စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့ရိုးရာ လယ်ထွန်မင်္ဂလာ



နယုန်လ မုတ်သုံမိုးဝင်လာသည်နှင့် တစ်ပြိုင်နက် မြန်မာ တိုင်းရင်းသား
တောင်သူလယ်သမားတို့ စိုက်ပျိုး ရေးလုပ်ငန်းခွင်ဝင်ပြီး ထွန်ယက် စိုက်ပျိုးကြရပါသည်။ စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏အဓိက စီးပွားရေး
ဖြစ်သည့်အပြင် ဘာသာရေး၊ ယဉ်ကျေးမှုနှင့်သမိုင်းအရ လည်း အလွန်အစဉ်အလာ ကြီးမားသောအလုပ်ဖြစ် သည်။

မိရိုးဖလာယုံကြည်ကိုးကွယ်မှုများမှာလည်း စိုက်ပျိုး ရေးကို အခြေခံ ကာ ပေါ်ထွန်းလာခြင်းနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိ ပျံ့နှံ့ထွန်းကားလာသော ဟိန္ဒူဗြဟ္မဏနှင့်ဗုဒ္ဓဘာသာတို့မှာလည်း စိုက်ပျိုးရေးကို အဓိကပြုကြသော ကြောင့် ယင်းကိုးကွယ်ယုံကြည်မှုအားလုံးသည် စိုက်ပျိုး ရေးဆိုင်ရာဓလေ့၊ ထုံးစံ၊ အခမ်းအနား၊ ပွဲလမ်းသဘင်များ ကို ပေါ်ထွန်းလာစေသည်။

မြန်မာမင်းတို့သည် စိုက်ပျိုးရေးကို အဓိကစီးပွားရေး လုပ်ငန်းဟု သတ်မှတ်ထားခြင်းကြောင့် နန်းတက်လာသည် နှင့် ဆည်၊ မြောင်း၊ ကန်၊ ချောင်းများကိုပြုပြင်ထိန်းသိမ်း ခြင်း၊ အသစ်များတည်ဆောက်ခြင်း၊ စိုက်ပျိုးလယ်ယာမြေ ကိုင်းကျွန်းတို့ကို ထုတ်ဖော်တိုးချဲ့ပေးခြင်း၊ စိုက်ပျိုးရေး လုပ်သားများဖြစ်သော မြေကျွန်များ၊ ကျွဲ၊ နွားများလှူခြင်း ပြုလုပ်ခဲ့ကြသည်။
မြန်မာမင်းတို့သည် အာဒိစ္စဝံ့သမျိုးမှ ဆင်းသက်လာ သည်ဟု ယုံကြည်ကြ သည်နှင့်အညီ မင်းကောင်းမင်းမြတ် တို့၏ အစဉ်အလာအရ တိုင်းသူပြည်သားတို့၏ စီးပွား ချမ်းသာဖြစ်ထွန်းစေခြင်းအကျိုးငှာ ဘုရင်မင်းမြတ်တို့ ကိုယ်တော်တိုင် မင်းပရိသတ်ခြံရံကာ သတ်မှတ်ထားသော လယ်တော်သို့အခမ်းအနားနှင့်ထွက်တော်မူပြီး လယ်ထွန် မင်္ဂလာကိုဆင်ယင် ကျင်းပလေ့ရှိသည်။ ယင်းသို့ဘုရင် ကိုယ်တိုင်ကျင်းပလိုက်ခြင်းဖြင့် နိုင်ငံတော် တွင် မိုးလေဝသကောင်းပြီး ဆန်ရေစပါး ပေါကြွယ်ဝ၍ ရဟန်းရှင်လူပြည်သူအားလုံး ကိုယ်စိတ် နှစ်ဖြာချမ်းသာကြ သည်ဟု ယုံကြည်သည်။

