အဆိုတော် ချမ်းချမ်းနှင့် တွေ့ဆုံခြင်း
မိန်းကလေးတယောက်ရဲ့ ခံစားချက်ကို ဖော်ကျူးတဲ့ ပြင်းပြင်းရှရှ အချစ်သီချင်းတွေနဲ့ မိန်းကလေးပရိသတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ အဆိုတော် ချမ်းချမ်းက တကိုယ်တော် အယ်လ်ဘမ် သုံးခု ထွက်ရှိပြီးသူ တယောက်ပါ။ တတိယအယ်လ်ဘမ် “အိပ်မက်” တေးစီးရီး ထွက်ရှိထားပြီး ဖြစ်တဲ့ ချမ်းချမ်းကို သူ့ရဲ့ ဂီတလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။
အိမ်ထောင်ရှင်မတယောက်၊ မိခင်တယောက် ဖြစ်နေပြီ ဖြစ်တဲ့ ချမ်းချမ်းက အိမ်ထောင်တာဝန်များကို ထမ်းဆောင်ရင်း ဂီတဘက်ကိုလည်း မလျော့အောင် မျှတအောင် လုပ်ဆောင်နေတဲ့ အကြောင်း သူက ပြောပါတယ်။ သမီးကလေး မွေးပြီးမှ အရင်ကထက် အနည်းငယ်ပိုပြီး ပြည့်ဖြိုး နေတဲ့ ချမ်းချမ်းက လက်ရှိ ဂီတလှုပ်ရှားမှုတွေနဲ့ ဖျော်ဖြေရေးပွဲ တွေမှာ သူ တွေ့ကြုံရတဲ့ အခက်အခဲတွေကိုလည်း ဧရာဝတီသတင်း ထောက် ယုမွန်ကျော်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ ပါတယ်။
မေး။ ။ အိပ်မက် Audio က ထွက်တာ နည်းနည်း ကြာနေပြီနော်။ VCD ကရော ဘယ်တော့လောက် ထွက်ဖြစ်မလဲ။
ဖြေ။ ။ အဲဒါက ဖေဖော်ဝါရီ လကုန်လောက်တော့ ထွက်ဖြစ်မယ် ထင်ပါတယ်။ ဇန်န၀ါရီလ အတွင်းတော့ ထွက်ဖြစ်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က အဲဒီအခွေ အတွက် ရိုက်လိုက်၊ နယ်ဘက်တွေ သီချင်း ဆိုလိုက်၊ VCD ပြေးရိုက်လိုက်နဲ့ ဆိုတော့ မမီဘူး လေ။ အလုပ်တွေ နည်းနည်းခြားပြီးမှပဲ ထွက်ဖြစ်မယ်။
မေး။ ။ ရိုက်ကူးမှု အပိုင်းမှာ ဘယ်လို ထူးခြားတာတွေ ပါမလဲ။
ဖြေ။ ။ ရိုက်ကူးတဲ့ အခါ ဇာတ်လမ်း ပုံစံလေးတွေ များတယ်။ စုံတွဲသီချင်းတွေ လောက်ပဲ သီချင်းဆိုပြီး အလှလေးတွေ ပါမယ်။ ကျန်တာ ဇာတ်လမ်း ပုံစံလေးတွေပါပဲ။
မေး။ ။ City FM ပွဲမှာ ခင်ပွန်း ကိုဘုဏ်းသိုက်နဲ့ အတူတူတွဲပြီး သီချင်းတပုဒ် ဆိုထားတာ တွေ့ရတယ် တွေ့ရတယ်နော်။ အဲဒါကရော သူ ကိုယ်တိုင်က ၀ါသနာပါလို့လား၊ ချမ်းချမ်း တိုက်တွန်းတာလား။
