စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အခွင့်အရေးကို အမိအရဆုပ်ကိုင်ရမည့်အချိန်


စီးပွားရေးမူဝါဒချမှတ်ရာတွင် အချိန်အများစုမှာ ငွေကြေးသုံးစွဲမှုနှင့်အခွန်ကောက်ခံမှု အနည်းအကျဉ်းပြောင်းလဲမှုလုပ်လျှင်ပင် နိုင်ငံရေးသမားများက ဒေါသတကြီး ငြင်းခုံဆွေးနွေးကြသည်။ သို့သော် တစ်ခါတစ်ရံ ကြီးကျယ်သော အပြောင်းအရွှေ့များ ဖြစ်ပေါ်နိုင်ပါသည်။
၁၉၇၈ တွင် တိန့်ရှောင်ဖိန်က ဈေးကွက်များ စတင်ဖွင့်လှစ်မှုမှသည် ၁၉၉၀ ပြည့်နှစ်များတွင် ပိုလန်နိုင်ငံက ထိတ်လန့်စရာကုစားမှုဝါဒ ကျင့်သုံးခြင်းအထိ ရဲရင့်သော နိုင်ငံရေးသမားများက အချိန်အခါကောင်းများကို အသုံးချ၍ ပြုပြင်ပြောင်းလဲမှုများ တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ကာ ၎င်းတို့၏နိုင်ငံများကို အပြောင်းလဲကြီး ပြောင်းလဲစေခဲ့ကြသည်။ ယင်းသို့ မျိုးဆက်တစ်ခုတွင် တစ်ကြိမ်ရရှိမည့် အခွင့်အရေး ယခုအချိန်တွင် ရောက်ရှိနေပါသည်။

ကမ္ဘာ့ရေနံဈေးနှုန်းထိုးကျမှုနှင့်အတူ သန့်ရှင်းသော စွမ်းအင်လုပ်ငန်းနှင့် ရေရှည်ထိန်းသိမ်းရေးကဏ္ဍများတွင် တိုးတက်မှုများမှာ ကမ္ဘာတစ်ဝန်း နိုင်ငံရေးသမားများအတွက် စွမ်းအင်မူဝါဒကို တည့်မတ်ရေး အခွင့်ကောင်းပေးအပ်နေသည်။ ၎င်းတို့အနေဖြင့် ညစ်ညမ်းသော လောင်စာဆီများ အသုံးပြုမှုအတွက် ထောက်ပံ့ကြေးပေးခြင်း အစီအစဉ်များကို ပယ်ဖျက်ကာ ကာဗွန်အသုံးပြုမှုအတွက် အခွန်ကောက်ခံမှုများ ပြောင်းလဲလုပ်ဆောင်နိုင်သည်။ ပို၍ဈေးပေါသော၊ ပို၍ သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော၊ ပို၍ယုံကြည်စိတ်ချရသော စွမ်းအင်အနာဂတ်ကို လက်လှမ်းမီနိုင်သော အနေအထားဖြစ်သည်။

အကောင်းမြင်ခြင်းအတွက် အထင်ရှားဆုံးအကြောင်းပြချက်မှာ စွမ်းအင်ဈေးနှုန်းများ တစ်ဟုန်ထိုးကျဆင်းမှုဖြစ်သည်။ ရေနံဈေးနှုန်းမှာ လွန်ခဲ့သော ခြောက်လအတွင်း ထက်ဝက်ကျဆင်းသွားခဲ့သည်သာမက ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေး ကမောက်ကမဖြစ်ချိန်မှလွဲ၍ သဘာဝဓာတ်ငွေ့ဈေးနှုန်းများမှာ ဆယ်စုနှစ်တစ်ခုအတွင်း ဈေးအပေါဆုံးဖြစ်နေသည်။ စွမ်းအင်ဈေးနှုန်းများ ဆက်လက်ကျဆင်းနေမည်ဟူသော လက္ခဏာများပေါ်ထွက်နေပြီး ယင်းအတွက် ရေနံလုပ်ငန်းမှပုဂ္ဂိုလ်များ ပေါင်းစည်းရေးလုပ်ကာ အခက်အခဲကို ရင်ဆိုင်ရန် ပြင်ဆင်နေကြသည်။