ကပ်ဦးအစ၊ မဟာသမ္မတမင်းမှစ၍ လယ်ထွန် မင်္ဂလာကျင်းပသည့်အတိုင်း ဘုရားလောင်းသိဒ္ဓတ္ထ မင်းသား၏ ခမည်းတော်သုဒ္ဓေါဓနမင်းကြီးကလည်း ကျင်းပခဲ့သည်။ သားတော်သိဒ္ဓတ္ထမင်းသား တစ်လသား အရွယ်ရောက်သော နယုန်လပြည့်နေ့တွင် လယ်ထွန် မင်္ဂလာကျင်းပရန် နေပြည်တော်ကို ခမ်းနားစွာ ဆင်ယင်စေ သည်။

ထွန်တုံးတစ်ထောင်ကို ပြင်ဆင်စေသည်။ နွားနို့ ရောင်အဆင်းရှိသော နွားထီး တစ်ရှဉ်းစီဆွဲသော ထွန်တုံး တို့ကို ရွှေငွေတန်ဆာဆင်စေသည်။ ရတနာ စီခြယ်ထား သော ကြိမ်နှင်တန်ကို ကိုင်စွဲလျက် မင်းကြီးကရွှေထွန်တုံး ကိုစတင်ထွန်တော်မူသည်။ ကျန် ထွန်တုံးတို့ကိုလည်း မင်းညီမင်းသား၊ မှူးမတ်အားလုံး အသီးသီးထွန်ကြသည်။ ထွန်ရေးအပြန်အလှန်ပြုပြီးနောက် မင်္ဂလာစည်တော်များ ရွမ်း၊ ဆုတောင်းမှုများပြုပြီး အခမ်းအနားကို အောင်မြင် စွာရပ်နားသည်။ နယုန်လပြည့်နေ့ သို့မဟုတ် လပြည့် ကျော်ရက်များ၊ နယုန်လအတွင်းတွင် ကျင်းပခဲ့ကြသည်။

မင်းအားလုံးကျင်းပနိုင်ခြင်းမရှိ။ နှစ်စဉ်လည်း မကျင်းပနိုင် ပါ။
အချို့သော ပညာရှိတို့က ဘုရင်မင်းမြတ်တို့ လယ်ထွန်မင်္ဂလာ ကျင်းပခြင်းသည် နိုင်ငံအတွက် မိုးလေဝသမှန်ပြီး ဆန်ရေစပါးပေါများသည့် မင်္ဂလာ နိမိတ်ယူခြင်းဟုဆိုကြသည်။ ဗေဒင်ကိန်းခန်းအရ နိုင်ငံတော်ကို ''တောင်သူကြီးမင်းမူလတ္တံ ''ဟု ဟောကိန်း ထွက်သောအခါ ကျိန်းချေသည့်အနေဖြင့် ဘုရင်ကိုယ် တိုင် လယ်ထွန်မင်္ဂလာကျင်းပသည် ဟုလည်း ဆိုကြသည်။

လယ်ယာကိုင်းကျွန်းစိုက်ပျိုးရေးသည် နိုင်ငံ၏ အဓိက စီးပွားရေးဖြစ်သောကြောင့် ဘုရင်ကိုယ်တိုင်က စိုက်ပျိုး ရေးကို အားပေးသည့်အနေဖြင့် ကိုယ်တိုင်လယ်ထွန်ပြ ခြင်းဖြင့် တောင်သူ လယ်သမားအများပြည်သူတို့ အားတက်ဂုဏ်ယူကြပြီး လုပ်ငန်းကို ကြိုးစားမှုပိုမိုဖြစ်လာ စေသည်။ ဘုရင်ကိုယ်တိုင်က စံနမူနာပြပြီး ထွန်ယက်ပေး ခြင်းဖြစ်သည်။

ပုဂံမင်းဆက်တွင် လယ်ထွန်မင်္ဂလာကို နှစ်စဉ် ကျင်းပသော မင်းတို့ကို ''ထွန်'' ဟူသော စကားနှင့် အမည်ပေးမှတ်တမ်းတင်ထားခဲ့သည်။
ယင်းတို့ ကား (၁) ထွန်တိုက်မင်း(၅၆၉-၅၈၂အေဒီ)၊ (၂) သားတော် ထွန်ပစ်မင်း (၅၈၂-၅၉၈ အေဒီ)၊ (၃) သားတော် ထွန်ချစ်မင်း (၅၉၈-၆၁၃ အေဒီ)နှင့် (၄) ထွန်တွင်းမင်း (၇၅၃-၇၇၆အေဒီ)တို့ ဖြစ်သည်။

