ်းမြောက်ဝမ်းသာ အပရစေတနာ ဖြစ်ဖို့ရန်လည်း ကြီးကျယ်ခမ်းနားသော မိမိအလှူကြီးကို ပြန်၍မှန်းလိုက်လျှင် အင်မတန် ၀မ်းမြောက်ကြပေသည်။ ထို့ကြောင့် အပရစေတနာ အခိုက်မှာလည်း ကြီးကျယ်သော အလှူကို အာရုံပြုရသော စိတ်စေတနာကသာ၍ ထက်သန်တတ်လေသည်။ ဤကား အများဖြစ်ရိုးတည်း။


ကြီးကျယ်သလောက် ၀မ်းမမြောက်မူ စေတနာသာပဓာန
****************************************

တချို့မှာကား လှူရတာများလှ၍ အကြီးအကျယ် လှူဒါန်းရပါသော်လည်း သိပ်ကြီးဝမ်းမမြောက်လှ၊ စေတနာလည်း သိပ်ကြီး မထက်လှ။ အမှတ်တမဲ့ပင် လှူလိုက်ကြ၏။ ထိုသူတို့အတွက်မှာ လှူဖွယ်ဝတ္ထုက များပြားစေကာမူ စေတနာထက်သန်ဖွံ့ဖြိုးမည်ဟု မဆိုနိုင်။ ဒုဋ္ဌဂါမဏိ အဘယမင်းသည် စုတေခါနီး၌ မဟာစေတီတော်ကြီးကို တည်ရသော ဒါနမူထက် စစ်ရူံးစဉ်က တောထဲ၌ ဆွမ်းတစ်ထပ်စာလှူခဲ့ဖူးသော ကုသိုလ်ကို သာ၍ ၀မ်းမြောက်ရကား ထိုဆွမ်းကုသိုလ်ကြောင့်ပင် တုသိတာ နတ်ပြည်သို့ ရောက်ရလေသည်။ အချုပ်မှာ အလှူဝတ္ထုထက် စေတနာထက်သန်မူကသာ၍ အရေးကြီးကြောင်း သတိပြုကြပါကုန်။



♣ မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာ မှ

♣ ရနံ့စံအိမ် ဧ။်စာမျက်နှာမှတဆင့်ပြန်လည်ကူးယူမျှဝေပါသည် ။

♣ ခပ်သိမ်းသော ရဟန်း, ရှင်, လူ, နတ်, ဗြဟ္မာ, သတ္တဝါအားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ …။
 

ငါးရှဥ့်ရဲ့ပုံပြင်


Saturday, August 31, 2013

ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင်လို့ ဖတ်ရပါတယ်။

ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင် သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိလာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။

အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ ငါးခူးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဥ့်ကို ငါးခူနဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က မဖြစ်မနေပြန်ခုခံရတယ်။ ငါးရှဥ့်ရဲ့ "အသက်ရှင်ရေး"ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန် တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။

တံငါသည်ကဆက်ပြီး သားကို ပြောပြခဲ့တယ်။

ကမ်းမကပ်ခင်သေရတဲ့ ငါးရှဥ့်တွေက သူတို့ကို ဖမ်းမိသွားပြီ... ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့ အသက်ရှင်ဖို့ဆိုတဲ့မျှော်လင့်ချက်က အလွယ်တကူပျက်စီးသွားခဲ့တယ်။ ဒါကြောင့် လှေဝမ်းထဲမှာ ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။

တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့် ဘဝရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။

ဂျပန်မိဘတွေက ကိုယ့်သားသမီးကြီးပြင်းလို့ နားလည်မှုအတင့်သင့် ရှိလာတဲ့အခါ ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက ယနေ့အာရှမှာ အတိုးတက်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တယ်။


မူရင်း -- http://share.youthwant.com.tw/D31021212.html

နိုင်းနိုင်းစနေ

ဝက်ခြံအမာရွတ်တွေနှုတ်ဆက်ဖို့ အချိန်တန်ပြီ


Saturday, August 31, 2013

ဆယ်ကျော်သက်ရွယ်ကစလို့ ၊ သွေးဆုံးပြီးနောက် ၃-နှစ်ခန့် တိုင်အောင် ဟိုမုန်းတွေပြောင်းလဲမှုကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးမှာ ပျမ်းမျှ အားဖြင့် ၉.၉၉ ဦးခန့်  အနည်းနဲ့ အများဆိုသလို ၀က်ခြံမပေါက်ဖူးတဲ့ သူရယ်လို့ မရှိကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ရှားပါးလွန်းတဲ့ အသားအရေကံထူးရှင်တွေလို့ ဆိုနိုင်ပါတယ်။ အသင်အတင့် ၀က်ခြံပေါက်ပြီးနောက် ၃-ရက် နဲ့ ၁-ပတ် အတွင်းမှာ အမာရွတ်တွေ သူ့ အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အချို့ အသား အရေပိုင်ရှင်တွေမှာတော့ ရုပ်အလှ ပျက်လောက်အောင် ၀က်ခြံအမာရွတ်တွေ စွဲကျန်နေရစ်ခဲ့ရှာတုန်းပါဘဲ။

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးနည်းလမ်း (၈)သွယ်ထဲက တစ်ခုခုနဲ့  အဆင်ပြေသွားပြီဆိုရင်တော့ သင့်မျက်နှာ ပေါ်က *** ၀က်ခြံအမာရွတ်တွေကို…..တာ့တာ *** လို့ သာဆိုလိုက်ပါတော့နော်။

(၁) နံ့ သာဖြူမှုန့် နဲ့  နှင်းဆီရည်။

နံ့ သာဖြူမှုန့် နဲ့ နှင်းဆီရေကို ပျစ်ပျစ်ဖျော်စပ်ပြီး၊ အမာရွတ်ပေါ်တိုက် ရိုက်လိမ်းပေးပါ။ အချိန် ၁နာရီကျော်ထားပါ(သို့ မ ဟုတ်) တညလုံးလိမ်း အိပ်နိုင်ပါတယ်။ ပြီးရင်ရေအေးဖြင့်မျက်နှာသစ်လိုက်ပါ။ အသားအရေအေးမြ တဲ့ခံစားမှုကို ချက်ချင်းသိရမှာပါ။ အမာရွတ်တွေ သိသိသာသာလျော့ပါး သက်သာလာစေပါတယ်။(rose water လို့ ခေါ်တဲ့ နှင်းဆီရေကို အလှကုန်ပစ္စည်းဆိုင်တွေ မှာ ၀ယ်ယူရရှိနိုင်ပါတယ်)

(၂) သံလွင်ဆီ။

သံလွင်ဆီနဲ့ အမာရွတ်ကို နေ့ စဉ်လိမ်းပေးကြည့်ပါနော်။ အစိုဓာတ်ထိန်းပေးနိုင်တဲ့အစွမ်းသတ္တိပါရှိတဲ့ သံလွင်ဆီအစွမ်းကြောင့် အသားအရေနူးညံ့ချောမွတ်ကာ အမာရွတ်တွေလည်း ပြေပျောက်သွားနိုင်ပြီပေါ့ရှင်။

(၃) သခွားသီး။

အသားအရေထိန်း အလှကုန်ပစ္စည်းတွေကို ဘာ့ကြောင့် သခွားသီးနဲ့ ဖော်စပ်ထုတ်လုပ်ထားရပါသလဲ? အဖြေကတော့ ရှင်းရှင်း လေးပါ။ သခွားရည်က အသားရေကိုနူးညံ့ချောမွေ့ အေးမြစေပြီး၊ ၀က်ခြံအမာရွတ်တွေကိုလည်း ပျောက်ကင်းသက်သာစေလို့ ပါ ဘဲ။

(၄) ရှာစောင်းလက်ပပ်။

ရှေးယခင်ကစလို့  ရှားစောင်းလက်ပပ်ပင်ရဲ့  ဂျယ်လီတွေကို အသားအရေအတွက် အိမ်တွင်းသမားတော်အဖြစ် သုံးစွဲလာခဲ့ကြ ပါတယ်။ သူက မျက်နှာအသားအရေကို ကျမ္မာသိပ်သည်းကြံ့ခိုင်စေပြီး တင်းတိပ်၊ ၀က်ခြံ နဲ့ ဝက်ခြံကြောင့်စွဲကျန်ရစ်တဲ့အမာ ရွတ်တွေကို သက်သာပျောက်ကင်းစေတယ်နော်။

(၅) ရေ။

တစ်နေ့ ကို သောက်ရေ ဖန်ခွက် ၈-ခွက်စာထက်မနဲ သောက်ဖြစ်အောင်သောက်ကြနော်။ ရေသောက်ခြင်းက ခန္ဒာကိုယ်အရေ ပြားရှိ အဆိပ်အတောက်များကို ဖယ်ရှားသန့် စင်စေပြီး၊ အရေပြားဆဲလ်အသစ်များကို မွေးဖွားပေးကာ၊ ၀က်ခြံကြောင့်ဖြစ်တဲ့ ဆဲလ်အသေတွေ/အမာရွတ်တွေကို ဖယ်ရှားသန့် စင်စေပေးတယ်လေ။

(၆) သံပုရာသီး။

ဝက်ခြံအမာရွတ်ကြောင့် ညစ်နေတဲ့ အသားအရေကို သံပုရာရည်က ပြန်လည်ဝင်းပလာစေပါတယ်။ ၀ါဂွမ်းလုံးလေးမှာ သံပုရာ ရည် လတ်လတ်ဆတ်ဆတ်နှစ်စိမ်ပြီး အမာရွတ်တွေပေါ် ကြပ်ထုပ်ထိုးပေးပါ။

(၇) နာနတ်သီး။

နာနတ်သီးထဲရှိ သဘာဝ ascorbic အက်ဆစ်အစွမ်းက ၀က်ခြံအမာရွတ်ညိုမဲမဲတွေကိုပြေပျောက်စေပြီး အသားအရေပြန်လည် တောက်ပလာစေလို့  နာနတ်သီးကို စားလည်းစားပါ။ နာနတ်သီးစိပ်ကလေးနဲ့ လည်း အမာရွတ်တွေကို ပွတ်ပေးကြပါနော်။

(၈) အက်စ်ပရင်ဆေးပြား(Aspirin)

ဖျားနာကိုက်ခဲပျောက်ဆေး တစ်မျိုးဖြစ်တဲ့ အက်စ်ပရင်ဆေးဝါးထဲမှာပါတဲ့ salicylic အက်ဆစ်က ၀က်ခြံအမာရွတ်တွေကို အလွှာ လိုက်ကွာကျစေလို့ ဆေးပြား ၂-ပြားကို အမှုန့် ကြိတ်၊ ရေနဲ့ ပျစ်ပျစ်ဖျော်ပြီး အမာရွတ်ပေါ် အစက်ချပေးပါ။ ၁၅ မိနစ်ခန့် အကြာ ရေအေးဖြင့် မျက်နှာသစ်ပေးလိုက်ရုံပါဘဲ။

(ပေါက်ပေါက်….မျှဝေသည်)
(မှီငြမ်း။ Daily Health Tips)
ကျန်းမာရေးစာတိုများစုစည်းမှု

http://www.myanmaronlinenews.net/2013/08/blog-post_3908.html

အလှူပေးရာ၌ မျိုးစေ့စိုက်ပုံနှင့် တူဟန် (ကိုယ်ကျင့်အဘိဓမ္မာ - ၄၄)




အလှူခံမှာ လယ်ပမာ၊ လှူရှာသူများ လယ်သမား။
အများလှူဖွယ်မျိုးစေ့နှယ်၊ နောက်ဝယ် အသီးစား။

ပေတ၀တ္ထုပါဠိတော်ဝယ် “အလှူခံပုဂ္ဂိုလ်သည် လယ်ယာနှင့် တူ၏။ အလှူ့ဒကာ အလှူ့အမတို့မှာ လယ်ယာလုပ်သူနှင့်တူ၏။ လှူဖွယ် ၀တ္ထုများက မျိုးစေ့နှင့် တူ၏။ နောက်သံသရာ၌ ရနိုင်မည့် အကျိုးတို့မှာ ထိုမျိုးစေ့ကြောင့် အပင်ပေါက်၍ အသီးသီးခြင်းနှင့် တူသည်”ဟု ဥပမာပြထား၏။ ဤဥပမာများကို လေးလေးနက်နက် စဉ်းစားသောအခါ လယ်ယာလုပ်ကိုင်မူ၌

၁။ လယ်ယာက မြေကောင်း၊ မကောင်း လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ အလှူခံပုဂ္ဂိုလ်က ကောင်း၊ မကောင်းလိုက်၍ အကျိုးပေး ကွာခြားဖွယ်ရှိ၏။

၂။ မျိုးစေ့က အောင်၊ မအောင်လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ လှူဖွယ်ပစ္စည်း တရားသဖြင့် ဟုတ်၊ မဟုတ်နှင့် အနည်းအများလိုက်၍ အကျိုးပေးကွာခြားဖွယ် ရှိ၏။

၃။ လယ်ယာလုပ်သူက နားလည်၊ မလည်၊ လုံ့လ၀ီရိယ ရှိ၊ မရှိလိုက်၍ အပင်အသီးကွာခြားသကဲ့သို့ အလှူရှင်က ဉာဏ်ရှိ၊ မရှိ၊ အားတက်သရောနှင့် ၀မ်းမြောက်ဝမ်းသာ ရှိ၊ မရှိ လိုက်၍ အကျိုးပေးကွာခြားဖွယ်ရှိ၏။

၎။ မစိုက်ပျိုးမီ မျိုးစေ့တို့ကို ပြုပြင်၊ မပြုပြင် လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ မိမိ၏ ပုဗ္ဗစေတနာကို ထက်သန်အောင် ပြု၊ မပြု လိုက်၍လည်း အကျိုးပေး ကွာခြားဖွယ်ရှိ၏။

၅။ လယ်ယာတို့၌ မျိုးစေ့ကို စိုက်ပျိုးပြီးနောက် ရေလောင်းခြင်း၊ ပေါင်းသင်ခြင်း စသည်တို့ကို ပြု၊ မပြု လိုက်၍ အပင်အသီးကွာခြားသကဲ့သို့ လှူဒါန်းပြီးနောက် ထိုကုသိုလ်ကံကို ထပ်မံ၍ သတိရမူ၊ သတိရတိုင်း ၀မ်းမြောက်မူ (အပရ စေတနာ ထက်သန်၊ မထက်သန် လိုက်၍) အကျိုးပေးကွာခြားဖွယ်ရှိ၏။

၆။ မျိုးစေ့စိုက်ပျိုးပြီးနောက် စိတ်ပေါက်ပေါက်ရှိ၍ ဖျက်ဆီးလိုက်သကဲ့သို့ လှူဒါန်းပြီးနောက် ထိုကုသိုလ်ကံကို ထပ်မံ၍ သတိရမူ၊ သတိရတိုင်း ၀မ်းမြောက်မူ (အပရစေတနာ ထက်သန်၊ မထက်သန် လိုက်၍) အကျိုးပေးကွာခြားဖွယ်ရှိ၏။

