••••••••••••••••••••••••••
ရှင်အာနန္ဒာကား နွမ်းလျနေသောဘုရားရှင်ကို ခြေဆုံးခေါင်းဆုံးဖူးလိုက်၊
ထိုအချိန်မှ သုဘဒ္ဒပရိဗိုဇ်သည် မိုးသောက်ယံ၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော့မည့် သတင်းကိုကြား၍ ပြဿနာမေးလျှောက်ရန် မြတ်စွာဘုရားအထံသို့ တိုးဝင်လာရာ ရှင်အာနန္ဒာက သုံးကြိမ်တိုင်တိုင် တားမြစ်လေသည်။ သုဘဒ္ဒပရိဗိုလ်နှင့် ရှင်အာနန္ဒာတို့ အချီအချေ ပြောဆိုနေသော စကားကို မြတ်စွာဘုရား ကြားတော်မူ၍ ရှင်အာနန္ဒာအား မမြစ်တားရန် မိန့်တော်မူ၏။
သုဘဒ္ဒပရိဗိုဇ်သည် မြတ်စွာဘုရားအား - လောက၌ မိမိကိုယ်ကို ဘုရားဟု ၀န်ခံ၍နေကြသော ပူရဏကဿပ စသော ဆရာကြီးတို့သည် သဗ္ဗညုတဉာဏ်ရသော ဘုရားဟုတ် - မဟုတ်ကို မေးလျှောက်သည်။ မြတ်စွာဘုရားက ထိုသို့ မေးလျှောက်ရန် တားမြစ်တော်မူ၏။
မြတ်စွာဘုရားက သုဘဒ္ဒပရိဗိုဇ်အား -
“မဂ္ဂင်ရှစ်ပါးကျင့်စဉ် မရှိသော အယူဝါဒ၌ ကိလောသာငြိမ်းသော အရိယာများ မဖြစ်ပေါ်နိုင်၍ အချည်းနှီးဖြစ်ပုံ၊ မဂ္ဂင်ရှစ်ပါးကျင့်စဉ် ရှိသော ဤသာသနာတော်၌သာ ကိလေသာ ငြိမ်းသူ အရိယာရှိပုံ။ ဤသာသနာတော်၌ ရဟန်းတို့သည် ကိုယ်တိုင်လည်းကျင့်၊ တဆင့်လည်း ဟောပြကာ ကောင်းစွာကျင့်ကြံနေသမျှ ကာလပတ်လုံး ဤလောက၌ ရဟန္တာ မဆိတ်သုဉ်းနိုင်ကြောင်း” ဟောပြတော်မူ၏။
သုဘဒ္ဒပရိဗိုဇ်လည်း သာသနာဘောင်သို့ ၀င်ရောက်ကာ ရဟန္တာဖြစ်ပြီး မြတ်စွာဘုရား၏ နောက်ဆုံးသာဝက ဖြစ်ပေတော့သည်။ ရာသီဥတုကလည်းကြမ်း၊ သွေးဝမ်းရောဂါကလည်း ပြင်းထန်စွာ ဖိစီးသည့်ကြားက (၂၅)ထောက်တိုင်တိုင် တန့်နား၍ ကုသိနာရုံအရောက် ဆင်းရဲ ပင်ပန်းခံကာ ကြွသွားတော်မူသည်မှာ ပဓာနအားဖြင့် တစ်ဦးတည်းသော သုဘဒ္ဒပရိဗိုဇ်အား ချေချွတ်တော်မူရန်ဖြစ်သည်။ ကရုဏာကြီးမားတော်မူလှပါပေ၏။
၄၅-၀ါ တိုင်တိုင် သတ်မှတ်ထားသော နေ့စဉ် ဆောင်ရွက်မြဲ လုပ်ငန်းစဉ်အရ ကိုယ်တော်အင်အားချည်းနဲ့၍ ယဲ့ယဲ့မျှသာ ရှိတော့သော ဤနောက်ဆုံးနေ့မှာပင် ပြုလုပ်မြဲလုပ်ငန်းစဉ်ကို ဖျက်တော်မမူ။ ညဉ့်ဦးယံ၌ မလ္လာမင်းသားတို့အား ဟောကြား၍ ညဉ့်လယ်ယံ၌ သုဘဒ္ဒအား သီးခြား ချီးမြှောက်တော်မူသည်။
( ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ -)
Young Buddhist's Association
https://www.facebook.com/photo.php?fbid=420244908073346&set=a.351047714993066.7
No comments:
Post a Comment