လယ်ထွန်မင်္ဂလာကျင်းပသောအခါ ဘုရင်ကိုယ်တိုင် မင်းမြောက်တန်ဆာငါးပါးဝတ်ဆင်ပြီး ထွက်တော်မူကြီးနှင့် ထွက်လာသည်။ ထွက်တော်မူကြီးဆိုသည်မှာ ရှေ့ဆုံးတွင် စမြောင်(လယ်ရှင်းပေးသောတပ်)။ သည့်နောက် ရှေ့ ခြောက်တပ်မှာ ဘုရင်ရှေ့က လိုက်ပါရသည်။ နောက်ခြောက် တပ်မှာ နောက်တော်မှ ပါရသည်။ ဝင်းစုံခင်းထွက်တော် မူလာသည်။ ရှေ့၊ နောက်ခြောက်တပ်များတွင် စစ်အင်္ဂါ လေးပါး ဆင်၊ မြင်း၊ ရထား၊ ခြေလျင်တပ်များပါပြီး ခြေလျင်တပ်များတွင် ဓား၊ လှံ၊ အဲမောင်း၊ သေနတ်၊ အမြောက်၊ လေးမြားစစ် သည်များပါသည်။
ကုန်းဘောင်ခေတ်တွင် လယ်ထွန်မင်္ဂလာကျင်းပခဲ့ သော မင်းများမှာ ပထမ (၁ ဘိုးတော် ဘုရား) (ဗဒုံမင်း)(၁၇၈၂-၁၈၁၉အေဒီ)သည် မြန်မာသက္ကရာဇ် ၁၁၅၂ခု (အေဒီ ၁၇၉ဝ) ခုနှစ် နယုန်လပြည့်ကျော် ၁ ရက် သောကြာနေ့တွင် ကန်တိလိခေါ် အောင်ပင်လယ် ကန်အနီး၌ ကြီးကျယ် ခမ်းနား သော သဘင်နန်းကို ဆောက်စေပြီး ''ရွှေထွန်၊ ငွေထွန်၊ ရွှေထမ်း ပိုး၊ ငွေထမ်းပိုး၊ ရွှေကြိုး၊ ငွေကြိုး၊ ရွှေနှင်တံ၊ ငွေနှင်တံတို့နှင့် သားတော် အိမ်ရှေ့မင်း၊ မင်းညီမင်းသား၊ မှူးတော်မတ်တော်၊ သူဌေး၊ သူကြွယ် အပေါင်းခြံရံလျက် လယ်ထွန်မင်္ဂလာသဘင်ပြု တော်မူသည်။
ထိုအခါ အိမ်ရှေ့ အိမ်တော်ရွှေတိုက်စာရေး မောင်မင်းအောင်ကို အိမ်ရှေ့မိဖုရားအမိန့်တော်နှင့်ဆင့် ၍ မောင်မင်းအောင်က စီကုံးဆက်သရသော လယ်ထွန် မင်္ဂလာတျာသံသီချင်းမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

''လယ်တော်ထွန်စ၊ နေ့ကျော်မှာ၊ လမိုင်းတံခွန်တွင် ဝန်သည့် မတ်လိမ်မာ၊ သည့်ပြင်မှာငယ်လေ၊ ပြည်ဦးကင်း၊ မြောက်ဘက်ကယ်တိုက်ဝန်း ရွှေနန်းစဉ် ကျွန်း၊ ရွှေထွန်ကြီး တစင်းငယ်နှင့်လေး။ ''ဇမ္ဗူပိုင်ထိပ်နန်းရှေ့တော်မှာ၊ အစဉ် မကွဲ၊ လက်ဝဲ နှင့် လက်ယာ၊ ဘုန်းစရာငယ်လေး၊ ကိုယ်လုံးဝင်း၊ ရွှေသား ငယ်မျဉ်းတိုတွင်းချပ်၊ မိန်ညိုဆင်၊ နေလုလင်ပြိုင်နှုန်း၊ ကင်းရလေး။
''လယ်တော်တွင်းငယ်မှာ၊ ကြယ်မင်းငယ်ဥက္ကာ၊ နားလျာကျ သို့လေး။ သောက်ရှူးတော်၊ ရွှေကုံးနှင့် တိမ်လုံး ပြည့်လျှပ်နွယ်၊ အံ့ဖွယ်များလှလေး။

