|| ဆောင်းပါး - မင်းဒင် ||
(၁)
ဒီရက်ပိုင်းမှာအိပ်တော့မယ်ဆိုပြီး
ခေါင်း ချလိုက်တိုင်း အမေ့အကြောင်းတွေ ချည်း ခေါင်း ထဲရောက်နေတယ်အမေ။
အမေ့အပေါ် ကျွန် တော့်ကောင်းကွက် က မရှိသလောက်ရှားခဲ့ တော့ အမေ့အကြောင်း
ခေါင်းထဲရောက်လာ မှာကို တစ္ဆေခြောက်သလိုကြောက် ကြောက် နေတယ်အမေရဲ့။
အသက်ကြီးလာလေ အ မေ့အပေါ် မိုက်လုံးကြီးခဲ့မိတာတွေ ပြန်ပြန် သတိရမိလေပါပဲ။
မိုးကြိုးပစ်ရာ ထန်းလက်နဲ့ ကာဆိုသလို အမေဆုံးခါနီးတစ်လကျော် လောက်သာ
အမေ့အပေါ် တာဝန်ကျေနိုင်ခဲ့တာ တစ်ခုပဲ ကျွန်တော့်မှာ ဖြေသိမ့်စရာ ရှိပါတယ်။
ကျွန်တော်ကမ်းကုန်အောင်ဆိုးခဲ့ပါတယ်။
အမေနေပူစပ်ခါးထဲမှာ သားသမီး တစ်ပြုံ တစ်မကြီးနဲ့ရုန်းကန်နေခဲ့ရတာကို ဂရုမထားပဲ အမေ့ဈေးဆိုင်က ပိုက်ဆံတွေခိုးပြီး ဘုံးဘော လအော လျှောက် သုံးလျှောက်ဖြုန်းပစ်ခဲ့တာ ဆယ်တန်းကျောင်းသားအရွယ်ရောက်တာ တောင် ဟင်းမကောင်းတဲ့အကြောင်းပြချက်နဲ့
အမေကိုယ်တိုင်ပြင်ပေးတဲ့ ထမင်းစား ပွဲကို မှောက်လှန်ပစ်ဖူးတာ
အိမ်ထောင်ကျတဲ့အထိ ဖဲဝိုင်းကို ရံဖန်ရံခါရောက်နေတတ်လို့ အမေ
လိုက်လိုက်ခေါ်ရတာ ပြောရရင်တော့ အများ ကြီးပါပဲအမေ။ ဒီလောက်အသုံးမကျခဲ့တဲ့
သားကို လူအများရှေ့မှာ ဒါ ကျုပ်သားပေါ့ဆို ပြီး အမေရင်ကော့ကြွားခဲ့တာတွေ
ပြန်တွေးမိ ရင် ကျွန်တော့် လိပ်ပြာကျွန်တော်မလုံဘဲ ရှက် စရာလို့သာ
ထင်ပါတော့တယ်။
နောင်တဆိုတာ နောင်မှရသတဲ့အမေ အခုဆိုအမေ့မြေး
ကျွန်တော့်သမီးလည်း အ ရွယ်ရောက်ပြီး အိမ်ထောင်ကျ ကျွန်တော် လည်း ဖခင်ဘ၀ကို
ပီပီပြင်ပြင် ရပြီဆိုကာမှ အမေ့ကောင်းကွက်တွေချည်း ပြေးသတိရနေ တယ်။ ကောင်းေ
ပ့ညွန့်ပေ့ဆိုတဲ့ အစားအ သောက်တွေစားနေရပေမယ့် အမေ့လက်ရာ မလွှပွင့်နဲ့
ခရမ်းချဉ်သီးချက်ကိုပဲ တမ်းတမိ တယ်အမေ၊ ဘယ်အစာတွေ ဘယ်လောက် ကောင်းကောင်း
မေတ္တာရနံ့မပါရင် အရသာ ကင်းမဲ့တာပါပဲ။
အခု ကျွန်တော်ရောက်နေတဲ့အရပ်ဒေသ
ဟာ ကျွန်တော့်ရေမြေ ကျွန်တော့်နိုင်ငံမဟုတ် ဘူးအမေ။
ကျွန်တော်နေ့စဉ်နဲ့အမျှ ပြောဆို ဆက်ဆံနေရတဲ့သူတွေဟာလည်း ကျွန်တော်
