စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"ကကြီး ခခွေး အရေးတော်ပုံ"

ဗျို့ အယ်ဒီတာ . . .
ဒီရက်ထဲ လွှတ်တော်သတင်းတွေက စိတ်ဝင်စားစရာ ကောင်းလှတယ်။ လူစိတ်ဝင်စားမယ် မှတ်တာ။ ဘယ်ဟုတ်မှာလဲဗျာ။ မြန်မာဗျည်း၊ သရအက္ခရာ ၃၃ လုံးထဲက ရှစ်လုံးကို ဖြုတ်ပယ်မယ်ဆိုတဲ့ သတင်းက ပိုလို့တောင်မှ
လူပြော သူပြောများနေသေး။ များနေတယ်ဆိုတာကလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ အနှီကိစ္စပြောကြဆိုကြ ဆွေးနွေးငြင်းခုံနေကြတာကို ကြည့်ပြီး ပြောရတာပါ။ ဖေ့စ်ဘွတ်ခ်ရပ်ကွက်မှတော့  အုတ်အော်သောင်းတင်းဖြစ်တယ်ဆိုရ မှာပေါ့။ နို့ပေတဲ့ အနှီမြန်မာဗျည်း၊ သရအက္ခရာစာလုံးတချို့ကို ဖြုတ်မယ်ဆိုတဲ့အပေါ် ဆွေးနွေးငြင်းခုံကြတာတွေကဖြင့် စိတ်ဝင်စားစရာအကောင်းသား။

အယ်ဒီတာမင်းများလည်း သိတဲ့အတိုင်းပဲ။ လာမယ့် စာသင်နှစ်မှာ အခြေခံပညာအဆင့်မူလ တန်းသင်ရိုးတွေ ပြောင်းမယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်က ထွက်လာတယ်။ အထူးသဖြင့် သူငယ်တန်းသင်ရိုးကို ပြင်မယ် ဆိုလားပဲ။ သဟာနဲ့ ပတ်သက်ပြီး  ဆိုင်ရာများဘက်က တိကျတဲ့ သတင်းထုတ်ပြန်ချက်တွေ မကြားရသေးတာမို့ ဘစီတို့လည်း ဘာ တွေ ဘယ်လိုတိတိကျကျ မသိရသေးဘူး။ နို့ပေတဲ့ ဒီရက်ပိုင်းမှာ တော့ သတင်းဌာနတချို့ဆီက ထွက်လာတဲ့ သတင်းတွေအရ ကြားရသိရတာတွေအထဲမယ် ခုနက မြန်မာသင်ပုန်းကြီး ဖတ်စာအုပ်ထဲက ကကြီး၊ ခခွေ . . .  အစချီဗျည်းသရ ၃၃ လုံးရှိရာမှာ ရှစ်လုံးကို ဖြုတ်မယ်ဆိုသဗျာ။ အဲဒါနဲ့ပဲ ခုနင်က အထက်မှာပြောခဲ့ သလို ပွက်လောရိုက်ကုန်ကြတာပဲဗျို့။ ဖြုတ်သင့်တယ်၊ မဖြုတ်သင့်ဘူးအစရှိသဖြင့်ပေါ့ဗျာ။

သတင်းတွေအရ ဖြုတ်မယ်ဆိုတဲ့ ဗျည်း၊ သရအက္ခရာတွေကတော့ ‘ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဓ၊ ဏ၊ ဠ’ဆိုတဲ့ စာလုံးရှစ်လုံးပေါ့ဗျာ။ ဆိုင်ရာတွေဘက်က ကြားရတာ သူငယ်တန်းအဆင့်မှာပဲ အနှီဗျည်း၊ သရအက္ခရာစာလုံးတချို့ကို ဖြုတ်မှာဖြစ်ပါတယ်တဲ့။ ကျန်တဲ့အတန်းတွေမှာတော့ အားလုံးကို ပြန်သင်ပေးမှာလို့ ဆိုသဗျ။ ဒါကလည်း သူငယ်တန်းအရွယ် ကလေးတွေအနေနဲ့ အထက်ပါစာလုံးတွေကို မှတ်ရအသံထွက်ရတာ ခက်ခဲလို့ပါပဲ။ နို့ပေတဲ့ ကျန်တဲ့အတန်းတွေမှာ ပုံမှန်ဗျည်း၊ သရ ၃၃ လုံးကို အကုန်အစင် သင်ပေးသွားမှာလို ဆိုသဗျ။

