စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နားဝင်ချိုတဲ့ ပြောဆိုမှု

မနက်မိုးလင်းတာနဲ့ကြားလိုက်ရတဲ့ အသံက နင်မထသေးဘူးလား၊ ဘယ်အချိန်ရှိနေပြီလဲ၊ ထတော့၊ မျက်နှာသစ်မှာနဲ့ ရေချိုးမှာနဲ့ အချိန်ကကုန်အုံးမယ်၊ ငါတို့က သွားစရာရှိတယ် ဆိုတဲ့အသံများပဲ ဖြစ်ပါတယ်။ ဒီလိုပြောနေတဲ့ စကားလုံးတွေ၊ ကျယ်လောင်လှတဲ့အသံတွေက အဖေဖြစ်သူက သူ့ရဲ့သမီးတွေကို ပြောနေတဲ့ အသံတွေပါ။ ဒါက တစ်ခါတလေ ပြောတဲ့လေသံ ပြောတဲ့စကားလုံးတွေမဟုတ်ပဲ နေ့စဉ်နေ့တိုင်းလိုလို အထူးသဖြင့် ကျောင်းဖွင့်တဲ့ ရက်များမှာ ကြားနေရတဲ့အသံများပါ။ တစ်ခါတစ်လေကြားရတဲ့ စကားလုံးတွေရှိပါသေးတယ်။ ဟဲ့ ဖ….မ ဘာဖြစ်နေတာလဲ ငါခိုင်းနေတာ ငါပြောနေတာတော့ မလုပ်ဘူး။ ဘာဖြစ်နေတာလဲ သောက်ကောင်မ ဆိုတာတွေပါ။ အော်ကြီးဟစ်ကျယ်နဲ့ ဒီလိုစကားလုံးကြမ်းကြမ်းတွေကို ပြောနေတာက ရန်ဖြစ်နေသလား ထင်ရပါတယ်။ တကယ်တမ်းမှာ အဖေဖြစ်သူက ၇ တန်း ၈ တန်းအရွယ် သမီးကို ပြောဆိုနေတာပါ။

ကျောင်းသွားဖို့ လုပ်နေတာမပြီးသေးဘူးလား လို့ အဖေဖြစ်သူကအော်ပြောရင် သမီးဖြစ်သူကလဲ ဒီမှာလုပ်နေတာပဲ ပြီးတော့မယ်လို့ ပြန်ပြီးအော်ပြောတာပါ။

သားသမီးတစ်ယောက် လိမ္မာရေးခြားရှိမှုကလဲ မိဘတွေအပေါ်မှာ များစွာမူတည်နေပါတယ်။ မိဘတွေရဲ့ သွန်သင်ဆုံးမမှုမကောင်းပေမယ့်လဲ အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်တိုင်တွေ့ကြုံရတဲ့ ပတ်ဝန်းကျင်အတွေ့အကြုံတွေနဲ့ ယှဉ်တွဲပြီး လိမ္မာရေးခြား ရှိသူတွေလဲ အများကြီးရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဖခင်ဖြစ်သူက ဒီလိုကြမ်းတမ်းတဲ့စကားလုံး အသံကျယ်ကြီးတွေနဲ့ပြောတဲ့အတိုင်း အဲဒီကောင်မလေးက မှတ်ထားတာလား၊ အသိဥာဏ်မှာစွဲနေတာလားတော့ မပြောတတ်ပါဘူး။ သူ့ရဲ့အောက်မှာရှိတဲ့ လေး ငါးနှစ်အရွယ် ညီမလေးကိုလဲ S…..မ၊ ဖ….မ စတဲ့ အသုံးအနှုန်းတွေနဲ့ ပြောတော့တာပါပဲ။ အဲဒီလိုပြောတဲ့ အချိန်မှာ မိဘတွေရှိနေရင်လဲ ဟဲ့ အဲဒီလိုမျိုး ကိုယ့်ညီမလေးကို မပြောရဘူးလေလို့ ဟန့်တားသံ မျိုးကိုမကြားရပါဘူး။ တကယ့်ကို အံ့သြစရာလို့ထင်ပါတယ်။

အဲဒီလိုပြောကြတဲ့ မိသားစုထဲမှာ မိခင်ဖြစ်သူကတော့ သူ့သမီးတွေကို အဲဒီလိုကြမ်းတမ်းတဲ့ စကားလုံးမျိုးတွေနဲ့ပြောတာ၊ အော်ကြီးဟစ်ကျယ်ပြောတာ ရှားပါတယ်။ အများဆုံး ကြားရတာတော့ ဖခင်ဖြစ်သူရဲ့ အသံပါ။ ဒီလိုတွေပြောဆိုနေကြတာဟာ မိဘတွေရဲ့ သွန်သင်ဆုံးမမှု အားနည်းခဲ့လို့ အကြမ်းဖျဉ်း ပြောကြမယ်လို့ ထင်ပါတယ်။ ဒါလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီလိုပြောဆိုတာတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ အလေ့အထတစ်ခု အမူအကျင့်တစ်ခုလိုပဲ မှတ်ယူထားကြတာလဲ ဖြစ်နိုင်ပါတယ်။

ရှေ့ကနေဖခင်ပြောတာကို နောက်ကနေမှတ်ထားပြီး ငါလဲ ဒီလိုပြောရင်ရတာပဲဆိုပြီး ညီမဖြစ်သူကိုပြောတာလဲ ဖြစ်နိုင်ပါတယ်။ ဒါက ၇ တန်း ၈ တန်း အရွယ်မှာ မှတ်ထားတာဖြစ်ပေမယ့် သူအရွယ်ရောက်တဲ့အခါ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ ထိတွေမှုများလာတဲ့အခါ ပြုပြင်ကောင်းပြုပြင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုမျိုး မိဘတွေပြောသလိုမျိုး လိုက်ပြေတာကို ဘေးနာကကြားတဲ့အခါ အော် …မိဘတွေက မပြောကြ မဆုံးမကြဘူးလား၊ ဘယ်လိုလူမျိုးတွေလဲ ဆိုပြီး နောက်ဆုံးမှာ မိဘတွေကိုပဲ အပြစ်တင်ကြမှာပါ။ မိဘတိုင်းကတော့ သားသမီးတိုင်းကို အကောင်းဆုံးတွေ ဖြစ်စေချင်ကြတယ်၊ လိမ္မာရေးခြားရှိပြီး လူအများကြား ကောင်းသတင်း သင်းပြန့်စေချင်ကြသူတွေချည်းပါပဲ။ ဘယ်လိုပဲ စိတ်ပင်ပန်းတာတွေ စိတ်ညစ်တာတွေ ဒေါသထွက်တာတွေ ရှိစေခါမူ သားသမီးတွေကို ပြောဆိုဆက်ဆံရာမှာ မိဘဆိုတာပီသဖို့တော့ အရေးကြီးမယ်ထင်ပါတယ်။ ဒီလိုမျိုးတွေ မိဘတိုင်းဖြစ်နေတာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ မြင်တွေ့ ကြားရတာကို ခံစားရင် အခြားသူမိဘဖြစ်သူတွေ၊ မိဘနေရာကို ယူကြမယ့်သူတွေ၊ သားသမီးနေရာမှာ ရှိနေကြသူတွေအနေနဲ့ ဆင်ခြင်သုံးသပ်နိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။


ခင်လေးမြင့် @ Emily
YangonLife

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...