တို့လူမျိုးတွေမဟုတ်တဲ့ မျက်နှာစိမ်းတွေမို့ နေရထိုင်ရတာ အတော့်ကို
စိတ်ကသိကအောက် ဖြစ် စရာတွေများလှပါတယ်။ ဒါတောင် အမေ့ သားက ခေတ်ပညာ
အထိုက်အလျောက်တတ် ပြီး မတောင့်မတမကြောင့်မကြနေနိုင်တဲ့ဘ၀ မို့သာ တော်သေးတော့တယ်။
အင်း လွန်ခဲ့တဲ့အနှစ်ငါးဆယ်ကျော်တုန်း
က စာတစ်လုံးမှမတတ်တဲ့အမေဟာ လင့် မျက်နှာတစ်ရွာထင်ပြီး မှိုက်ပင်လို တကယ့်
တော ကြုံအုံကြားကနေ ရန်ကုန်လိုမြို့ကြီးပေါ်တက် လာပြီး ကြုံလာသမျှ
လောကဓံခါးစည်းခံရင်း သားသမီးတွေ ရဲ့ရှေ့ရေးအတွက် အပြုံးမပျက် ခဲ့တာများ
အခုနေကိုယ်ချင်းစာစိတ် နဲ့ ပြန်တွေး ကြည့်ရင် ကြက်သီးတောင်ထမိတယ် အမေ။
(၂)
စေ့စေ့တွေး ရေးရေးပေါ်သတဲ့။ အမေ့အ ကြောင်း သတိရစရာတွေကအများသားက လား။ လောကဓံတရားတွေနဲ့ ကြုံရလေတိုင်း အမေစွဲကိုင်အသုံးပြုခဲ့ပြီး ကျွန်တော်တို့ကိုပါ တစ်ဆင့်သင်ကြားပေးခဲ့တဲ့ အမေ့ရဲ့ဘ၀ဒ ဿနတွေဟာ တော်ရုံပညာရှင်လိုက်မမီတာ အမှန်ပဲအမေ။
ကျွန်တော်ငယ်ငယ်တုန်းကဆို ခါးတဲ့အ ရသာကို လွှတ်မုန်းတယ်။ အထူးသဖြင့်ဆေး
ခါးခါးကြီးတွေသောက်ရမှာ သိပ်ဝန်လေးတယ်။ အမေကတော့ ခပ်အေးအေးပဲ။ ထုတ်တန်းနဲ့
လွတ်မလွတ် ခေါင်မိုးပေါ်ဖျတ်ခနဲမော့ကြည့် ပြီး ‘ထုတ်တန်းနဲ့လွတ်တယ်၊ ရော့၊ သောက် လိုက်လူလေး ဘုရားဆေးတရားဆေးသံဃာ့ဆေး’ဆိုပြီး ဇွတ်သောက်ခိုင်းတော့တာပဲ။ဘာတဲ့။ ‘ရေနဲ့မျှောချလိုက်ရင် မခါးတော့ပါ ဘူး။ လူလေးရောဂါပျောက်ဖို့က အရေးကြီးတယ်’တဲ့။
ကြက်ဟင်းခါးသီးနဲ့ကြောင်လျှာသီးဟင်း တွေလို ခါးတဲ့ဟင်းတွေ ကျွန်တော်မစားချင် ပြန်တော့ အခါးဆိုတာ လူနဲ့တည့်သတဲ့။ အ မေ့ပို့ချချက်အောင်မြင်လိုက်ပုံများ
အခုဆို ကျွန်တော်ဟာ ကြက်ဟင်းခါးသီးကြော်တောင့် တနေတတ်တဲ့ဘ၀ကိုတောင်
ရောက်နေပါပြီ ကော။ နောက်တစ်ခုရှိသေးတယ်။ ကျွန်တော် ငယ်ငယ်က ခေါင်းမှာ
ဒက်တွေအနာစိုတွေ ခဏခဏပေါက်တတ်တယ်လေ။ အမေက သင်တုန်းဓားတစ်ချောင်းနဲ့
ဆံပင်ရိတ်ရင်း အနာတွေပါရောပြီး လှီးချပစ်တော့ ကျွန်တော်
ကငိုမယ်လို့ကြံကာရှိသေး။ ‘ယောက်ျားဆို တာ မငိုရဘူးလူလေးရဲ့။
နာလည်းခဏပေါ့’တဲ့။ ခုနေပြန်စဉ်းစားကြည့်ရင် နာတယ်ဆို တဲ့ဝေဒနာဟာ
