ဆေးထိုးတာ နည်းနည်းနာတယ်
_______________________
တကယ်တော့ ကလေးတွေရဲ့ခံနိုင်ရည်စွမ်းက အံ့သြစရာပါ။ သူတို့ကို မခြောက်လန့်ဘူး သင့်တင့်တဲ့ စိတ်ဓာတ်ရေးရာ ကြိုတင်အသိပေးလေးတွေလုပ်ခဲ့ရင် များသောအားဖြင့် သူတို့ဟာ ဘယ်လောက်ခက်ခဲတဲ့ကိစ္စရပ်ကိုမဆို လက်ခံနိုင်ကြတယ်၊ ခံနိုင်ရည်ရှိကြတယ်။
တစ်ခါက ဆေးရုံဝရံတာမှာ အသက်၆နှစ်, ၇နှစ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက် ဆေးထိုးဖို့ငြင်းဆန်နေတာကို
ကျွန်မတွေ့ခဲ့တယ်။ ထောင်ထောင်မောင်းမောင်း၊ သန်သန်မာမာသူ့ဖခင်က သူ့ကို
ထိန်းမထားနိုင်ခဲ့ဘူး။ ဖခင်ကအားနဲ့ ကောင်လေးကိုချုပ်ထားဖို့ကြိုးစားတိုင်း နောက်ဆုံးမှာ ကောင်လေးက ရုန်းထွက်နိုင်ခဲ့တာချည်းပဲ။
ကောင်လေးရဲ့ တွန်းလှန်အားကို “အစွမ်းကုန်”ဆိုတာနဲ့ တင်စားလို့ရပါတယ်။
သေးငယ်တဲ့ခန္ဓာကိုယ်ကနေ အံ့သြစရာကောင်းလောက်တဲ့ အားအင်မျိုးနဲ့
သူရုန်းခဲ့တယ်။ စူးစူးဝါးဝါး သူအော်ဟစ်တဲ့အသံက လူကိုချောက်ချားစေခဲ့သလို
ဝရံတာတစ်ခုလုံးကိုလည်း တုန်လှုပ်စေခဲ့ပါတယ်။
လူတစ်ယောက်ရဲ့ခံစားချက်က အဆုံးစွန်ထိမရောက်ရင် “အစွမ်းကုန်”အင်အားမျိုး ရှိနိုင်ပါ့မလား။ အဲဒီကောင်လေး ဘယ်လောက်ကြောက်လန့်နေမယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ဆေးထိုးတယ်ဆိုတဲ့ ဒီ “ကိစ္စရပ်လေး”တစ်ခုက ကလေးရဲ့စိတ်ဓာတ်ကို ဘယ်လောက်အထိ ပွန်းရှခဲ့ပြီလဲ။
ကလေးငယ်တွေရဲ့ကြီးပြင်းရာလမ်းတလျောက်မှာ
ခက်ခဲတယ်၊ ကြောက်ဖို့ကောင်းတယ်လို့ သူတို့ထင်တဲ့အရာတွေ အနည်းအများတော့
သူတို့တွေ့ကြုံရစမြဲပဲ။ အုပ်ထိန်းသူလူကြီးတွေရဲ့တာဝန်က ကြောက်ရွံ့တဲ့စိတ်ကိုကျော်လွှားဖို့ ကလေးငယ်ကိုကူညီတာပဲဖြစ်တယ်။ အေးဆေးတည်ငြိမ်တဲ့စိတ်ထားနဲ့ အခြေအနေကို ဖြတ်ကျော်နိုင်ဖို့၊ နာကျင်ကြောက်ရွံ့စိတ်ကို နိမ့်ချပေးနိုင်ဖို့ ကူညီတာဖြစ်တယ်။
ဆေးထိုးတယ်ဆိုတဲ့ ဒီလိုကိစ္စမျိုးက တစ်သက်မှာ အကြိမ်တော်တော်များများ