၇။ မျိုးစေ့လယ်ယာတို့က အားလုံးအဆင်သင့်သော်လည်း စိုက်ပျိုးသင့်သောအခါ စိုက်ပျိုးမှ အပင်အသီး ဖွံ့ထွားသကဲ့သို့ အလှူခံနှင့် လှူဖွယ်ဝတ္ထု အဆင်သင့်သော်လည်း လှူသင့်သောအခါ (လိုနေသော နေရာဝယ်ဝယ်) လှူမှသာ ဖွံ့ဖွံ့ထွားထွား အကျိုးများဖွယ်ရှိ၏။

ဤသို့လျှင် ပေတ၀တ္ထုပါဠိတော်ကို လေးလေးနက်နက် ဆင်ခြင်စဉ်းစားလိုက်သောအခါ ညွှန်ပြအပ်ခဲ့သော အချက်များ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာ ပေါ်လာပေသည်။ ထို့ကြောင့် ဒါနပြုရာ၌ အလှူခံကိုလည်း ရွေးသင့်၏။ လိုနေသော ဋ္ဌာန၌သာ လှူသင့်၏။ မိမိတို့စိတ်ကို ကြည်နူးစေသင့်၏။ လောကီစည်းစိမ်ကိုတောင့်တတတ်သော တဏှာသဘော မရောနှောအောင်လည်း ဖြူစင်စေသင့်ပါသည်။


♣ မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာ မှ

Credit : မေတ္တာရိပ်မှ

♣ ရနံ့စံအိမ် ဧ။်စာမျက်နှာမှတဆင့်ပြန်လည်ကူးယူမျှဝေပါသည် ။

♣ ခပ်သိမ်းသော ရဟန်း, ရှင်, လူ, နတ်, ဗြဟ္မာ, သတ္တဝါအားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ …။


https://www.facebook.com/photo.php?fbid=10151805753568351&set=a.10150271598213

ရဟန်းသံဃာတွေ ပညာရေးစနစ်ဟာ ခေတ်မှီပါသလားဘုရား




အမေး (၅၃) အရှင်ဣန္ဒောဘာသလင်္ကာရ(မစိုးရိမ်ကျောင်းတိုက်)

ဆရာတော်ဘုရား တပည့်တော်လျှောက်ချင်တာက တပည့်တော်တို့ ရဟန်းသံဃာတွေ ပညာရေးစနစ်ဟာ ခေတ်မှီပါသလားဘုရား၊ လူတွေက ဘုန်းကြီးတွေဆိုရင် သိပ်အရာမသွင်းချင် တော့ဘူးဘုရား၊ အလှူတို့ အသုဘတို့လောက် အားကိုးတယ်ဘုရား၊ အဲဒါ ဆရာတော်အမြင်လေး မိန့်တော်မူပါဘုရား။

(၅၃) အရှင်ဣန္ဒောဘာသလင်္ကာရ(မစိုးရိမ်ကျောင်းတိုက်) ၏မေးခွန်းကိုဖြေဆိုခြင်း
ရဟန်းသံဃာတွေရဲ့ ပညာရေးစနစ်ဟာ ခေတ်ဟောင်းစနစ်ဟောင်းနှင့် သွားနေ၍ ခေတ်မမှီဟု ဆိုရမည်။ သို့သော် မြတ်ဗုဒ္ဓ၏အဆုံးအမ ပိဋကတ်ပညာများသည် ခေတ်ပေါ်ပညာတွေ ထက် အများကြီး သာလွန်နေသည်။

ပိဋကတ်ပညာကို လက်တွေ့ကျင့်သုံးနိုင်တဲ့ နည်းစနစ်ကို ပြောင်းလဲ ၍ အနှစ်ချုပ် သင်ကြား သင့်သည်။ မြတ်ဗုဒ္ဓ၏ ဒေသနာများသည် နှစ်ဟောင်းကြာညောင်းပြီဖြစ်သော်လည်း ခေတ်လူတွေ လိုက်မမှီ နိုင်လောက်အောင် ရှေ့ကရောက်နေသည်။

ဥပမာ-စကြာဝဠာ အယူအဆ(Cosmology)၊ လူသားတို့ရဲ့ သန္ဓေစတင်ပုံ (Embryoloty)စသည်တို့မှာ ခေတ်အမြင်ထက် ရှေ့ကပြေးနေသည်။ ဒုက္ခနိရောဓနှင့် ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ အစစ်အမှန်ကို ဗုဒ္ဓ၏အဆုံးအမ၌သာ တွေ့နိုင်သည်။

ဘုန်းကြီးတွေကို အလှူအသုဘတို့မှတပါး လူတွေကအရာမသွင်းချင်ဘူးဆိုတာ ဘုန်းကြီးးလို မနေခြင်း၊ ဘုန်းကြီးးအကျင့်သိက္ခာ ယို့ယွင်းခြင်း၊ ပိဋကတ်ပညာ အားကိုးလောက်အောင် မတတ်မြောက် ခြင်း၊ ဟောပြောပြသ မပေးနိုင်ခြင်းကြောင့် ဖြစ်ရသည်ဟု ယုံကြည်သည်။

ဒေါက်တာနန္ဒမာလာဘိဝံသ ဖြေဆိုတော်မူသည်။


♣ ရနံ့စံအိမ် ဧ။်စာမျက်နှာမှတဆင့်ပြန်လည်ကူးယူမျှဝေပါသည် ။

♣ ခပ်သိမ်းသော ရဟန်း, ရှင်, လူ, နတ်, ဗြဟ္မာ, သတ္တဝါအားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ …။


https://www.facebook.com/photo.php?fbid=10151805766583351&set=a.101502715982133

“ခဏလမ်းကို မလိုက်ပါနဲ့….”



ခဏ ပျော်ရပြီးတော့ ရေရှည်မှာ စိတ်ဆင်းရဲစေမယ့် ကိစ္စမျိုးကို မလုပ်သင့်ဘူး။ အသိညဏ်ကိုဘေးဖယ်ထားပြီး မလုပ်သင့်မှန်း သိရက်နဲ့ ပျော်ဖို့ကို ဦးစားပေးပြီး လုပ်လိုက်ရင် ပိုစိတ်ဆင်းရဲရလိမ့်မယ်။

လောကသဘာဝ စိတ်ရဲ့သဘာဝမှာ Reality Principle လို့ခေါ်တဲ့ နိယာမတစ်ခု ရှိပါတယ်။ မလုပ်သင့်တာကိုလုပ်ရင် စိတ်ချမ်းသာမှု ရမှာမဟုတ်ဘူး။ လုပ်သင့်မလုပ်သင့်ဆိုတာကို စဉ်းစားဆင်ခြင်ပြီး လုပ်သင့်တာကို လုပ်ပါ။ လုပ်သင့်တာကို လုပ်ပြီး ပျော်ရတာ ကောင်းပါတယ်။

အခုလည်းပျော်တယ်။ နောင်လည်းပျော်တယ်။ ကိုယ်လည်းပျော်တယ်။ သူများလည်းပျော်တယ်ဆိုရင် သိပ်ကောင်းပါတယ်။ သူများကို စိတ်ဆင်းရဲစေပြီး ကိုယ်စိတ်ချမ်းသာမယ်ဆိုတာ reality principle ကိုဆန့်ကျင်နေတယ်။ အဲဒါမဖြစ်နိုင်ပါဘူး။

ပျော်ပျော်နေပါ။ ပျော်တာကိုလုပ်ပါ။ ဒါပေမယ့် reality principle ကိုမမေ့ပါနဲ့။ “လုပ်သင့်တာကို မလုပ်ရင်လည်း စိတ်ဆင်းရဲရလိမ့်မယ်။ မလုပ်သင့်တာကို လုပ်ရင်လဲ စိတ်ဆင်းရဲရလိမ့်မယ်” ကောင်းတာကိုလုပ်ပြီးပျော်တာ၊ လုပ်သင့်တာကိုလုပ်ပြီး ပျော်တာက စိတ်မှာ လွတ်လပ်မှု ပိုရှိပါတယ်။ လုပ်ပြီးမှ နောင်တရနေတတ်တာ မလွတ်လပ်ဘူး။ နောင်တရစရာမရှိတဲ့ ပျော်နည်းက အကောင်းဆုံးပဲ။ မသိလို့ မှားသွားတာ ရှိပါတယ်။ အမှားတွေကို ထပ်မမှားဖို့ အရေးကြီးတယ်။

အခု ခဏပင်ပန်းပေမယ့် ရေရှည်မှာ စိတ်ချမ်းသာမယ့်ကိစ္စမျိုးကို လုပ်သင့်ပါတယ်။ ပရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်ကို မမေ့ပါနဲ့။

ဆရာတော်ဦးဇောတိက
(စိတ်ချမ်းသာဖို့ လိုရင်းပါစာအုပ်မှ)

-> နှလုံးသားအာဟာရ

https://www.facebook.com/photo.php?fbid=464077510356752&set=a.35104771499306

မကြာခဏ ဖြစ်လေ့ ဖြစ်ထရှိသော ကျန်းမာရေး ပြဿနာများ




လူအများစု ကြုံတွေ့ ရတတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ်။

ခြေထောက် ရောင်ရမ်းခြင်း

ခြေဖဝါးနဲ့ ခြေဖမိုးနေရာတွေမှာ တင်းပြီး ရောင်ရမ်း နေတာမျိုး တွေကို အမျိုးသမီး အများစု ကြုံတွေ့ ကြရ တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် သည်တွေ၊ အဝလွန်ကဲ သူတွေနဲ့ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေး ဝါးတွေ သောက်သုံး နေရသူတွေ မှာတော့ အဖြစ် များတတ်ပါတယ်။ နှလုံးသွေး လှည့်ပတ် မှုအားနည်းတဲ့ သူတွေမှာလည်း ခြေထောက် ရောင်တတ် ပါတယ်။ ဖိနပ်အပိတ်တွေ စီးတာနဲ့ အရမ်းကျပ် လွန်းတဲ့ ဖိနပ်တွေကြောင့်လည်း သင့်ခြေထောက်ကို ရောင်ရမ်း စေနိုင်ပါတယ်။

အရေပြားခြောက်သွေ့ခြင်း

လူတိုင်းလိုလို ကြုံတွေ့ကြရတတ်တဲ့ ပြဿနာပါပဲ။ ဆောင်းတွင်းလေကြောင့် ဖြစ်တတ်သလို ပူလွန်းတဲ့ရေနဲ့ ချိုးမိချိန် မျိုးမှာလည်း အရေပြားခြောက်သွေ့ တတ်ပါတယ်။ ထိခိုက် လွယ်တဲ့ အရေပြား ပိုင်ရှင်တွေမှာ အရေပြား ခြောက်သွေ့ မှုပိုပြီး ဖြစ်ပေါ် တတ်ပါတယ်။ အာဟာရ ပြည့်ဝစွာ စားသောက်မှု နည်းတာ၊ ရေ သောက်နည်းတာ၊ ဆီးချို သွေးချို ရောဂါ ရှိတာတွေက ရေဓာတ် ခန်းခြောက်မှုကို ဖြစ်စေပါတယ်။ နှလုံးသွေးကြောကျဉ်းသူ တွေမှာ ခြေဖဝါး၊ ခြေထောက်နဲ့ လက် ချောင်းလေးတွေ ခြောက်သွေ့နေတတ် ပါတယ်။ အရေပြားဆီကို အောက်ဆီဂျင် ရရှိမှုနည်းပြီး အရေပြား ခြောက်သွေ့ကာ တောက်ပမှု ကင်းလာ တတ်ပါတယ်။

မျက်လုံးဝါခြင်း

မျက်လုံးဆိုတာ သင့်ကျန်းမာရေးကို ဖော်ပြတဲ့ ပြတင်းပေါက် တစ်ခုပါပဲ။ မျက်လုံး အရောင်ပြောင်း တာက တခြားကျန်း မာရေးပြဿနာ တစ်ခုခုနဲ့ ဆက်စပ် နေနိုင်ပါတယ်။ မျက်လုံးဝါ တာက အသည်းရောဂါ တွေနဲ့လည်း ဆက်စပ်မှုရှိ တာကြောင့် မျက်လုံး တွေဝါတာနဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့် ပါတယ်။

အရေပြားတွန့်လာခြင်း

အသက်အရွယ် ကြီးလာလို့ အရေပြားမှာ အရေးကြောင်း ပေါ်တာက ပုံမှန် ပါပဲ။ အရွယ်မတိုင်ခင် တွန့်တတ်တဲ့ အရေ ပြားကတော့ အမျိုးသမီးအများစုဟာ အရိုးပွ ရောဂါကြောင့် အဖြစ်များပါတယ်။ အခြေခံအရိုးတည်ဆောက်မှုတွေ ပျက်စီး လာတဲ့ အနေအထားပါ။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေနဲ့ နေရောင်ခြည် ဒဏ်ခံရတဲ့ အမျိုးသမီး အများစု မှာလည်း အရေ ပြားတွေ တွန့်နေ တတ်ပါတယ်။

ဆံပင်ကျွတ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်၊ စိတ်ဖိစီးမှုများ ချိန်၊ စိတ်ဓာတ်ကျချိန်၊ ဆေးကုသမှု ခံယူနေချိန်၊ ဟော်မုန်းပြောင်းလဲ ချိန်တွေမှာ ဆံပင်အများဆုံး ကျွတ်တတ် ပါတယ်။ သိုင်းရွိုက်ရောဂါ တွေကြောင့်လည်း
ဆံပင်ကျွတ် တတ်ပါတယ်။

မျက်နှာအရေပြား နီမြန်းခြင်း

နေပူထဲ ထွက်တာကြောင့် ဖြစ်တတ်သလို တချို့တွေမှာ ဘာကြောင့်မှန်း မသိဘဲ မျက်နှာပြင် အထူးသဖြင့် ပါး၊ နဖူးနဲ့ နှာခေါင်းလိုနေရာတွေမှာ နီရဲနေတတ် ကြပါတယ်။ ဝက်ခြံနဲ့ အရေပြားပါးလွှာ တာကြောင့် မျက်နှာပြင် နီရဲနေတတ်ပါ တယ်။ ပူစပ်တဲ့ အစားအစာနဲ့ ဓာတ်မတည့်တဲ့ မျက်နှာလိမ်း ပစ္စည်းတွေကို ရှောင်ပါ။

 ခံတွင်းရနံ့ဆိုးခြင်း

ခံတွင်း ကျန်းမာရေး ဆိုင်ရာ ပြဿနာ တွေကြောင့် ဖြစ်တတ်သလို အစာခြေ စနစ် မကောင်းတာ ကြောင့်လည်း ခံတွင်း အနံ့ဆိုး ထွက်စေပါတယ်။ ခံတွင်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေက နှလုံးရောဂါနဲ့လည်း ဆက်စပ်မှုရှိ တာကြောင့် သွားကျန်းမာရေးကို အထူး ဂရုစိုက် သင့်ပါတယ်။ သွားဆရာဝန်နဲ့ တိုင်ပင်ပြီး ခံတွင်း စစ်ဆေးမှုကို ပုံမှန်ပြုလုပ် သင့်ပါတယ်။