မမြဲဘူးဆိုတာ သိပ်သေချာ တာပေါ့အမေ။
ကျွန်တော်တို့
ရန်ကုန်ရောက်ခါစတုန်း က အတော်ဆင်းရဲချို့တဲ့တာမို့ မိုးသည်းတဲ့ည တွေဆို
အိမ်ခေါင်မိုးကရေယိုတော့ အင်ဖက် တွေ ပလတ်စတစ်တွေနဲ့ ဓနိပျစ်တွေမှာလျှောက်
ထိုးပြီး ဖာရထေးရတာ သတိရမိသေးတယ်။ညဥ့်နက်သန်းခေါင်
အိပ်လို့ကောင်းနေတုန်း မိုးရွာရင် အမေက ကျွန်တော့်ကိုနှိုးပြီး အိမ်
ခေါင်မိုးဖာခိုင်းရင် ကျွန်တော်သိပ်စိတ်ညစ် တယ်။ အမေနှိုးပုံကတော့ သင်းပါ့။
‘မျက်စိ အကျင့်ဝမ်းအချင့်တဲ့။ မျက်နှာသစ်လိုက်ရင် လန်းသွားမှာ၊
ယောက်ျားကောင်းဆိုတာ ဖျတ် ဖျတ်လတ်လတ်ရှိရတယ်။ တစ်ညလုံး ဒုက္ခခံ မယ့်အစား
ခဏလေးဇွဲခတ်လိုက်’တဲ့။ အမေ ပြောခဲ့တဲ့ မျက်စိနဲ့အစာအိမ်အကြောင်းဟာ သိပ်မှန်တာပဲဆိုတာ အခုကျွန်တော်ကောင်း ကောင်းကြီး သဘောပေါက်နေပြီအမေ။
ဘာမဟုတ်တဲ့ပြဿနာနဲ့ မျက်နှာရှုံ့တွပြီး ခိုညည်းသလိုညည်းနေတတ်တဲ့သူတွေကို
တွေ့ရင်လည်း အမေ့စကားတွေချည်း ပြေး ပြေးသတိရမိတယ်။ ‘ပါးရာကပေါက်သွားပါ
လိမ့်မယ်လူလေးရယ်။ စိတ်ဓာတ်ကျတယ်ဆို တာ၊လူညံ့တွေရဲ့အလုပ်’
(၃)
အမေကတော့ လောကဓံရဲ့ထုထောင်း ရိုက်ပုတ် ကလူကျီစယ်တာခံရလေတိုင်း သားသမီးတွေရဲ့ရှေ့မှာ မျက်နှာမညှိုးစေရဘဲ၊ အားတင်းပြုံးတွေပြုံးနေတတ်တာ ကျွန်တော် ခုမှသဘောပေါက်တော့တယ် အမေ။ မထင် မှတ်ဘဲ အဖေရုတ်တရက်ဆုံးသွားတဲ့ဖြစ်ရပ်
ဟာ အမေ့ဘ၀အတွက် လောကဓံရဲ့ အပြင်း ထန်ဆုံးစိန်ခေါ်မှုပေါ့။
လူပျိုပေါက်ဖြစ်နေတဲ့ ကျွန်တော်အပါအဝင် ရှိရှိသမျှ ညီအစ်ကိုမောင်
နှမအားလုံးကတော့ မသေချာလှတဲ့ ဘ၀ရှေ့ ရေးကိုတွေးပြီး
ကြူကြူပါအောင်ချုံးပွဲချ ငိုမိကြတာပါပဲ။ ဒါပေမဲ့ အမေဟာ အော်ကြီးဟစ်
ကျယ်မငိုခဲ့ဘူး။ ကျိတ်ပြီးလည်းမငိုခဲ့ဘူး။ သုံး ရက်တိတိ
ငူငူတွေတွေကြီးသာဖြစ်နေခဲ့တယ်။
လောကဓံကို အဲသလို အတုမရှိ ကြံ့ကြံ ခံနိုင်ခဲ့တဲ့အမေဟာ သားသမီးတွေ လူလား
မြောက်ပြီး အတောင်စုံချိန် ကျည်ကွယ်မျက် ကွယ်ဖြစ်လောက်တဲ့အချိန်မှာတော့ လေသံခပ်အေးအေးနဲ့ ပုထုဇဉ်ပီပီ ညည်းဖူးတာကိုလည်း ကျွန်တော်အမှတ်ရနေတယ်အမေ။