တွေ့ကြုံရမယ့်ကိစ္စမျိုးပါ။ ဆေးထိုးတာကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကလည်း လုံးဝလျစ်လျူရှုထားလို့မရနိုင်တဲ့ ကိစ္စရပ်လေးဖြစ်တယ်။ ဒီလိုသေးသေးမွှားမွှားကနေဖြစ်ပွားလာတဲ့ စိတ်ဓာတ်ရေးရာကလည်း တခြားကိစ္စရပ်တွေပေါ် ပြောင်းရွေ့နိုင်ပါတယ်။ လူကြီးတွေက ကိုယ်ကိုယ်တိုင်ရဲ့ခံစားချက်နဲ့ ကလေးတွေကို သွားအကဲဖြတ်လို့ မရပါဘူး။ များသောအားဖြင့် လူကြီးတွေက ဒါဟာ လွယ်ကူတဲ့အရာပဲ.. ကလေးငယ်ကိုချုပ်ထားနိုင်ရင် ဒါမှမဟုတ် လိမ်ညာပြီး ထိုးခိုင်းလိုက်ရင် ပြီးသွားမယ့်ကိစ္စလို့ထင်ကြတယ်။ ကလေးငယ်ကို တည်တည်ငြိမ်ငြိမ်နဲ့လက်ခံတတ်ဖို့ လူကြီးတွေက ပညာပေးသင့်သလို နာကျင်မှုကို ခံနိုင်ရည်ရှိတဲ့သတ္တိမျိုး ပြုစုပျိုးထောင်ပေးသင့်ပါတယ်။
တချို့အုပ်ထိန်းသူတွေက သူတို့ကလေးဆေးထိုးခံဖို့ကို ချော့တစ်ခါ၊ ချောက်တစ်လှည့်၊ လိမ်တစ်လှည့်၊ အတင်းအဓ္ဓမတစ်လှည့်လုပ်တာမျိုး
ကျွန်မအမြဲတွေ့ခဲ့ရတယ်။ အဲဒီကလေးတွေက သူတို့ဆေးထိုးခံရတဲ့အနာက
တခြားကလေးတွေထက် အဆများစွာ ပိုနာနေသလိုမျိုးပဲ။ အုပ်ထိန်းသူတွေရဲ့
သွန်သင်ဆုံးမနည်းက ကလေးတွေရဲ့နာကျင်မှုကို အကျယ်ချဲ့လိုက်ရုံမက
အခက်အခဲနဲ့တွေ့ကြုံချိန် သတ္တိရှိရှိရင်ဆိုင်တတ်ဖို့ကိုလည်း ကလေးတွေကို သင်မပြနိုင်ခဲ့ပါဘူး။
“ဆေးထိုးတာ နည်းနည်းနာတယ်” လို့ ကလေးငယ်ကို ကြိုပြောပြထားတာဟာ အခက်အခဲရှေ့မှောက်ရောက်တဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တတ်ဖို့ သင်ကြားပေးနိုင်သလို နာကျင်ကြောက်ရွံ့စိတ်ကိုလည်း ပေါ့လျော့စေနိုင်ပါတယ်။ နာကျင်မှုဒဏ်ကို ကလေးငယ်တွေ ခံနိုင်ရည်ရှိအောင် လူကြီးတွေမှာလည်း အောက်က စည်းမျဉ်းစည်းကမ်းတွေရှိသင့်ပါတယ်။
(၁) တည်တည်ငြိမ်ငြိမ်ရှိပါစေ။ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြမှု
မပေါ်လွင်ပါစေနဲ့။ တကယ်လို့ လူကြီးတွေမှာ စိုးရိမ်ကြောင့်ကြစိတ်ပေါ်နေရင် ကလေးတွေက ဒါပြင်းထန်တယ်ထင်ပြီး ပိုထိတ်လန့်တတ်ပါတယ်။
(၂) ဘာဖြစ်လို့ ဒီလိုလုပ်ရတယ်ဆိုတဲ့ အကျိုးအကြောင်းကို
ကလေးတွေသိနားလည်နိုင်တဲ့ အပြောအဆိုနဲ့ ရှင်းပြပါ။ ဥပမာ-- ကလေးအခုဖျားနေလို့
ဆေးထိုးဖို့လိုလာတယ်။ ဆေးထိုးမှ အဖျားပျောက်မယ်ဆိုတဲ့အကြောင်း။ ကလေးက ပြောပြလည်းနားလည်မှာမဟုတ်ဘူးဆိုပြီး မပြောဘဲနေတာမျိုး မဖြစ်ပါစေနဲ့။
(၃) ကလေးတွေခံရမယ့် နာကျင်မှုဒဏ်ကို အမှန်အတိုင်းပြောပြသင့်တယ်။