ရွှေပြည်ကြီးမှာလည်း ဒီမိုကရေစီရှိနေပြီဆိုတော့ အနှီကိစ္စအပေါ်မှာ ဝေဖန်ကြ၊ ဆွေးနွေးကြ တာတွေအများကြီး ထွက်လာ တော့တာပါပဲ။ ဖြစ်သင့်တယ်လို့ မြင်သူတွေရော၊ မဖြစ်သင့်ဘူးလို့ သဘောထားသူတွေဆီကပါ သိရ တဲ့ ထွေထွေရာရာအမြင်တွေ အားလုံးဟာ သူ့ဆင်ခြေနဲ့ သူကတော့ ဟုတ်နေတာပါခင်ဗျ။ ထောက်ခံတဲ့ သူတွေဆီက ကြားသိရတဲ့ အမြင်တွေမှာဆိုရင်လည်း သူငယ်တန်းကလေးအရွယ်မှာ အခုလိုအမှတ်ခက်တဲ့ အက္ခရာတချို့ ကို ဖြုတ်လိုက်တာ ကောင်းတယ်ပေါ့။ ၃၃ လုံးမှာ ရှစ်လုံးကို ဖြုတ်ပြီး ကျန်တဲ့အက္ခရာ ၂၅ လုံးကို ကလေးတွေကို မိတ်ဆက်သဘောစပြီး သင်မယ်။ ပြီးမှ နောက်အတန်းတွေမှာ ၃၃ လုံးကို နဂိုအတိုင်း ပြန်သင်သွားမယ့် အစီအစဉ်ဟာ ဖြစ်သင့်တယ်ပေါ့လေ။

ဘာလို့ဆို ခေတ္တခဏဖြုတ်ပစ်မယ့် အက္ခရာရှစ်လုံးဟာ ကလေးတွေမပြောနဲ့ လူကြီးတွေတောင်မှ မှတ်လို့လွယ်တာ မဟုတ်ဘူးတဲ့။ နှုတ်ကသာ အကျင့်ပါနေလို့ ဆိုလို့ရရင်ရမယ်။ ဘယ်ဟာက ဋသန်လျင်း ချိတ်၊ ဘယ်ဟာက ဍရင်ကောက်ဖြစ်တယ်ဆိုတာ ရေးပါဆိုရင် ရုတ်တရက် ရေးမတတ်တော့ဘူးပေါ့။ ဒါဟာလည်း နေ့စဉ်သုံးမှာ အနှီစကားလုံးတွေဟာ အသုံးနည်းလို့ ဖြစ်တယ်ပေါ့ဗျာ။ လူကြီးတွေတောင်မှ သူငယ်တန်းက စသင်လာတာ မမှတ်တတ်မှတော့ အခုခေတ်ကလေးတွေကိုလည်း သူငယ်တန်းကစပြီး အဲဒီစကားလုံးကြီးတွေနဲ့ မနှိပ်စက်သင့်ဘူးပေါ့ ဗျာ။

ဗျည်း၊သရ အက္ခရာတချို့ကို ဖြုတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီးသကာလ သိပ်ပြီးဘ၀င်မကျတဲ့သူများရဲ့ အမြင်ကလေးကတော့ ဒီလိုခင်ဗျ။ ကလေးတွေအနေနဲ့ကတော့ အက္ခရာ ၃၃ လုံးစလုံးပဲ သင်သင်၊ ရှစ်လုံးကို ဖြုတ်ပြီး အ လွယ်ဆုံးအသုံးများတဲ့ ၂၅ လုံးကိုပဲ သင်သင့်ပေါ့လေ။ ကနဦးစသင်တဲ့ ကလေးတွေအတွက်တော့ ဘယ်အက္ခရာစာလုံးပဲဖြစ်ဖြစ် အမှတ်ရခက်တာချည်းပါပဲတဲ့။ ခက်တာချင်း အတူတူအစကတည်းက ပေါင်းပြီးသင်လိုက်ရင် မကောင်းဘူးလား။