လက်သည်းကွဲအက်ခြင်း

လက်သည်းတွေ ကွဲအက်တာက လည်း တခြားကျန်းမာရေး ပြဿနာတွေ များစွာ ဖြစ်နိုင်ပါတယ်။ ကမ်မီကယ် ပါဝင်တဲ့ ကုန်ပစ္စည်းတွေကို နေ့စဉ် ကိုင်တွယ်ပြီး အလုပ်လုပ် နေရသူတွေ၊ လက်သည်းကို အချိန်မကြာခဏ ဆိုသလို ပြင်ဆင် တတ်သူတွေနဲ့ ရေကိုင်များ သူတွေမှာ လက်သည်း ပျက်စီး တတ်ပါတယ်။ တခြား ကျန်းမာရေး ပြဿနာတွေ အနေနဲ့ ရိုးဆစ် ရောင်ရောဂါ၊ မျိုးရိုးလိုက်တဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ အာဟာရချို့တဲ့မှုတွေ ကြောင့်လည်း ဖြစ်တတ် ပါတယ်။
လမင်းလေး


 http://www.myawady.com.mm/health/knowledge/item/11993-2013-04-23-14-35-47

မြေပဲ လက်တစ်ဆုပ် စားခြင်းက ဝမ်းဗိုက် အဆီကျစေ




နေ့စဉ် မြေပဲ လက်တစ်ဆုပ် စားခြင်းက ဆာလောင်မှု မဖြစ်အောင် တားဆီး နိုင်ပြီး ဝမ်းဗိုက်မှ အဆီများ ချပေးရန် အထောက်အကူ ပြုကြောင်း ပညာရှင် များက ပြောကြား လိုက်သည်။

ယခု တွေ့ရှိချက်သည် မြေပဲစားခြင်းနှင့် ဆီရိုတိုနင် ဟော်မုန်း မြင့်မားခြင်းတို့ အကြားရှိ ဆက်နွှယ်ချက်ကို ပထမဆုံး အကြိမ်အဖြစ် ဖော်ထုတ် နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဆီရိုတိုနင်သည် အစာစားလိုစိတ်ကို လျှော့ချ ပေးနိုင်ပြီး ပျော်ရွှင်မှု ခံစားချက်ကို မြှင့်တင် ပေးကာ နှလုံး ကျန်းမာရေးကိုလည်း တိုးတက်စေကြောင်း တွေ့ရှိခဲ့ သည်။

စပိန်နိုင်ငံ ဘာစီလိုနာ တက္ကသိုလ်မှ သုတေသန ပညာများသည် အပေါ်ယံ အလွှာ မနွှာထားသော သစ်ကြားသီး၊ ဗာဒံစေ့နှင့် ဟေဇယ်သီး အစေ့ တို့သည် လည်း အလားတူ ကျန်းမာရေး အတွက် ကောင်းမွန်သော အာနိသင်များ ရှိသည်ဟု ဆိုသည်။

နှင်းဆီဖူးလေးများ- Love BUDS

http://www.myawady.com.mm/health/knowledge/item/11839-2013-04-22-10-23-21

" ၀ဋ်မှာအမြဲ ငရဲမှာ အပ "



[www.facebook.com/youngbuddhistassociation.mm]


ဗုဒ္ဓဘာသာ မြန်မာအများ ပြောဆိုသုံးနှုန်းလေ့ရှိကြသည့် မကောင်းမှု အကုသိုလ်နှင့် စပ်လျဉ်းသည့် သတိပေး ပြောဆိုမှု စကားများတွင် “၀ဋ်လိုက်တတ်တယ်၊ ၀ဋ်လိုက်လိမ့်မယ်၊ ငရဲကြီးမယ်…”စသည်ဖြင့် ပြောဆိုကြသည့် စကားများ ရှိ၏။ မကောင်းသည့် လုပ်ရပ်တစ်ခုခုကြောင့် ပြန်ခံရတတ်သည့် တန်ပြန်သက်ရောက်မှုတွင် ၀ဋ်အဖြစ် ပြန်ခံရသည့် အကုသိုလ်အကျိုးနှင့် ၀ဋ်ကျွေးမပါဘဲ အကုသိုလ် အပြစ်သက်သက်ကိုသာ ပြန်ခံရသည့် အကုသိုလ်အကျိုး ဟူ၍ရှိတတ်ရာ အချို့အကုသိုလ်ကံများသည် အကုသိုလ်အကျိုးကို ခံပြီးဖြစ်သော်လည်း နောက်ဆုံးအရိယာ ဘ၀အထိ ၀ဋ်ကြွေးးအနေဖြင့် ပေးဆပ်ရသည့် အကုသိုလ်များအဖြစ် ရှိတတ်ပြီး အချို့အကုသိုလ်ကံ များသည်ကား အကုသိုလ်အကျိုးကို ခံပြီးသည်နှင့် ပြီးပြတ်သွားနိုင်သည့်အပြင် ကုသိုလ်ကံအစွမ်းဖြင့် ယင်းအကုသိုလ်ကံ အကျိုးပေးခွင့်မရအောင်ပင် ပြုလုပ်နိုင်သည့် ကံများအဖြစ် ရှိတတ်၏။ ထို့ကြောင့်ပင် အပြစ်ခံပြီးသော်လည်း အကြွေးကျန်နေတတ်သည့် သဘောရှိသည့် ကံနှင့် အကြွေးမကျန် အပြစ်ခံကာ ကောင်းသည့်ကံဖြင့် အပပြုနိုင်သည့် သဘောရှိသည့်ကံများကို ရည်ရွယ်၍ “၀ဋ်မှာအမြဲ ငရဲမှာ အပ”ဟု ပြောစမှတ် ပြုကြခြင်းဖြစ်၏။

အကုသိုလ်အလုပ်တစ်ခုခုသည် အကုသိုလ်အကျိုးကို ပေးတတ်သည် မှန်သော်လည်း ပြုလုပ်တတ်သူ၏" စေတနာ၊ ရည်ရွယ်ချက်"
သို့လိုက်ကာ အကျိုးအပြစ် အကြီးအသေး ကွာခြားတတ်၏။ စေတနာရည်ရွယ်ချက် အားကောင်းပြီး ကြိုတင်ကြံစည်မှုများဖြင့် မဖြစ်ဖြစ်အောင် ပြုလုပ်တတ်သည့် အကုသိုလ်ကံများသည် အပြစ်ခံပြီးသော်လည်း အကြွေးကျန်ကာ ၀ဋ်ကြွေးအဖြစ် ခံရတတ်၏။ စေတနာပါသော်လည်း ရည်ရွယ်ချက်မရှိ ရုတ်တရက် မဖြစ်မနေ လုပ်လိုက်ရသည့် အကုသိုလ်ကံမျိုးသည်ကား စေတနာပါသဖြင့် အကျိုးသက်ရောက်မှု ရှိနိုင်သော်လည်း အကျိုးပေး အားနည်းကာ အားကောင်းသည့် ကုသိုလ်ကံတစ်ခုခုဖြင့် လွှမ်းမိုးနိုင်လျှင်
ထိုမကောင်းမှု၏ အကျိုးပေးမှုကို အပပြုထားနိုင်၏။

ထို့ကြောင့် မကောင်းမှု အကုသိုလ်မှန်သမျှ မပြုလုပ်ဘဲ ရှောင်ရှားရန် လိုအပ်သော်လည်း မဖြစ်မနေလုပ်လိုက်ရသည့် အခါမျိုးတွင်ကား ၀ဋ်ကြွေးတင်သည့် အကုသိုလ်အပြစ်များ မဖြစ်ကြရန် အထူးသတိပြုသင့်ကြောင်း ဆိုခြင်းဖြစ်၏။


[www.facebook.com/youngbuddhistassociation.mm]
စင်စစ် ၀ဋ်ကြွေးခံရသည် ဖြစ်စေ၊ ငရဲခံရသည် ဖြစ်စေ နှစ်ခုလုံးသည် အကုသိုလ်ကံ၏ အကျိုးပေးမှုများပင် ဖြစ်၏။ မိမိလုပ်ခဲ့သည့် အကုသိုလ်အလုပ်သည် စေတနာရည်ရွယ်ချက် အပြည့်ဖြင့် တမင်သက်သက် ကြိုတင်ကြံစည်ကာ ပြုလုပ်သည့် အကုသိုလ်ကံဖြစ်ပါက အကုသိုလ် အပြစ်ခံပြီးသော်လည်း နောက်ဆုံးအရိယာ ဘ၀အထိ ထိုအကုသိုလ်ကံ၏ အကျိုးပေးသက်ရောက်မှု ရှိနေသေးကာ အကြွေးအဖြစ် ပေးဆပ်ရတတ်၏။ တစ်ခါတစ်ရံ မကောင်းသည့် အကုသိုလ်အလုပ်ကို လုပ်ဖြစ်သွားသော်လည်း တမင်ကြိုတင်ကြံစည်ပြီး လုပ်သည့်အလုပ်မျိုး မဟုတ်ဘဲ မဖြစ်မနေလုပ်လိုက်ရသည့် အခါမျိုးလည်း ရှိတတ်၏။ ထိုသို့သော အကုသိုလ် အလုပ်မျိုးသည်ကား ကောင်းမှုကုသိုလ်တစ်ခုခုဖြင့် ချေဖျက်နိုင်လျှင် မကောင်းမှုအကုသိုလ် အကျိုးပေးခွင့်မသာဘဲ အဟောသိကံ ဖြစ်သွားတတ်သည့်အပြင် အပြစ်ခံရလျှင်လည်း ထိုအပြစ်ဒဏ်ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် ပြေပျောက်သွားကာ နောက်ကံတစ်ခု၏ အကျိုးပေးကို ရရှိစေသည့် သဘောရှိ၏။

မှန်၏။ ၀ဋ်ကြွေးသည်ကား အလွန်ကြောက်ဖွယ် ကောင်းလှ၏။ ၀ဋ်ကြွေးတင်သည့် အကုသိုလ် အလုပ်ဖြစ်ခဲ့လျှင်ကား လောကအထွဋ် ဖြစ်တော်မူသည့် အနန္တ တန်ခိုးရှင် ဘုရားပင်လည်း ၀ဋ်ကြွေးမှန်က ပေးဆပ်ခဲ့ရ၏။ ဗုဒ္ဓစာပေများတွင် ဖော်ပြထားသည့် ၀ိပါက်တော် (၁၂)ပါးသည် မြတ်ဗုဒ္ဓ ပါရမီဖြည့်စဉ် အလောင်းတော်ဘ၀က လုပ်ခဲ့သည့် အကုသိုလ်ကံများ၏ အကြွေးများပင် ဖြစ်၏။ အကုသိုလ်အပြစ်များကို ခံပြီးသော်လည်း နောက်ဆုံးဘ၀အထိ ၀ဋ်ကြွေးတော်ကို ပေးခံသွားခဲ့ရ၏။ 


ဗုဒ္ဓ၏ ၀ဋ်ကြွေးတော် (၁၂)ပါးတွင် “ဝေဘာရတောင်စောင်းမှ ကျောက်မောင်းဆင်ကာ ဒေ၀ဒတ်က လုပ်ကြံသဖြင့် ခြေတော်ကို ကျောက်လွှာထိသည့် ဒဏ်ကို ခံခဲ့ရသည့် ၀ဋ်ကြွေးတော်သည် အတိတ်ဘ၀ ပါရမီဖြည့်စဉ်က သူကြွယ်အမျိုး၌ ဖြစ်ခဲ့ပြီး ထိုစဉ်က ညီကိုလှည့်စားခေါ်သွားကာ ကျောက်ဖြင့်ဖိညှပ်၍ ကြိတ်ချေထုသတ်ခဲ့သည့် အကုသိုလ် အလုပ်ကြောင့် ဖြစ်ကြောင်း၊ ယခုဘ၀ ရှင်တော်ဗုဒ္ဓအဖြစ်မှာ ခါးကိုက်တတ်သည့် ဝေဒနာကို မကြာမကြာ ခံစားရသည့် ၀ဋ်ကြွေးတော်သည် အတိတ်ဘ၀ လက်ဝှေ့သမား ဖြစ်စဉ်က ပြိုင်ဘက်ကို အနိုင်ရသည့်အခါတိုင်း ခါးရိုးကို ရိုက်ချိုးကာ မြေပေါ်ချသတ်ပြခဲ့သည့် အကုသိုလ် အလုပ်ကြောင့် ဖြစ်ကြောင်း၊ ဘုရားဘ၀ နောက်ဆုံးအချိန်တွင် ၀မ်းတော်လားပြီး အားအင်ချို့ကာ ပရိနိဗ္ဗာန်စံတော်မူခဲ့ ရသည့် ၀ဋ်ကြွေးတော်သည်လည်း အတိတ်ဘ၀ တစ်ခုတွင် ဆေးစရာဖြစ်စဉ်က ဆေးဖိုမပေးဘဲ ရှောင်လွဲနေတတ်သည့် လူနာတစ်ဦးအား ၀မ်းလျှောဆေးတိုက်ကာ လုပ်ကြံခဲ့သည့် အကုသိုလ် အလုပ်ကြောင့် ဖြစ်ကြောင်း” စသည်ဖြင့် ဗုဒ္ဓကိုယ်တော်တိုင် ပြန်လည်ဟောကြားတော် မူခဲ့သည် ဖြစ်စဉ်များကို ကြည့်လျှင် ၀ဋ်မှာအမြဲ ဖြစ်ခဲ့သည် သာဓကများအဖြစ် အထင်အရှား ရှိနေသည်သာ ဖြစ်ပါ၏။

ထို့အတူ တန်ခိုးတော်အရာတွင် ဧတဒဂ် ရတော်မူသည့် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးသည်လည်း ခိုးသားငါးရာ၏ ရိုက်နှက်မှုဒဏ်ဖြင့် ပရိနိဗ္ဗာန် ၀င်စံတော်မူခဲ့ရ၏။ ထိုအကြွေးသည် အတိတ်ဘ၀ တစ်ခုက မျက်မမြင် မိခင်အိုကြီးအား တောအုပ်တစ်နေရာ ခေါ်ဆောင်သွားကာ သူခိုးဓားပြများ၏ ရိုက်ပုတ်လုယက်စေမှုကို ဖြစ်စေခဲ့သည့် အကုသိုလ်လုပ်ရပ်၏ ၀ဋ်ကြွေးကြောင့်ပင် ဖြစ်၏။ ထိုအကုသိုလ်ကြောင့်ပင် ဘ၀ပေါင်းများစွာ အပြစ်ခံကာ နောက်ဆုံးဘ၀အထိ ကျန်အကြွေးကို ပြန်ဆပ်ခဲ့ရ၏။ ရည်ရွယ်ချက် ကြီးကြီးဖြင့် ကြိုတင်ကြံစည်ကာ စေတနာအပြည့်ထည့်ပြီ့း ပြုလုပ်ခဲ့သည့် မကောင်းသည့် လုပ်ရပ်တစ်ခုသည် သာမာန်အကုသိုလ်အကျိုး အဖြစ် မဟုတ်တော့ဘဲ အရိယာဘ၀အထိ လိုက်လာတတ်သည့် ၀ဋ်ကြွေးတစ်ခုအဖြစ် ခံရတတ်သည်ကို မြတ်ဗုဒ္ဓနှင့် အရိယာ သာဝကကြီးများက ထင်ရှားပြနေပေ၏။

