စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

အမေရှက်လို့ပါ

                 
အမေရှက်လို့ပါ
***************( ဖြစ်ရပ်မှန်) ။

ဒညင်းသီးပြုတ်ကို အရင်းနှီးလုပ်၍ ဈေးထဲမှာလေးတွဲစွာနဲ့ ပက်၍ရောင်း
ရှက်ဖို့ကောင်းတဲ့ အမေ့ဘဝ
ဝမ်းရေးအတွက် လမ်းဘေးထွက်၍ ဖြေရှင်းနေရတဲ့ အမေ့ဘဝ
အမေ့သားစစ်ဗိုလ်လေးနဲ့ သမီးဆရာဝန်မလေး မသိပါစေနဲ့
ပြောပြရမှာ
အမေရှက်လို့ပါ====================

မငြိုငြင်ခဲ့ရတဲ့ ဗိုလ်သင်တန်းသားဘဝမှာ လူအမြင်မှာထုတ်ခဲ့ရတဲ့
အမေ့ရဲ့ ပင်စင်ငွေလေး ပြင်ဦးလွင်ကိုအရင်ပို့ပေးခဲ့တာ
အခုသူများတွေကမေးတော့ အမေ မသိဘူး
ပြောပြရမှာ
အမေရှက်လို့ပါ====================

ဆေးကျောင်းကို ဈေးရောင်းလို့ထားခဲ့ရပေမယ်
အမေ ပင်ပန်းတာ အရေးမကြီးခဲ့ပါဘူး
အခုငါ့သမီးလေး လင်ကောင်းသားကောင်းရလို့ အမေပျော်ပါတယ်
သူများတွေက မထောက်ပံ့ဘူးလားလို့မေးတော့
မသိချင်ယောင်ပဲ ဆောင်နေရတယ်
ပြောပြရမှာ
အမေရှက်လို့ပါ====================

အခွင့်ထူးကို ရစ်မူးနေတဲ့ငါ့သားလေး ချွေးမအငြိုငြင်မခံပါနဲ့
အမေနေတတ်တယ် နေမကောင်းတော့
ငွေအဟောင်းလေးတောင်မကိုင်နိုင်တဲ့ အမေ့ဘဝ ဦးကျော်သူရဲ့
အခမဲ့ဆေးခန်းလေးမှာ အသိတစ်ယောက်က
သမီးဆရာဝန် မလာဘူးလားမေးတော့
ပြောမပြချင်ဘူး
အမေရှက်လို့ပါ===================

ငွေအတွက် အမေကျေနပ်ပါတယ်
သမက်ကလေး ငြိုငြင်နေပါ့မယ် သမီးလေးရယ်..။

ဈေးထဲမှာ လေးတွဲစွာရောင်းနေတဲ့ အမေအိုကြီးရဲ့
ဖြစ်ရပ်မှန်ဇာတ်လမ်းကို ခံစား၍ရေးသားပါသည်..။
သားသမီးများ အမြန်ဆုံးမြင်နိုင်ပါစေလို့ ဆုတောင်းရင်း

မူရင်း ... မြတ်နိုးဦး / ဒဂုံမြောက် ။

မြန်မာပြည်ရဲ့ ကျေးဇူးရှင်


           

မိုးမလင်းခင် ၊ ထွန်တုံးပြင်၍
ဂျောင်ဂျင်ခလောက် ၊ နွားပြာ ပြောက်နှင့်
ကောက်ပင် စပါး ၊ပေါက်ရှင်ထွားဖို့
အားစိုက် လုံ့လ ၊ ပြုကြရသည်
ဟိုယခင်က လယ်သမား။

ယာမြေတစ်ခွက် ၊ ထယ်ရေးညက်ဖို့
ခက်ခဲ ပင်ပန်း ၊ နွားနှင့် တန်းတူ
လှမ်းတူ လုံ့လ ၊ ပြုကြရသည်
ဟိုယခင်က လယ်သမား။

ခုများတော့လေ
ထွန်စက် ထယ်စက် ၊ ရိတ်, ခြွေစက်နှင့်
တိုးတက်ပြယုဂ် ၊ စတိုင်ထုတ်ဖို့
တုတ်တုတ်အော်မြည် ၊ ထော်လာဂျီနှင့်
ခေတ်မီ လုပ်ငန်း ၊ (ယခင်ကလောက်) မပင်ပန်းတော့။

နွားပြာကျော့ကို ၊ မော့မော့လေးယှဉ်
အလှဆင်လို့ ၊ လှည်းယာဉ်လေးနဲ့
လည်နိုင်ပြီ။

ဆိုင်ကယ်ကိုစီး ၊ မြို့သူကြီးလို
လယ်သမား သမီး နေနိုင်ပြီ။

တက္ကသီလာ ၊ ကွန်းရိပ်သာဝယ်
လယ်သမား သား ထားနိုင်ပြီ။

သို့သော်လည်းလေ
ရာသီတွေနှောင်း ၊ ခေတ်တွေပြောင်းလည်း
မပြောင်းစဉ်လာ ၊ ရှိနေမှာကား
လယ်သမားသည် ၊ ကျေဇူးရှင်။ ။

အရှင်ပညောဘာသ(ရွှေဘို)

တောင်သူလယ်သမားနေ့ကို ဂုဏ်ပြု ဖွဲ့ဆိုပါသည်။

ဓာတ်ပုံကို Thin Theingi ထံမှ ယူပါသည်။

“အနှိုင်းမဲ့ မေတ္တာ”


 


အမေက သားသမီးအတွက်ဆို。。。。
ဘ၀ကို ပေးရဲတဲ့ အမေ
အလှကို စတေးရဲတဲ့ အမေ
သွေးမျက်ရည် ခခဲ့ရတဲ့ အမေ
သွေးစက်တွေ ကျခဲ့ရတဲ့ အမေ
ဒေါသနဲ့ မဆုံးဖြတ်နိုင်တဲ့ အမေ
သောကနဲ့ ပြုံးတတ်တဲ့ အမေ
စာနာသနားတတ်တဲ့ အမေ
မာယာမများတတ်တဲ့ အမေ
ဖြူစင်စေတဲ့ အမေ
သိပ်ချစ်တတ်တဲ့ အမေ
စိတ်မညစ်တဲ့ အမေ
ဆုံးမတတ်တဲ့ အမေ
ပြုံးပြတတ်တဲ့ အမေ
အမှားပစ်တဲ့ အမေ
တရားချစ်တဲ့ အမေ
အသည်းမပျော့တဲ့ အမေ
ဇွဲမလျှော့တဲ့ အမေ
အပိုမကြိုက်တဲ့ အမေ
အလိုမလိုက်တဲ့ အမေ
အပြစ်မဆိုတဲ့ အမေ
အချစ်ပိုတဲ့ အမေ
အသာမစံရတဲ့ အမေ
အနာခံဘ၀နဲ့ အမေ
ဒဏ်ရာတွေနဲ့ အမေ
တာဝန်ကျေတဲ့ အမေ
ချွေတာတတ်တဲ့ အမေ
ငွေရှာတတ်တဲ့ အမေ
မျှတမှုကို ဦးစားပေးတဲ့ အမေ
လှပမှုကို ဦးစားမပေးတဲ့ အမေ
အပြုံးမပျက်တဲ့ အမေ
အမုန်းမဖက်တဲ့ အမေ
အချစ်ကိုလည်း ပေးတဲ့ အမေ
ပညာတွေလည်း ပေးတဲ့ အမေ
အကြင်နာတွေလည်း ပေးတဲ့ အမေ
ရှေ့ရေးမြင်တဲ့ အမေ
အမွေပေးချင်တဲ့ အမေ
♦မကြွားဝါတတ်တဲ့ အမေ
♦စေတနာထားတဲ့ အမေ
♦မင်္ဂလာတရားနဲ့ အမေ
♦ပြုစုတတ်တဲ့ အမေ
♦ယုယတတ်တဲ့ အမေ
♦အသိနက်တဲ့ အမေ
♦မရှိမဖြစ်တဲ့ အမေ
♦အနှိုင်းမဲ့မေတ္တာ အသင်္ချေ
လူသားအားလုံး စံထားထိုက်တာ
အမေပါပဲ...အမေ.။