‘မင်းတို့အဖေ ကလေးတစ်ပြုံကြီးနဲ့ ရွာမှာ အမေ့ကိုထားသွားခဲ့တုန်းက အမေ့မှာအ တော်ကသီခဲ့ရတယ်’
အဲသလိုအမေ့ညည်းသံကြားတော့ ကျွန် တော့်စိတ်ထဲမှာ ‘ဪငါ့အမေလည်း အ သက်ထောက်လာတော့ စိတ်ဓာတ်တွေကျ လာပြီထင်ပါရဲ့’လို့တွေးမိပေမယ့်
အဲဒီအတွေး ဟာမမှန်ပြန်ဘူး။ ၁၉၈၈ တစ်တိုင်းပြည်လုံး အုံကြွခဲ့ကြစဉ်တုန်းက
ကျွန်တော်တို့နေခဲ့တဲ့ ရပ်ကွက်အပြင် ရန်ကုန်မြို့ရဲ့ နေရာအတော် များများကို
ရေတပ်သင်္ဘောပေါ်ကနေ အ မြောက်နဲ့ပစ်မယ်ဆိုတဲ့ ကောလာဟလသတင်း ထွက်လာတော့
‘လူမိုက်တွေကိုပစ်တာ မှန် အောင်သာပစ်ပါစေ။ အမေ့ထိချင်ထိပလေ့စေ၊
မရှောင်ဘူး’တဲ့။ အမေ့အာဂသတ္တိကို ကျွန် တော်ဖြင့် ဩချယူရတာပါပဲ။
အမေနဲ့ပတ်သက်ပြီး အမှတ်ရစရာပေါင်း သောင်းခြောက်ထောင်ထဲကနေ ကျွန်တော်
သတိတရအရှိဆုံး အထူးခြားဆုံးဖြစ်ရပ်တစ်ခု ကို ကျွန်တော်မှတ်မိနေသေးတယ်။
အဲဒါက တော့ ကျွန်တော်တို့လမ်းထိပ်မှာ တဲအိုလေးနဲ့ နေခဲ့တဲ့
အဘွားအိုဒေါ်မျှင်ရဲ့ကိစ္စပေါ့။
(၄)
အခုလက်ရှိအချိန် လှိုင်မြို့နယ် ဘူတာရုံ လမ်းထဲက ၁၂ လမ်းထိပ်တည့်တည့် အေး
ရိပ်မွန်အိမ်ရာဟာ ကျွန်တော်တို့နေခဲ့တဲ့ ဓမ္မ သုခလမ်းရှိတဲ့နေရာပေါ့။ ၁၉၇၆
ခုနှစ် လွန် ခဲ့တဲ့အနှစ်လေးဆယ်ဝန်းကျင် ဓမ္မသုခလမ်း ထိပ်မှာ
ခပ်ကျဉ်းကျဉ်းရေမြောင်းလေးရှိတယ်။ ရေမြောင်းကိုဖြတ်ပြီး အခိုင်အမာထိုးထားတဲ့ သစ်သားတံတားငယ်တစ်ခုရဲ့ ကပ်လျက်မှာ ခနော်နီခနော်နဲ့ ယိုင်ယဲ့ယဲ့တဲလေးတစ်လုံးရှိခဲ့
လေရဲ့။ အဲဒီတဲပိုင်ရှင်ဟာ ဒေါ်မျှင်လို့ခေါ်တဲ့ အသက်ခုနစ်ဆယ်ကျော်
မုဆိုးမအဘွားအို တစ်ဦးပါပဲ။ ဒေါ်မျှင်နဲ့အတူနေတဲ့ တစ်ဦး တည်းသောသမီး
မခင်တင့်ဟာလည်း အသက် ငါးဆယ်ဝန်းကျင်ရှိလောက်မယ်ထင်မိတယ်။သူ့ခမျာ သိပ်ပြီးတော့စိတ်မူမမှန်ရှာပါဘူး။
အဲဒီတဲလေးဟာ ဘယ်ခေတ်ဘယ်ကာ လက ဆောက်ထားတယ်ဆိုတာ ကျွန်တော် မသိသလို
သူတို့သားအမိရဲ့ ဇာတိပဝတ္တိကို လည်း ကျွန်တော်သေချာမသိပါဘူး။ ကျွန်
တော်သတိပြုမိသလောက်တော့ သူတို့သား အမိဟာ ဆေးရိုးခေါက် ဆေးရွက်ကြီးတချို့
အဲဒီတဲဝမှာတင်ရောင်းဖူးတယ်လို့ ခပ်ရေး ရေးမှတ်မိနေတယ်။