မည်သို့ပင်ဆိုစေ အကုသိုလ်အလုပ်၏ တန်ပြန်သက်ရောက်မှုသည် “ငရဲ” သို့မဟုတ် မိမိလုပ်ခဲ့သည့် လုပ်ရပ်နှင့် ထပ်တူပြန်ခံရသည့် “၀ဋ်ကြွေး”အဖြစ် ရှိနေသည်မှာ အသေအချာပင် ဖြစ်ပါ၏။ မကောင်းသည့် အလုပ်တစ်ခုသည် ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ပြုလုပ်သူ၏ စေတနာ ရည်ရွယ်ချက်သို့ လိုက်ကာသာ အကျိုးအပြစ် ကြီးမှုမကြီးမှုကို ဖြစ်စေ၏။ 


တစ်ခါတစ်ရံ လုပ်လိုက်သည့် မကောင်းမှုအလုပ်သည် အသေးအဖွဲလေးပင် ဖြစ်သော်လည်း လုပ်သည့်ပုဂ္ဂိုလ်၏ စေတနာမှာ ပြင်းထန်ကြီးမားနေသဖြင့် အကျိုးရလာဘ်သည်လည်း ကြီးမားသွားတတ်သည်များ ရှိတတ်၏။ အသေးအဖွဲလေးဟု အထင်သေးကာ ပြုလုပ်တတ်သည့် အကုသိုလ်သည် အကျိုးပေးသည့်အခါ အလွန်ဆိုးဝါးစွာ အကျိုးပေးတတ်သည်ကို သတိပြုသင့်၏။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓက “အနည်းငယ်သော မကောင်းမှုသည် ငါ့အား အကျိုးသက်ရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များသော် ရေအိုးသည် ပြည့်လာဘိသကဲ့သို့ သူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို ပြုဖူးဖန်များလာသော် မကောင်းမှုဖြင့် ပြည့်၏။” ဟု ဟောတော်မူခြင်း ဖြစ်၏။

[www.facebook.com/youngbuddhistassociation.mm]

မှန်၏။ ယနေ့ခေတ်သည် ဆုတ်ကပ်ကာလ ဖြစ်၍လားမသိ။ ဘုရားအစရှိသည့် သူတော်ကောင်းများက မည်မျှပင် မကောင်းမှု အကုသိုလ်၏ အကျိုးအပြစ်များကို ဟောပြောပါသော်လည်း မကောင်းမှု၏ ဒဏ်ခတ်မှုကို မခံရသေးသမျှ ပုထုဇင်များသည် မကောင်းမှု အကုသိုလ်ကို မကြောက်ကြဘဲ ဖြစ်နေပေ၏။ ၎င်းတို့သည် မကောင်းမှုများ အကျိုးပေးမှုကို စုပြုံပြီး ခံလာရပြီ ဆိုမှသာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ နီးစပ်ရာ အားကိုးကို ရှာတတ်ကြသည့် သဘောရှိ၏။ 


အချို့လည်း မိမိ၏ လုပ်ရပ်ကို သတိမပြု မဆင်ခြင်ဘဲ မကောင်းသည့် ဒဏ်ခက်မှုများ ကြုံသည့်အခါမှသာ “ကံဆိုးလိုက်တာ၊ ၀ဋ်ကြီးလိုက်တာ”ဟု ဆိုကာ ကံနှင့်ဝဋ်ကို ပုံချတတ်ကြ၏။ စင်စစ် အချို့သော မကောင်းသည့် လုပ်ရပ်များ၏ တန်ပြန်သက်ရောက်မှုသည် နောင်ဘ၀များအထိ မစောင့်တော့ဘဲ ယခုဘ၀မှာပင် လက်တွေ့အကျိုး ပေးသည်များလည်း ရှိတတ်၏။ သူတစ်ပါးကို ဒဏ်ခတ်သည့် အကုသိုလ်ကံသည် ယခုဘ၀မှာပင် မိမိကိုယ်တိုင် ပြန်ခံရသည့် အခါများလည်း ရှိတတ်၏။ ထိုအခါ အချို့က “အဲဒါ ၀ဋ်လည်တာ”ဟု ဆိုတတ်ကြ၏။ အချို့ကလည်း “သူ့စရိတ်နဲ့ သူသွားတာပဲ”ဟု ဆိုတတ်ကြ၏။ မည်သို့ပင်ဆိုစေ ဤသည်မှာ မကောင်းသည့်လုပ်ရပ်၏ တန်ပြန်အကျိုးသက်ရောက်မှုပင် ဖြစ်၏။

စေတနာပါသည့် လုပ်ရပ်များသည် ကံမြောက်သည့် လုပ်ရပ်များဖြစ်သဖြင့် အလုပ်လုပ်သည့် အခါတိုင်း စိတ်စေတနာကို အထူးသတိပြု လုပ်သင့်လှ၏။ အထူးသဖြင့် မကောင်းသည့် အကုသိုလ် အလုပ်များသည် မလုပ်ဘဲ နေနိုင်လျှင် အကောင်းဆုံး ဖြစ်သော်လည်း မဖြစ်မနေ လုပ်မိကြသည့်အခါ စေတနာ ရည်ရွယ်ချက် အားကောင်းသည့် လုပ်ရပ်များ မဖြစ်ရန် ဆင်ခြင်သင့်လှ၏။


ရုတ်တရက် လုပ်ဖြစ်ခဲ့သည့် မကောင်းမှု လုပ်ရပ်များတွင် စေတနာ ရည်ရွယ်ချက် အားနည်းတတ်သဖြင့် အကျိုးပေးလည်း အားနည်းတတ်သော်လည်း ကြိုတင်ပြင်ဆင်ပြီး စေတနာရည်ရွယ်ချက် အပြည့်ဖြင့် ပြုလုပ်ကြသည့် အကုသိုလ် လုပ်ရပ်များသည်ကား စေတနာ ရည်ရွယ်ချက် အားကြီးသဖြင့် အကျိုးပေးလည်း အားကြီးတတ်သည်ကို သတိပြုသင့်၏။ အသေအချာတွေးကြည့်လျှင် စေတနာရည်ရွယ်ချက်ဖြင့် ကြိုတင်ပြင်ဆင် ကျူးလွန်တတ်သည့် အပြစ်များသည် ဓမ္မဥပဒေအားဖြင့် မဆိုထားနှင့် လောကဥပဒေအားဖြင့်လည်း ကြိုတင်ပြင်ဆင်မှု ပါသဖြင့် ပို၍အပြစ်ကြီးသည်ကို သတိပြုမိကြမည် ဖြစ်၏။ ထို့ကြောင့် မည်သည့်အကြောင်းဖြင့်ပင် ဖြစ်စေ မကောင်းမှု အကုသိုလ်ကို မလုပ်မိကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။

အချုပ်အားဖြင့် မကောင်းသည့် လုပ်ရပ်တစ်ခုသည် အပါယ်ငရဲအထိ ကျရောက်နိုင်သကဲ့သို့ အပါယ်ငရဲမှ လွတ်လာပြန်လျှင်လည်း ထပ်တူပြန်လည် ပေးဆပ်ရသည့် ၀ဋ်ကြွေးများ ရှိတတ်သဖြင့် ငရဲနှင့်ဝဋ်ကို ရှည်စေတတ်သည့် မည်သည့်မကောင်းမှုမျိုးကိုမျှ မလုပ်မိကြရန် လိုအပ်လှပေ၏။ အသေးအဖွဲလေးဟု အထင်သေးကာ စေတနာပါပါဖြင့် လုပ်မိတတ်သည့် မကောင်းသည့် လုပ်ရပ်တစ်ခုသည် အကျိုးပေးသည့်အခါ ဘ၀ပေါင်းများစွာ မကောင်းသည့် အပြစ်ဒဏ်ကို ပြန်ခံရပြီး ထိုအပြစ်များ ခံပြီးသော်လည်း နောက်ဆုံးအရိယာ ဘ၀အထိ ၀ဋ်ကြွေးအဖြစ် ပြန်လည်ပေးဆပ်ရ တတ်သည်ကို သတိပြု ဆင်ခြင်သင့်လှပေ၏။


 ကြိုတင်ပြင်ဆင်မှုနှင့် စေတနာ ရည်ရွယ်ချက်အားကြီးလျှင် ၀ဋ်ကြွေးတစ်ခုအဖြစ် ပြန်လည်ပေးဆပ်ရမြဲ ဖြစ်သဖြင့် ၀ဋ်ကိုမြဲစေမည့် အကုသိုလ်အမှုများ မလုပ်မိကြရန် ကြိုးစားသင့်လှ၏။ “၀ဋ်မှာအမြဲ ငရဲမှာ အပ”ဟု ဆိုကြသည့် အကုသိုလ်လုပ်ရပ်၏ တန်ပြန်အကျိုး ပေးမှုသည့် ငရဲ သို့မဟုတ် ၀ဋ်ကြွေး အဖြစ် ပြန်ခံရတတ်သဖြင့် မည်သည့် အကုသိုလ်အလုပ်မျိုးကိုမျှ မလုပ်မိကြရန် လိုအပ်ပေ၏။ အကောင်းဆုံးကား ၀ဋ်ကင်းပြတ်ရာ အလုပ်ကို လုပ်နိုင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။ ၀ဋ်ကင်းရာအလုပ်ကား ကံများကို ဖြတ်ပေးသည့် ဉာဏ်နှင့်ယှဉ်သည့် ဘာဝနာ အလုပ်ပင် ဖြစ်ပါ၏။

ထို့ကြောင့် ငရဲနှင့်ဝဋ် ကင်းရာဖြစ်သည့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို အချိန်ရှိခိုက် သတိစိုက်၍ ရရှိထားသည့် ဘ၀အခိုက်တွင် မကောင်းမှုရှောင်ပြီး ကောင်းမှုဆောင်ကာ အားသွန်ခွန်စိုက် ကြိုးစားလိုက်ကြရန်သာ တိုက်တွန်းလိုက်ရပေတော့၏။ ငရဲနှင့်ဝဋ် တွဲ၍လွှတ်သည့် အပြစ်အကုသိုလ် ဤထိုထိုကို မပိုသတိ အလိုမရှိအောင် သတိဆောင်ပြီး မကောင်းမှုကို ရှောင်နိုင်ရန်သာ ကြိုးစားပါဟု အကြံပြုလိုက်ရပေတော့၏။ အားလုံး ငရဲနှင့်ဝဋ်ကင်းရာဖြစ်သည့် အလုပ်များဖြင့်သာ ဘ၀ပန်းတိုင် လှမ်းကိုင်နိုင်ကြပါစေ….။

[ စာရေးသူ = ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) ]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/photo.php?fbid=669004926442856&set=a.322278357782183.9

ဆံပင်ကျွတ်ခြင်းသက်သာရန်



 
၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ

ယင်းတို့ထဲမှာ ပါဝင်တဲ့ ဆာလဖာဟာ အရေပြားက ကော် လာဂျင်ထွက်ရန် ကူညီပေးပြီး ဆံပင် တွေဖွံ့ဖြိုးရန်ကူညီပေးနိုင်ပါသည်။
အသုံးပြုပုံ - ပါးပါးလှီးပါ။ အရေညှစ် ပါ။ ယင်းအရည်ကို ဦးရေပြားမှာ ၁၅ မိနစ်ခန့်ထားပြီး ခေါင်းလျှော်ပါ။ ကြက်သွန်ဖြူဆိုရင် အမြွှာလေးတွေ ကို ကြိတ်ပါ။ အုန်းဆီနည်းနည်း ရောပါ။ ပြီးနောက် မိနစ်အနည်း ငယ်ခန့် ဆူပွက်အောင်ထားပါ။ ထို့ နောက် အအေးခံပြီး ခပ်နွေးနွေး၌ ဦးရေပြားသို့ ဖြေးညှင်းစွာ နှိပ်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ်ထိ လုပ်ပေးသင့်ပါတယ်။

၂။အုန်းသီး

အုန်းနို့တွင် ပါဝင်သော ပရို တင်း၊ အဆီနဲ့ ပိုတက်ဆီယမ်၊ သံစာဓာတ်တို့က ဆံပင်ကျိုးခြင်း၊ ကျွတ်ခြင်းကိုသက်သာစေပြီး ဆံပင် ကိုလည်း အမြစ်မှစပြီး အားပြည့်စေပါ တယ်။ အသုံးပြုပုံမှာ အုန်းနို့အား ဆံပင်ကြဲနေသည့်၊ ပြောင်နေသည့် နေရာအား ကွက်၍လိမ်းပေးပါ။ နောက်တစ်နေ့ မိုးလင်း၌ ဆေးချပါ။

၃။ ဒန်းပင်

ဒန်းပင်ဟာ ဆံပင် အရောင်ကို ထိန်းပေးနိုင်ရုံသာမက ဆံပင်ကို ပိုမိုသန်စွမ်းစေပါတယ်။ အသုံးပြုပုံမှာ မုန်ညှင်းဆီ 250ml အား ရေဆေး အခြောက်ခံထားသော ဒန်းရွက် ၆၀ g ခန့်တွင် ရောနှောပါ ။ ထို့နောက် ယင်းအရောအား ဆူပွက်လာသည် အထိပြုတ်ပါ။ အဆီအား အဝတ်ပါး ဖြင့် စစ်ထုတ်ပါ။ ယင်းအဆီအား လေလုံသောဘူးဖြင့် သိမ်းထားပြီး ဦးရေပြားအား ယင်းအဆီဖြင့် နေ့စဉ် နှိပ်ပေးပါ။ တချိUKကတော့ ဒန်းရွက် ခြောက်အမှုန့်အား ဒိန်ချဉ်ဖြင့် ရော ပြီး လိမ်းပေးလေ့ရှိပါတယ်။

၎။ ခေါင်ရမ်းပင်

အုန်းဆီနဲ့ ခေါင်းရမ်းပွင့်ဟာ ဆံပင်ထူတဲစေတဲ့လျှိုဝှက်ချက်တစ်ခု ပဲ ဖြစ်ပါတယ်။
အသုံးပြုပုံ - ခေါင်းရမ်းပွင့်အချိUKအား နှမ်းဆီ (သို့မဟုတ်) အုန်းဆီဖြင့် ရော ပြီး အနှစ်ရအောင် ပြုလုပ်ပါ။ ယင်း အား ဦးရေပြားပေါ်တွင် လိမ်းထား ပြီး နာရီအနည်းငယ်ခန့်ထားပြီး ဆေး ပစ်ပါ။

၅။ ဥ

ဥတွေဟာ ဆာလဖာကြွယ်ဝရုံ သာမက ပရိုတင်း၊ ဆယ်လီနီယမ်၊ အိုင်အိုဒင်း၊ ဖော့စဖရပ်၊ သံနဲ့ ဇင့် တွေ ပါဝင်တဲ့အတွက် ဆံပင်ပေါက် ရန် အားပေးပြီး ဖွံ့ဖြိုးမှုကို ကူညီပါ တယ်။
အသုံးပြုပုံ- ကြက်ဥ (သို့မဟုတ်)ဘဲဥ အစိမ်းရဲ့အနှစ်ကိုဖယ် အကာအား သံလွင်ဆီ၊ တစ်ဇွန်းဖြင့်ရောပါ။ အနှစ်ရသည်အထိ မွှေပါ ။ ထို့နောက် ဦးခေါင်းအား လိမ်းပေးပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထားပြီးနောက် ခေါင်း လျှော်ချပါ။

ဖိုးသောကြာ
ref: Medindia


https://www.facebook.com/photo.php?fbid=467404010025502&set=a.420045418094695.

