စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"ဗုဒ္ဓုပ္ပါဒ နဝမခေတ်(သို့မဟုတ်) ရပ်ပြစ်ရှစ်ပါးမှလွန်မြောက်သောခေတ်ဟူသည်"


 

ဗုဒ္ဓုပ္ပါဒ နဝမခေတ်(သို့မဟုတ်) ရပ်ပြစ်ရှစ်ပါးမှလွန်မြောက်သောခေတ်ဟူသည်
အဋ္ဌလက္ခဏခေတ်ဖြစ်သော ရပ်ပြစ်ရှစ်ပါးမှ လွန်မြောက်သော ခေတ်ကို ဆိုလိုသည်။ အဋ္ဌလက္ခဏခေါ်သည့် ရပ်ပြစ်ရှစ်ပါးဆိုသည်မှာ
၁။ ငရဲဘုံသို့ ရောက်နေချိန်သည် ဆင်းရဲလွန်းလှရကား သစ္စာမမြင်နိုင်သည့် အချိန်တည်း။

၂။ တိရစ္ဆာန်ဘုံသို့ ရောက်ချိန်သည်လည်း ထို့အတူ သစ္စာကွယ်သော ခေတ်ပင်တည်း။

၃။ ပြိတ္တာဘုံသို့ ရောက်နေချိန်သည်လည်း ထိုနည်းလည်းကောင်းပင်တည်း။

၎။ အသူရကာယ်သို့ ရောက်နေချိန်သည်လည်း ထူးမခြားနားပင်တည်း။

၅။ (က) အသညသတ် ဗြဟ္မာ့ဘဝသို့ ရောက်နေချိန်သည်လည်း ဘုရားရှင်နှင့် အရိယာတို့၏ တရားသဘောကို မှတ်သားနိုင်သည့် ဥာဏ်စွမ်းမရှိလေရကား မျောက် အုန်းသီးရဘုံဘဝမျှသာတည်း။

(ခ) အရူပဗြဟ္မာ့ဘဝသို့ ရောက်နေချိန်သည်လည်း ဘုရားရှင်နှင့် အရိယာတို့၏ တရားစကားကို နားကြားနိုင်သည့် နားမရှိခြင်းကြောင့်ပင် ထီပေါက်သော်လည်းထီလက်မှတ်ပျောက်သည့် ခေတ်သာတည်း။

၆။ လူဖြစ်ပြန်ပါသော်လည်း ဘုရားရှင်နှင့် အရိယာတို့၏ ဆန့်ကျင်ဘက်အယူရှိသည့် ဘာသာဝင်ဘဝထဲ (သို့မဟုတ်) မိစ္ဆာဒိဋ္ဌိအယူဝါဒထဲရောက်နေပြန်ကလည်း ဘုရားတရားတော်နှင့် လွဲချော်မည့်ဘဝခေတ် သာတည်း။

၇။ တစ်ဖန်လည်း ဘုရားရှင်၏ ယုံကြည်သက်ဝင်သည့် ဘာသာတူ လူမျိုးတူဖြစ်ပြန်ပါသော်လည်း ဘုရားတရားတော်၏ သဘောထဲ၌ ဥာဏ်ဝင်စားဆုံးဖြတ်နိုင်သည့် အမောဟဟိတ်(ပညာအကြောင်းခံ) ကင်းဆိတ်နေချေလျှင်လည်း ဘုရားတရားတော်နှင့် လွဲချော်မည့်ဘဝခေတ်သည်သာလျှင်တည်း။

၈။ တစ်ဖန်လည်း လူ့ဘဝရောက်ချိန်လည်း ဟုတ်၏။ ဘုရားရှင်၏ အယူဝါဒကိုလည်း တစ်ထစ်ချ ယုံကြည်၏။ ပညာအကြောင်းခံသော အမောဟဟိတ်လည်း အဆင်သင့်ပင်ပါရှိ၏။ သို့သော် ဥာဏ်အလင်းသို့ပေါက်ရန် ဟောပြောပြသမည့် ဘုရားစသော အရိယာသူတော်ကောင်းများ မပွင့်ထွန်းချိန် ဖြစ်နေပြန်ပါကလည်း ဘုရားတရားတော်နှင့် လွဲချော်မည့် ခေတ်သည်သာဖြစ်၏။

သို့ကြောင့်လျှင် အထက်ပါ အခါမျိုး(ဘဝမျိုး) ရှစ်မျိုးကို အက္ခဏ အခွင့်အရေးကောင်းကြီးများ ဆုံးရှုံးလက်လွှတ်ရသော ခေတ်ဟု ဆိုချေသည်။
ထိုအက္ခဏခေါ်ဆိုရသည့် ရပ်ပြစ်ရှစ်ပါး (အပြစ်ကြီးသည့် အရပ်ဒေသရှစ်ခု)-၌ကား သစ္စာတရားတို့ ဆိတ်သုဉ်း ကြလေကုန်၏။သို့ကြောင့်ပင် မကောင်းသည်ကိုတော့ ဆောင်၍ဆောင်၍နေလေပြီး ကောင်းသည်ကိုကား ရှောင်၍ရှောင်၍ နေလေ၏။ ထိုအခါသမယမျိုးများသည်ကား မမြင်မစမ်း ဆင်ကန်းတောတိုးဘဝမျိုးဖြင့် ထင်ရာ မြင်ရာအတိုင်းသာ ဒုန်းစိုင်းလျှက်က ဆိုးသွမ်း လျှပ်ပေါ်လော်လီနေကြရရှာသော အက္ခဏခေါ် လူအခွင့်အရေးကြီး လက်လွှတ်ဆုံးရှုံးနေရသည့် အခါသမယ မျိုးများသာ ဖြစ်ပါချေသည်။

ဗုဒ္ဓုပ္ပါဒ နဝမခေတ်သည်ကား ထိုသို့မဟုတ်ပါ။ အရှိကိုလည်း အရှိတိုင်းလည်းကောင်း၊ အမှန်ကိုလည်း အမှန်တိုင်းလည်းကောင်း၊ ထွင်းဖောက်မြင်သိစေနိုင်သည့် သစ္စာတရားများ၊ ထွန်းကားနေချေပြီ ဖြစ်ရကား ပယ်ဖျက်သင့်သည့်အရာကို ပယ်ဖျက်နိုင်စွမ်းရှိခြင်း၊ တွယ်ဖက်သင့်သည့် အရာကိုလည်း တွက်ဖက်နိုင်စွမ်း ရှိခြင်း ဤသတ္တိထူးများ ပေါ်ထွက်လာချေတော့ရာ မကောင်းရာ(အကုသိုလ်)ကိုရှောင်၊ ကောင်းရာ (ကုသိုလ်) ကိုသာဆောင်တတ်သည့် ဘုရားပွင့်ထွန်းရာ အခါသမယများသာ ဖြစ်ချေသည်။


စာဖတ်သူအားလုံးသက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

https://www.facebook.com/photo.php?fbid=413208902110280&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...