နာကျင်မှုကို ပုံကြီးမချဲ့မိအောင်၊ အလွန်အကျွံ အသေးမချုံ့မိအောင်
သတိထားရပါတယ်။ ဥပမာ- ကလေးဆေးထိုးအောင်ဆိုပြီး အုပ်ထိန်းသူတော်တော်များများက “ဆေးထိုးတာ နည်းနည်းလေးမှမနာဘူး”လို့ ပြောတတ်ကြတယ်။ ကလေးက တစ်ခေါက်ခံရဖူးပြီးရင် နောက်တစ်ခေါက်ဒီလိုအလိမ်ထပ်ခံရဖို့ ငြင်းဆန်တတ်ကြတယ်။ ဒါဟာ အခက်အခဲဆိုရင် ရင်ဆိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့သတ္တိကို တစ်ကြိမ်တစ်ခါဆုံးပါးသွားစေတဲ့ အခွင့်အရေးလည်းဖြစ်တယ်။ ပြီးတော့ လူကြီးတွေကို အယုံအကြည်မဲ့သွားတတ်ပါတယ်။
(၄) ကလေးရဲ့သတ္တိကိုနှိုးဆွပေးပါ။
သူတို့ကိုသာ မခြောက်လှန့်ခဲ့ရင် ကလေးတွေရဲ့ ခံနိုင်ရည်အားက အံ့သြစရာပါ။
သင့်တင့်တဲ့ စိတ်သက်သာမှုတစ်ခုကို ကြိုတင်အသိပေးခဲ့ရင် သူတို့ဟာ
ခက်ခဲတယ်ဆိုတဲ့အရာတချို့ကိုတောင်
လက်ခံနိုင်သူတွေဖြစ်တယ်။ တပြိုင်တည်းမှာပဲ သူတို့ကို လွတ်လမ်းတစ်ခုလည်း
ပေးသင့်ပါတယ်။ ကိုယ့်ရဲ့ “သတ္တိမရှိတဲ့၊ မကြံ့ခိုင်တဲ့” ပုံစံက
ရှက်စရာကောင်းတယ်လို့ ကလေးတွေမထင်မြင်သွားပါစေနဲ့။
(၅) ရည်ရွယ်ချက်ဖြစ်မြောက်အောင်ဆိုပြီး
ကလေးကို လိမ်ညာတာ ဒါမှမဟုတ် တစ်ခုခုနဲ့လဲလှယ်တာမျိုး လုံးဝမလုပ်ပါနဲ့။
တချို့အုပ်ထိန်းသူတွေက “ဆေးမထိုးရင် ရဲလာဖမ်းလိမ့်မယ်နော်”၊ “ဒီဆေးသောက်ရင်
ကစားစရာဝယ်ပေးမယ်” စတဲ့နည်းတွေနဲ့ ရည်ရွယ်ချက်ဖြစ်မြောက်အောင် လုပ်ကြတယ်။ ဒါက အရမ်းဆိုးဝါးတဲ့နည်းတွေပါ။ လိမ်ညာတာ၊ လဲလှယ်တာက တစ်ကြိမ်တစ်ခါလောက်ပဲ ပြဿနာကိုဖြေရှင်းနိုင်ပေမယ့် ကလေးငယ်ရဲ့ထိတ်လန့်မှုကို ကူညီဖြေရှင်းမပေးနိုင်ပါဘူး။ ပြီးတော့ သူတို့ရဲ့ကိုယ်ကျင့်တရားဖွံ့ဖြိုးမှုကိုလည်း အဟန့်အတားဖြစ်စေပါတယ်။
*** *** (တရုတ်စာရေးဆရာမ “Yin Jian Li” ရဲ့ “မိခင်ကောင်းက ဆရာသမားကောင်းထက်သာလွန်တယ်”ဆိုတဲ့စာအုပ်ကို
ဆီလျှော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။ စာပိုဒ်ကအရှည်ကြီး..
ဖတ်ရပျင်းမှာစိုးလို့ လိုအပ်တဲ့နေရာလောက်ပဲ ကျွန်မဖြတ်တောက်ပြီး
မျှဝေတာဖြစ်ပါတယ်)
နိုင်းနိုင်းစနေ
https://www.facebook.com/photo.php?fbid=422384304526073&set=a.351047714993066.7
No comments:
Post a Comment