ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အလွမ်း
လောကကြီးမှာ အသက် ၁၀၀ မနေရ အမှု ၁၀၀ ပွေရတတ်တယ်ဆိုတဲ့ စကားရှိတယ်။
ဗိုလ်ချုပ်အောင်ဆန်း လည်း အသက် ၁၀၀ မနေခဲ့ရပေမဲ့ အမှုတွေကတော့ ၁၀၀ မက
ဖြေရှင်းသွားရပါတယ်။ သူကွယ်လွန်တော့ ၃၂ နှစ်လောက်ပဲ ရှိဦးမယ်။ သူ့ဘဝ
ထက်ဝက်လောက်ကို နိုင်ငံရေးမှာပဲ မြှုပ်နှံပြီးတော့ တိုင်းပြည်အကျိုးပဲ
ကြည့် သွားတဲ့သူ။
လူထုဦးလှ ရေးဖူးတာရှိတယ်။ သူ
ဆန်းကဖီးမှာ ထမင်းစားနေတုန်း ကိုအောင်ဆန်းဝင်လာတယ်။ သူက ကိုအောင်ဆန်းကို
လာဗျာ ဒီမှာထိုင် ကြိုက်တာမှာစားလို့ ပြောသတဲ့။ ကိုအောင်ဆန်းက
ထမင်းမှာစားပြီးတော့ "ခင်ဗျား ထမင်းကျွေးတာကျေးဇူးတင်စရာ မလိုဘူးနော်။
ကျွေးဖို့က ခင်ဗျား ဝတ္တရား။ ကျွန်တော်က နိုင်ငံရေး လုပ်နေတာ။
တိုင်းပြည်အတွက် တာဝန်ထမ်းနေတာ" လို့ ဘုကျကျ ပြန်ပြောသတဲ့။
ကိုယ့်နိုင်ငံမှသာ မဟုတ်ပါဘူး။ ဗီယက်နမ် နိုင်ငံမှာလည်း သူတို့အမျိုးသားခေါင်းဆောင်
ဟိုချီမင်းက ဗိုလ်ချုပ်လို လူစား။ သမ္မတဖြစ်တော့ အိမ်တော်မှာနေဖို့
ပြောတော့ လူပျိုကြီးက ငါ့ပြည်သူတွေက ဆင်းရဲ ဒီအိမ်တော်ကြီးမှာ
မနေနိုင်ပါဘူးဆိုပြီး သမ္မတ အိမ်တော်ရဲ့ အနောက်မှာ
တဲသာသာအိမ်လေးဆောက်ခိုင်းပြီး သွားနေသတဲ့။ တိုင်းပြည်လွတ်လပ်ရေးရတော့ အထိမ်းအမှတ်နေ့မှာ သမ္မတကြီး မိန့်ခွန်းထွက်ပြောပါဆိုတော့
ဝတ်စရာ အင်္ကျီမရှိဘူး။ တစ်သက်လုံး အင်္ကျီစုတ်လေးနဲ့နေခဲ့ပြီး ရိုးသားစွာနေ၊
ရိုးသားစွာ သေသွားတဲ့ သမ္မတကြီးတစ် ယောက်ကို သူတို့တိုင်းပြည်က ယနေ့တိုင်
အမျိုးသားခေါင်းဆောင်ကြီး ဦးလေးဟိုဆိုပြီး ရင်ထဲနှလုံးထဲ ထည့် ထားကြတာ။
သူတို့ နိုင်ငံတော်အခမ်းအနားတွေ၊ အားကစားပွဲတွေဆိုရင်
ဗီယက်နမ်ကိုယ်စားပြုတဲ့ ပုံတွေက လက်ရှိခေါင်းဆောင်ပုံတွေ မဟုတ်ဘူး။
ဟိုချီမင်းပုံပဲကိုင်ကြတာများတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်အတွက် စွန့်ပြီး ဘာတစ်မှ မခံစားသွားကြလို့။
ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းလည်း အင်္ဂလန်ကို
လွတ်လပ်ရေးသွားတောင်းတော့ အိန္ဒိယနိုင်ငံ ခေတ္တ ဝင်ပြီးခေါင်းဆောင်ကြီး