သတိထားမိမှု နည်းပါးသည်မှာ သန့်ရှင်းသော စွမ်းအင်များ၏ ဈေးနှုန်းများလည်း ကျဆင်းနေခြင်းဖြစ်သည်။ နည်းပညာသစ်များက စွမ်းအင်သုံးစွဲမှုများကို ပိုမို၍ ကောင်းမွန်စွာ စီမံခန့်ခွဲလာနိုင်စေသည်။ အထူးသဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ခန့်ခွဲရေးကို ပိုကောင်းလာစေသည်။ ယင်းအတွက် ဖြုန်းတီးမှုကို လျှော့ချပြီး ကုန်ကျစရိတ်များကို ထပ်မံလျှော့ချနိုင်သည်။ ဆယ်စုနှစ်များစွာပင် ကမ္ဘာကြီးအတွက် စွမ်းအင်လုံလောက်စွာ ထုတ်လုပ်နိုင်မည်လား၊ မည်သို့ထုတ်လုပ်ပြီး ကုန်ကျစရိတ်မည်မျှရှိမည်နည်းဆိုသည်မှာ ကြီးမားသောမေးခွန်းများဖြစ်ခဲ့သည်။ သို့သော် ယခုစိန်ခေါ်မှုမှာ ပေါများခြင်းကို မည်သို့စီမံမည်နည်းဆိုသောပြဿနာ ဖြစ်လာသည်။

ယင်းပေါများမှုက ပြုပြင်ပြောင်းလဲရေးအလားအလာကို ဖန်တီးပေးပါသည်။ နိုင်ငံအများအပြားမှာ လိုအပ်ချက်အပေါ် အခြေခံ၍ အငြင်းပွားဖွယ် စွမ်းအင်မူဝါဒများဖြင့် ရှုပ်ထွေးနေသည်။
ကျောက်ချပ်လွှာများအတွင်းမှ ရေနံကို ထုတ်ယူလာနိုင်သဖြင့် လေးနှစ်အတွင်း အမေရိကန်နိုင်ငံ၏ ရေနံထုတ်လုပ်မှုကို သုံးပုံနှစ်ပုံတိုးတက်လာစေခဲ့သည်။ သို့သော်လည်း ၁၉၇၀ နှစ်များက ဖြစ်ပေါ်ခဲ့သော ရေနံအပေါ် စိုးရိမ်ထိတ်လန့်မှုများကြောင့် ရေနံတင်ပို့မှုကို ဆက်လက် ပိတ်ပင်ထားပြီး သဘာဝဓာတ်ငွေ့တင်ပို့မှုကိုလည်း ကန့်သတ်ထားဆဲဖြစ်သည်။ အီသနောထုတ်လုပ်နိုင်ရန် လွှတ်တော်ကလည်း
 အိုင်အိုဝါပြည်နယ် ပြောင်းစိုက်တောင်သူများအား ငွေကြေးဆက်လက်ထောက်ပံ့နေသည်။

ဖူကူရှီးမားဘေးဒုက္ခဖြစ်ပေါ်ခဲ့သော်ငြားလည်း နျူကလီးယားစွမ်းအင်အတွက် ဆက်လက်၍ ရက်ရက်ရောရော ထောက်ပံ့နေပြီး အနောက်တိုင်း နျူဓာတ်အားပေးစက်ရုံသစ်များမှာ မှန်းခြေထက် ပိုမိုကုန်ကျနေသည်။ ဥရောပတွင်မူ ငွေကြေးပေးအပ်မှုများမှာ ပုံစံအနည်းငယ်ခြားနားသည်။ လေစွမ်းအင်နှင့် နေစွမ်းအင်စီမံကိန်းများအတွက် ဒေါ်လာဘီလီယံနှင့်ချီ၍ ပုံအောသုံးစွဲခဲ့သည်။