-【လင်းဝေအိမ်(ကလေး)】
[ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာ၊ပုဗ္ဗာရုံကျောင်းတိုက်၊ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊
(၈)နှစ်မြောက် အထိမ်းအမှတ် စာစောင်မှ။]
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“မိခင် =Mother”
•••••••••••••••••••••••••
M = is for the million things she gave me.
အမေသည် ကျွန်ုပ်အား သန်းပေါင်းများစွာသော အရာဝတ္ထုများကို ပေးပါသည်။

O = means only that she's growing old.
အမေသည် သားသမီးများအတွက် ပေးဆပ်ရင်း၊ပြုစုစောင့်ရှောက်ရင်း အိုမင်းရင့်ရော် သွားသည်။

T = is for the tears she shed to save me.
အမေသည် ကွန်ုပ်အတွက် စိုးရိမ်သောကရောက်ရင်း မျက်ရည်များစွာ ကျခဲ့ရသည်။

H = is for her heart as pure gold.
အမေ့နှလုံးသားသည် ရွှေစင်ကဲ့သို့ ဖြစ်သည်။

E = means everything she's done to help me.
အမေသည် ကွန်ုပ်အတွက် အစစအရာရာ လုပ်ကိုင်ပေးပြီးဖြစ်သည်။

R = means right and right she'll always be.
အမေပြုသမျှအားလုံးသည် မှန်ပြီးရင်း မှန်ရင်းသာဖြစ်သည်။

-အင်္ဂလိပ်အဘိဓာန်။
【လေးအိမ်စု အရှင်ဝိစိတ္တသာရ စီစဉ်တော်မူသည့် စကားလက်ဆောင် တရားလက်ဆောင်(၄)မှ- 】
Posted by►
www.facebook.com/youngbuddhistassociation.mm

https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

ပန်းပန်လျှက်ပဲ - ( ဆရာဇော်ဂျီ )





-

ညိုပြာပြာ လတာပြင့် ခြေရင်း။

လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း။

ဆင်းရလဲ မသက်သာ။

အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။

အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး။

အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ။

နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။

မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။

တစ်လံကွာ လှိုင်းအကြွှ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ။

ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။

ဘဲအုပ်မှာ တစ်ရာ နှစ်ရာ၊ ဗေဒါက တစ်ပင်ထဲ။

အယက် အကန် ခံလို့

ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက် ပဲ။ ။

-

ဆရာဇော်ဂျီ
တက္ကသိုလ်အိုးဝေမဂ္ဂဇင်း(1960)
ကဗျာဆရာကြီးများ ၏ ကဗျာများစုစည်းမှု
 
 
https://www.facebook.com/zayyarshwemyaysagaing/photos/a.291685500983008.1073741

ကလေးတိုင်း .. သို့


                  
အရမ်းကြိုက်လို့ ပြန်ရှဲလိုက်ပါတယ် ..
၃မိနစ်ဖတ်လို့ အလကားမဖြစ်ပါဘူး ..

(( က လေး တိုင်း << သို့ >> မိ ဘ တိုင်း ))
မူရင်း - (ကလေးတိုင်း .. သို့)

ကလေးရယ်
တဒိုင်းဒိုင်းနဲ့ counter game ပစ်သတဲ့လား ?
ဒီအချိန် စာဖတ်
ကမ္ဘာပတ်ဖို့ ခြေလှမ်းပြင်ပါတော့ . . .

အဲ့သည့် ကျည်ဆံတွေပေါ့
မာလာလာ ဘယ်ဘက်ဦးခေါင်းကို ပစ်ခဲ့တာ
ဂန္ဒီနံဖူးတည့်တည့်ကို ပစ်ခဲ့တာ
ဗိုလ်ချုပ်ကို ၁၃ ချက် ပစ်ပြီး
မြန်မာပြည်ကြီးကို ဇကာဖောက်သွားတာ . . .

သေနတ်တွေ အာဏာရူး လက်ထဲရောက်သွားတဲ့အခါ
ဗီယက်က ကလေးသူငယ်တွေ အတုံးအရုံးး
ကမ္ဘာရဲ့ ဝက်ဆိုဒ်မှာလေလံတင်ထားသလို နဲ့
စစ်ကို ငိုရှိုက်နေကြရတယ် . . .

ကလေးရယ် စာဖတ် ကွ
အနာဂါတ်ဟာ မင်းတို့လက်ထဲမှာ
နိုင်ငံအပျက်ကြီးကို မင်းတို့ပဲဖာထေးရမှာ
ကောင်းကင်အပေါက်ကြီးကို လည်း
မင်းတို့ပဲ ပိတ်ရဦးမှာ … … …

ငါတို့မှာ အချိန်မရှိဘူးးး
တိုးတက်မူ့ဟာ ဘက်စ်ကားလို
အိမ်ဦးခန်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှာမဟုတ်ဘူး

ကလေးရယ် ,
ငါ လွန်သွားသလားးး ?
ငါတို့ ကလေးတွေဆော့နေချိန်မှာ
ကမ္ဘာပေါ်က ကလေးတွေ
စာဖတ်နေကြလို့ပါ . . . . .
 
မြန်မာနိုင်ငံ ပညာရေးဟာ
အမြစ်ကစ, အဆိပ်မိထားတဲ့ သစ်ပင်တစ်ပင်လိုပါပဲ
ကျူရှင်ဆိုတဲ့ ဝေါဟာရနဲ့
ကျောင်းတွေဟာ
မမွှေးတဲ့ပန်းတွေကို စိုက်ပျိုးနေသလို
အနာဂါတ်ဟာ … စနစ်တကျ ဖျက်ဆီးခံနေရတယ်

ငါတို့တွေ သိရမယ်
ကမ္ဘာက မြန်မာကို သိဖို့
မြန်မာက ကမ္ဘာကို သေချာသိဖို့လိုတယ် . . .
 
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အောင်ဆန်းစုကြည်ကို
မင်းတို့ သိသလို
ဆွပ်တောင်ကြားက မာလာလာဆိုတဲ့
ကောင်မလေးကို မင်းတို့သိရမယ် . . .

ဗိုလ်ချုပ်အောင်ဆန်းကို ငါတို့ချစ်သလို
ဂန္ဒီရဲ့ ရာဇဝင်ကို သိရမယ် ,

အလောင်းမင်းတရားကို မမေ့သလို
လီနင်ကိုလည်း သိရမယ် . . .