ကလေးအရွယ်မှတ်ဉာဏ်ထက်သန်တဲ့အချိန်မှာ သင်တာပို့လိုတောင်မှ ကောင်းပါသေးသတဲ့။
တကယ်လို့ သူငယ်တန်းမှာ ကလေးတွေက အက္ခရာ ၂၅ လုံး ကို မှတ်လာတယ်။ နောက်အတန်းသစ်တက်ရတဲ့ခါ အက္ခရာ ၃၃ လုံးကို ပြန်တွေ့တော့ တစ်ခါမှတ်ရနဲ့ အဲဒီကျမှ မခက်ကုန်ဘူးလားတဲ့ဗျာ။ အခုခဏဖြုတ်ထားမယ်ဆိုတဲ့ အက္ခရာ ရှစ်လုံးဟာ အမှတ်ရခက်တာ၊ အသုံးနည်းတာတော့ မှန်တယ်။ ကလေးတွေ စာမေးပွဲစစ်တဲ့အခါ အဲဒီစာလုံးကို မရေးတတ်ကြလို့ အမှတ်မရဘူးဆိုရင်လည်း နောင်အခါ အဲဒီစာလုံးတွေကို စာမေးပွဲမှာ ထည့်မမေးနဲ့။ ရှိတယ်သိရအောင်သာ စာစသင်ကတည်းက သင်ပေးပါလို့ ပြောကြသဗျာ။

အဲသလိုကွဲပြားခြားနားတဲ့ အမြင်များကို ကြားရတာဟာ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကြိုက်သူရော၊ မကြိုက် သူဘက်မှာပါ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေကြတာကိုးခင်ဗျ။ ဘယ်သူပြောတာမှ မှားတယ်လို့ မရှိပါဘူး။ ဖြုတ်ထားမှာကို လိုလားနှစ်သက်တဲ့ သူတွေကတော့ မပူပါနဲ့။ သူငယ်တန်းဟာ အက္ခရာမိတ်ဆက်ပဲ။ အ လွယ်မှတ်မိအောင်ပဲ။ နောင်မှ တဖြည်းဖြည်းသင်ယူ၊ မှတ်ယူ။ သူ့ဟာနဲ့ သူတော့ ဖြစ်သွားမှာတဲ့။ ဖြုတ်မနေနဲ့၊ အရင်တိုင်း သူငယ်တန်းက စသာသင်။ မမှတ်မိလည်း ဘာဖြစ်မလဲ။ သိပ်ပြီး အရေးစိုက်မနေနဲ့။ ကြာတော့လည်း သိသွားမှာဆိုပဲ။

အယ်ဒီတာရေ။ အဲသလိုတွေပေါ့လေ။ ဘစီတို့လည်း ဘာမှန်းညာမှန်းတော့ သိပ်သိလှတာ မဟုတ်ပါဘူး။ သိတာတစ်ခုကတော့ ဟိုရှေးအင်္ဂလိပ်ကိုလိုနီ အစိုးရအုပ်ချုပ်စဉ်အခါတုန်းက မြန်မာသင်ရိုးမှာ ‘ဋ၊ ဌ၊ ဍ၊ ဓ၊ ဏ’  စာလုံးငါးလုံးဟာ သိပ်ပြီးအသုံးနည်းတယ်။ သင်လည်း အလကားပဲဆိုပြီး ဖြုတ်ပစ်မယ် လုပ်ဖူးကြောင်းတော့ စာထဲမှာ ဖတ်ရလို့ မှတ်ထားခဲ့ရဖူးသတဲ့။ ဒါပေတဲ့ မြန်မာပညာရှင်တချို့က ကန့်ကွက်လို့မို့ သူ့နဂို ၃၃ လုံးအတိုင်း အဖြုတ်အပယ်မရှိ ထားခဲ့ရဖူးသတဲ့။ ဘစီတို့ ထင်ပါတယ်။ အဲဒီတုန်းကတော့ အထက်ပါစာလုံး ငါးလုံးကို သင်ရိုးညွှန်းတမ်းထဲက အပြီးဖြုတ်ပစ်ဖို့နဲ့ တူတယ်။
အခုကတော့ သူငယ်တန်းသင်ရိုးမှာတင် ခဏဖြုတ်မှာ။ အပြီးဖြုတ်မှာ မဟုတ်ဘူး။ နောက်အတန်းတွေမှာ ပြန်သင်သွားမှာလို့ သိရသဗျ။

