စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဆင်းရော ရနံ့ပါ ပြည့်စေရာ ..


ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင်သီတင်းသုံးတော်မူစဉ် မလ္လိကာမိဖုရားနှင့် ၀ါသဘခတ္တိယာ မိဖုရားတို့ကို အကြောင်းပြု၍ ဤဒေသနာကို ဟောကြားတော်မူလေသည်။

သာဝတ္ထိပြည်မှ ဆတ္တပါဏိ အမည်ရှိသော ဒါယကာတစ်ယောက်သည် ပိဋကတ်သုံးပုံကိုလည်း ဆောင်၏။ အနာဂါမ်ပုဂ္ဂိုလ်လည်း ဖြစ်၏။ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်၍ သီလခံယူရန် မရှိ။ ပကတိခိုင်မြဲသော ဗြဟ္မစရိယသီလ ရှိပြီးဖြစ်သော်လည်း တရားနာယူရန် ဘုရားရှင်ထံသို့ သွား၏။ ထိုအချိန်မှာပင် ကောသလမင်းကြီးသည် ဘုရားရှင်ထံသို့ ၀င်ရောက်လာလေရာ ဘုရားရှင်ထက် မင်းကို ပို၍အရိုအသေပေးရာ
ရောက်မည်စိုး၍ ဆတ္တပါဏိ ဒါယကာသည် မင်းကြီးအား နေရာမှထ၍ မပေးပေ။
မင်းကြီးအမျက်ထွက်၍ အပြစ်ပေးလျှင် ခံရုံပင် ရှိတော့သည်ဟု စိတ်ပိုင်းဖြတ်ထားလေသည်။

ဆတ္တပါဏိဒါယကာ တွေးမိသည့်အတိုင်း ကောသလမင်းကြီးကလည်း အမျက်ထွက်၏။ ဤသို့ အမျက်ထွက်ကြောင်းကို ဘုရားရှင် သိတော်မူလေရာ "မင်းကြီး - ဆတ္တပါဏိ ဒါယကာသည် ပညာရှိ၏။ တရားကို သိပြီးဖြစ်၏။ ပိဋကတ်သုံးပုံ ဆောင်၏။ အကြောင်းအကျိုး၌ ကျွမ်းကျင်လိမ္မာ၏" ဟု ဟောတော်မူ၏။ ထိုစကားကို ကြားရသဖြင့် ကောသလမင်းကြီး အမျက်ဒေါသများ ပြေပျောက်သွားလေသည်။

တစ်နေ့သ၌ ကောသလမင်းကြီးသည် ဆတ္တပါဏိဒါယကာကို ခေါ်ယူကာ နန်းတော်သို့ နေ့စဉ်လာရောက်၍ တရားဒေသနာတော်များကို ပို့ချပေးရန် မိန့်ကြား၏။ ဆတ္တပါဏိက "အရှင်မင်းကြီး။ ကျွန်ုပ်မစွမ်းနိုင်ပါ။ နန်းတော်မည်သည် အပြစ်များလှပါသည်" ဟု လျှောက်တင်၏။

သို့ဖြစ်၍ ဘုရားရှင်ထံသို့ ကောသလမင်းကြီးကိုယ်တိုင် ၀င်ရောက်ပြီး "အရှင်ဘုရား - မလ္လိကာနှင့် ၀ါသဘခတ္တိယာတို့က တရားဒေသနာတော်များ သင်ယူလိုပါသည်ဟု ဆိုကြပါသည်။ တရားဒေသနာတော်များ ပို့ချရန် ရဟန်းတစ်ပါးကို စေလွှတ်၍ ပေးတော်မူပါ အရှင်ဘုရား"ဟု လျှောက်ထား၏။
ဘုရားရှင်က အရှင်အာနန္ဒာကို တာဝန်ပေး၍ စေလွှတ်တော်မူလေသည်။

တစ်နေ့သ၌ ဘုရားရှင်က အရှင်အာနန္ဒာကို တရားဒေသနာပို့ချခြင်းနှင့် စပ်၍ မေးမြန်းတော်မူလေရာ အရှင်အာနန္ဒာက "အရှင်ဘုရား - မလ္လိကာမိဖုရားသည် တရားဒေသနာတော်များကို ရိုသေစွာ သင်ယူပါသည်။ ရိုသေစွာ ရွတ်ဖတ်သရဇ္ဈာယ်ပါသည်။ နှုတ်တက်ရွရွ ရရှိထားပါသည်။ ၀ါသဘခတ္တိယာ မိဖုရားကား တရားဒေသနာတော်ကို ရိုသေစွာ သင်ယူခြင်းလည်း မပြုပါ။ ရိုသေစွာ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းလည်း မပြုပါ။
နှုတ်တက်ရွရွလည်း မရရှိပါ" ဟု လျှောက်ထား၏။
ဤသို့လျှောက်ထားသောစကားကို အကြောင်းပြု၍ ဘုရားရှင်သည် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသည်း။

အဆင်းသာရှိ၍ အနံ့မရှိသော၊ လှပတင့်တယ်သော ပန်းသည် တစ်စုံတစ်ရာ အကျိုးမရှိသကဲ့သို့ . .
ကောင်းစွာဟောကြားအပ်သော တရားဒေသနာတော်သည်
မလိုက်နာ မကျင့်သုံးသောသူအား အကျိုးဆောင်၍ မပေးနိုင်ချေ။

အဆင်းရောအနံ့ပါ ပြည့်စုံ၍ လှပတင့်တယ်သောပန်းသည် အကျိုးများစွာ ရှိသကဲ့သို့ . .
ကောင်းစွာဟောကြားအပ်သော တရားဒေသနာတော်သည်
လိုက်နာကျင့်သုံးသောသူအား အကျိုးများစွာ ရွက်ဆောင်ပေသည်။

( ဓမ္မပဒ။ ပုပ္ဖ၀ဂ်။ ဆတ္တပါဏိဥပါသကဝတ္ထု )
3 Treasures: Buddha, Dhamma & Sangha

https://www.facebook.com/photo.php?fbid=420694064695097&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...