နေရူးနဲ့တွေ့တယ်။ စစ်ဝတ်စုံအစုတ်နဲ့ ဗိုလ်ချုပ်ကိုတွေ့တော့ အံ့သြသွားပြီး
ခင်ဗျား ဒီပုံနဲ့ အင်္ဂလန်သွားရင် အေးခဲပြီးသေသွားလိမ့်မယ်ဆိုကာ အမြင်မတော်လို့ စစ်သက္ကလပ်ဝတ်စုံကြီးတစ်စုံကို
ချက်ချင်း အပ်ချုပ်သမားတွေခေါ် ကိုယ်တိုင်းပြီး ချုပ်ပေးလိုက်တယ်။
ဗိုလ်ချုပ် အင်္ဂလန်မှာ သားသားနားနားနဲ့ ဖြစ်နေတဲ့ ဝတ်စုံက
နေရူးချုပ်ပေးလိုက်တဲ့ဝတ်စုံ။ တို့ဗိုလ်ချုပ်လည်း အဲဒီလို စွန့်လွှတ်အနစ်နာခံကာ အသေ ဆိုးနဲ့ သေသွားရရှာသူ။
ညက ပြည်ထောင်စုနေ့အခမ်းအနားမှာ
ကျွန်တော်တို့နိုင်ငံ သမ္မတကြီးက ချိတ်ထမီကြီးဝတ်ပြီး ခမ်းနား ထည်ဝါသော
ကားကြီးကို စီးလာကာ၊ သူ့ကဲ့သို့ ချိတ်ထမီများ ဝတ်ထားသော
နိုင်ငံခေါင်းဆောင်ကြီးများကို လည်းကောင်း၊ သူ့ကို ခယရိုကျိုးသူများကိုလည်းကောင်း လက်ဆွဲနှုတ်ဆက်သွားတာ မြင်လိုက်ရပါတယ်။
ပဲပြုတ်နဲ့ နံပြားလောက်စားဖို့ သူ့မိန်းမဆီကို စာပြန်ရေးတဲ့
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သမ္မတကြီးလက်မှာ ဝတ်ထားတဲ့
လက်စွတ်တစ်ကွင်းလောက်တောင် မချမ်းသာသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယှဉ်လိုက်တိုင်း ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းပြည်ကချစ်နေကြရတာလဲဆိုတာ ပြောစရာတောင် လိုမယ် မထင် ပါဘူး။ ဒီအချိန်မှာ အိမ်ဘေးက
"စီးပွားရေးပိတ်ဆို့တာ ဒို့လက်မခံ၊ သယံဇာတတွေ ပေါတဲ့နိုင်ငံ" ဆိုပြီး
လူတစ်ယောက်က သီချင်းကောက်ဆို လိုက်သံကြားရတယ်။ ဘာရည်ရွယ်ချက်နဲ့ အဲဒီလူ
ဆိုလိုက်တယ်တော့ မသိဘူး။ စီးပွားရေးပိတ်ဆို့ခံရချိန်က
သယံဇာတတွေ ပေါကြွယ်ဝတဲ့နိုင်ငံမှာ ဘယ်သူတွေ ချမ်းသာသွားပြီး၊ ဘယ်သူတွေ
ဆင်းရဲသွားသလဲဆိုတာ အားလုံးသိကြပြီးသားပဲ။ စီးပွားရေးပိတ်ဆို့လိုက်လို့ မမှုတဲ့သူတွေပဲ ကြီးပွားချမ်းသာသွားကြတာကိုတော့
မုဒိတာ ပွားမနေနိုင်ပါဘူး။ ဒီအချိန်မှာ ပဲပြုတ်နဲ့ နံပြားလောက်ကိုပဲ
တမ်းတတတ်တဲ့ ဗိုလ်ချုပ်ကိုတော့ အားမလို အားမရ ဖြစ်မိတာအမှန်။
Maukkha
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12
No comments:
Post a Comment