ပုဂံကို အလွတ်ရသလို
တာ့ရ်မဟာကို သိရမယ်

ရန်ကုန်ကို ကျက်မိသလို
လက်စ်ဗီးဂတ်ကိုလည်း သိရမယ်

ဧရာဝတီကို မြတ်နိုးသလို
ပိရမစ်တွေကိုလည်း သိရမယ်

ဦးသန့်ကို သိသလို
ဘန်ကီမွန်ကိုလည်း သိရမယ်

ဖိုးပါကြီးကို အားပေးသလို
ရာဂျာမိုးကို သိရမယ်

သခင်ကိုယ်တော်မှိုင်းကို လေးစားသလို
နေရူးကိုလည်း သိရမယ်

ကလေးတစ်ယောက် စာဖတ်တာဟာ
နိုင်ငံအတွက် တံခါးတချပ် ဖွင့်တာပဲ

ငါ လောဘကြီးသွားသလားးး
ကျယ်ပြန့်တဲ့ ပင်လယ်ပြင်ကိုတောင်
ကမ်းစပ်နဲ့ အနားကွပ်ထားးးရတယ်

ကလေးဆိုတာ ပုံမသွင်းရသေးတဲ့
ဖယောင်းတုံးတွေပါပဲ . . .

ကလေးငယ်တစ်ယောက်က
ဟစ်တလာ ဖြစ်သွားတဲ့အခါ
တစ်ကမ္ဘာလုံး အတုံးအရှုံးသေကြေကြသလို ……
ကလေးငယ် တစ်ယောက်က
မင်ဒဲလား ဖြစ်သွားတဲ့အခါမှာ
အာဖရိက တစ်တိုက်လုံး ကျွန်စနစ်ပျောက်သွားပြန်ရော ……

ကလေးငယ်တစ်ယောက်က
ကဒါဖီ ဖြစ်သွားတဲ့အခါ
လူတွေ ဆင်းရဲဒုက္ခရောက်ကြသလို ……
ကလေးငယ်တစ်ယောက်က
ဂန္ဒီဖြစ်သွားတဲ့ အခါ
အာရှတိုက်တခုလုံး ထွန်းလင်းသွားပြန်ရော ……

ကလေးငယ်တစ်ယောက်က
ဘင်လာဒင် ဖြစ်လာတဲ့အခါ
လူတွေ ဒုက္ခရောက်ကြသလို ……
ကလေးငယ်တစ်ယောက်က
မာသာထရီဆာ ဖြစ်လာတဲ့အခါ
လူသားတိုင်း အေးချမ်းသွားရပြန်တယ် ,

မင်းတို့ဟာ အနာဂါတ်ရဲ့ ဖန်ဆင်းရှင်တွေ
လက်ဖျံက သွေးကြောတွေ တစ်ဖြောင်းဖြောင်းထ,ပေါက်သလို
ဘုန်းတန်ခိုးရှိတဲ့ သူတွေ … … …
 
ကောင်းကင်မှာ ချိတ်ထားတဲ့
ငါတို့ သမိုင်းဟာ
မင်းတို့ လက်ထဲမှာ ထွန်းလင်းတော့မှာ
မြန်မာပြည်ရဲ့ ပန်းချီကားကို
မင်းတို့ ဆက်ဆွဲရမှာ . . .

တံခါးတွေ ဖွင့်ဖို့ . . . ,
စာတွေ ဖတ်ရမယ်
ရာဇဝင်တွေ မှတ်ရမယ်
သီအိုရီတွေ ကျက်ရမယ်
 
မြန်မာနိုင်ငံကြီး အအေးမိနေတာကို
မင်းတို့ ကုဖို့
ပညာအစစ်တွေ တက်ဖို့လိုတယ် . . . . .
သန်း ၆၀ တန် အိမ်မက်တွေကို
လူရာသွင်းဖို့
မင်းတို့ စာဖတ်ဖို့လိုတယ် … … … ။

Ulay Kyi ( ကိုလင်း )
 

ပန်းပိတောက်မင်း - ဦးကြော့။ ပိတောက်ပန်း -( ဆရာဇော်ဂျီ )

ပန်းပိတောက်မင်း - ဦးကြော့



လတန်ခူးပေမို့

အလှထူးပါဘိ

မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

-

တကယ်တမ်းသာဖြင့်

ဘယ်ပန်းသော် စံမတူဘု

နန္ဒမူ ဖလ်ဂူထိပ်မှာလ

ပစ္စေကာ ချွေးတော်သိပ်ရတယ်

အေးရိပ်ဆာယာ။

-

တနှစ်တွင် သည်တလသာပ

တလတွင် တရက်ထဲ

ခက်ခဲတဲ့ ရက်ဗုဒ္ဓါ

ပွင့်ရှာကြ စုံမြိုင်တွင်း။

-

မြူမင်းလွင်ထန်

ကြူသင်းတာချိန်ယံ မတော့

ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်

ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့

သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်

လမ်းတလျှောက် သင်းတာမို့

ဆန်းသလောက် မလင်းနိုင်ဘု

ပန်းပိတောက်မင်း … ။ … ။

-

ဦးကြော့


https://www.facebook.com/photo.php?fbid=1588561111369898&set=a.1422209418005069


 
ပိတောက်ပန်း --- ( ဆရာဇော်ဂျီ )

-

မခူးချင်စမ်းပါနဲ့

နှစ်ဆန်းခါတော်မီမို့

ဇမ္ဘော်ရည် ပြေပြေလိမ်းကာပ

ခပ်သိမ်းနယ်စုံစုံသို့

ပွင့်ငုံကို လင့်ကုန်ကြတော့လို့

ခေါင်းကြွကာ ဆာဝေေ၀နဲ့

သူလည်းလေ လောကီသားလိုပေါ့

ကြွားချင်လှပေလိမ့်မယ်။

-

တသိန်တင့်ပါဘိ

တိမ်မြင့်ရီပြာပြာက

ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်

တီတာတာ ပွင့်ရွှေဖူးငယ်တို့

လည်ယှက်ကာ ဘယ်ညာလူးလေတော့

သူတို့လို ဘယ်သူမြူးနိုင်ပ့ါ

ထူးပါဘိတယ်။

-

တ၀ါဝါ ဆင်သင်္ဃန်းရယ်နဲ့

ကမ္ဘာမှာ ဘ၀င်ချမ်းစေဖို့

သာသနာ ရွှင်ရွှင်လန်းအောင်လို့

တမင်မှန်းကာပ သတိဆွယ်

ရည်ရွယ်ရော့သလား။

-

ခူးပါနဲ့ကွယ်

ပွင့်ဖူးမှာ အ၀ါခြယ်၍

မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်

နှစ်ဆုံးကုန် အတာဝင်လို့

မာန်အင်ကို ဥာဏ်ဆင် မွေးကာပ

အရေးအခါသာမှ

ခမျာမှာ တဂုဏ်ဆန်းရတယ်

ပန်းပိတောက်များ။

-

ဆရာဇော်ဂျီ


https://www.facebook.com/photo.php?fbid=1588560781369931&set=a.1422209418005069

ပိတောက်ဦး --- ( ဒဂုန်တာရာ )

                    
-

အို လှလိုက်ထာ

ကိုင်းငိုက်ယိုယီး၊ တွဲလောင်းစီး၍

ရွှေသီးဝါသွေး၊ ပြွတ်သိပ်လေးအောင်

ညွတ်ကွေးရွရွ၊ လှ...လှ...လှ...သည်

ပထမ ပိတောက် ပွင့်စဉ်က။

-

"ဟော ဟော ပွင့်ပြီ"