 လာမယ့်နှစ် သူငယ်တန်းသင်ရိုးမှာ ဖြုတ်ထားမယ့် စာလုံးတွေက အသုံးနည်းတာ မှန်တယ်။ အမှတ်ရခက်တာလည်း ဟုတ်တယ်။ ဒါပေတဲ့ မသင်ဘဲတော့ ထားလို့မရဘူးဗျ။ အဲဒီစာ လုံးတွေဟာ ပါဠိသက်ဝေါဟာရတွေဆိုပေတဲ့ မြန်မာစာပေဟာလည်း ပါဠိနဲ့ မကင်းနိုင်တော့ သိထားမှကိုဖြစ်မှာပဲ။ ဋသန်လျင် ချိတ်ကို မသိရင် ‘မဇ္ဈိမပဋိပဒါ’ကို စာလုံးပေါင်းဖို့၊ အသံထွက်ဖို့ ခက်မှာပေါ့။ ဈမျဉ်းဆွဲကို မသိရင် ‘ဈေး’ဆိုတာ ခက်မှာပါပဲ။ ဃကြီး နဲ့ မရင်းနှီးရင် ‘သံဃာ’ကျအထူး အဆန်းဖြစ်မှာပဲလေ။ ပြောချင် တာက အနှီဗျည်း၊ သရ ၃၃ လုံးဟာ သူ့နေရာနဲ့သူအခြေခံကျကျလို အပ်နေတယ်ဆိုတာပါပဲခင်ဗျာ။
ဒါပေမဲ့ အခုဟာက သူငယ်တန်းအတွက်သာဆိုတော့ မတူတဲ့ အမြင်တွေရှိပေတဲ့ မြန်မာစာ အနာဂတ်တစ်ခုလုံးအတွက်တော့ သိပ်ပြီးစိုးရိမ်စရာမရှိဘူးလို့ မှတ်တာပါပဲ။ အရေးကြီးတာက သူငယ်တန်းမှာ ချန်ထားရစ်ခဲ့တဲ့ ခုနင်က အက္ခရာရှစ်လုံးကို နောင်အတန်းကြီးလာတဲ့အခါ သူ့နေရာနဲ့သူ နေရာကျအောင် ချိတ်ဆက်သင်သွားနိုင်ဖို့ပဲ။ ကလေးအရွယ်က ဗျည်း၊ သရ ၂၅ လုံးကို အလွယ်သင်ခဲ့ပေတဲ့ မြန်မာဗျည်းသရအခြေခံစာလုံးဟာ ၃၃ လုံးပါ ဆိုတာ ကလေးတွေ စွဲမြဲမှတ်သားလာနိုင်အောင်တော့ ဆင့်ကာဆက်ကာ သင်ကြားသွားရမှာပေါ့ဗျာ။