''မဟာသမ္မတ ဆက်စဉ်လား၊ လယ်ထွန်အောင်ခန်း၊ ရွှေနန်းမင်္ဂလာထွန်တော် သိင်္ဂါမှာ ရန်မျိုးပ။ နန်းလုံး ငယ်မျက်ရှင် ရွှေစက်တော်တင်၊ စမ္ပယ်ရှင် ရှဉ်းစုံကသည် နှင့်လေး။

''ရွှေနန်းငယ်ရံသ နတ်ဣန္ဒာ၊ ရွှေထွန်တော်ကြီးအနီး အဝေးမကွာ။ သည့်နောက်တော်မှာလေ၊ မင်းသားကြီး တော်ဒူးငယ်စနည်၊ ရာထူးလည်စဉ်စီရွှေထွန်စီးပါလို့လေး။

''လယ်တော်ကြီးငယ်မှာ၊ ရွှေထီးငယ်နှင့်သာ စံကာ မြန်းတော့သည်။ မျည်းရှည်တော်ရွှေသားနှင့်တိမ်ကြားက နတ်နှယ်၊ သွယ်သွယ်ဆန်းလှသည်''။
ဘိုးတော်ဘုရားနှင့် နောင်တော်ဘကြီးတော် စစ်ကိုင်းမင်း အရိုက်အရာ ဆက်ခံသော သာယာဝတီမင်း (ကုန်းဘောင်မင်း၊ ရွှေဘိုမင်း ၁၈၃၇-၁၈၄၆ အေဒီ) သည် မြန်မာသက္ကရာဇ် ၁၂ဝ၂ (အေဒီ ၁၈၄ဝ) နှစ် တွင် အောင်ပင် လယ်ကန်အနီး ဘုရင့်လယ်တော်တွင် ခမ်းနားသော မင်းတဲကြီး ဆောက်လုပ်ပြီး စစ်အင်္ဂါ လေးပါးခြံရံလျက် မိဖုရားခေါင်ကြီးနှင့်အတူ ထွက်တော်မူ လာပြီး လယ်ထွန်မင်္ဂလာကျင်းပပါသည်။

ရွှေထွန်၊ ငွေထွန်၊ ရွှေထမ်းပိုး၊ ငွေထမ်းပိုး၊ ရွှေကြိုး၊ ငွေကြိုး၊ ရွှေနှင်တံ၊ ငွေနှင်တံတို့ဖြင့် သားတော်၊ ညီတော် ဆွေတော်၊ မျိုးတော်၊ မှူးတော်၊ မတ်တော်၊ ဗိုလ်မှူး၊ တပ်မှူး၊ သူဌေးသူကြွယ် အပေါင်းခြံရံလျက် ကြီးကျယ်ခ မ်းနားစွာ ဖြင့် လယ်ထွန်မင်္ဂလာကို ဆင်ယင်ကျင်းပတော်မူ သည်။ တောင်ဥယျာဉ် စံနန်းတော်တွင် ရှိနေစဉ် မြဝတီမင်းကြီး ဦးစအား လယ်ထွန်မင်္ဂလာ သီချင်းအသစ်ကို ''မောင်စက ဆက်သွင်းစေ'' အမိန့်ချသောကြောင့် မြဝတီ မင်းကြီးဦးစက အောက်ပါအတိုင်း စပ်ဆိုဆက်သွင်းရသည်။