ဖြေ။ ။ အဲဒါ ကိုနိုင်ဇော်တို့ ကလည်း ပြောတယ်။ နောက်ပြီး ခရီးသွားရင်းနဲ့ Gold Roast က အစ်ကိုတွေ ကလည်း သူ သီချင်း ဆိုတာကို ကြားဖူးတယ်။ ဒါနဲ့ သူဆိုတာ အဆင်ပြေတယ်၊ တူတူဆိုကြပါလား လို့ ဆိုတော့ ချမ်းချမ်း ကိုယ်တိုင် စုံတွဲ သီချင်းလေး ရေးပေးပြီး ဆိုဖြစ်သွားတာပါ။ သံစဉ်နဲ့ အလိုက်လေးကို ချမ်းချမ်းက စဉ်းစားလိုက်တယ်။ ကိုဘုဏ်းသိုက်က သူဆိုရမယ့် နေရာမှာ သူ့ စာသား ဖြည့်လိုက်တယ် ပေါ့။
မေး။ ။ အဲဒီသီချင်းလေး အကြောင်း ပြောပြပါဦး။
ဖြေ။ ။ သီချင်းနာမည်က ရုပ်ကြွင်းပါ။ အကြောင်းအရာလေး ကတော့ ပေါ့ပေါ့ပါးပါးလေး ပါပဲ။ လူနှစ် ယောက်က ဆုံဖို့ခက်တယ်ပေါ့၊ ဒီအခြေအနေကို မဖြတ်ကျော်ချင်ဘူး ပေါ့၊ သူတို့ နှစ်ယောက်က ဝေးလည်း မဝေးချင်ဘူး။ ဆုံလည်း မဆုံချင်ဘူး လေ။ ဒါပေမယ့် ဒီထက်တော့ ပိုနီးဖို့ သူတို့ နှစ်ယောက်က ဆုတောင်းတဲ့ ပုံစံမျိုး၊ သူတို့ နှစ်ယောက် ဆုံဖို့က ဟိုးအတိတ်မှာ ကျန်ခဲ့မယ့် ရုပ်ကြွင်းတခုလိုပဲ ဆိုပြီး ရေးထားတာပါ။
မေး။ ။ နောက်ပိုင်းရော နှစ်ယောက်တွဲ အခွေတွေ လုပ်ဖြစ်ဖို့ ရှိမလား။
ဖြေ။ ။ အဲဒါကတော့ ချမ်းချမ်းတို့ လုပ်ဖြစ်ပြီး ထွက်တော့မယ် ဆိုတော့မှ အသိပေးချင် ပါတယ်။ လော လောဆယ် တော့ သူ့ ၀ါသနာ ပါတာလေးတွေ လုပ်နေပါစေဦး။
မေး။ ။ အခုတလော ချမ်းချမ်း ဂီတနဲ့ ပတ်သက်ပြီး လှုပ်ရှားမှု နည်းနေသလားလို့။
ဖြေ။ ။ အဲဒါက ဒီလိုပါ။ ချမ်းချမ်းက ပွဲတွေမှာ သီချင်းလိုက်ဆို ဖြစ်တာ များနေလို့ ပါ။ နောက် အတွဲ ခွေတွေလည်း ချမ်းချမ်း ဆိုထားပါတယ်။ သင်္ကြန်ခွေ ရှိမယ်၊ ကိုစည်သူလွင် အခွေရှိမယ်။ ကိုနီတာ အခွေထဲမှာလည်း ဆိုထားတယ်။ အခွေတွေက မထွက်သေးတာ များလို့လေ။ ချမ်းချမ်းက လုပ်ထားပေးတာ များတယ်။ ဒါပေမယ့် သူတို့က မထွက်သေးတော့ အဲလို ဖြစ်နေတာပါ။
မေး။ ။ အိမ်ထောင်ရှင်မ တယောက်လည်း ဖြစ်နေပြီ ဆိုတော့ အိမ်ထောင်မှု တာဝန်တွေကိုလည်း မလစ်ဟင်းအောင် ဘယ်လို ထိန်းသိမ်းဖြစ်လဲ။