ကျူးရင့်အော်ကြ၊ တံခါးဝမှ

လှစ်ဟဆိုကာ၊ ပြေးထွက်လာပြီး

ဝင်းဝါပိတောက်၊ သစ်ပင်အောက်ဝယ်

လုကောက် ကြွေသည့် ပွင့်များကို။

-

ငမ်းငမ်းတက်၍

လုယက်ခုန်တက်၊ ဓားလက်နက်ဖြင့်

ချိုးဖျက်ရွက်ကိုင်း၊ ခုတ်ထစ်စိုင်း၍

ပိုင်းပိုင်းဖြတ်ခြွေ၊ ယူကြလေသော်

ရောထွေ ရုန်းရင်း ဆန်ခတ်တည်း။

-

လုဖျက်မှုန်းကြောင့်

ကြေပြုန်းလဲကျ၊ ဒဏ်ရာရနှင့်

ရွက်မြပြာညို၊ သစ်ငုတ်တိုသာ

ဖရိုဖရဲ ကျန်ရစ်၏။

-

ငါ့စိတ်တွင်ကား

မေခင်နှမ၊ ဆံကေမြထက်

လှလှကလေး၊ ကိုယ်တိုင်ရွေး၍

ဆင်ပေး ထုံးချင် လှသောကြောင့်။

-

ကျိုးပဲ့နေသော

ပင်ခြေအောက်တည့်၊ ငါရပ်ကြည့်၍

ကြွင်းသည့်တပွင့်၊ ကောက်မည်လင့်သော်

"အို.....ရှင့်....ကျမ -

ဗုဒ္ဓမြတ်ထံ၊ လှူကပ်ရန်" ဟု

လုပြန်အတင်း၊ ဆိုကာချင်းသော်

လက်ချင်းဆုံ၍ နေသတည်း။ ။

-

ဒဂုန်တာရာ


https://www.facebook.com/myanmaronlinemedianews/photos/a.572785052762137.10737

မိသားစု


                      
မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။

(စိုင်းဝင်းမြင့်)
ပန်းချီ ပေါ်ဦးသက်


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

မိသားစုစုံလင်တဲ့ထမင်းဝိုင်းလေး


" အမေ....ဒီဟင်းနဲ့စား၇မှာလား
သားမှ မကြိုတ်တာ မစားချင်ဘူး "

ဆိုးနွဲ့ကာစိတ်ကောက်တက်တဲ့သား အခုတော့ နောင်တ၇နေပါပီ

ဘယ်လောက်ပဲအကောင်းစားဆီပျံဟင်း
တွေဆုံတဲ့ထမင်းဝိုင်းကြီးဖြစ်နေပါစေ
အမေချက်တဲ့ထမင်းဟင်းနဲ့မိသားစု
စုံစုံလင်လင်စား၇တဲ့ထမင်းဝိုင်းလေး
ကို သား မက်မောနေတက်ပီ

ဘ၀ပေးမလှလို့ မိသားစုနဲ့ခွဲကာ
အဝေးေ၇ာက်နေတဲ့သားတစ်ယောက်
အားလုံးအဆင်ပြေတယ်ဆိုပေမယ့်
အမေချက်တဲ့ဟင်းတစ်ခွက်ကိုတော့
ထမင်းစားတိုင်းတောင်းတနေမိတယ်

မျှော်မှန်းကာအားတင်း၇င်းနဲ့အံကြိတ်ခါ
စားနေ၇တဲ့ထမင်းတစ်လုပ်တိုင်းက
သားအတွက်မျိုချဖို့ဝန်လေးနေမိတယ်

အမေ… အမေ… အမေ…
သားတို့မိသားစုစုံလင်တဲ့ထမင်းဝိုင်းလေးမှာ
ပြန်ဆုံနိုင်ဖို့ အားတင်း၇င်းနဲ့
သတိ၇လွမ်းနေဆဲပါအမေ………

သံယောဇဉ်မုန်းကျောင်းသားလေး

အမေသို့ တမ်းချင်း


★★★★★★★★★★★

★ အမေ
ခြေအစုံကို နဖူးတိုက်လို့  ဦးခိုက် ကတော့ပါရစေ....
ကာလတွေကို ခြေရာကောက်စစ်တော့
အနှစ်သုံးဆယ် ကျော်လာခဲ့တာ
မြန်လှပါကလား အမေ။


★ ဒီအချိန်တွေထဲ
မရည်ရွယ်ဘဲ ဖြစ်ဖြစ် သိသိနဲ့ ဖြစ်ဖြစ်
မသိတသိနဲ့ ဖြစ်ဖြစ် အပြစ်တွေ အပြစ်တွေ
အရေအတွက် ဘယ်လောက်တောင်များ
သမီး ကျုးလွန် မှားခဲ့ ပြီးပြီးလဲ
တွေးတောင် မတွေးရဲပါဘူး အမေ။

★ အမေ ဗွေမယူတာ
သေချာနေတာတောင်မှ
ဆောင်တည်ရာ မရအောင် ပူလောင်သောကနဲ့ 
မောလှပါတယ် အမေ အပြစ်တွေ ကြေမပျက်တောင်မှ
နောင်ဘ၀ထိ မပါရင်ဘဲ နဲနဲ ဖြေသာရာကောင်းလို့ 
တောင်ပန်း ရိုးကျိုးလက်စုံမိုး နှင့်
ခြေအစုံကို နဖူးတိုက်လို့  ဦးခိုက် ကန်တော့ပါရစေ......
ခွင့်ပြုပါ အမေ။

(စာရေးဆရာမ လမင်းမိုမို)
 

အကျိုးမဲ့ နောင်တ

“ အကျိုးမဲ့ နောင်တ ”
▬▬▬▬▬▬▬▬
လက်ဦးဆရာ မည်ထိုက်စွာသား
မာတာပိတ မိနှင့်ဖကို
သင်တို့ကျေးဇူး ဆပ်ဖူးသလော။
ဇရာယိုယွင်း အိုမင်းနေတဲ့
လက်ဦးဆရာ မိဘနှစ်ဖြာကို
ရှိသော်မကျွေး ဝတ်သော်မပြု
မလိုချောင်ထိုး နွားအိုမျိုးလို
မကျွေးမွေးရှာ သင်တို့မှာက
နှမြောတွန့်တို မစ္စရိယပျိုတို့
ဝင်ကာဖိစီး ချုပ်ထောင်ကြီးနှင့်
နေဘိလေကာ။
ရှိသောဥစ္စာ အသပြာမှ
သမီးနဋောင်းဖိုး သားကျောင်းဖိုးနှင့်
မြေးကိုဗန်းပြ ရှိကုန်ကြရဲ့။
သင်တို့စုစည်း ဝယ်ပြီးလေက
လက်ဦးဆရာ မိဘမှာတော့
ဝတ်ကောင်းစားလှ မဝတ်ရဘဲ
မရဏထံ သေချိန်တန်ဟု
သင်တို့ပြစ်ပယ် ရှောင်ဖယ်ပြန်၏။
မိဘနှစ်ဖြာ မရှိကာမှ
သင်တို့တမ်းတ ငိုကြွေးကြလည်း
အရာမထင် ဘောင်ခွင်မကျ
သင်တို့မျက်ရည် မြေခလေမှ
မိဘကျေးဇူး မြင့်မိုရ်ဦးကို
တွေ့မြင်လေရ ထိုဘဝ၌
ကျွေးချင်မွေးချင် ပြုစုချင်လည်း
လုပ်သမျှဟာ အချည်းနှီးပါ
နောက်မှနောင်တ ရလေတကား။

- (အရှင်ဧသိက)
Dhamma Danã Source ► Ma Khaing & www.facebook.com/youngbuddhistassociation.mm
 

လူမိုက်တို့ သွားရာလမ်း” - (လယ်တီဆုံးမစာ)


 
ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊
ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊
ဘုရားသာသနာ၊ ခေတ်အခါတွင်၊
လူရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊
အမိုက်မခြွေ၊ အလိုက်နေ၍၊
အခြေမကြီး၊ အချည်းနှီးလျှင်၊
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်။

သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊
ရှစ်နယ်ပတ်ကုန်း၊ အပြည့်ဖုံးသည်
မိုဃ်းလုံးတိမ်တိုက်၊ လျှပ်မကြိုက်သား၊
အမိုက်လေးပါး၊ အင်လေးပါးထက်၊
နင်က-ရာထောင်၊ မကမှောင်၏။

လူ့ဘောင် လူ့ရွာ၊ သာသနာ၌၊
ကြမ္မာတော်၍၊ ယခုတွေ့လည်း၊
အလေ့မလွဲ၊ အများနည်းလျှင်၊ မိုက်မြဲနှင်နှင်၊ မိုက်စ ရွှင်၏၊။
မျက်မြင်လောက၊ ဤဘ၀ကား၊
ဒုက္ခ စင်းစင်း၊ ချမ်းသာကင်း၏၊

သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊
အရူးပြင်ပြင်၊ နင့်ကိုထင်၏။
နင်နင့်ဆိုင်၊ နင်ပိုင်မဟုတ်၊ နင့်ရုပ်နင့်နာမ်၊ နင့်သဏ္ဍာန်ကို၊
နင့်ဉာဏ်မစူး၊ အခေါ်ဖြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊
နေ့ရက်အပုံ၊ လွန်ခဲ့တုန်ပြီ၊

အာရုံ ၀တ္ထု၊ မီးစာစုဖြင့်၊ မှု့မှု့ရရ၊ နင်အားကျလည်း၊
ဓားပြသေမင်း၊ သူတပ်နင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊
ပြာပုံအပြီး၊ ဖြစ်လုနီးပြီ၊ ရီးတီးယားတား၊ သေ၍သွားလည်း၊
တရားမကြွယ်၊ အထုပ်ငယ်လျှက်၊
အပါယ်စခန်း၊ သွားမြဲလမ်း၌
တပန်းဟိုက်ဟိုက်၊ တစ်ရှိုက်ငင်ငင်၊
တငြင်ငြိုငြို၊ ဆင်းရဲပိုလျှက်၊ ထိုထိုဘ၀၊ အနန္တလျှင်၊
အစမဆုံး၊ အများဆုံးတည့်၊

အနှုန်းမပျက်၊ နောက်နရက်( ငရဲ )၀ယ်၊
တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့၊
အပါယ်ထိုထို၊ ဥဒဟိုသည်၊
နင့်လို လူမိုက်သွားလမ်းတည်း။

- (လယ်တီဆရာတော်ဘုရားကြီး)

[အရှင်သုနန္ဒာလင်္ကာရ မှ - ]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ




ရေချမ်းသစ်သီး၊ ပန်းဆီမီးကို
ခိုင်ဖြီးသဒ္ဒါ၊ လှူပြီးကာမျှ
ငါ့မှာ ကောင်းကျိုး၊ အလွန်တိုးဟု
ယုံကိုးစိတ်ထဲ၊ မရောင့်ရဲနှင့်၊

မစဲညနေ့၊ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး၊ မြဲရှိခိုး၍
ကောင်းကျိုးပွားစည်၊ ကြီးလှပြီဟု
ယုံကြည်အားရ၊ စိတ်မချနှင့်၊

ဓာရဏနှင့်၊ ဓမ္မစကြာ
မေတ္တာပဋ္ဌာန်း၊ ရွတ်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ၊ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော်၊ မစောင့်မျှော်နှင့်။

ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ၊ ငြိမ်သက်စွာဖြင့်
သဒ္ဒါကြည်ယုံ၊ စိတ်ပြီရုံနှင့်။

ရေကြည်သစ်သီး၊ ဆီးမီးလှူမျိုး
ရှိခိုးဝတ်ရွတ်၊ စေလွှတ်မေတ္တာ
တစ်ရာ့ရှစ်သီး၊ စိပ်တ်ပုတီးကို
မငြီးဆင့်ကဲ၊စိပ်မြဲစိပ်ပါ၊ မဖြတ်ပါနှင့်။

ဆက်ကာတစ်မျိုး၊ ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန်၊ မျှော်ရိုးမှန်က
ရုပ်နာမ်ခွဲခြား၊ ကျင့်တရားသာ၊ သံသရ၀ဋ်
ထွက်လွတ်စေကြောင်း၊ လမ်းမှန်ကောင်းဟု
ညွတ်ပျောင်းစိတ်ထဲ၊ ယုံကြည်စွဲလျက်
အမြဲနေ့ည၊၀ိပဿနာ၊ ဘာဝနာကို
ခိုင်မာဆန္ဒ၊ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိရှိပါစေ…

မဟာသဒ္ဓမ္မဇောတိကဓဇ-ဦးအောင်သိမ်း
 

အိမ်မပြန်ဖြစ်တာ ကြာပြီဖြစ်တဲ့ အမေ့သား



 
ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲတဲ့ ညတစ်ညမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အမေ့အနား ပြန်ရောက်တဲ့ အကြောင်းကို
လွမ်းမျက်ရည် တစ်စက်နှစ်စက်နဲ့
အိပ်မက် မြင်မက်ပါသတဲ့။

သားပို့ထားတဲ့ ဓာတ်ပုံလေးတွေ
အလွမ်းပြေကြည့်ကြည့်နေခဲ့ရတဲ့ အမေဟာ
သားပြန်လာတာကို မြင်တော့
ဝမ်းပန်းတသာနဲ့
အပြေးအလွှား လာကြိုပါသတဲ့။

အမေ့အတွက် ကောင်းနိုးရာရာ
ဝယ်လာတာတွေကို ဂရုမထား
`ငါ့သားပြန်လာတာက အဓိကပါ´တဲ့။
နှစ်တွေ အတော်ကြာ
အိမ်ပြန်ရောက်မလာတဲ့ သားကို
ချစ်အားတွေ ပိုရှာပါသတဲ့။

`နေပူထဲက လာတာမဟုတ်လား။
ရေချက်ချင်းသွားမချိုးနဲ့။
ချွေးတိတ်အောင် ခဏနား
ငါ့သားက တယ်ခက်သကိုး´တဲ့။
ဒီအရွယ်ရောက်နေတဲ့သားကို
ကလေးလို အမှတ်ထား
စိတ်များပင် ပူရှာပါသတဲ့။

`သားအခုလို ပြန်လာတာ
အမေ ၀မ်းသာလိုက်တာ။
သားကြိုက်တဲ့ ဟင်းတွေ
အမေ ချက်ထားတာ
စားကြည့်စမ်းပါဦး´တဲ့။
အမေ့လက်ရာ ငတ်နေတဲ့သား
ဗိုက်ကားအောင် စားမိပါသတဲ့။

ထမင်းစားပြီးလို့ ခဏနား
အမေ့အနားနေမယ် ကြံတော့မှ
နှိုးစက်သံ တတီတီ
ထပြီး မြည်ပါသတဲ့။

ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲနေတဲ့ မနက်ခင်းတစ်ခုမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အလုပ်သွားဖို့ အားခဲ
ရင်ထဲက ဟာတာတာနဲ့
အမေ့ဓာတ်ပုံ ထုတ်ကြည့်တုန်းခဏမှာ
မျက်ရည်ကျမိပါသေးသတဲ့။

ခရီရေတာ
သားကောင်း စစ်သည်
 .................................................................................................

စစ်မှာတစ်မူ




ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်းယောက်မတို့လေ..

သူများမောင်မှာစစ်သံကြားလျှင် နာဖျားဥပါယ်ခိုကြတယ်..
နှမလေးတို့မောင်မှာစစ်သံကြားလျှင် ရွှေဓားပိုက်ကာအိုးစားဖက်ကို လိုက်လို့ရှာသည်
ရိက်ခါကနည်း မိုးကသည်းနဲ့သင်းတွဲကို ကူးပါလိမ့်မလားနော်...