ဂျာမနီနိုင်ငံက အလျင်စလို နျူကလီးယားစွမ်းအင်ကို ဖြတ်တောက်လိုက်ခြင်းမှနေ၍ အမေရိကန်၏ ကျောက်မီးသွေးလုပ်ငန်း၊ ရုရှား၏ သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ကို အကူအညီပေးရာရောက်သွားခဲ့သည်။

တိုက်ရိုက်အကျဆုံး ပြုပြင်ပြောင်းလဲမှုမှာ ရုပ်ကြွင်းလောင်စာများထုတ်လုပ်ခြင်း၊ သုံးစွဲနိုင်ခြင်းများအတွက် ထောက်ပံ့ကြေးများကို တိခနဲဖြတ်တောက်ခြင်းပင် ဖြစ်ပါလိမ့်မည်။ ပြီးခဲ့သည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း အစိုးရများက အဆိုပါ စွမ်းအင်ကြွက်တွင်းထဲသို့ ကန်ဒေါ်လာ ၅၅၀ ဘီလီယံ လောင်းချခဲ့သည်။ ယင်းတွင် ဆင်းရဲသောနိုင်ငံများ၌ လောင်စာဆီဈေးနှုန်းများ လျှော့ချထားရေး အသုံးပြုသလို နိုင်ငံကြီးများတွင် ရေနံရှာဖွေရေး အားပေးအားမြှောက်ပြုရန်ဖြစ်သည်။ တစ်ဖက်တွင်လည်း ယင်းသို့ ထောက်ပံ့ကြေးများပေးခြင်းက အလွန်အကျွံသုံးစွဲမှုဆီ ဦးတည်သွားခဲ့ပြီး ယင်းသုံးစွဲမှုများမှာ ၁၉၈၀-၂၀၀၀ ကာလအတွင်း ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု ၃၆ ရာခိုင်နှုန်းကို ဖြစ်ပေါ်စေခဲ့သည်။

ရေနံဈေးနှုန်းများ ကျဆင်းမှုက ထိုကဲ့သို့ အဓိပ္ပာယ်မဲ့လုပ်ရပ်များကို ပြန်လည်စဉ်းစားရန်အခွင့်အရေး ရလာစေခဲ့သည်။ ငွေကြေးကျပ်တည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့က ဓာတ်ဆီလောင်စာ ထောက်ပံ့ကြေးများကို ရဲရဲတင်းတင်းပင် ဖြတ်တောက်ခဲ့ကြပြီး ဆေးရုံများ၊ ကျောင်းများအတွက် သုံးစွဲစရာငွေကြေးများ ထွက်လာစေခဲ့သည်။ သို့သော် အချို့နိုင်ငံများက ယင်းနမူနာကိုမလိုက်ကြ။

ဗင်နီဇွဲလားနိုင်ငံမှာ ကြွေးလည်ပင်းနစ်လုဖြစ်နေသော်လည်း ယင်းနိုင်ငံတွင် ဓာတ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် ဆင့်အနည်းငယ်သာ ကုန်ကျပါသည်။ Exxon ကုမ္ပဏီက ရေနံရှာဖွေတွေ့ရှိရေး အဘယ်ကြောင့် အမေရိကန်အခွန်ထမ်းများက ပါဝင်ဖြည့်ဆည်းပေး နေရပါသနည်း။ ထိုကဲ့သို့ ထောက်ပံ့ငွေအားလုံးကို နှုတ်ဆက်လက်ပြနိုင်ပါသည်။

အစပဲရှိပါသေးသည်။ မကြာသေးမီနှစ်များအတွင်း နိုင်ငံရေးသမားများက အများအားဖြင့် ရုပ်ကြွင်းလောင်စာများအပေါ် အခွန်တိုးမြှင့်ရန် ငြင်းဆန်ကြသည်။ ၎င်းတို့၏ အကြောင်းပြချက်မှာ နေအိမ်များ အပူပေးခြင်းနှင့် ကားမောင်းခြင်းကုန်ကျစရိတ်များကို မြင့်တက်စေခဲ့ပါက မဲဆန္ဒရှင်များကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်သာမက စီးပွားရေးကိုပါ ထိခိုက်သည်ဟူ၍ဖြစ်သည်။ သို့သော် ရေနံနှင့် သဘာဝဓာတ်ငွေ့များ တစ်နေ့တခြား ဈေးပေါလာခဲ့ရာ အဆိုပါအကြောင်းပြချက်ပေး၍ မရတော့ပေ။ အခွန်နှုန်းထားများ တိုးမြှင့်ခြင်းဖြင့် ဈေးနှုန်းများ အတက်အကျမြန်ဆန်ခြင်းကို အားလျော့စေကာ ရေရှည်ထိန်းသိမ်းနိုင်မှုကို တွန်းအားဖြစ်စေပြီး အစိုးရများအနေဖြင့် ငွေကြေးရှာဖွေမှု ပိုမိုလွယ်ကူသွားစေနိုင်သည်။