ဖြေ။ ။ ပြောရရင် ချမ်းချမ်းရဲ့ အမျိုးသား ကိုဘုဏ်းသိုက်က အရမ်း နားလည်ပေးပါတယ်။ ချမ်းချမ်းက အိမ်မှာ ထမင်းချက်၊ ဟင်းချက်နဲ့ ထိုင်နေရတဲ့ မိန်းမ အမျိုးအစားထဲမှာတော့ မပါဘူးပေါ့။ သူကိုယ်တိုင်က မိန်းမတယောက်က လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို လုပ်တာ အားပေးတယ်။ ချုပ်နှောင်ထားတဲ့ အမျိုးအစားထဲမှာ မပါဘူး။ အသိပညာမဲ့ နေတာမျိုးလည်း သူက မကြိုက်ဘူး။ လုပ်စရာ ရှိတာကို လုပ်၊ အိမ်ထောင်ရေးလည်း ခိုင်မြဲအောင် ဂရုစိုက်သင့်တာကို စိုက်ပေါ့။ သူ့ဘက်ကလည်း တအား ဖိအားပေးတာမျိုး မရှိဘူး။ ဒါကြောင့် ချမ်းချမ်း အိမ်ထောင်ရေးက နားလည်မှုနဲ့ အဆင်ပြေပါတယ် လို့။
မေး။ ။ သမီးအတွက် အချိန်ပေးတဲ့ အပိုင်းကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ချမ်းချမ်း ခရီးအဝေးကြီး သွားပြီး သီချင်းဆိုရမယ် ဆိုရင်တော့ လက်မခံဖြစ်ဘူး ပေါ့။ သမီးလေး မွေးပြီး နောက်ပိုင်း နေ့ချင်းပြန် ခရီးတွေလောက်ပဲ လက်ခံဖြစ်တယ်။ သိပ်ဝေးရင် လေယာဉ် မရှိဘူးဆိုရင် လက်မခံဖြစ်ဘူး။ လေယာဉ် မရှိရင် သွားရ လာရ သိပ်ကို ခက်ခဲတယ်လေ။ တခုခု အရေးပေါ် ဖြစ်လာရင် သွားရလာရ ပြန်ရ ခက်တဲ့ နေရာတွေဆိုရင် သိပ်လက်မခံဖြစ်ဘူးလေ။ အခုက သမီးလေးက လမ်းလည်း လျှောက်နေပြီ၊ တနှစ်လည်း ရှိလာပြီ ဆိုတော့ နည်းနည်းလွှတ်လို့ ရတဲ့ အရွယ်တော့ ရောက်လာပြီလေ။ သူက သူ့အဘွားတွေ၊ အဒေါ်တွေနဲ့ အဖေနားပဲ ကပ်နေတာလေ။ ချမ်းချမ်းနားတောင် သိပ်မကပ်ဘူး။
မေး။ ။ သမီးရဲ့ ပုံစံ အပြုအမူကရော ဘယ်သူနဲ့ ပိုတူတယ် ထင်လဲ။
ဖြေ။ ။ သမီးက သူ့အဖေနဲ့ ပိုတူတယ်။ တခုခု ဆိုရင် ချွဲချင်လို့ ရှိရင် ပိုသိသာတယ်။ အမူအရာ၊ နေပုံထိုင်ပုံ လေးတွေက အစ သူ့အဖေနဲ့ တော်တော်တူတယ်။ သမီးလေး မျက်နှာကလည်း သူ့အဖေနဲ့ တူတော့ တခါ တလေ သူ့အဖေ ပြောနေတဲ့ အတိုင်းပဲ ခံစားရတယ်။
မေး။ ။ သူ့ အဖေနဲ့ တူတယ်ဆိုတော့ ချမ်းချမ်းလို ဂီတဘက်ကိုရော ၀ါသနာပါတာ မတွေ့ရဘူးလား။