စစ်မှာတစ်မူ
နှမလေး မယ့်ထက်ဖြူကိုယူမ လားတော်
စစ်မှာယွန်းမှနှမလေး မယ့်ထက်လှကို ရမလားတော်
စစ်မှာဆွေမျိုးဘိုးဘွာမောင့်မှာ ရှိသလားတော်
စစ်မှာတစ်မူနှမလေးမယ့်ထက်ဖြူကို မယူဘူးဗျာ..
စစ်မှာယွန်းမ နှမလေးမယ့်ထက်လှကို မရဘူးဗျာ
စစ်မှာဆွေမျိုးဘိုးဘွားမောင့်မှာ မရှိဘူးဗျာ

ရေမြေ့သခင် ရှင်ဘုရင်က
မိန့်တော်စာနှင့် အပါချသည်
လိုက်ရတော့မယ်

မြင်းမှာအုန်းခွံ ကျွန်မှာကုလား
ဓါးမှာမိုးကြိုး ယွန်းပုဆိုးနဲ့
စစ်သည်ပုံမှာ ကျွန်ယုံစားမို့
မောင်ကလေး မောင်သာလိုက်တဲ့တောင်ပတ်လည်နဲ့
ဇင်းမယ်ဆိုသည် ညိုတဲ့မြို့မှာ
ပျို့လွမ်းဖွယ်လေး။ 


ရှင်ငြိမ်းမယ်.
 

အဖေ့ရဲ့ တစ်နေ့တာအား ခဏဝင်ကြည့်နေမိခြင်း



မနက်လင်းတော့
ညကအကြွင်းကျန်အကြမ်းခဲလေးကု
ဆီလေးဆမ်းဆားလေးဖြူး
တစ်နေ့စာအတွက်အားအင်ယူလို့
ွထွန်းတုံးထမ်းနှင်တံကိုင်
နွားနှစ်ကောင်မြိုင်ဆိုင်စွာနဲ့
လယ်ကွက်သို့ချီတက်ခဲ့ပြီ ။

မနေ့ကမိုးဖြန်းထားတဲ့မြေပေါ်မှာ
နွားနဲ့လူတွဲလက်ညီစွာနဲ့
ဝိုင်းကြီးပက်ပက်ဒူဝေဝေ
သမန်းကောင်းကောင်းရရေးအတွက်
အားနဲ့မာန်နဲ့ထွန်းယက်လို့
ဒီမနက်မှနေကပူရက်လွန်းလှတယ်

တုံ တုံ တုံ တုံ
ရွာဦးကျောင်းကအချက်ပေးစနစ်
တိကျမှုအတိနဲ့ပြန့်လွင့်လာတော့
နားထဲမှာကမ္ဘာကျော်ဂီတများကြားရသလို
အားအင်များတို့ပျော်ရွှင်ကြလို့
ဆယ့်တစ်နာရီသို့ရောက်ရှိခဲ့ပြီ
နေကလည်းပူပြင်းလိုက်ပါဘိ ။

မြောင်ထားတဲ့ကတောင်းကိုဖြုတ်ရင်း
လယ်ကွင်းနားကသစ်ပင်ရင်းမှာခဏနား
သားကြီးနှစ်ကောင်ကပျော်ရွှင်စွာစားသောက်နေကြလို့
သတ်မဲ့မှမဟုတ်ကြပဲလေ
သူတို့လည်းပင်ပန်းရှာရောပေါ
အားတော့နာမိပါတယ်သားကြီးတို့ရယ် ။

သိပ်မကြာပါဘူး
တောင်းကြီးရွက်ထားတဲ့အိမ်သူမကို
ဟိုလယ်ကွက်အစပ်မျာမြင်နေရပြ
ဝမ်းကလည်းဟာလှပေါ့
အပြေးကလေးသွားလို့ကြိုမိ
စိုတိစိုဖက်ကြားမှာပါပဲ
ထမင်းဝိုင်းလေးဖြန့်ခင်းလိုက်ကြတယ် ။

ပင်ပန်းနေပြီးလားယောက်ျား
သားငါးကဝယ်ရရှားလေတော့
ကန်းစွန်းရွက်ချည်ဟင်းလေးကောင်းကောင်းချက်လာတယ်
ငပိရည်အတို့အမြုပ်လေးနဲ့
ယောက်ျားစားလို့မြိန်ပါ့မလားကွယ် ။

ရှင်မရဲ့မျက်နှာလေးကြည့်ပြီ
ဖွဖွလေးပြုံးပြလိုက်မိတယ်
ချဉ်ဟင်းကိုရွှဲနေအောင်ဆမ်း
ငပိရည်လေးထူထူဖြန်းလို့
အတို့လေးမြုပ်မြုပ်လွေးပစ်လိုက်တာ
ရှင်မမင်းလက်ရာသိပ်ကောင်းတာပဲကွာ
တိုက်ကြီးပေါ်ကမြို့ ကြီးသားတွေကို
ငါဖြင့်ဒါမျိုးစားဖူးစေချင်တယ်
အော် ဒါနဲ့
သားတို့သမီးတို့စားပြီးကြရဲ့ လား
ဖခင်တစ်ယောက်ရဲ့ မေတ္တာပါလားလို့
အိမ်ရှင်မကမှတ်ချက်ချသွားလေရဲ့ ။

တစ်အောင့်တအားနာနေရင်း
ညနေကြမှလို့အားတွေမွေးပစ်လိုက်မိတယ်
မိသားစုလက်စုံစားပွဲကြီးအတွက်ပေါ့
အိမ်ရှင်မကတော့ပြန်ထွက်သွားပါပြီး
တင်းနေတဲ့ဗိုက်အတွက်မငဲ့ရဲခဲ့ဘူး
ဒီနှစ်ကွက်အပြီးသတ်ဖို့အတွက
ပေါက်တူးတစ်လက်နဲ့ကန်သင်းဖို့
ဟိုကောင်ကြီးတွေအမောပြေတာစောင့်ရင်းပေါ့ ။

နှစ်နာရီနီးကပ်ခဲ့ပြီး
နွားနှစ်ကောင်ထွန်းတုံးပြန်တပ်
ဒီနေ့တော့ဒီနှစ်ကွက်အပြီးသတ်မှာပါ
လုပ်လိုက်စမ်းပါဦးသားကြီးတို့ရေ
ထွန်းတုံးပိတ်၇ာသီကျ
မင်းတို့ကိုအလှဆင်ပေးပြီး
ဟိုဘတ်ရွာဘုရားပွဲသွားကြမယ်
ခုတော့ လုပ်လိုက်ပါဦးသားကြီးတို့ရယ် ။

ဒီလိုနဲ့ နားရင်းထွန်ရင်းက
ရွာဦးကျောင်းကအချက်ပေးသံကြားရပြီ
ကဲသားကြီးတို့ရေ
တစ်နေ့တာတာဝန်ပြီးပြီကွ
သားအကြီးကောင်ကအစာစင်းပြီးရောပေါ့
အိမ်ကြမှနားကြစို့နော်
ပြုံးပြုံးပျော်ပျော်အိမ်ပြန်လမ်းက
မနက်ကထက်သာယာနေလို့ပါလား ။

နွားနှစ်ကောင်နွားတိုက်ထဲထည့်သွင်း
ရေမိုးချိုးသန့်စင်အပြီးမှာတော့
အိမ်ရှင်မတည်ခင်းထားတဲ့ထမင်းဝိုင်းက
သားရောသမီးပါစုံနေကြပြီ ။