''ဆဒ္ဒန်မိုင် ဘုန်းမြင့်နရိန္ဒာ၊ လယ်ထွန်အောင်ခန်း၊ ရွှေနန်းစဉ်မင်္ဂလာ၊ မိုးယံမှာလေ၊ ကြယ်ဇေဌ၊ သီတဂူ တာရိန်၊ နှစ်နန်းငယ်ချိန် ထိန်ထိန်ရံဝန်းစသည်နှင့်လေး။''စမ္ပာယ်ဖြူဥဿဘ၊ ဟန်လှငယ်ရှဉ်း စုံ၊ ရွှေထွန် တော်ကြီး ညီးညီးအံ့ရာပုံ၊ ဇေယျခုံငယ်လေ၊ သာသန့်ရှင်း အမရဝေယနာ၊ ရွှေဗိမာန်၊ ဧကန်မြေချီး ကင်းဝယ်မလေး။ ''ပြည်၊ ပြည်တောင်သနင်း၊ မင်းမင်းများသခင်၊ စက်စုံ တော် တင်မြန်းရစ်သန်းလှည့်ကာနှင်၊ ရှေ့တော်တွင်မှာ လေ၊ မှူးမတ်ကြီး လက်ဝဲငယ်လက်ယာ တင့်မောစွာ၊ ဆက်ကာဝေး၊ မနီးငယ်ကလေး။
''ရွှေထွန်းစီပါလို့ လွန်တင့်တယ် လေးမည်ရန်တား၊ နတ်လားထင်မိဖွယ်၊ ဘုန်းပွင့်လျာနေနွယ်လေ။ ရာမင်း မင်းဖျားမောက်တိုတော်ရတနာ၊ ကိုးမျက်ရောင်ဖြာ၊ .အံ့ . ရာအခြားခြားငယ်နှင့်လေး။

''မျဉ်းရှည်တော် ညံ့ထွား၊ ပတ္တမြားလှိုင်ချွန်းမျဉ်း တို ရောင်ကြွား၊ ပြယားဝေ သဝဏ်၊ တိုင်းထွက်စွန်း၊ ရှေး လွန်မကြုံတောင်းငယ်တည့်လေး။ ''တော်ကြီးငယ်ဆင်၊ ဧယာဉ်သည်မြပြောင်းမျှလေး။

နတ်ငှာန်ငယ်ကျော် သောင်း၊ ထက်စည်ငယ်ညံညောင်း ဆော်တယ်ကို၊ ရာဝင်တော်စုံ၊ ဖွေဖော်တူးသည်နှင့်၊ ချီးကျူး ခွင့်မကုန်ပါလို၊ ရစ်သန်း ငယ်ရောင်စိုလေ၊ ထိန်ဝင်းလိုညီး။

''ထွန်ရေးငယ်ဖြန့်ရာ၊ နောက်တော်ကမှာ၊ စီစဉ်ကာ မင်းသားကြီးငယ်နှင့်လေး။
''ဇမ္ဗူရွှေမှည့်သီး၊ တီးချက်ကယ်ပြိုးပြောင်၊ မောက်တို ရွှေသား၊ ပတ္တမြားမျက်စိ စိန်တောင်။

''မှူးကြီးငယ်မတ်ခေါင်လေ၊ အခြားခြား၊ တိမ်ချပ်ကယ် ပုံပြင်၊ နတ်စောသွင်၊ ဆင်ယင်ရွှေဝတ်ခါးငယ်နှင့်လေး။ ''မိုးယံငယ်တလွှား၊ မိုးသား ငယ်၊ လှိုက်ဝှန်၊ ကြယ် သွန်နှိုးတော့သည်။ ကောက်နှံငယ်ဆင့်ပွား၊ ကောက်သား ငယ် ကြွယ်ကုံ၊ တောင်ပုံဖြိုးတော့သည်''။

နောက်ဆုံးလယ်ထွန်မင်္ဂလာကျင်းပသော မြန်မာမင်းမှာမင်းတုန်းမင်း(၁၈၅၃-၁၈၇၈ အေဒီ) ဖြစ်သည်။ ယင်းအခမ်းအနားကို မျက်မြင်ကိုယ်တွေ့ဖြစ်သော ပုဂ္ဂိုလ် နှစ်ဦးတို့က မှတ်တမ်းတင်ခဲ့သည်။ တစ်ဦးမှာ နန်းတွင်းပန်း ချီဆရာကြီး ဆရာခြုံဖြစ်သည်။ ပုရပိုက်ဖြူတွင် ဆေးရောင် စုံနှင့် မင်းတုန်းမင်း လယ်ထွန် မင်္ဂလာဆင်ယင်နေပုံကို ရေးချယ်မှတ်တမ်းတင်ခဲ့သည်။ ယင်းပန်းချီ ပုရပိုက်ဖြူကို ယနေ့ လန်ဒန်မြို့ ဗြိတိသျှပြတိုက်တွင် သိမ်းဆည်းထား သည်။