ဖြေ။ ။ အဲဒါလည်း ရှိတယ်။ TV က ကုလားသီချင်း အက လာပြီ ဆိုရင် သူက အောက်မှာ ကွေးနေအောင် ကတာလေ။ ချမ်းချမ်းတောင် သူလို မကတတ်ဘူး။ သီချင်းသံ ကြားရင်လည်း သူ့အသံလေးနဲ့ ရားရား ရားရား ဆိုပြီး လိုက်လိုက် ဆိုတတ်တယ်။
မေး။ ။ ချမ်းချမ်းရော ကိုဘုဏ်းသိုက်ရော အလုပ်တွေ မရှိတဲ့နေ့ ဆိုရင် ကိုယ့်ရဲ့ တနေ့တာက ဘယ်လို ရှိလဲ။
ဖြေ။ ။ အလုပ် မရှိရင်တော့ ခရီးသွားကြတယ် ပေါ့။ အခုလည်း ၂၃၊ ၂၄ ရက်မှာ ချမ်းချမ်း VCD ရိုက်ရင်း အမျိုးတွေ စုပြီး အပန်းပြေခရီးလည်း ထွက်မှာ လေ။
မေး။ ။ အခုချိန်မှာ ၁၅၀၀ အချစ်နဲ့ ၅၂၈ အချစ် ဒီ နှစ်ခုကို ယှဉ်ပြောပြပါ ဆိုရင် ချမ်းချမ်း ဘယ်လိုပြော ချင်လဲ။
ဖြေ။ ။ ချမ်းချမ်းကတော့ မျှပါတယ်။ မျှပါတယ် ဆိုတာက ဒီလိုပါ ၅၂၈ အချစ်ရော ၁၅၀၀ အချစ်ကိုရော ဒီ လူတယောက်တည်း မှာပဲ ထားထားတာ လေ။ သူက အစ်မရဲ့ အမေ အဖေလိုလည်း ဖြစ်တယ်။ အစ်ကို တယောက် ဆိုရင်လည်း မမှားဘူးလေ။ အရာရာကို အဘက်ဘက်က အကြံပေးနိုင်တဲ့သူ တယောက် ဖြစ်တဲ့ အတွက် ချမ်းချမ်း ကံကောင်းတာပေါ့ နော်။ မိဘတွေကလည်း သူနဲ့ဆိုရင် သဘောလည်း တူတယ်။ သူရဲ့ စကားကိုလည်း နားထောင်ခိုင်း တယ်။ ကိုယ့်ထက် အသက်ကြီးတဲ့သူ ပြောတဲ့ စကားက ကိုယ့်ထက်တော့ တွေးတာ ပြောတာ အဓိပ္ပာယ် ပိုရှိမှာပဲလေ။
မေး။ ။ ချမ်းချမ်းက တခြားသူတွေနဲ့ Lady Show တွေ ဆိုဖြစ်နေပေမယ့် တကိုယ်တော် One Lady Show မလုပ်ဖြစ်သေးဘူးနော်။
ဖြေ။ ။ ချမ်းချမ်း အစီအစဉ် မရှိသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ One Lady Show လုပ်ဖို့ အချိန်တချိန် ရှိတယ်။ ဟိုလူလုပ်လို့ ဒီလူလုပ်လို့ ဆိုပြီး ထလုပ်ဖို့တော့ မရှိပါဘူး။ အစစ အကုန် အဆင်သင့် ဖြစ်တဲ့ အချိန်ကျမှ ချမ်းချမ်း One Lady Show လုပ်ဖြစ်မှာပါ။
မေး။ ။ ချမ်းချမ်း ဆိုရင် မယ်လိုဒီဝါးလ်ဒ်ကနေ တဆင့် အောင်မြင်တဲ့ အဆိုရှင်တယောက် ဖြစ်လာခဲ့တယ်။ နောက်ပိုင်း ဒီလို ပရိတ်သိတ် စိတ်ဝင်စားကြတဲ့ ဂီတပြိုင်ပွဲတွေ အများကြီး ရှိလာပေမယ့် ပရိတ်သတ်ရှေ့မှာ ရေရှည် ရပ်တည်လာနိုင်တဲ့ သူကတော့ ရှားလာတယ်။ အဲဒီအပေါ် ချမ်းချမ်းအမြင်ကို သိချင်ပါတယ်။