အဘွားအိုဒေါ်မျှင်ဟာ သူ့သမီးရဲ့ဘ၀ရှေ့ ရေးကို တွေးပူဟန်တူပါတယ်။
ရှိစုမဲ့စုလေးကို ခြစ်ကုပ်စုဆောင်းပြီး ဓမ္မသုခလမ်းထဲက အိမ်
လေးတစ်လုံးကိုဝယ်ခဲ့ရှာတယ်။ အင်း ဖြစ်ချင် တော့ ဒေါ်မျှင်ဟာ အိမ်လေးဝယ်ပြီးတာတောင် သူ့တဲလေးကိုမစွန့်ခွာနိုင်ပဲ
အဲဒီအိမ်ကို အိမ် ငှားတင်သဗျ။ အဲဒီအိမ်ငှားကတော့ ကျွန် တော်တို့က
ကိုမုန့်လုံးလို့ခေါ်တဲ့ ကိုထွန်း အောင်တို့မိသားစုပါပဲ။ တိုတိုပြောရရင်
ခေတ် တွေစနစ်တွေပြောင်းလာပြီး လမ်းဘေးတဲ လေးကို
သက်ဆိုင်ရာကဖယ်ရှားလိုက်လို့ ဒေါ်မျှင်ဟာ လမ်းထဲကသူ့အိမ်ဆီ မဖြစ်မနေ ပြောင်းရတော့မယ့်အချိန်မှာ လူလည်ကိုမုန့် လုံးဟာ အသာတကြည်ဖယ်မပေးတော့ပါ ဘူး။
ခေတ်ကြီးကလည်း မဆလခေတ်၊ ကိုမုန့် လုံးကလည်း ရပ်ကွက်သမခွဲတမ်းကိုယ်စား
လှယ်လိုလို ရာထူးနဲ့ဆိုတော့ အိမ်ရှင်အိမ်ငှား ကိစ္စ
တရားတပေါင်ဆိုင်ဖို့ဆိုတာကလည်း ဒေါ်မျှင့်ခမျာ မတတ်ရှာနိုင်ဘူးထင်ပါရဲ့။ ဒီလိုနဲ့ ဒေါ်မျှင်ဟာ ကြံရာမရတဲ့အဆုံး သူပိုင် ကိုမုန့်လုံးရဲ့အိမ်ရှေ့မှာ
တဲလေးတစ်လုံးဇွတ် ထိုးနေရတဲ့ဘ၀ ရောက်ရရှာပါတယ်။ ထူးဆန်း တာတစ်ခုက
ဒီမတရားမှုကို အရပ်ထဲလမ်းထဲ မှာ ဩဇာအာဏာရှိတဲ့ ဘယ်လူကြီးတစ်စုံ တစ်ယောက်ကမှ
ဝင်ရောက်စွက်ဖက်ခြင်းမ ရှိဘဲ ရေငုံနှုတ်ပိတ်နေခဲ့ကြတဲ့ကိစ္စပါပဲ။
ဒီလိုအခြေအနေမှာတင် ဒေါ်မျှင်ဟာ အ သက်ရှစ်ဆယ်ကျော်လာတယ်။ ပိုဆိုးချင်တော့
သူ့သမီးဒေါ်ခင်တင့်ဟာ ဘာရောဂါနဲ့မှန်းမ သိ တပိန်ပိန်တလိမ်လိမ်နဲ့
ဆုံးသွားရှာပြန် တော့ အဘွားအိုဒေါ်မျှင် ထမင်းနပ်မမှန်တဲ့ဘဝ
ရောက်ရောဆိုပါတော့။ တစ်လမ်းလုံးလိုလို ဒေါ်မျှင့်ကိုကရုဏာသက်ကြရှာပါတယ်။
ဒါပေ မဲ့ ကိုမုန့်လုံးအရှိန်အဝါနဲ့ လူမုန်းမခံချင်ကြတာ ကြောင့်ထင်ပါရဲ့။
ဘယ်သူမှမကူညီရဲကြပါ ဘူး။ ကိုမုန့်လုံးကတော့ ဒေါ်မျှင်ကြီးမြန်မြန်သေ
ပါစေလို့ ဆုတောင်းပေမပေါ့။
ဒီမှာတင် တကယ့်တောသူအနုံအအစာရင်း
ဝင်တဲ့အမေဟာ ဘယ်ကဘယ်လိုသတ္တိတွေ ရသလဲတော့မဆိုနိုင်ဘူး။ ဒေါ်မျှင်အတွက်
နေ့စာရောညစာပါ သူကိုယ်တိုင် တာဝန်ယူပြီး နေ့တိုင်းပို့ပါတော့တယ်။