ညှင်း ( Tinea Versicolor)




Pityriasis Versicolor ညှင်းဆိုတာ Malassezia furfur ကြောင့်ဖြစ်ပြီး၊ အဖြူ-ပန်းရောင် ကတ္တီပါလို နူးညံ့တယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဖြစ်တယ်။


Tinea Versicolor ညှင်း Pityriasis Versicolor ညှင်းဆိုတာ Malassezia furfur ကြောင့်ဖြစ်ပြီး၊ အဖြူ-ပန်းရောင် ကတ္တီပါလို နူးညံ့တယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဖြစ်တယ်။ Cyanide poisoning (စိုင်းယာနိုက်) အဆိပ်သင့်တာ၊ Sulfur mustard poisoning မုံညင်းအဆိပ်သင့်တာတွေမှာလဲ သုံးတယ်။ Calciphylaxis ကျောက်ကပ်ဆေးနေရသူတွေ အခြေအနေဆိုရင်လဲ ပေးတတ်တယ်။ Ringworm ပွေး၊ Tinea versicolor ညှင်းအတွက်လဲ ပေးတယ်။

ခေတ်ပေါ်လိမ်းဆေးတွေ -
• Clotrimazole 1% solution တနေ့တခါ၊ တပါတ်ကြာလိမ်းပါ။ Clotrimazole (1%) + Selenium sulfide (2.5%) (Candid-TV) တွေကို ရောသုံးနိုင်တယ်။ Clotrimazole (Lotrimin, Mycelex) and Miconazole (Lotrimin) လိမ်းဆေးကို တနေ့ ၂ ကြိမ်၊ ၁ဝ-၁၄ ရက်ကြာ လိမ်းပါ။ Clotrimazole, Miconazole or Terbinafine လိမ်းဆေးတွေက ခံစားရတာကို သက်သာစေတယ်။

• Fluconazole 150-300-400 mg ကို ၂ ပါတ်ခြားပြီး ၂ ခါပေးတာနဲ့ ထိရောက်တယ်။
• Hydrogen peroxide ကလဲ အတူတူဘဲ။ ဒါပေမဲ့ အမာရွတ်ဖြစ်မှာ စိုးရတယ်။
• Ketoconazole (Nizoral ointment and shampoo) လိမ်းဆေးဆိုရင် ၁ဝ မိနစ်ကြာ၊ နေ့စဉ်၊ ၂ ပါတ်လိမ်းပါ။ Ketoconazole shampoo 1% or 2% လဲ ထပ်မဖြစ်အောင် ၃ပါတ်ကြာအောင် လိမ်းပါ။

• Selenium sulfide 2.5% lotion or Shampoo လိမ်းဆေး ၇-၁၄ ရက် လိမ်းပါ။ Selenium sulfide shampoo 1% (Selsun Blue) or 1% Ketoconazole shampoo (Nizoral) လိမ်းဆေးကို ၁၅ မိနစ်ကြာ၊ တပါတ်မှာ ၂ ကြိမ်၊ ၂-၄ ပါတ်ကြာလိမ်းပါ။ Selsun Blue ထဲမှာ 1% Selenium sulfide သာပါလို့ တချို့ကိုသာ ပျောက်စေတယ်။
• Terbinafine 1% solution တနေ့နှစ်ခါ တပါတ်ကြာလိမ်းပါ။
ခေတ်ပေါ်သောက်ဆေးတွေ -
• Fluconazole 400 mg (၁) ကြိမ်တည်းသောက်ပါ၊
• Itraconazole (Sporanox) ၅ ရက်သောက်ပါ။ Itraconazole 200-400 mg တရက်ခြား ၇ ရက်သောက်ပါ။ Itraconazole 400 mg တနေ့ ၁ ကြိမ်၊ ၃-၇ ရက်သောက်ပါ။ သတိထားဘို့က Atorvastatin (Lipitor) ခေါ်တဲ့ (ကိုလက်စထော) ကျဆေးနဲ့ တွဲမပေးသင့်ပါ။
• Ketoconazole 200 mg တနေ့ ၁ ကြိမ်၊ ၇ ရက်သောက်ပါ။ Ketoconazole 400 mg (၁) ကြိမ်တည်းသောက်ပါ၊ (၁) ကြိမ်တည်းသောက်ဆေးသောက်ပြီးနောက် ၁-၂ နာရီအကြာမှာ လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်ရင် ပိုကောင်းတယ်။

• Ciclopirox (Ciclopirox olamine) ဆေးကိုလဲ အစားထိုးသုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ

https://www.facebook.com/photo.php?fbid=467734459992457&set=a.420045418094695.

နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါ ဖြစ်နိုင်




Friday, 30, August, 2013

ရာသီဥတု ပူပြင်းတာကြောင့် နားဆီ ခန်းခြောက်တယ် ထင်ပြီး နားထဲကို ရေ ဒါမှမဟုတ် ဆီတစ်မျိုးမျိုး ထည့်တာက နားမှိုစွဲ ရောဂါအပြင် နားကိုက်တာပါ ဖြစ်နိုင်ပါတယ်။
နားဆီက နားပြွန်ထဲမှာ ရှိသလို နားထဲမှာ အဆီကျိတ်တွေနဲ့ နားဖာချေး ထုတ်တဲ့ အကျိတ်တွေလည်း ရှိပါတယ်။ အကျိတ်တွေက ရာသီဥတု ပူလာရင် အဆီ ခြောက်တတ်ပါတယ်။

ရာသီဥတု ပူတဲ့အချိန်တွေမှာ နားထဲကနေ နားဖာချေး အခြောက်လေးတွေ ခါတိုင်းထက် ပိုထွက် လာတတ်ပါတယ်။ အဲသည်လို အချိန်မျိုးတွေမှာ နားကျပ်တာ၊ နားကလော်တာ၊ နားထဲကို ရေ၊ ဆီ၊ နားနဲ့ ပတ်သက်တဲ့ တခြား ဆေးရည်တွေ ထည့်တာမျိုး မပြုလုပ် သင့်ပါဘူး။ ပူပြင်းတဲ့ ရာသီမှာ နားထဲက အဆီတွေက ခြောက်သွေ့တတ်ပေမယ့် ခန်းတယ်လို့တော့ မရှိပါဘူး။ နားပြွန်ထဲမှာ အလိုအလျောက် သန့်ရှင်းရေးလုပ်တဲ့ စနစ်လည်း ရှိပါတယ်။

အဲသည်စနစ်က အတွင်းပိုင်း ရောက်သွားတဲ့ အမှုန်အမွှားတွေကို သယ်ထုတ် ပေးပါတယ်။ သည်စနစ်က နူးညံ့တာကြောင့် နားကလော်ရင် ပျက်သွား တတ်ပါတယ်။ သန့်ရှင်းရေးစနစ် ပျက်သွားရင် နားဖာချေးတွေ အပြင်ကို မထွက်တော့ဘဲ အတွင်းပိုင်းမှာ စုနေတတ်တာကြောင့် နားဖာချေး ပိတ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာတော့ နားဖာချေး လုံးဝ မရှိတော့ တာတွေလည်း ဖြစ်တတ်ပါတယ်။ နားကလော်ပါ များရင်၊ နားကျပ်ပါ များရင် နားထဲမှာရှိတဲ့ အဆီတွေ ထွက်မလာ တတ်တော့ပါဘူး။

အဲသည်အခါမျိုး တွေမှာ နားခြောက် တတ်ပါတယ်။ နားခြောက်လာတဲ့ အခါ နားထဲဖုန်ဝင်ရင် နားအရမ်းယားပြီး တစ်နေ့တည်း လေးငါးခါ နားကျပ်တာမျိုးတွေ ပြုလုပ်လာတတ်ကြပါတယ်။ နားယားတဲ့ ဝေဒနာကို သက်သာဖို့ တွေ့ကရာ တုတ်တွေ၊ စက္ကူတွေ၊ ချိတ်တွေနဲ့ နားကျပ်ပါ များလာရင် နားမှိုစွဲတဲ့ ရောဂါနဲ့ နားကိုက် ရောဂါပါ ခံစား လာရတတ်ပါတယ်။

“နားယားလာလို့ တရားလွန် နားကျပ်တာမျိုး၊ နားပင်းလောက်တဲ့ အထိ နားကျပ်တာမျိုး မလုပ်သင့်ဘူး။ နားစည် ပေါက်သွားမယ် ဆိုရင် နားလေး သွားတတ်ပါတယ်။ နားမှိုစွဲတာတို့၊ နားကိုက် လာတာတို့ ဖြစ်ပြီဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာပြသ သင့်တယ်”လို့ အထူးကု ဆရာဝန် ဒေါက်တာ ဦးဝင်းထိုက်ကြည်က ပြောပါတယ်။

(ကုမုဒြာ)


https://www.facebook.com/photo.php?fbid=463981790366324&set=a.351047714993066.

ဒူးထောက်စေရမယ်....



ရွာသာယာရွာက အောင်မင်း ဆိုရင် အများသိကြမှာပေါ့ ....။ တကောင်ကြွက် ... မိမရှိ ဖမရှိ ...။
အဆွေတော်လေးက မွေးစားထားလို့ လူလားမြောက်လာရရှာတာလေ။ ဆင်းရဲသား အနုတ်စုတ် ဂုတ်စုတ်ပေါ့ဗျာ

ဒါပေမယ့်ဗျာ ... ငမွဲမှာလဲ အသည်းနဲ့ပါ။

လူ ဆင်းရဲပေမယ့် ချစ်တတ်တဲ့အသည်းကတော့ ခွဲပြလို့ ရမယ်ဆိုရင် ကမ္ဘာမြေပြင်နဲ့ မဆန့်အောင် ကျယ်ပြန့်ရှာပါတယ်။

ဒီလိုပြောလို့ အောင်မင်း အသည်းကြီးနေတယ် ... အရက်သောက်တာ လျှော့ပါလို့ မတိုက်တွန်းပါနဲ့ ....
သူ အရက်မသောက်တတ်တာ အားလုံး အသိပါ။
(၀ယ်သောက်ဖို့ ပိုက်ဆံမရှိလို့လေ)

ဒီလိုနဲ့ အရွယ်လေးရောက်လာတအောင်မင်း ဟာ ရွာသူလေးတစ်ယောက်ကို ချစ်မိသွားတယ် ... ။
ချစ်မိတော့လဲ သူ့အခြေ သူ့ဘ၀ နိမ့်ကျနေတော့ ဖွင့်မပြောဘူးရယ်လို့ နေတာပေါ့ဗျာ ...။
ရွာသူလေးကလဲ သူ့ကို တော်တော်လေး ခင်နေ .... နေ့စဉ် တွေ့မြင်နေတော့ သူ နေလို့မရတော့ဘူး ...။
ဒါနဲ့ပဲ တစ်နေ့မှာ ဖွင့်ပြောလိုက်ပါရော ... အဲဒီအခါ ကောင်မလေးက အပေါ်နှုတ်ခမ်းလေးကို တွန့်ကနဲ ပြုံးလိုက်ပြီး

““ ဟဲ့ ... အောင်မင်း ..... နင်လို မိမရှိ ဖမရှိ တကောင်ကြွက် တစ်မျက်နှာက ငါ့လို သူဌေးသမီးကို ချစ်သတဲ့ ဟုတ်လား ...””

““ နင့်ကိုယ်နင် ပြန်ကြည့်စမ်း .... အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ ... ခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်း .... သွား ....
နောက်ဘယ်တော့မှ ငါ့ရှေ့မလာနဲ့ .... သွား .....””

ဆိုပြီး ရက်ရက်စက်စက် ငြင်း ပစ်ပစ်ခါခါ နှင်ထုတ်လိုက်ပါတယ် ....။

အောင်မင်း ခမျာ .... နားထဲကို သံရည်ပူနဲ့ ပက်သွင်းသလို ... ရင်ဝကိုလဲ တန် ၁၀၀၀ နျူးကလီးယားဗုံးနဲ့ ကပ်ပြီး ခွဲလိုက်သလို
ရဲကနဲ(မျက်နှာ) ကွဲကနဲ (အသည်း) ဖြစ်သွားတာပေါ့။

အသည်းကွဲတဲ့အောင်မင်း....ဟာ မုတ်သုံလေ လို ပုလင်းကိုင်ပြီး မှိုင်မနေဘူး။
လူလူချင်းအတူတူ ဒါလေးပြောတာနဲ့ ငါ့ကို ဒီလောက်ထိ နှိမ်တဲ့မင်း .... ဒင်း တော့ တစ်နေ့ တွေ့အုံးမယ် ဆိုပြီး အငြိုးထားလိုက်ပါတယ်။

အဲဒါနဲ့ အောင်မင်း..လည်း...

““ အေး .... ငါ့အချစ်ကို လက်မခံရင်နေပါ .... ငါ့မေတ္တာကို မစော်ကားနဲ့ ....””

““ နင့်ကို ရင်ပွင့်မတတ်ချစ်တတ်ခဲ့လို့ နင်က ဒီလို စော်ကားတာလား ....””

““ ဒီမှာအမိ ... လူမွဲမှာလဲ အသည်းနဲ့ပါ .... အသည်းနှလုံးရှိရင် ချစ်မှာပဲ ....””

““ ယောက်ျားတို့ဘုန်း မိုးသို့ခြုန်း တဲ့ မင်းမြဲမြဲမှတ်ထား ....””

““ ဒီစကားပြောတဲ့အတွက် မင်းတစ်နေ့ကျရင် ငါ့ရှေ့မှာ ဒူးထောက်စေရမယ်””

အဲဒီလိုပြောပြီး အိမ်ပေါ်ကနေ ဆောင့်ဆောင့်နဲ့ ဆင်းသွားပါတယ် ....။

ကောင်မလေးလဲ အောင်မင်း..ရဲ့ စကားကို ကြားလိုက်ရတော့ စိုးတထိတ်ထိတ်နဲ့ မျက်လုံးလေး အ၀ိုင်းသား နောင်တတရားများစွာနဲ့ ကြည့်နေပါတယ်။
ခြံဝင်းတံခါးဝ ရောက်တော့ အောင်မင်း....က တခါ နောက်ပြန်လှည့်ပြီး လက်ညှိုး ငေါက်ငေါက် ထိုးကာ

““ ဒီမှာ .... မင်းကိုငါ ထပ်ပြောလိုက်မယ် .... နင်တစ်နေ့ ငါ့ရှေ့မှာ ဒူးထောက်စေရမယ်
မှတ် .... ထား .... လိုက် ””

ဒီလိုနဲ့ အောင်မင်း..တစ်ယောက်...ရွာကနေ အစအန ပျောက်သွားပါတော့တယ် ....။
ရွာသားတွေကတော့ သူ့ကို မေ့မေ့ပျောက်ပျောက် ရှိနေပေမယ့် ကောင်မလေးခမျာတော့ မမေ့ရဲဘူးလေ။
ဇာတ်ကားတွေထဲကလို စစ်ဗိုလ်ကြီးဖြစ်ပြီး ဘယ်အချိန်မှာများ သေနတ်ကြီးကိုင်ပြီး လာမလဲ။
ဘယ်အချိန်မှာများ သူဌေးကြီး အဖြစ်လာပြီး သူ့ကို ငွေထုပ်နဲ့ ပေါက်ပြီး သိမ်းမလဲပေါ့ ....
ရက်မှလ လမှနှစ် ရာသီတွေ ပြောင်းသွားပေမယ့် အောင်မင်းကတော့ ပျောက်ချက်သား ကောင်းနေပါတယ် ....