ဖြေ။ ။ အဓိကက အရည်အချင်းပေါ့ နော်။ ချမ်းချမ်းက ကိုယ့်အလုပ်ပေါ်မှာ တစိုက်မတ်မတ် လုပ်တယ်။ နောက်ပြီး အလုပ်အပေါ်မှာ စေတနာထားဖို့ ကလည်း အရမ်း အရေးကြီးပါတယ်။ တော်တော်များများက အလုပ်လုပ်ပြီ ဆိုရင် ပိုက်ဆံရရင် ပြီးရောက များတယ်။ ချမ်းချမ်း မနေ့ကပွဲ ဆိုရင် တော်တော်လေး အတွေ့အကြုံ ရတယ်။ ဒီလောက် သီချင်းဆိုလာတာ ငါးနှစ်၊ ခြောက်နှစ် ရှိတာတောင် ဖြစ်လိုက်သေးတယ်။
အဲဒါက နိုင်ငံခြားကုမ္ပဏီတခုက လုပ်တဲ့ ပွဲတခုပေါ့။ ဆီဒိုးနားဟိုတယ်မှာ လုပ်တာ။ သူက ဧည့်သည်တွေ ဖိတ်မယ်၊ ပွဲလှအောင် လုပ်မယ်။ တခြားကို မကြည့်တော့ဘူး။ Sound System ဘက်ကိုလည်း လှည့် မကြည့်တော့ဘူး။ စက်ပိုင်း ကိုလည်း နည်းနည်းဂရုစိုက်ဖို့ ပြောချင်တယ်။ ချမ်းချမ်းတို့က အဆိုတော်ဖြစ်လို့ ပြောတာတော့ မဟုတ်ဘူး။ ပွဲ ဖြစ်မြောက်ဖို့ အဆိုတော်ဆိုတာကလည်း တစိတ်တဒေသ ပါဝင်တာပဲလေ။ ပွဲမှာဆိုတာ CD နဲ့ သီချင်းဆိုမယ့် သူရှိတယ်။ CD နဲ့ Show လျှောက်မယ့် သူ ရှိတယ်။ မော်ဒယ်လ်တွေ၊ အဆိုတော်တွေကိုလည်း နည်းနည်းတော့ ဂရုစိုက်သင့်တယ်။
စက်ပိုင်းဆိုင်ရာရော Lighting ပိုင်းတွေက အစပေါ့။ ခမ်းနားမှုကတော့ ရှိပါတယ်။ ဧည့်သည်တွေကတော့ စုံပါရဲ့၊ သူတို့ရဲ့ အာရုံစိုက်မှုက ဒီအနုပညာရှင် အဆိုတော်ပေါ်မှာ မရှိဘဲနဲ့ တခြားနေရာတွေ ရောက်နေတော့ ဆိုခါနီး ပလပ်တွေ ပြုတ်နေတာ၊ စက်တွေက မဆင်ရသေးတာ ဒါမျိုးတွေကတော့ မဖြစ်သင့်ဘူးလေ။ ပွဲအကြီးကြီးလုပ်တဲ့အခါ ကိုယ့်ရဲ့ ခမ်းနားမှုကို တင်ဆက်တဲ့ အခါ ချမ်းချမ်းတို့ အဆိုတော်တွေ၊ ပါဝင်ပြီး ကတဲ့သူ တွေက အရမ်း အရေးကြီးတယ် လေ။ အဲဒါကို အလေးမထားဘူး ဆိုတာတော့ ဒါက တော်တော်လေး စနစ်မကျတာလို့ ချမ်းချမ်းထင်တယ်။
မေး။ ။ ဒါဆို ပွဲသေးတာ ကြီးတာထက် ချမ်းချမ်း ပွဲလာငှားရင် ဘယ်လိုအပိုင်းကို အဓိက ဦးစားပေးပြီး လက်ခံဖြစ်လဲ။