ပြန်နေကျဈေးက နေတစ်နာရီလောက်စောပြန်ပြီး ကိုယ်တိုင်ပို့ တယ်။
တချို့ရက်တွေမှာ ကျွန်တော်တို့ညီအစ် ကိုတွေကို အလှည့်ကျပို့ခိုင်းတယ်။
ထမင်း ဟင်းထည့်တဲ့ဇလုံပန်းကန်ကအစ သန့်ပြန့် နေမှအမေကြိုက်တယ်။
ကျွန်တော်တို့မိသား စုစားတဲ့ ထမင်းဟင်းတွေထဲကပဲ ခွဲပို့တယ်။အဘွားဒေါ်မျှင်
အသက်ကိုးဆယ်ကျော်မှာဆုံး ပါးသွားတဲ့အထိ အမေဟာ သူယုံကြည်ရာကို
ဘယ်သူ့ကိုမှမကြောက်မရွံ့ တစိုက်မတ်မတ် လုပ်ဆောင်သွားခဲ့လေရဲ့။
(၅)
ဆင်းရဲသားအားနည်းသူတွေဘက်ကနေ
ရဲရဲတင်းတင်းရပ်တည်ခဲ့တဲ့ အမေ့လုပ်ရပ် နမူနာကောင်းဟာ
အမေ့ရဲ့အထူးခြားဆုံး အမြင့်မားဆုံးဂုဏ်ရည်လို့ ကျွန်တော်တင်စား ချင်ပါတယ်။
အမေ့စိတ်ဓာတ်နဲ့လုပ်ရပ်တွေ ကို ကျွန်တော်သိပ်အားကျမိပါတယ်။ လက်ရှိ အခြေအနေမှာ လက်လုပ်လက်စား ဆင်းရဲ သား တောင်သူလယ်သမားတွေ ဘ၀ပျက်နေ ရတဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ရှေ့ရေးကတော့ ရတက်မအေးစရာတွေချည်းပါပဲ အမေရာ။
ကျွန်တော့်လက်ရှိဘ၀ဟာ မတောင့်မတ မကြောင့်မကျရတဲ့အခြေအနေမို့
ပြည့်စုံတယ် လို့ထင်ရပေမယ့် ကျွန်တော့်ဇာတိတိုင်းပြည် က တောနေလူတန်းစားတွေ
ဒုက္ခပွေနေရတဲ့အဖြစ်ကို အဝေးကနေ ကြားနေသိနေရတော့ ကျွန်တော့်စိတ်ထဲမှာ
မပျော်နိုင်တာအမှန်ပဲ။
မကြာသေးခင်ရက်ပိုင်းတွေက လက်ပံ
တောင်းတောင်ဆိုတဲ့ အညာဒေသဘက်မှာ သေနတ်ပေါက်တဲ့သတင်း တောသူတောင် သားတွေ
သေကြဒဏ်ရာရကြတဲ့သတင်းတွေ ကို တမလွန်ဘ၀ကအမေသာသိခဲ့ရင် ဘယ်
လိုနေရှာမှာပါလိမ့်။ မရှိနွမ်းပါးဆင်းရဲရှာကြ တဲ့သူတွေရဲ့
အဖြစ်ဆိုးလှတဲ့ဘ၀တွေကို အ မေဘယ်လိုကောက်ချက်ချမှာပါလိမ့်။
အစိုးရဘက်ကတော့ ဒီဖြစ်ရပ်တွေဟာ နောက်ကွယ် ကနေ သွေးထိုး လှုံ့ဆော်သူတွေ
ကြောင့်ဖြစ်ရတာမို့ သူတို့လုပ်ရပ်ဟာ တရား သတဲ့ အမေ။ အင်း
သူတို့ပြောတဲ့အတိုင်းသာ ဆိုရင်ဖြင့် အမေတောင် သွေးထိုး လှုံ့ဆော်သူ
စာရင်းမှာပါနေမယ်ထင်ပါရဲ့။ ဒါကြောင့် အ မေ့အကြောင်း ကျွန်တော်
မစဉ်းစားချင်ဘူးလို့ ကျွန်တော်ပြောခဲ့တာပေါ့။
ဒီည ကျွန်တော်အိပ်မပျော်ပြန်ဘူး အမေ။
မင်းဒင်
No comments:
Post a Comment