ယခု ဤဆောင်းပါးတွင် ဖော်ပြပါသည်။ နောက် တစ်ဦးမှာ အင်္ဂလိပ် လူမျိုး ဂျေဂျီစကော့ဖြစ်သည်။ သူသည် မြန်မာ သမိုင်း ယဉ်ကျေးမှု အကြောင်း စာအုပ်များစွာ ရေးသားထုတ်ဝေ သူဖြစ်သည်။ ရွှေရိုးဟူသော ကလောင် အမည်ဖြင့်သူရေးသား ထုတ်ဝေသောThe Burman, his life and nations စာအုပ်တွင်Gracious Ploughing ခေါင်းစဉ်နှင့် မင်းတုန်းမင်း၏ လယ်ထွန် မင်္ဂလာအခမ်းအနားကို အစအဆုံးအသေးစိတ်ဖော်ပြထား သည်။ ဆရာခြုံ၏ ပန်းချီမှတ်တမ်းနှင့် စကော့၏မှတ်တမ်း တို့ကိုက်ညီလှသည်။ ထို့အပြင် မန္တလေးမြို့ဂေဇက်တီယား Mandalay Gnzetteer Vol. A စာမျက်နှာ ၆၆-၆၇ တွင် Mr.H.F Serrle ကြေးတိုင်မင်းကြီးက မင်းတုန်းမင်း၏ လယ်ထွန်မင်္ဂလာသဘင်ကို အောက်ပါအတိုင်း ဖော်ပြ ထားပါသည်။

''မန္တလေးမြို့ကို တည်ပြီးနောက် မင်းတုန်း မင်းသည် ရှေးရိုးရာ အစဉ်အလာအတိုင်း လယ်ထွန် မင်္ဂလာပွဲကို အောင်ပင်လယ်အနီးရှိ လယ်တော်တွင် ကျင်းပသည်။ မန္တလေးနန်းမြို့၏ အရှေ့စူးစူး ရန်ကင်းတောင်သို့ သွားရာလမ်းအတိုင်းသွားရသည်။ သရက်ကုန်းရွာ၏ အနောက်ဘက်ရှိ လယ်ကွက်များ ပယ် ၂ဝ ရှိရာ ၁ဝ ပယ်မှာ မင်းကြီးလယ်၊ ကျန် ၁ဝ ပယ်မှာ မိဖုရားခေါင်ကြီးလယ်ဖြစ်သည်။ နန်းမြို့တော် ဦးထိပ်တံခါးမှစပြီး လယ်တော်အရောက် ခရီးတစ်လျှောက် လုံး ပွဲလမ်းဈေးကနားများ တည်ဆောက်ထားသည်။ မင်းတရား ကြီးသည် ထွက်တော်မူကြီး အခမ်းအနားနှင့် ရွှေနန်းတော်မှ ထွက်တော်မူလာသည်။

ရတနာနဒီမြစ်ကို ဖြတ်ကူး မင်္ဂလာဥယျာဉ်တော်အတွင်း ယာယီ နန်းတော်သို့ ရောက်လာသည်။ လယ်ထွန်မင်္ဂလာကျင်းပမည့် လယ်တော်တစ်ဝိုက်တွင် ၃၇ မင်း နတ်စင်များဆောက်ထား ပြီး ပူဇော်ပသထားသည်။ မင်္ဂလာအခါတော်ကျသည်နှင့် တစ်ပြိုင်နက် မင်းတုန်းမင်းသည် မင်းမြောက်တန်ဆာ ငါးပါးဝတ်ပြီး မင်းညီမင်းသား မှူးမတ်သေနာပတိအပေါင်း ခြံရံကာ လယ်တော်တွင်းသို့ ဆင်းလာသည်။ အားလုံး အခမ်းအနားဝတ်စုံပြည့်ဆင်မြန်းလာကြသည်။