ဖြေ။ ။ ပွဲလာငှားရင် Show ပွဲ မဟုတ်ရင်တောင် မင်္ဂလာဆောင်က အစ ကိုယ့်ကို လာအားပေးတဲ့ ပရိသတ် တချို့လည်း ပါတာပဲလေ။ ဖျော်ဖြေနေတဲ့ အချိန်မှာလည်း ငါပိုက်ဆံမရလို့ ပြီးစလွယ် ဆိုလိုက်မယ်ဟယ် ဆိုပြီးလည်း တခါမှ မဆိုခဲ့ဘူး။ လာအားပေးတဲ့ ပရိသတ် တန်အောင်လို့ စိတ်ထဲမှာ ကျေနပ်အောင်လို့ အမြဲ ဖျော်ဖြေပေးတယ်။ အဲဒါလေး တခုကိုတော့ ချမ်းချမ်း ကိုယ့်ကိုယ်ကိုယ် သဘောကျတယ်။ ဘယ်တော့မှ လျှော့ပြီးဆိုလိုက်တာမျိုး မရှိခဲ့ဘူး။
မေး။ ။ နောက်ပိုင်း ပွဲတွေရော ဘယ်လို စိစစ်ဖြစ်မလဲ။
ဖြေ။ ။ အခုဆိုရင် အတွေ့အကြုံ တွေကလည်း ရလာပြီပေါ့ နော်။ တချို့ အတွေ့အကြုံ့တွေက ကိုယ့် ဂီတလောက မှာ ခြောက်နှစ်လုံးလုံး မတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေမှ အများကြီးပဲလေ။ အားနည်း ချက်တွေ လည်း တွေ့ရတယ်။ ကိုယ့်ဘက်က အားနည်းချက်တွေ ရှိလို့ ဖြစ်ခဲ့တာတွေလည်း အများကြီးရှိပါတယ်။ CD ထစ်လို့ ဖြစ်ခဲ့တာတွေလည်း ရှိတယ်လေ။ CD ထစ်ရင် ကိုယ်ခံလိုက်မယ်။
အခုဟာက ပွဲကြီးတပွဲလုံးကို စီစဉ်တဲ့အခါ ဒါမျိုးဖြစ်တာတော့ သိပ်ပြီး မသင့်တော်ဘူး ပေါ့။ နောက်ပြီး ဒါက နိုင်ငံခြားသားတွေ ဦးဆောင်တဲ့ပွဲလေ ။ ပိုတောင် တိကျရမယ်လေ။ ဒါလေးတွေ ကတော့ နမူနာယူစရာလေး တွေပေါ့။ စိတ်လှုပ်ရှားနေမှာ ကိုလည်း ချမ်းချမ်း သိပါတယ်။ ဒါပေမယ့် စက်ပိုင်းဆိုင်ရာ ကိုလည်း အလေး ပေးသင့်တယ် လို့လည်း ထင်တယ်။ ဒါက ချမ်းချမ်းတို့ အဆိုတော်တွေ အနေနဲ့ နောက်ဖြစ်လာမယ့် အခက်အခဲတွေကို ကြိုပြောပြတာပါ။ တော်တော်များများက အဲဒီအပိုင်းကို ဂရုမစိုက်ကြတာ များလို့လေ။
မေး။ ။ စောစောက မေးခွန်းကို ပြန်ကောက်ရမယ် ဆိုရင် အဆိုရှင်အသစ်တွေ ဂီတလမ်းမှာ ရေရှည် လျှောက်လှမ်းနိုင်ဖို့ ချမ်းချမ်း ကိုယ်တွေ့တခုခုနဲ့ ယှဉ်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ တော်တော်များများက ပါဖောမန့် ပါဖောမန့် ဆိုပြီး ပြောနေကြတယ် ပေါ့။ ဒါပေမယ့် Show ပွဲ တခုမှာ သရုပ်ဖော်မယ့် Dancer တွေ ပါမယ်၊ တခြား ပါဖော်မာတွေလည်း ရှိနိုင်တယ်။ ပါဖောမန့်က အရေးကြီးတယ် ဆိုပေမယ့် အဲဒီ ပါဖောမန့်ကို ပုံဖော်မယ့် ပါဖော်မာတွေ ရှိတယ်။ Dancer တွေရှိတယ်။ ကိုယ် ဆိုမယ့် သီချင်းမှာ ဆိုနေရင်း အဓိက Mood ပေါ်ရင်ရပြီ လေ။