ထင်ရှားစွာ အစပြုသင့်သော နေရာမှာ ရေနံနှင့် ဓာတ်ဆီပင်ဖြစ်သည်။ အမေရိကန်အစိုးရက ဓာတ်ဆီတစ်ဂါလန်လျှင် ၁၈ ဆင့်သာ အခွန်ကောက်ခံနေပြီး ယင်းကို ၁၉၉၃ ကတည်းက ချမှတ်ခဲ့၍ အပြောင်းအလဲမလုပ်ရဲပေ။ ကာဗွန်အခွန် ကောက်ခံခြင်းကမှ ပိုကောင်းပါလိမ့်မည်။ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှုမှာ ကမ္ဘာမြေကြီးနှင့် ယင်းအပေါ် မှီတင်းနေထိုင်သူများ၏ ကျန်းမာရေးကို ထိခိုက်စေပါသည်။

ကာဗွန်အခွန်ကောက်ခြင်းဖြင့် သန့်ရှင်းသော လောင်စာများ ထုတ်လုပ်သုံးစွဲရေးသို့ စွမ်းအင်ကုမ္ပဏီများနှင့် သုံးစွဲသူများကို ဖြည်းဖြည်းချင်း ဆွဲဆောင်နိုင်သည်။ ရေနံဈေးနှုန်းကျဆင်းလာသဖြင့်လည်း ကာဗွန်အခွန်ကောက်ခြင်းမှာ နိုင်ငံရေးအရ ခက်ခဲမှုလျော့ပါးလာသည်။
အဆိုပါအချက်များမှာ လောင်စာနှင့် စွမ်းအင်ဈေးနှုန်းများ ကျဆင်းလာခြင်း၏ အကြီးမားဆုံး ကောင်းချီးပေးမှုဖြစ်သည်။

ကမ္ဘာ့စွမ်းအင်မူဝါဒများကို အပြောင်းအလဲလုပ်ရေး အခွင့်ကောင်းဖြစ်သည်။ စွမ်းအင်ပေါများစွာ ရရှိနိုင်မှု၊ သန့်ရှင်းမှုရှိရေးနှင့် လုံလောက်မှုရှိရေး သေချာစေရန် အစိုးရအဖွဲ့များက တရားဝင်လုပ်ဆောင်နိုင်သည်။ ကာဗွန်အခွန်ကောက်ခံခြင်းမှာ လေစွမ်းအင်စီမံကိန်းများနှင့် နျူကလီးယားစက်ရုံများအတွက် ထောက်ပံ့ကြေးများ ပေးအပ်ခြင်းထက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး ပိုမိုကောင်းမွန်သောနည်းလမ်းဖြစ်ပါသည်။

အဆိုပါအခြင်းအရာများကို လုပ်ဆောင်ရန် ယခုအခါတွင် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရေးအရ ဖြစ်နိုင်ခြေနယ်ပယ်ထဲသို့ ရောက်ရှိလာသည်။ ယင်းမှနေ၍ ပိုမိုထိရောက်၍ သန့်ရှင်းသော စွမ်းအင်အနာဂတ်ဆီ လျှောက်လှမ်းနိုင်သည်။ နိုင်ငံရေးသမားများအတွက် အခွင့်အရေးကို အမိအရဆုပ်ကိုင်ရမည့်အချိန်ဖြစ်သည်။
—Ref: Seize the day By: Economist

http://7daydaily.com/story/30041#.VMJPEXvdXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...