ကောင်မလေးလဲ တဖြည်းဖြည်း မေ့တော့မယ်ဆိုကာမှ မောင်မင်းကြီးသားအောင်မင်းဟာ ဘွားကနဲပေါ်လာတယ် ...။
သူ ရွာကို ရောက်ရောက်ချင်း ပထမဆုံးဝင်တဲ့အိမ်က ကောင်မလေးရဲ့ အိမ်ပါပဲ ....။
ကောင်မလေးလဲ အစက ကြောင်ကြည့်နေပြီးမှ ပြောင်းလဲသွားတဲ့ အောင်မင်းရဲ့ ရုပ်ကို မှတ်မိပြီးထိုင်ခုံလေးကို အပြေးကလေး သွားယူပြီး ခေါင်းရင်းခန်းမှာ ချထားလိုက်တယ်။ ပြီးတော့ ရေအေးအေးလေးတစ်ခွက် အပြေးခပ်ပြီး အောင်မင်း..ကို ပေးတယ်။

ပြီးတော့ အောင်မင်းရှေ့မှာ ဒူးလေးတုပ်ပြီး ငြိမ်ငြိမ်လေး ထိုင်နေရှာပါတယ်။

အော်.... အောင်မင်း... အောင်မင်း.. အပြောနဲ့အလုပ် ညီအောင် လက်စားချေနိုင်တာပဲ .... ။

အောင်မင်း ကလည်း သူ့ လက်စားချေမှု အောင်မြင်တဲ့အနေနဲ့ ကောင်မလေးကို ပြောလိုက်ပါတယ် ...။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
" ဘယ်လိုလဲ ဒကာမလေး .... အခု ကျုပ်ရှေ့မှာ ဒူးတုပ်နေရပြီ မဟုတ်လား ".....တဲ့။

တိန်

ရီမောပျော်ရွှင်ပါစေ

ကိုလုံ


https://www.facebook.com/photo.php?fbid=464052523692584&set=a.351047714993066.

လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး


Friday, August 30, 2013

လူငယ်တွေရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာ လိုနေလဲ။ ဘာတွေကြိုးစားရမလဲဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက် ၀မ်းသာရပါတယ်။

ချီးကျူးရမယ့် စိတ်

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများကို လည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလား လား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ် ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့် မှာ ဖြည့်ဆည်းဖို့ လိုအပ် နေတာတွေကို သိချင်စိတ် ရှိတာလည်း ကောင်း တာပဲ။ တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ် လိုဖွယ် ကောင်းတယ်။ ပလွှားစိတ် မရှိ တာကို ညွှန်ပြတယ်။ ဒီအချက်
တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’ တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ် သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

သရေဆိုတာ ပွဲမပြီးတာ

ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံး အချက်ဖြစ် တယ်။ သိရင်သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင်ကြိုက်
တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကိုညာပြီး သရေထိုး သွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်း စားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင် ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲ ဆိုကတည်း က အရှုံးအနိုင်သိဖို့ လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှု တူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပို ထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီးရင်းရင်းနှီးနှီး

ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်း ရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေး သလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာ မှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာ မှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ် တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင် တွေ့ တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက်တာတွေ ကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ လိုအပ်တာကို ရှင်းပြ လိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် ‘ဗုံနဲ့မြှောက်’ နေတာ မျိုး တွေမရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ်ပေါ့ပါးတယ်။ စကားပြောရ တာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။

မရှိမဖြစ်နှစ်မျိုး

အဲဒီလိုလူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါ တယ်။ မျှော် လင့်ချက်နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်း အတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာ မာ ပြတ်ပြတ် သားသား ရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ် ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟို ဘက် မျောလိုက်၊ဒီဘက်မျောလိုက်နဲ့ ဘယ်သောင် ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလိုဒီလိုလိုနဲ့ လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက် ဆယ် အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။

ရှင်လျက်သေနေသူ

လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာ ဖြစ် တယ်။ မျှော် လင့် ချက် ကင်းမဲ့တဲ့ဘ၀ဟာ အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာမှ အနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀ က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ် ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက်သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူး ယဉ် တတ်ရမယ်။

အိပ်မက် မက်တတ်ရမယ်

အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ ”ဖြစ်တော့ဖြစ်ချင်တာပေါ့ ဒါပေမဲ့ …” ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမဲ့ (but) ဆိုတာ လုံးဝမရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်း သာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင်ဖြစ်တယ်။ သွားရင်ရောက်တယ်။ ယူရင်ရတယ်။ မဉ္ဇူသက နတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင် ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံ မှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။

အားကျအတုယူစရာ

လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model)ဖြစ်တယ်။ ကလေး ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအား ထုတ် မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကို ဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေ ကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ ကြတယ်။ နောက်ခေတ် လူငယ်တွေ ကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်းစတဲ့ တော်လှန်ရေး သမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျ အတုယူခဲ့ကြတယ်။

ဧ၀ရက်ကို အောင်နိုင်တဲ့ မျက်မမြင်

ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော် ဘင် ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသား တွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အ ကြိမ်ကြိမ် ကျခဲ့ရတဲ့ သ တင်း သမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ် က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလိုစံပြုပုဂ္ဂိုလ်မျိုး တော်တော် ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင် ဖတ်စာ တွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိ နှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက် တောင်ထိပ် ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ်တွေ့မြင် ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေ အတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။

သူတော်ကောင်းမကြီး

ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲ ရောက်အောင် ပို့သင့် ကြ ပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိ ယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင် ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်း မကြီး မာသာထရီဇာ ရဲ့ အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်း တွေထဲမှာ ကလေးတွေ ဖတ်ရှုသင် ကြားနေနိုင်အောင် ဆောင်ရွက် သင့်ကြပါ တယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး၊ လူသားတွေ ရိုင်းသထက်ရိုင်း လာနေတဲ့ အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ် အရပ်သဖွယ် ဖြစ်နေ တဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလား ခင်ဗျာ။

လူထုစိန်ဝင်း
ရွှေအိမ်စည်စာကြည့်တိုက်


https://www.facebook.com/photo.php?fbid=464053583692478&set=a.35104771499306

စိတ်ဖိစီးမှု နည်းသော သူတို့၏ အမူအကျင့် (၁၀) ခု


Friday, August 30, 2013

စိတ်ဖိစီးမှုတွေ ကင်းဝေးဖို့ဆိုတာဟာ သင့်ရဲ့ အလုပ်အကိုင်၊ လူ မှုရေး၊ ငွေကြေးကိစ္စတွေလိုပဲ ကြီးမားတဲ့ ဘ၀စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒါတင်မကပါဘူး၊ သင်နေ့စဉ် အပတ်စဉ် ပြုလုပ်တဲ့ ကိစ္စတိုင်းအပေါ် မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။ သင် မေ့နေတဲ့၊ ဒါမှမဟုတ် လျစ်လျူရှုထားတဲ့ အမူအ ကျင့်သေးသေးလေးတွေက ကြီးမားတဲ့ ပြောင်း လဲမှုတွေကို ဖြစ်စေနိုင်ပါတယ်

ဒါတွေကတော့ ဘ၀မှာ စိတ်ဖိစီးမှု နည်းတဲ့သူတွေရဲ့ အမူအကျင့် သေးသေးလေး (၁၀)ခုပါပဲ။

၁။ အားလုံးကို ချရေးပါ

သင့်ရဲ့စိတ်ကို အချက်အလက်တွေမှတ်သားဖို့ထက် ပိုပြီးကောင်းတဲ့ အရာတွေအတွက် အသုံးချပါ။ ပြီးတော့ တစ်ခါတစ်လေမှာ စိတ်ဟာ အပေါက်ပါတဲ့ ရေပုံးတစ်ပုံးနဲ့ တူတတ်တယ်။ ဒီတော့ သင့်ရဲ့ အကြံဥာဏ်ကောင်းတွေ၊ စိတ်ကူးတွေ၊ အတွေးတွေအားလုံးကို တစ်နေရာရာ ပျောက်မသွားခင် ချရေးပါ၊ ပြီးတော့ သင် လုပ်ရမယ့်အရာတွေကို ” လုပ်စရာ စာရင်း” (To-Do List) ထဲမှာ မှတ်ထားပါ။

၂။ တစ်ကြိမ်မှာ တစ်ခု

တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ လုပ်မယ်ဆိုရင် သင်ဟာ ပိုပြီးကောင်းတဲ့ ရလဒ်တွေကို ရရှိမှာဖြစ်ပါတယ်၊ ပြီးတော့ စိတ်ဖိစီးမှုတွေလည်း ပို နည်းပါလိမ့်မယ်။ ဒီတော့ တစ်ပြိုင်နက်တည်းမှာ အလုပ်တွေ အများကြီးလုပ်မယ့်အစား သင့်ရဲ့တစ်နေ့တာကို အရေးအကြီးဆုံး အလုပ်တွေကို အရင်ဆုံးပြုလုပ်ခြင်းဖြင့် စတင်လိုက်ပါ။

၃။ မခန့်မှန်းပါနဲ့၊ မေးပါ

စိတ်တွေကို ဖတ်ခြင်းဟာ ခက်ခဲပါတယ်။ ဒီတော့ အဲဒီအစား မေးခွန်းတွေ ထုတ်ပါ၊ ဆက်သွယ်ပါ။ ဒီဟာက သင့်ကို မလိုအပ်တဲ့ ငြင်းခုန်ရမှုတွေ၊ နားလည်မှုလွဲတာတွေ၊ အဆိုးမြင်တာတွေ၊ အချိန်နဲ့ စွမ်းအင်ကုန်ဆုံးမှုတွေကို သက်သာစေပါတယ်။

၎။ အရေးမကြီးတာတွေကို အရေးတကြီး မလုပ်ပါနဲ့

သင်ဟာ တစ်ခုခုကို အများကြီးတွေးတော့မယ်၊ ဒါမှမဟုတ် သင့်စိတ်ထဲမှာ ကြီးကြီးမားမားတစ်ခုခုကို စဉ်းစားတော့မယ်ဆိုရင် သင့်ကိုယ်သင် မေးပါ ” ငါဟာ အရေးမကြီးတာတွေကို အရေးတကြီးလုပ်နေသလား? ”

၅။ အိပ်ရာမ၀င်ခင် သင့်ရဲ့အိတ်ကို ပြင်ဆင်ထားပါ

ဒီတော့ မနက်ခင်းမှာ ပျာယာမခတ်ရတော့ဘူးပေါ့။ ပြီးတော့ ပစ္စည်းတစ်ခုခု မေ့ကျန်ခဲ့တာမျိုးလည်း မဖြစ်တော့ပါဘူး။

၆။ သင့်ရဲ့ နေ့ရက်တွေနဲ့ ရက်သတ္တပတ်တွေကို နယ်နိမိတ် ကန့်သတ်ထားပါ

အလုပ်အတွက် စလုပ်ရမယ့်အချိန်နဲ့ ရပ်ရမယ့်အချိန်တွေကို သတ်မှတ်ပါ။ ကျနော်ဟာ ညနေခင်းမှာဆိုရင် ၇ နာရီနောက်ပိုင်းမှာ အလုပ်တွေကို ရပ်လိုက်တယ်။

နေ့စဉ်နေ့တိုင်း နားချိန်လေးတွေ ထားပါ။ ညနေခင်းတွေနဲ့ ရက်သတ္တပတ် နောက်ဆုံးရက်တွေမှာ လန်းဆန်းနေစေဖို့၊ စွမ်းအင်တွေ ရှိနေစေဖို့ တစ်နေ့တာမှာ နားချိန်လေးတွေ သတ်မှတ်ထားပါ။ ကျနော်ဟာ ပုံမှန်အားဖြင့် ၄၅ မိနစ်လောက် အလုပ်လုပ်ပြီးတိုင်း ၁၅ မိနစ် နားပါတယ်။ အဲဒီ နားချိန်မှာဆိုရင် ကျနော်ဟာ ကွန်ပျူတာရှေ့ကနေ ထလိုက်တယ်။ ပြီးတော့ အပြင်မှာ လေကောင်းလေသန့်ရှူတယ်၊ တစ်ခုခုစားတယ်၊ ဒါမှမဟုတ်ရင်လည်း Simpsons ဇာတ်လမ်းတွဲ အခန်းတစ်ခန်းကို တစ်ဝက်ကြည့်တယ်။

အလုပ်နားရက်တွေမှာ အလုပ်မလုပ်ပါနဲ့။ စနေ၊ တနင်္ဂနွေနေ့တွေမှာဆိုရင် ကျနော်ဟာ အလုပ်တွေကနေ ဝေးဝေးနေပါတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက်ထဲက တစ်ရက်ကို မီဒီယာနဲ့ အင်တာနက်ကနေလည်း ဝေးဝေးနေပါတယ်။ ကျနော်ဟာ အဲဒီနေ့တွေမှာဆိုရင် မေးလ်တွေ မစစ်ဘူး။ အဲဒီအစား ကျနော့်ရဲ့ ချစ်သူနဲ့ အချိန်ကုန်လွန်စေတယ်၊ ဒါမှမဟုတ် ကျနော့်ရဲ့ မိတ်ဆွေတွေ၊ မိသားစု၊ စာအုပ်ကောင်းတစ်အုပ်ဖြစ်ဖြစ်၊ ရုပ်ရှင်တစ်ကားဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း ကျနော့်ကို ပျော်ရွှင်စေမယ့်အရာတစ်ခုခုကို လုပ်တယ်။

၇။ အရာရာတိုင်းကို နေရာတကျ ထားပါ

အရာအားလုံးဟာ သူ့နေရာနဲ့သူ ရှိနေမယ်ဆိုရင် သင့်ရဲ့အိမ်ကို နေ့စဉ်နေ့တိုင်း အစီအစဉ်တကျဖြစ်အောင်၊ မရှုပ်ပွနေအောင် ထိန်းသိမ်းရာမှာ အများကြီး လွယ်ကူစေပါတယ်။ ပြီးတော့ အပြင်ထွက်ခါနီး သော့တွေ၊ ပိုက်ဆံအိတ်နဲ့ ဖုန်း ရှာမတွေ့တာမျိုးတွေလည်း မဖြစ်တော့ပါဘူး။

၈။ ဆယ်မိနစ် စောပါစေ

ဒီရိုးရှင်းတဲ့နည်းလေးဟာလည်း စိတ်ဖိစီးမှုတွေကို အတော်လည်း လျော့နည်းစေပါတယ်။ ပြီးတော့ ဒီနည်းလမ်းလေးက ခရီးသွားရာမှာလည်း သင့်ကို သက်သောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