ဆိုတဲ့သူရဲ့ Vocal ၊ ဒါတွေကို နားထောင်မယ့် သူက ပိုကြိုက်တယ်။ Live လာနားထောင်တာ ဒါပဲလေ။ ပါဖောမန့်ကို ကြည့်ချင်မှတော့ VCD ထိုးကြည့်တော့မှာပေါ့။ ချမ်းချမ်းပြောချင်တာကတော့ အဓိက သူ Live မှာ ဘယ်လို သီဆို ဖျော်ဖြေနိုင်လဲ၊ ဘယ်လို ဆိုနိုင်သလဲ ဆိုတာကိုပဲ ကြည့်ချင်တာပါ။ သိပ်ပြီး Professional ဖြစ်သွားလို့ ပါဖောမန့် လုပ်တာက ကိစ္စ မရှိဘူး။ ကိုယ်အဆိုတော် ဖြစ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာတော့ အဲဒီ ပါဖောမန့်က အဓိက မကျဘူး။ အသံပိုင်းက အဓိကကျတယ် လို့ ချမ်းချမ်းထင်ပါတယ်။ ဒါပေမယ့် ကလေးတွေက အယူအဆ မှားနေတာလေးတွေ တွေ့နေရတယ်ပေါ့။
မေး။ ။ ချမ်းချမ်းအနေနဲ့ ဆိုရင်ရော အဲဒီ ပါဖောမန့်ကို ဘယ်နှစ်ရာခိုင်နှုန်းလောက် အားထားသလဲ။
ဖြေ။ ။ အဲဒါက ကိုယ်ဆိုမယ့် စတိတ်ပေါ်မှာလည်း မူတည်တယ်။ စတိတ်ပေါ်မှာ ဘာမှ မပြင်ဆင်ထားဘဲ ကိုယ်က ပါဖောမန့်ကြီးပဲ လုပ်နေမယ် ဆိုရင် ဒါက ရပ်ကွက်ပွဲ ဆန်နေမှာပဲ လေ။ စတိတ်က သေချာ ကရိန်းတွေ၊ ထရော်လီတွေ၊ မီးခိုးငွေ့တွေနဲ့ သေချာလုပ်ထားရင်တော့ ပွဲက ပိုမြိုင်တာပေါ့။ အဲဒါတွေက ကိုယ်ဖန်တီးမယ့် ပါဖောမန့်ကို ပိုပြီး အထောက်အကူ လုပ်ပေးတာပေါ့။
ချမ်းချမ်းအတွက်က ပါဖောမန့်က ၃၀၊ ၄၀ ရာခိုင်နှုန်းလောက်ပဲ အရေးကြီးတယ်။ ကိုယ်ဆိုမယ့် သီချင်းမှာ Key ကြောင်သွားမယ်၊ ယိုင်သွားမယ် ဆိုရင် သူ့ဘာသာ ဘယ်လောက်ပဲ ပါဖောမန့်တွေ လုပ်နေပါစေ ဒါတွေက ဟာသဖြစ် နေမှာပဲ။
မေး။ ။ ချမ်းချမ်းရဲ့ မိသားစုဘဝလေး အကြောင်းလည်း သိချင်ပါတယ်။