သမီးအလိမ်မာတုန်းလေးကဖြင့်
ဟင်းတစ်တုံးဦးပေါင်းလာချရင်းက
အဖေ အရမ်းပင်ပန်းနေပြီးလားတဲ့
ခေါင်းလေးခါအပြုံးလေးဆင်ထွင်ပြီး
သမီးကိုမေးခွန်းပြန်ဆင်ပစ်လိုက်မိတယ်
သမီးစာတွေလိုက်နိုင်ရဲ့လားကွယ့်
အဖေကလူတစ်ယောက်ပဲလေသမီးရဲ့ လို့
အသံတိတ်လေးပဲပြန်ဖြေဖြစ်လိုက်မိတယ် ။

သားကြီးစား သမီးလေးစား
အဖေမပင်ပန်းပါဘူးကွ
လုပ်နေကြအလုပ်တွေပဲဟာ
သားတို့သမီးတို့စာကြိုးစားကြနော်
အဖေတို့လို မဖြစ်ကြစေနဲ့
ဘုရားတရားလည်းမမေ့နဲ့နော်
လူကြီးသူမတွေကိုရိုသေကြဟေ့ဆိုတော့
ဟုတ်ကဲ့ပါ ဖေဖေ တဲ့
သားသမီးအလိမ်မာလေးတွေအတွက်
ပီတိတွေအထပ်ထပ်ဖြစ်ရင်း
မိသားစုထမင်းဝိုင်းအပြီးသတ်ခဲ့ကြလို့
အဲဒီညမှာပင်ပန်းဒဏ်များနဲ့
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားတယ် ။

ဒါတွေကပင် အဖေ၏တစ်နေ့တာဖြစ်လေတော့သည်

နေဝတီ
 

ပန်းတစ်ပွင့်၏ ဒိုင်ယာရီ



~~မေမေ
ဒီနေ့ကျောင်းမှာ
သမီးကိုယ့်နာမည်ကို
ပေါင်းတတ်သွားပြီ
ဆရာမက မေမေ့နာမည်ရေးပါတဲ့
စာရွက်ဗလာကို ငေးကြည့်ရင်း
မျက်ရည်ကျလာတယ်
မေမေ့နာမည်မှ
သမီးမသိဘဲ မေမေရယ်...

~~ဖေဖေ
လမ်းထိပ်က သူငယ်ချင်းကို
သူ့အဖေက
စက်ဘီးစီးသင်ပေးနေတယ်
သမီးလေ အရမ်းစီးချင်လို့
သူငယ်ချင်းကို ပူဆာမိပါတယ်
သူကနင့်အဖေကို ဝယ်ခိုင်းပါလားတဲ့
သမီးလည်း ဘယ်ရမလည်း
ပြန်ပြောခဲ့တာပေါ့
သမီးဖေဖေက အဝေးကြီးမှာ
အလုပ်သွားလုပ်တာလို့
ပြန်လာရင် ကားကြီးပါလာမှာ
နင့်ကိုပေးမစီးဘူးလို့
ဖေဖေ လာခေါ်မယ်မှတ်လားဟင်
မြန်မြန်လာပါနော် ဖေဖေနော်...

~~မေမေ
ဒီနေ့ကျောင်းမှာ
သမီးကို လူရည်ချွန်ရွေးတယ်
ဒါပေမဲ့ အုပ်ထိန်းသူပါမှ
ခရီးထွက်ရမယ်တဲ့
သူငယ်ချင်းတွေနဲ့ထွက်သွားတဲ
ကျောင်းကားကြီးကိုကြည့်ပြီး
သမီးပြုံးလိုက်တယ်
သမီးမငိုပါဘူး မေမေရယ်
မေမေမပါဘဲလည်း သမီးမသွားချင်ပါဘူး
သမီးကို မေမေပြန်လာခေါ်တဲ့အခါကြမှ
တူတူခရီးသွားကြမယ်နော်....

~~ဖေဖေ
ဒီနေ့ဆရာမက
တိုင်းပြည်အတွက် အသက်ပေးသွားတဲ့
အာဇာနည်တွေအကြောင်း ပြောပြတယ်
စစ်သားဝတ်စုံနဲ့
ခန့်ခန့်ညားညားဖေဖေ့ကို
သမီးမြင်ယောင်ကြည့်တယ်
ဖေဖေကဘယ်လိုလူမျိုးလည်းဟင်
အို ဘာပဲဖြစ်ဖြစ် သမီးဖေဖေ့ကို
ချစ်မှာပါပဲ...

~~မေမေ
သမီးဒီနေ့
နေမကောင်းဘူး အားလျော့ပီး
နားထဲကလေတွေထွက်နေတယ်
ဆရာမကတော့သိပ်စိတ်မပူပါနဲ့တဲ့
အရင်ကရောဂါပြန်ထတာတဲ့
ခုခံအားကျဆင်းမှုရောဂါဆိုလား ဘာလား
ပြန်မကောင်းခင်အထိ
သမီးကျောင်းမတက်ရဘူးတဲ့
သမီးစာမေးပွဲတွေကျမှာကြောက်တယ်မေမေရယ်
သမီးပညာတတ်ကြီးဖြစ်မှ
မေမေနဲ့ဖေဖေတို့ကို
လိုက်ရှာနိုင်မှာလေ...

~~ဖေဖေရေ
အခုလေ သမီးနားမှာ
လူတွေအများကြီးပဲ
ဆရာဝန်မလေးတွေနဲ့သမီးဆရာမနဲ
ကျောင်းကသူငယ်ချင်းအချို့လည်းပါတယ်
သူတို့ကသမီးကိုလာကြည့်ပြီး
သမီးကို ပန်းချီပုံလှလှလေး လာပေးတယ်လေ
သမီးရယ် မေမေရယ် ဖေဖေရယ်
အတူတူ လက်တွဲထားတဲ့ပုံလေး
သမီးဝမ်းသာလွန်းလို့
မျက်ရည်တောင်ကျတယ်
ဖေဖေ မြင်ရင်အရမ်းသဘောကျမှာသိလား...

~~မေမေ
သမီးသူငယ်ချင်းက
တိုးတိုးလေးကပ်ပြောတယ်
သမီးက သေတော့မှာတဲ့
သမီးကဘာလို့သေရမှာလဲ
ငယ်ငယ်လေးရှိသေးတာ
မေမေ သူပြောတာမယုံနဲ့နော်
သမီးနေကောင်းသွားရင် မြန်မာပြည်အနှံ့
မေမေ့ကိုလိုက်ရှာမယ်နော်..

~~ဖေဖေ
ဒီနေ့ထူးဆန်းတယ်
သမီးအနားမှာ အားလုံးက
ဝမ်းနည်းတဲ့ မျက်လုံးတွေနဲ့
သမီးကိုကြည့်နေကြတယ်
ဆရာမက သမီးလက်ထဲကို
သမီးမွေးစာရင်းလာထည့်ပေးသွားတယ်
မအားတဲ့ကြားက သမီးဇာတိကိုသွားစုံစမ်းပေးခဲ့တယ်တဲ့
ကျေးဇူးတင်လိုက်တာ ဆရာမရယ်
ဟင် ခေါင်းထဲမှာ မိုက်ခနဲ
နားထဲမှာလည်း အသံတွေ ဝူးတူးဝါးတားနဲ့
အားအရမ်းပျော့လာသလိုပဲ
မဖြစ်ဘူး ဖေဖေ့နာမည်ရအောင်ဖတ်မှ
သမီးမအောင့်နိုင်တော့ဘူး
……..
…………
……………
သမီးအရမ်းမောတယ်
အသက်ရှူရတာအရမ်းခက်… တယ်
မေမေ ဖေဖေ…
သမီးနေကောင်း…သွားရင်
လာရှာမယ်နော်… နော်
စောင့်…စောင့် နေနော်
……………….
………….
…….
*Snowflake*

အခုမှရေးဖြစ်တဲ့ကဗျာလေးပါ မိဘနှစ်ဦးက စွန့်ပစ်ခံခဲ့ရတဲ့ AIDS ရောဂါသည် ကလေးမလေး တစ်ယောက်နေရာမှာ ခံစားရေးဖွဲ့ထားတဲ့ Snowflake ရဲ့ စာလေးပါ... ဖတ်ရင်းနဲ့ရင်နင့်ရတယ်..