၉။ အလုပ်စားပွဲကို ရိုးရှင်းအောင် ထားပါ

သင်အလုပ်လုပ်တဲ့ နေရာကို ရိုးရှင်းအောင် ထားခြင်းဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေတာတွေ၊ ရှုပ်ပွနေတာမျိုးတွေကို နည်းနိုင်သမျှ နည်းအောင် ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ သင့်ရဲ့ စိတ်ဟာလည်း အရေးအကြီးဆုံးအလုပ်အပေါ်မှာ ပိုပြီး အာရုံစိုက်နိုင်ပါလိမ့်မယ်။ ဒီတော့ သင်အလုပ်လုပ်မယ့်နေရာကို အဲဒီလိုမျိုးဖြစ်အောင် ဘယ်လိုဖန်တီးမလဲဆိုတာ စဉ်းစားကြည့်ပါ။

အကြံဥာဏ်တစ်ခုကတော့ အလုပ်စားပွဲမှာ အလုပ်အတွက် အလိုအပ်ဆုံးအရာများကိုသာ ထားဖို့ပါပဲ။ နံရံတွေပေါ်မှာတော့ သင့်ရဲ့အရေးအကြီးဆုံးလုပ်စရာတွေ၊ ဒါမှမဟုတ် သင့်ရဲ့ ရည်မှန်းချက်တွေကို ရေးပြီး ကပ်ထားနိုင်ပါတယ်။ သင်အကြိုက်ဆုံး စကားတစ်ခွန်းခွန်းပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်သင့်ကို စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့ ဓာတ်ပုံတစ်ပုံဖြစ်ဖြစ် ကပ်ထားနိုင်ပါတယ်။

၁၀။ အသက်ရှူရုံလေးပါ

စိတ်ဖိစီးမှုတွေ များတဲ့အခါ၊ ပြဿနာတစ်ခုခုနဲ့ ကြုံတဲ့အခါ၊ ဒါမှမဟုတ် သင့်ရဲ့စိတ်ဟာ အတိတ် သို့မဟုတ် အနာဂတ်မှာ ရောက်နေတဲ့အခါ၊ သင့်ရဲ့ ၀မ်းဗိုက်ကြွက်သားတွေကို အသုံးပြုပြီး အသက်ရှုပါ။ ပြီးတော့ သင့်နှာခေါင်းထဲကို လေ၀င်လာတာ၊ လေ ပြန်ထွက်သွားတာတွေကို အာရုံစူးစိုက်ပါ။ ဒီနည်းလမ်းက သင့်ရဲ့ ခန္ဓာကိုယ်ကို တည်ငြိမ်လာစေပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ စိတ်ကိုလည်း ပစ္စုပ္ပန်ဆီ ပြန်ခေါ်ပေးပါလိမ့်မယ်။

Ref: 10 Small Habits of Less Stressed People by Henrik Edberg — with Phyoe Phyoe Khine and 3 others.

မူရင်းဆောင်းပါး--Nyi Linn
လူဗိုလ်ဟူသည်


https://www.facebook.com/photo.php?fbid=464060603691776&set=a.351047714993066

အိမ်ထောင်မှုသုခ အပြည့်အ၀ခံစားနိုင်စေရန် အရေးပါသောဗီတာမင်များ



ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော်မုန်းပမာဏနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဗီတာမင်ဘီ ခိျု့တဲ့မှု ဖြစ်ရင် နုံးချည့် ညောင်းညာတာနဲ့ အားအင် မရှိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အနားယူဖို့နဲ့ အိပ်စက်ဖို့ လိုအပ်နေပါတယ်။ ဗီတာမင်ဘီ အုပ်စုဟာ ဦးနှောက်လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်နိုင်စွမ်းမှာ အရေးပါတဲ့ အပြင် စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများတာ တို့ကို လည်း လျော့ကျစေ ပါတယ်။ တချို့ ဗီတာမင်ဘီ အမျိုးအစားတွေက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သာမက အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါ တယ်။


ဗီတာမင် B1 - သိုင်ယာမင်း


သိုင်ယာမင်းဟာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့ အတွက် နှလုံးဆီသို့ သာမက လိင်အင်္ဂါဆီကိုလည်း သွေးစီးဆင်း ရောက်ရှိစေ ပါတယ်။ စွမ်းအင်အဆင့် တိုးစေပြီး ဦးနှောက်လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေကို စွမ်းအင် ပိုရှိစေပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းလည်း ရှိတဲ့ အတွက် ခန္ဓာကိုယ်ကို အိုမင်းမှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ လူတွေက ပိုမို နုပျိုကြည့်ကောင်း လေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိ လေလေ ဖြစ်ပြီး လိင်ဆွဲဆောင်အား
ပိုကောင်း လေလေပါ။

ဗီတာမင် B1 ပါဝင်မှု မြင့်မားသည့် အစာများ - ဆန်လုံးညို၊ မြေပဲ၊ ပဲစိမ်း၊ ပင်လယ်ရေညှိလို ပင်လယ် ဟင်းသီးဟင်းရွက်တွေ၊ ဖွဲနုနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နှံစာ အများစုထဲမှာ သိုင်ယာမင်းဓာတ် ပါဝင်ပါတယ်။

ဗီတာမင် B2 - ရိုင်ဘိုဖလေဗင်

ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်းဓာတ်တို့ တည်ဆောက် ဖြိုခွဲရာမှာ အသုံးဝင်ပါတယ်။ ဗီတာမင် B1 ခိျု့တဲ့ရင် စားသမျှ အစာတွေကို တည်ဆောက်ဖြိုခွဲမှု မပြုလုပ်နိုင်ဘဲ အဆီအဖြစ် သိုလှောင် ထားတတ်ပါတယ်။ ဆံပင်တစ်သျှူးတွေ၊ အရေပြားနဲ့ လက်သည်း ခြေသည်းတွေမှာ အောက်ဆီဂျင် အသုံးပြုမှု အားကောင်းစေတဲ့ အတွက် ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်အား ကောင်းမွန်စေပါတယ်။
ဗီတာမင် B2 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ ဟင်းနုနယ်ရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာထဲမှာ ရိုင်ဘိုဖလေဗင် ပါဝင်ပါတယ်။

ဗီတာမင် B3 - နိုင်ယာစင်

နိုင်ယာစင်ဟာ အသားအရေကို ကျန်းမာစေပြီး သွေးလှည့်ပတ်မှု ကောင်း မွန်စေတဲ့အတွက် အသားအရေကို ထိ တွေ့လိုက်ရုံနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ခံစား ချက်ကို ဖြစ်စေနိုင်ပါတယ်။ လိင်ဟော်မုန်း တည်ဆောက်မှုမှာ ပါဝင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စ ထရောတွေကို လျော့ကျစေပါတယ်။
ဗီတာမင် B3 ပါဝင်မှု မြင့်မားသည့် အစာများ - နိုင်ယာစင် ပါဝင်မှုများတဲ့ အစာတွေက မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ အာလူး၊ ဂျုံစေ့၊ စွန်ပလွံသီးနဲ့ မြေပဲတို့ ဖြစ်ကြပါတယ်။

ဗီတာမင် B5 - ပန်တိုသီးနစ်အက်စစ်

ဗီတာမင် B5 ဟာ အဒရီနယ်ဟော် မုန်းထွက်ရှိမှုကို သက်ရောက်စေပြီး စိတ် ဖိစီးမှု လျော့ကျစေတဲ့အတွက် စိတ်ခံစား မှုကို ကောင်းမွန်စေပါတယ်။ အဒရီနယ် ဂလင်းက ကောင်းကောင်း အလုပ်မလုပ် ရင် သက်လုံလျော့ကျပြီး လိင်စိတ်ဆန္ဒ လည်း လျော့နည်းတတ်ပါတယ်။ နည်း နည်းလောက် လှုပ်ရှားလိုက်ရုံနဲ့ ချွေး ထွက်ပြီး စိတ်ဖိစီးမှုကို ခံနိုင်ရည်လည်း နည်းပါတယ်။
ဗီတာမင် B5 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ အစိမ်းအတိုင်း စား နိုင်တဲ့ ဟင်းသီးဟင်းရွက် အများစု၊ မှို၊ အခွံမာတဲ့ အစေ့အဆန်၊ ပျားရည်စတာ တွေထဲမှာ ဗီတာမင် B5 ပါဝင်မှုများပါ တယ်။

ဗီတာမင် B6 - ပရီဒေါက်စင်း

ရာသီအကြိုဝေဒနာ လက္ခဏာတွေ ကို လျော့ကျစေသလို ၀မ်းမှန်မှန် သွားစေတဲ့ အစွမ်းလည်း ရှိပါတယ်။ နှလုံးကြွက်သားတွေကို ဟိုမိုစစ္စ တင်းဓာတ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကူညီပေးပြီး ကိုလက်စထရော စုပုံမှု မဖြစ်စေပါဘူး။

ဗီတာမင် B6 ပါဝင်မှု မြင့်မားသည့် အစာများ - ဟင်းနုနယ်ရွက်၊ နေကြာ စေ့၊ မုန်လာဥနီ၊ ပဲ၊ သီဟိုဠ်စေ့၊ ထောပတ် သီး၊ ငှက်ပျောသီး၊ ပဲ၊ ပဲပိစပ်၊ ပန်းဂေါ်ဖီ စိမ်းနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ တို့မှာ ဗီတာမင် B6 ပါဝင်ပါတယ်။

ဗီတာမင် B12 - ဆိုင်ယာနိုကိုဘက်လမင်း

ဗီတာမင် B12 ဟာ မျိုးအောင်နိုင်စွမ်း ကောင်းမွန်အောင် ကူညီပေးပြီး ပန်းသေပန်းညှိုး ဖြစ်တာကို လျော့ကျစေ ပါတယ်။ အစာချေဖျက်မှုနဲ့ အစာစုပ်ယူမှု တို့ အားကောင်းစေဖို့ ဗီတာမင် B12 လိုအပ်ပါတယ်။ ဗီတာမင် B12 ဟာ စားသမျှ အစာတွေကို စွမ်းအင် ဖြစ်အောင် အသုံးပြုပေးပါတယ်။ စွမ်းအင်ရှိလေ၊ အိမ်ထောင်မှု သုခ ပြည့်ဝလေပါ။
ဗီတာမင် B12 ပါဝင်မှု မြင့်မားသည့် အစာများ - ပင်လယ်ရေမှော်လို ပင်လယ်အောက်က ရတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ပါဝင်မှု များပါတယ်။

By ပြည်မြန်မာ

http://myawadynews.blogspot.com/2013/08/blog-post_1110.html

လေဆိပ်နဲ့ရန်ကုန်မြို့ထဲပြေးမယ့် မော်တော်ယာဉ်လိုင်း


Friday, August 30, 2013

ရန်ကုန်လေဆိပ်မှ မြို့တွင်းမြို့ပြင်သို့ ဈေးနှုန်းသက်သာစွာ သွားလာနိုင်မည့် လေဆိပ် ကြိုပို့ လွန်းပြန်ယာဉ် (Airport Shuttle) များကို စက်တင်ဘာ ၁ ရက်နေ့ (တနင်္ဂနွေနေ့)မှ စတင် ပြေးဆွဲ တော့ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကားခမှာ နိုင်ငံခြားသား တဦးလျှင် ၅ ဒေါ်လာ၊ မြန်မာနိုင်ငံသားတဦးလျှင် ၃,၅၀၀ ကျပ် ဖြစ်ကြောင်း Yangon Airport Shuttle ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးကျော်ကျော်က ဧရာဝတီသို့ ပြောသည်။

“လေဆိပ်မှာ တက္ကစီတွေ အလုအယက် ခေါ်နေကြတာတွေကို တွေ့တော့ တနည်းနည်း နဲ့ ရှင်းအောင် လုပ်ပေးမယ် ဆိုတဲ့ သဘောပါ။
VIP ကားတွေနဲ့ နိုင်ငံခြားသားအချို့အတွက် Wheel Chair Lift ပါတဲ့ ကားတွေလည်းဆွဲပေးဖို့ရှိတယ်” ဟု ဦးကျော်ကျော်က ဆိုသည်။

လေဆိပ်မှ ရန်ကုန်မြို့တွင်း ဆူးလေဘုရား၊ ပန်းဆိုးတန်းလမ်းအထိ ရန်ကုန်-အင်းစိန်လမ်း၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ကမ္ဘာအေးလမ်းကြောင်း ၃ ခု အတိုင်း ပြေးဆွဲမည် ဖြစ်ကြောင်း၊ သိရှိရသည်။

ခရီးသည် ၁၅ဦးဆံ့သည့် Airport Shuttle ၄ စီးဖြင့် စတင်ပြေးဆွဲ
မည်ဖြစ်ကြောင်း၊ဝန်ဆောင်မှုများ အတွက် လေဆိပ်အတွင်း ကောင်တာ
ဖွင့်ရေးအတွက် ခွင့်ပြုချက် ရရန် စောင့်ဆိုင်းနေကြောင်း၊ ဖုန်းဆက်ခေါ်
လျှင် အိမ်တိုင်ရာကြိုသည့်စနစ်ဖြင့် လေဆိပ်သို့ ပို့ဆောင်ပေးမည်
ဖြစ်ကြောင်း သိရှိရသည်။

လတ်တလော ရန်ကုန်လေဆိပ်တွင် ခရီးသည်စောင့်ဆိုင်းနေသော ပါရမီ၊ ရွှေပျံလွှား၊ ရွှေလွန်းပျံကုမ္ပဏီတို့မှ တက္ကစီ စီးရေ ၃၀၀ နီးပါး
ရှိသည်ဟု ဆိုသည်။

ရွှေပျံလွှားကုမ္ပဏီမှ အငှားယာဉ်မောင်းတဦးဖြစ်သူ ကိုကျော်သူရလှိုင်က ...
“အပြိုင်အဆိုင်ဖြစ်လာတော့ ၀န်ဆောင်မှု ကောင်းတဲ့သူက အသာရမှာပေါ့။
ကျနော်တို့က ခရီးသည်တယောက်ကို မြို့ထဲခရီးကို ၇,၀၀၀ ကျပ် ယူတယ် ဆိုတာက ကားတစီးလုံးကို ငှားပေးတဲ့သဘောလေ၊သူတို့က ၃,၅၀၀ ကျပ်
နဲ့ယူတယ်ဆိုတာက လူအများစုနဲ့တင်တာကိုး၊ လုပ်ငန်းပိုင်းမှာ ထိခိုက်မှု
လည်း နည်းနည်းတော့ရှိနိုင်တာပေါ့” ဟု ပြောသည်။

ဧရာဝတီblog


https://www.facebook.com/photo.php?fbid=464125307018639&set=a.351047714993066

"ကျော်ကြားခြင်းနှင့် မာနတရား"

http://upload.wikimedia.org/wikipedia/commons/3/31/Novitiate_faculty_in_the_Buddhism_is_prayying.jpg

ယနေ့ဟာ ဝါခေါင်လကွယ်ဥပုသ်နေ့ဖြစ်ပါတယ်၊ ဒါကြောင့် ဥပုသ်အကြောင်းလေးနှင့်ဆက်စပ်ပြီး မဟာဂန္ဓာရုံဆရာတော် မိန့်တော်မူတဲ့ သြဝါဒလေးကို ဝေငှလိုက်ပါတယ်။