ထွန်များ နှင့် နွားများမှာလည်း ရတနာကျောက်မျက်များ စီခြယ်ထားသော အဆင်တန်ဆာများနှင့် တောက်ပနေ သည်။ ထွန်တုံးများ မှာ ရွှေထွန် တုံး၊ ငွေထွန်တုံးများဖြစ် သည်။ မင်းတရားကြီးက လယ်တော်တွင် သုံးလေးကြိမ်ခန့် အပြန်အလှန်ထွန်သောအခါ အားလုံးက လည်းဆိုင်ရာ ထွန်များကို ထွန်ကြသည်။ သည့်နောက် မင်းတရားကြီး သည် ယာယီနန်းတော်သို့ ပြန်ကြွသွားပြီး သုံးရက်စံမြန်း နေသည်။ ထိုအချိန် တွင် နေ့ညမပြတ်ပွဲခံသည်။ အိုးစည်၊ ဒိုးပတ်၊ အက၊ အခုန်များကျင်း ပရာ ပြည်သူအပေါင်း သောင်းသောင်းဖြဖြပျော်မြူးကြသည်။ ၃၇ မင်းနတ်တို့ကို လည်း ပူဇော်ပသသည်။

သည့်နောက် ရွှေနန်းတော်သို့ ပြန်ဝင်တော်မူသည်။ လယ်ထွန်မင်္ဂလာကို နယုန်လ ဒုတိယပိုင်းတွင် ကျင်းပလေ့ရှိသည်။ မိုးကောင်းပြီးသီးနှံစပါး ဆန်ရေပေါများစေရန်အတွက် လယ်ထွန်မင်္ဂလာ ကျင်းပခြင်းဖြစ်သည်။

မင်းတုန်းမင်း၏ လယ်ထွန်မင်္ဂလာကို အောက်ပါ အတိုင်း ဖွဲ့ဆိုထားသော သီချင်းကို ကျောင်းသုံး မြန်မာစာ စာအုပ်များတွင် လေ့လာရပါသည်။

ယမထာ၊ ရွှေကြိမ်လုံးရယ်နဲ့
ထွန်တုံးကိုတဲ့ခြေတော်တင်
နွားကြန်စုံအင်၊
ပျိုးခင်းကိုဝင်၊
ကောင်းကင်က၊ ရွှေပိန်ညင်းရယ်
မိုးခေါ်လို့ဆင်း။

ယမထာဆိုသည်မှာ မြန်မာ့သစ်တောထွက် ကြိမ် များအနက် အကောင်းဆုံးကြိမ်အမျိုးအစားကို ခေါ်သည်။ နွားကြန်စုံအင်ဆိုသည်မှာ နွားနို့ရောင်ကဲ့သို့ ဖြူဖွေးလှပပြီး အင်္ဂါလက္ခဏာနှင့် ပြည့်စုံသော နွားထီးနှစ်ကောင် ကို ကျောက်သံပတ္တမြားများနှင့် ဆင်ယင်ထားပြီး ဘုရင့် ရွှေထွန်တုံးကို ဆွဲစေသည်။ ကနက်ကဒန်ထီးဖြူနှစ်စင်း က ထွန်တုံးပေါ်စီးနေသော မင်းတရားကြီးအား ကာမိုး ထားသည်။ ဆရာခြုံပန်းချီတွင် တွေ့ရပါသည်။
ယနေ့တိုင် မန္တလေးမြို့ အောင်ပင်လယ်အနီး သရက်ကုန်းရွာနား၌ ဘုရင့်လယ်တော်ကို တွေ့မြင်နိုင်ပါ သည်။ ။

မဟာသဒ္ဓမ္မဇောတိကဓဇ

စည်သူဒေါက်တာခင်မောင်ညွန့်

https://www.facebook.com/mwdmedia/photos/a.280237205426758.63709.246194712164341/800360443414429/?type=1&theater 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...