ကျနော် ကြိုက် သော ကဗျာများ

ကျွန်တော် ကျွန်လား

 

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။

ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာ....မှာမှ သွားရှာမိတဲ့ အဖြစ်။

သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။

တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်တော ကတော့ ကျွန် ...ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲ.....ရင်...မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲ...ခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။

ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။

အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။

အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။

ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။

ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။

လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။

ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။

လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

ကောင်းကင်ကို

https://www.facebook.com/photo.php?fbid=168333463336448&set=a.131750700328058.

အားနာမိပါတယ် အဖေ



အားနာလိုက်တာ အဖေ
တေးသီချင်းတွေ အများစုကလည်း
အမေ့ မေတ္တာဘွဲ့ တေးတွေ
ကဗျာဆရာ အများစုကလည်း
အမေ့ မေတ္တာဘွဲ့ တွေရေးလို့
online ပေါ်က ပုံအများကလည်း
အမေ့ မေတ္တာကို တင်စားကြတယ်
အားနာလိုက်တာ အဖေရယ်...............။

အမေ သားကို နို့ချို တိုက်ကျွေးသလို
အဖေက ပုခုံးပေါ် ထမ်းပိုးပေးခဲ့တာ
အမေ သားကို ထမင်းကျွေးဖို့အတွက်
အဖေက ဆန်အိုးထဲ ဆန်ဖြည့်ပေးခဲ့တာ
အမေ သားကို ကျောင်းပို့ပေးခဲ့သလို
အဖေက ပညာသင်ဖို့ ငွေရှာပေးခဲ့တာ
ဒါပေမယ့်...
အဖေ့ မေတ္တာတရားကို ဖော်ကြူးကြတာ
ရှားပါးတယ်....
သနားလိုက်တာ အဖေရယ်...................။

အဖေက အရက်သမား တစ်ယောက်လား
သား သမီး အတွက်ဆို
ဘဝကို စတည်း ထားတယ်................။

အဖေက နောက် အိမ်ထောင်နဲ့လား
ဒါပေမယ့်....
သား..သမီး အတွက်ဆို အလေးထားတယ်..............။

သား... သမီး ဆိုတဲ့အတွေး
အိမ်ထောင်တစ်ခုအတွက် စီးပွားရေးနဲ့
မကောင်းမှန်း သိလျှက်နဲ့ လုပ်
ထောင်ထဲမှာလည်း ငုတ်တုပ် အဖေတွေက ဒု နဲ့ ဒေး...........။

နေပူပူမှာ ကုန်ထမ်းရင်း
လမ်းကြို လမ်းကြား ဆိုက်ကားနင်းနေရတဲ့ အဖေတွေ
ကြည့်တတ်ကြပါလေ....။
သူများနိုင်ငံမှာ ကျွန်သဘောထား
ရွယ်တူ(သို့) ငယ်သူက ခိုင်းစားခံနေရတဲ့ အဖေတွေ
မြင်တတ်ကြပါစေ......။

နေပူမရှောင် မိုးရွာမရှာင်မှာ
စီးပွားကို ရှာနေကြတဲ့ အဖေ့ရဲ့ ကျောပြင်ကို
ကတ္တရာလမ်း ခပ်မဲမဲ တွေကတောင်
ဟားတိုက်လို့ လှောင်ရီနေကြပေါ့
မိသားစု ကောင်းစားဖို့ အရေး
အဖေ့ကို လောဘတွေ ကြီးတတ်အောင်
ဘယ်သူတွေ သင်ပေးခဲ့သလဲ
တွေးတတ်ကြပါစေ
(သား..သမီးတွေပဲ အဖေ )...............။

အဖေက စေတနာနဲ့ ရိုက်တဲ့ ဒုတ်တစ်ချက်
သား ကိုယ်ပေါ်မှာ သွေးထွက်ခဲ့သလား
အမေက ပြေးဖက်ထားလည်း
အဖေက မျက်နှာလွှဲ ဘေးထွက်သွားတယ်

ဒါပေမယ့်...
ရင်ထဲမှာ အသဲခိုက်အောင်တော့ အဖေ နာခဲ့မှာပါ...............။
ဆန္ဒ အသွေးအသား အတွက်
အဖေတွေ ဖောက်ပြားသတဲ့လို့ ပြောကြရင်
ဆန္ဒ အသွေးအသားအတွက်
မိုက်မှားခဲ့တဲ့
အမေတွေကလည်း တပုံတပင်..............။

အဖေဟာ အဖေပဲ
အမေဟာ အမေပဲ
အဖေ့ နေရာ ရောက်မှ
အဖေ့ မေတ္တာကို ကိုယ်ချင်းစာတတ် ကြမှာလား....?

"တွေး" ကြပါ အဖေ့အကြောင်း
"ဆို" ကြပါ အဖေ့အကြောင်း
"ရေး" ကြပါ အဖေ့အကြောင်း
အဖေ့ အချစ်နဲ့
ငါတို့လည်း လူဖြစ်ခဲ့ကြတာပါ သူငယ်ချင်း
တစ်ဖက်သတ် ဆန်တဲ့
အမေ့ရဲ့ မေတ္တာဘွဲ့ တွေကို တွေ့နေသမျှ
အဖေ့ကို သနားတတ်ကြမယ် ဆိုရင်ပေါ့................

ညီညီ(မြန်အောင်)

------------------------------

ကျွန်တော့်အတွက်တော့ အဖေ ရော အမေ ရော အတူတူပါပဲ ...မိဘမေတ္တာလို့ ဆိုညွှန်းရာမှာ အဖေ ရော အမေ ၏ မေတ္တာကို ဆိုလိုခြင်းဖြစ်ပါတယ် ....

 https://www.facebook.com/photo.php?fbid=330413783728456&set=a.293740560729112.

" ယဉ်ပေ့တောသူ "





လေပြေငယ်သုတ်ပါလို့၊

ရွှေဘုတ်ကယ်အိုးအီ၊

အုံ့မှိုင်းငယ်ရီ၊

နေမှီအောင်တခိုလှမ်းခဲ့ရ၊

ကောက်ငန်းက သူပြန်ပုံမှာ၊

ခတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့်၊

ပန်းဝင့်လို့ ရွာကိုဝင် ၊

အမြင်ဆန်းပါဘိတယ်လေး။ ။


ညဥ့်ချမ်းရယ်နေရီ၊

ချိန်တော်မှီ ကေသီပန်းနှင့်၊

ရေခပ်လမ်းမှာ စခန်းသင့်လို့၊

ထက်ဆင့်နီရောင် ချည်စိမ်းပေါင်နှင့်၊

ယဉ်အောင်တောသူ၊

သနပ်ခါးကွက် ပါးမှာကူလို့၊

အမူကြီးကမ်းကုန်ကို၊

ဘယ်မြို့ပုံသာချင်သောရယ်လို့၊

ပြောကြမယ်လေး။ ။

(ဦးကြီး)

လွမ်းချင်း
 
Related Posts Plugin for WordPress, Blogger...