ဖြေ။ ။ ချမ်းချမ်းရဲ့ အဓိကက သမီးလေးပဲပေါ့။ သမီးလေးက ချမ်းချမ်းတို့ အနာဂတ် Plan ပါပဲ။သမီးလေးက တကယ့်ကို မိန်းမကောင်းလေး ဖြစ်ရမယ်၊ သူ့ဘ၀မှာ တကယ့်ကို ထူးချွန်တဲ့ မိန်းမကောင်းလေးပဲ ဖြစ်ရမယ်။ အနုပညာ အလုပ်လုပ်မှ မဟုတ်ဘူး။ ရိုးရိုးအပြင်မှာလည်း ထူးချွန်တဲ့ စီးပွားရေး လုပ်ငန်းရှင် သော်လည်းကောင်း၊ ပညာရှင် သော်လည်းကောင်း ဖြစ်အောင် ချမ်းချမ်းက လုပ်ပေးမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက အရမ်းထက်တယ် လေ။
သမီးက လေး၊ ငါး၊ ခြောက်လလောက် ကတည်းက နာမည်တွေကို စခေါ်နေတတ်ပြီ။ အဲလိုမျိုး အခါကျတော့ ချမ်းချမ်းက သူ့ကို အရမ်းဖြစ်စေချင်တယ်။ နောက်ပြီး သူကိုကြည့်ရတာ ကလေးဖြစ်ပေမယ့် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးလေး နေတတ်တာကို တွေ့ရတယ်။ ဒါကြောင့် သူအပေါ် ချမ်းချမ်းထားတဲ့ ယုံကြည်မှုရော၊ ဖြစ်စေချင်တဲ့ စိတ်ရော ပေါင်းပြီး အဲလိုဖြစ်စေချင်တယ်။ ဒါပေမယ့် သူကို ကြည့်ရတာတော့ အနုပညာပိုင်းကို ၀ါသနာပါတဲ့ပုံပဲ။
မေး။ ။ ၂၀၁၅ ခုနှစ် အတွင်းမှာ ချမ်းချမ်းဘာတွေ လုပ်ဖို့ ရှိတယ် ဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ ၂၀၁၅ ခုနှစ် အတွင်းမှာ ချမ်းချမ်း Oversea တွေသွားပြီး သီချင်းဆိုဖို့ ရှိတယ်။ ချမ်းချမ်းရဲ့ အိပ်မက် VCD ထွက်ဖို့ရှိမယ်။ နောက် လေးခွေမြောက် အင်္ဂလိပ် သီချင်းတွေပါတဲ့ အခွေ ထွက်ဖို့လည်း ပြင်ဆင်နေပြီ။
မေး။ ။ ချမ်းချမ်း အခု တော်တော် ၀နေတယ်နော်။ အရင်က ခပ်ပိန်ပိန်နဲ့ပဲ မြင်နေကျ ဆိုတော့ ချမ်းချမ်း ၀နေတာ မြင်ရတာ ကြည့်ရတာ တမျိုးဖြစ်နေသလားပဲ။
ဖြေ။ ။ အဲဒါက ဘယ်လိုပြောရမလဲ၊ ချမ်းချမ်းက အိမ်ထောင်လည်း ကျနေပြီ။ မိသားစု အဆင်ပြေအောင်လည်း အကောင်းဆုံး လုပ်နေတယ်။ မိသားစုက စိတ်ချမ်းသာတော့ ချမ်းချမ်းလည်း စိတ်ချမ်းသာတယ်။ နောက်ပြီး ကလေး ကလည်း တဖက်ရှိတော့ ကိုယ့်ကိုယ်ကို အာဟာရ မပြတ်အောင်လည်း စားရသောက်ရတယ် လေ။ ဒါကြောင့် ၀ိတ်ကတော့ နည်းနည်းတက်နေတယ်။ ။
http://burma.irrawaddy.org/interview/2015/01/29/70503.html
စာအမျိုးအစား
အနုပညာ
No comments:
Post a Comment