ဘစီတို့ရဲ့ တစ်မိုက်တစ်ထွာ အမြင်အရဆိုရင် သူငယ်တန်းမှာ အနှီဗျည်း၊ သရတွေကိုတောင်မှ ကျက်ခိုင်း၊ မှတ်ခိုင်း၊ ရေးခိုင်းတာမျိုးတောင်မှ မလိုလားဘူး။ တော်ပါပြီ ၀လုံးလောက်ဆို။ ဟိုတုန်းကလည်း သူငယ်တန်းဆိုသဟာကို ‘၀လုံး’တန်းလို့သာ ခေါ်ခဲ့ကြတာမဟုတ်လား။ ၀လုံးဟာ မြန်မာစာလုံးတွေအတွက် အခြေခံပဲ။ ၀လုံးလေးတွေချည်း သူငယ်တန်း တစ်နှစ်လုံးမှာပျော်ပျော်ပါးပါးသင်ဗျာ။ တခြားလူမှုကျင့်ဝတ်လေးတွေနဲ့ တွဲပြီးတော့ပေါ့လေ။ ဥပမာအိမ်သာတက်ပြီး လက်ဆေးတာမျိုး။ အမှိုက်ကို စည်းကမ်းတကျပစ်တာမျိုး။ သစ်ပင်နဲ့ သဘာဝပတ်ဝန်းကျင်ကို မိတ်ဆက်ပေးတာမျိုး။ အချိုရည်နဲ့ အစာပြေတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးလေးတွေဟာမျိုးကို မိတ်ဆက်သဘောနဲ့ ပြောပြသွားပြီး ပထမတန်းလောက်ရောက်မှ ကကြီး၊ ခခွေးကို ဗျည်းအက္ခရာ ၃၃လုံးကို မိတ်ဆက်သင်၊ တစ်တန်းပြီး တစ်တန်းမြှင့်သွား။ မကောင်းဘူးလား။
အခုတော့ သူငယ်တန်းမှာ ဗျည်းသရတချို့ ဖြုတ်ထားမယ့် ကိစ္စ ငြင်းကြခုံကြနဲ့။ အမှန်ကတော့ ဒါမျိုးဆိုတာ သင်ရိုးမဆွဲခင်ကတည်းက ပြည်သူတွေကိုချပြပြီး ကျောင်းသားမိဘတွေ၊ ကျောင်းဆရာတွေ ပညာရေးစိတ် ၀င်စားသူတွေနဲ့ အမြင်တွေကို အရင်နားထောင်သင့်တာ။ နှစ်ပေါင်းများစွာ ကလေးတွေကို စာသင်လာသူတွေရဲ့ အသံကို နားထောင်ရမှာ။ ရုပ်မြင်သံကြားလို နေရာမျိုးကတစ်ဆင့် ဘာသာစကားပညာရှင်တွေရဲ့ ထင်မြင် ချက်၊ ငြင်းခုံချက်တွေကို လွှင့်ထုတ်ပြီး အဲဒီအပေါ်မှာ ထပ်ဆင့် တွေးတောလာကြတဲ့ ပြည်သူပြည်သားတွေရဲ့ ထင်မြင်ချက်ကို နားထောင်ပြီးသာ အခုသူငယ်တန်းသင်ရိုးမှာ ဗျည်းသရအက္ခရာ တချို့ ဖြုတ်သင့်၊ မဖြုတ် သင့်ကို ဆုံးဖြတ်စီစဉ်ကြမယ်ဆိုရင် ပိုလို့ကောင်းမှာပဲ၊ မြိုင်ဆိုင်မှာပဲ၊  စိတ်ဝင်စားစရာလည်း ဖြစ်မှာပဲ။ အခုတော့ ပြင်ပြီးမှ အသံထွက်လာတဲ့အခါ မိဘပြည်သူတွေခမျာ ဆရာဗန်းမော်တင်အောင်စကားခဏငှားပြောရရင် ‘‘ကျွန်တော်ကကော ဘာများတတ်နိုင်ဦးမည် နည်း’’တွေဖြစ်ကုန်တာပေါ့လေ။

ဘစီတို့ ပြောချင်တာကတော့ ပညာရှင်များ ကောင်းမယ်ထင်လို့ လုပ်တာ လုပ်ကြပါ။ တစ်ခုတော့ ရှိသပေါ့ဗျာ။ ဟောဒီရွှေ ပြည်ကြီးမှာ သင်ရိုးညွှန်းတမ်းတွေ ပြောင်းကြတာလည်း အခါခါပါ။ အင်္ဂလိပ်စာကို သူငယ်တန်းက သင်လိုက်။ တစ်ခါငါးတန်းက စသင်လိုက်၊ နောက်ကျတော့ သူငယ်တန်းကစပြီး ပြန်သင်။ ၀ိဇ္ဇာ နဲ့ သိပ္ပံကိုလည်း ခွဲလိုက်ပေါင်းလိုက်။ ပြီးတော့ ပြန်ခွဲလိုက်၊ ပြန်ပေါင်းလိုက်။ မြန်မာစာကလွဲလို့  တခြားဘာသာရပ်တွေကို အင်္ဂ လိပ်လိုသင်ရမယ် လုပ်လိုက်။ မြန်မာလိုသာ သင်ရမယ်လုပ်လိုက်နဲ့ စိတ်ထင်သလို လုပ်ခဲ့တာ များပြီကော။ သဟာကြောင့် ဒီတစ်ခါသင်ရိုးအပြောင်းဟာ ဘစီတို့ ကလေးတွေ နောင်အရှည် ကောင်းဖို့သာ ရည်ရွယ်တာဖြစ် ပါစေလို့ မျှော်လင့်နေမိတာပဲဗျို့။ တော်သေးပြီ။
(ဖော်ပြပါသရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)

http://www.7daydaily.com/story/56894

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...