ကျော်ကြားမှုကို အလုပ် လုပ်ယူရတယ်၊ ဒီလို ကျော်ကြားလာတဲ့အခါ အောက်ခြေ လွတ်ပြီး မာနတရားတွေ ကြီးတတ်ကြ တယ်၊ ခုခေတ် ကျော်ကြားပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဟာ တို့ မြတ်စွာဘုရား မီနိုင်ပါ့မလား၊ မမီနိုင်ဘူး၊ ပါရမီတွေ ဖြည့်ကျင့် လာခဲ့ရတယ်၊ ပြည့်လဲ ပြည့်ခဲ့တယ်၊ ပြည့်ခဲ့တဲ့အလျောက် ကျော်ကြားခဲ့တာပဲ။
ဗုဒ္ဓမြတ်စွာဟာ တေမိယဇာတ်တော်မှာ တေမိယမင်းသား ဖြစ်စဉ်အခါတုန်းက စကားမပြောဘူးဆိုပြီး စိတ်ကို အဓိဋ္ဌာန် ခဲ့တယ်၊ အဓိဋ္ဌာန်ခဲ့တဲ့အတိုင်းလဲ မပျက်မကွက် ကျင့်တော်မူ ခဲ့တယ်၊

ကျင့်တော်မူခဲ့တဲ့အတိုင်းလဲ ပါရမီတော်တွေက ပြည့် ခဲ့တယ်၊ ဘုရားအဖြစ် ရောက်တော့ လူ့ပြည် လူ့လောက လောက်တင် ကျော်ကြားရုံ မဟုတ်ဘဲ နတ်ပြည်, ဗြဟ္မာ့ပြည် ထိအောင် ကျော်ကြားခဲ့ပါတယ်၊
ဒါပေမယ့် ဘုရားသခင်ဟာ မာနတရားတွေ ကြီးမနေပါဘူး၊ ခုခေတ် တချို့ပုဂ္ဂိုလ်တွေ ဟာ ဘာမဟုတ်တဲ့ ကျော်ကြားမှုလေးတွေနဲ့ မာနတရားတွေ တက် နေကြတယ်၊ တော်တော်တော့ ကြောက်စရာကောင်းတယ်၊ ကိုယ့်စိတ်ကို အဓိဋ္ဌာန်နဲ့ လုပ်တဲ့ အလုပ်ဟာ အောင်မြင်မှု ပိုရှိတယ်၊ အဓိဋ္ဌာန်တဲ့ နေရာမှာလဲ ခိုင်ခိုင်မြဲမြဲ စိတ်ကို ဆောက်တည်ထားရတယ်၊ တို့ သစ်ကျုတ် ဥပုသ်စောင့်သလိုတော့ မလုပ်ကြနဲ့။

"သစ်ကျုတ်ကလေး ဥပုသ်စောင့်သလို"

တို့ ခုခေတ် အဓိဋ္ဌာန်တွေက သစ်ကျုတ်ဥပုသ်စောင့်တာနဲ့တူတယ်၊ တစ်နေ့သော အခါ သစ်ကျုတ်တစ်ကောင်ဟာ တော တောင်ထဲ လှည့်လည်ပြီး အစာရှာထွက်သတဲ့၊ အစာကလဲ ဘယ်လိုမှ ရှာမရဘူး၊ အစာရှာလို့ မရတဲ့ အဆုံးကျတော့မှ ငါဒီနေ့တော့ ဥပုသ်စောင့်မှပဲလို့ အဓိဋ္ဌာန်လိုက်သတဲ့၊ အဓိဋ္ဌာန် ပြီး ချုံပုတ်ကောင်းကောင်းတစ်ခုအောက် သွားပြီး အိပ်လိုက် တယ်၊ ဒီအခါ သိကြားမင်းကလဲ သစ်ကျုတ်ရဲ့ အကြံကို သိလို့ စမ်းချင်တဲ့ အကြံ ဖြစ်လာတယ်၊ ဒါနဲ့ သမင်ယောင်ဆောင်ပြီး သစ်ကျုတ်ကလေး မြင်လောက်ရာ မလှမ်းမကမ်းက နေပြီး ပြေးလွှားနေတာပေါ့လေ။

ဒီအချိန်မှာ သစ်ကျုတ်ကလေးကလဲ ဆာလွန်းလို့ ဝမ်းက ပူနေပြီ၊ ဝမ်းပူနေတဲ့အချိန်နဲ့ သမင် ပြေးလွှားနေတဲ့အချိန် လာ တိုးတော့ သစ်ကျုတ်ကလေးဟာ ဟယ်-စောင့်ပြီးထားတဲ့ အဓိဋ္ဌာန်ဥပုသ်က စောင့်ချင်လို့ စောင့်တဲ့ ဥပုသ်မှ မဟုတ်ဘဲ၊ အစာဆာလို့ စောင့်ရတဲ့ဥပုသ်ပဲ၊ ယခုငါ့မျက်မှောက် အစာတွေ့ နေမှတော့ ထလိုက်မှပဲလို့ စိတ်ထဲက ကြံစည်ပြီး တကတည်း ထ,လိုက်ပါရော၊ သမင် လေးလဲ ပြေးတာပေါ့၊

သမင်က ပြေး, သစ်ကျုတ်က လိုက်နဲ့ ပြေးတမ်း လိုက်တမ်းကစားသလို ဖြစ်နေတာပေါ့၊ မီလုမီခင် ဖြစ်ကာမှ သမင်ကလေးက ဝေး သွားလိုက်၊ ဒီလိုချည်း ဖြစ်နေတယ်၊ ဖြစ်မှာပေါ့၊ သမင်က သမင်တုကိုး၊ ဘယ်သစ်ကျုတ် လိုက်လို့ မီပါ့မလဲ၊ ဒါနဲ့ မမီတဲ့ အဆုံးကျတော့ လက်မှိုင်ချပြီး နေရင်းဖြစ်တဲ့ ချုံပုတ်အောက် အသာပြန်ဝင်ပြီး ဟောဟဲ ဟောဟဲနဲ့ ပါးစပ်က ညည်းညူ လိုက်သတဲ့၊ “အောင်မယ်လေး ကံကောင်းလို့ ဥပုသ် မကျိုး တယ်” လို့ ဆိုသတဲ့၊ အေး-ခုခေတ် အဓိဋ္ဌာန်တွေကလဲ သစ်ကျုတ်ဆန်ဆန် ဖြစ်နေကြတယ်။

"အခုခေတ်အဓိဋ္ဌာန် ဥပုသ်များ"

ခုခေတ် လူတွေ ဥပုသ် စောင့်ကြပါရဲ့၊ ဒါပေမယ့် သူတို့ စောင့်တဲ့ဥပုသ်က ခုနက သစ်ကျုတ်လောက်တောင် အဆင့်အတန်း မမြင့်ချင်ဘူး၊ မလွှဲမရှောင်သာ စောင့်ကြရတယ်၊ ဘုရားစူး လွတ်ရုံလောက် စောင့်ကြရတဲ့ ဥပုသ်တွေ ဖြစ်နေကြတယ်၊ မိရိုးဖလာ စောင့်ကြရတာ များနေတယ်၊ ဥပုသ်ရဲ့အကြောင်း အရာတွေကိုလဲ ဘာမှ နားမလည်ကြဘူး၊ ဥပုသ်သီလဟာ နားလည်ပါးလည် အသိရှိရှိနဲ့ စောင့်ထိန်းမယ်ဆိုရင် သိပ်ပြီး တန်ဖိုးရှိပါတယ်၊

လူတွေမှာ နေ့စဉ်နှင့်အမျှ အကုသိုလ်တွေ ရှိနေ ဖြစ်နေကြတယ်၊ တစ်လမှာ ရက်ပေါင်းသုံးဆယ် ရှိတဲ့ အနက်က လေးရက်လောက်စောင့်ရတဲ့ ဥပုသ်ကလေးပဲ၊ ဒီလောက် ရက်ကလေး အကုသိုလ်တွေ ဆေးကြောရတာ၊ ဒါကို မှန်မှန် မစောင့်ချင်ကြဘူး၊ ဘယ်လောက် ဝမ်းနည်းစရာ ကောင်းသလဲဆိုတာ စဉ်းစားသာ ကြည့်ကြတော့၊

တို့ ဗုဒ္ဓ မြတ်စွာအဓိဋ္ဌာန်ကျတော့ အလွန်ခိုင်မြဲတော်မူတယ်၊ ဒါကြောင့် ဗုဒ္ဓဖြစ်တော်မူတဲ့အခါကျတော့ လူ, နတ်, ဗြဟ္မာတွေ လှုပ်လှုပ် ရွရွ ဖြစ်ကြရတယ်၊ ဒါပေမယ့် ဘုရားသခင် မာနကြီးတော်မူသလား၊ မကြီးပါဘူး၊ ကိုရင်တို့ မာနတွေ ကြီးမနေကြနဲ့၊ ကုသိုလ်တရားတွေ လက်ကိုင်ထားနိုင်ဖို့ အရေးကြီးတယ်၊ ကဲ...ကဲ... တော်ပြီ၊ သွားကြတော့။

ဓမ္မဗျူဟာ
အတွဲ(၁၈)၊ အမှတ်(၁၂)
(၁၉၈၀၊ ဖေဖော်ဝါရီလ)
နံနက်ခင်းသြဝါဒမှ

http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A365562

အစာအိမ် အချဉ်ပေါက်တယ် ဆိုတာ



အစာအိမ် အချဉ်ပေါက်တာထက် အစာအိပ်က ထုတ်တဲ့ အက်ဆစ် အကြောင်းကို အရင် သိထားဖို့ လိုပါတယ်။

ဝမ်းတွင်း အက်ဆစ် (Stomach Acid Strength) က တော်တော် ပျင်းပါတယ်။ ဘယ်လောက်ထိ ပျင်းလဲဆို ဘရိတ်ဓားပါး ၂ချာင်း ၃ချောင်းလောက်ကို ယင်းအက်ဆစ်နဲ့တင် အသာလေး အရည်ပျော်စေ နိုင်ပါတယ်။ အစာအိမ်မှာက ဆဲလ်များက သုံးလေးရက် အတွင်းကို အသစ် အသစ် ဖြစ်ပေါ်နေပြီး နေ့စဉ် စားသုံးတဲ့ အစာများကြောင့်လဲ ယင်းအက်ဆစ်က လူကို ဒုက္ခ မပေးစေပါဘူး။

အကယ်၍ ၂၄ နာရီအတွင်း အစား လုံးဝမစာပဲ နေလိုက်ရင် အစာအိမ်က သိသိသာသာ ဒုက္ခပေးမှာ ဖြစ်ပါတယ်။ အဖြစ်များတာ ကတော့ အစာအိမ် အချဉ်ပေါက်ခြင်း ဖြစ်ပြီး ဝမ်းတွင်း အက်ဆစ်က အစာအိမ်သားကို တိုက်စား သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်ကို သူ့အချိန်နဲ့ သူ ပုံမှန်စားသုံးဖို့ တိုက်တွန်းထားခြင်း ဖြစ်ပါတယ်။

အစာအိမ်နဲ့ ဆက်စပ် ရောဂါမဖြစ်ဖို့ ကိုယ်စားသောက်တဲ့ အစားအစာနဲ့ အက်ဆစ်ဓာတ်က တိုက်ရိုက် ဆက်စပ်နေကြောင်း သိရပါတယ်။

Ref: medic-fact
မြ၀တီ ကျန်းမာရေး


https://www.facebook.com/photo.php?fbid=463218467109323&set=a.35104771499306

မနက်စာနဲ့ညစာဘာကိုလျှော့စားသင့်သလဲ




Wednesday, August 28, 2013

မနက်စာကိုများများ စားသုံးပေး သူတွေဟာ ညစာများများ စားသူတွေ ထက်စာရင် ပိုပြီးကိုယ်အလေးချိန်ကျ ဆင်းတဲ့အပြင် ခါးပတ်လည်အဆီ တွေလဲ လျော့ပါးနိုင်တယ်လို့ သုတေ သနတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။


ဒီသုတေသနကို Tel Aviv University မှ သုတေသနအဖွဲ့က ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး မနက်ခင်းစာ ကို ပိုစားပေးပြီး ညစာကိုလျှော့စား ပေးခြင်းလို အစားအစာကို timing လုပ်ပေးခြင်းဟာ အဝလွန်ခြင်းကို ထိန်းချုပ်နိုင်ပြီး ကျန်းမာရေးနဲ့ညီညွတ် တဲ့အပြုအမူဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ချောကလက်ကိတ်၊ ကွတ်ကီးအစရှိတဲ့ အချိုပွဲတွေပါ ထည့်သွင်းစားသုံးတဲ့ မနက်ခင်းစာ ဟာ အင်ဆူလင်၊ သွေးတွင်းအချို ဓာတ်နဲ့ သွေးတွင်းအဆီ ဓာတ်တွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ 

  
ဒါ့အပြင် နှလုံးသွေးကြောရောဂါ တွေနဲ့ သွေးတိုး ရောဂါတွေကိုလည်း လျော့ပါးစေနိုင် ပါတယ်။
လေ့လာမှုခေါင်းဆောင် ပါမော က္ခ Dr.Daniela Jakubowicz နဲ့ အဖွဲ့ဟာအဝလွန်နေတဲ့ အမျိုးသမီး ၉၃ယောက်ကို လေ့လာခဲ့ပြီး မနက် စာနဲ့ညစာ စားသုံးမှုတွေကို လေ့လာ ခဲ့ပါတယ်။ လေ့လာမှုဟာ ၁၂ပတ် ကြာမြင့်ခဲ့ပါတယ်။ လေ့လာမှုအဆုံး မှာတော့ big breakfast လို့ခေါ်တဲ့ မနက်ခင်းမှာ အစားအစာတွေကို ပိုမိုစားသုံးပေးသူတွေဟာ ပျမ်းမျှ ကိုယ်အလေးချိန် ၁၇.၈ပေါင်ကျ ဆင်းပြီး ခါးအဆီတွေလဲ ကျဆင်း ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
ညစာပို စားသုံးသူတွေကတော့ ကိုယ်အလေး ချိန် ၇.၃ပေါင်တက်ခဲ့ပြီး ခါးပတ် လည်အတိုင်းအတာ ၁.၄လက်မတိုး ခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Dr.Daniela Jakubowicz ကတော့ မနက်ခင်းစာကို ပိုမိုစားသုံး ပေးခြင်းဟာ အစာစားသုံးမှုကို မြင့် တက်စေတဲ့ဟော်မုန်း ghrelin ကို နည်းပါးစေပြီး အင်ဆူလင်၊ ဂလူး ကို့စ်နဲ့၊ အဆီဓာတ်တွေကို သွေးထဲ မှာပိုမိုထိန်းချုပ်နိုင်စေတယ်လို့ ရှင်းပြ ခဲ့ပါတယ်။
ဒီလေ့လာမှုကိဲု Journal of Obesity မှာ ဖော်ပြထားတာဖြစ်ပါ တယ်။
ငြိမ်းအေး
ref;ANI

Health Updates Journal


https://www.facebook.com/photo.php?fbid=463232333774603&set=a.351047714993066.7
Related Posts Plugin for WordPress, Blogger...