ခန္ဓာကိုယ် ကျန်းမာဖို့ရာ အရေးပါသည့် ခြေဖ၀ါး ကျန်းမာရေး
နှလုံး ကျန်းမာအောင် လမ်းလျှောက် လေ့ကျင့်ခန်း၊ အပြေး လေ့ကျင့်ခန်းတွေ လုပ်ကြသည်။ ကြွက်သားတွေ သန်အောင် ၀ိတ်မကြသည်။ အကြောတွေ ပျော့အောင် လေ့ကျင့်ခန်း လုပ်ကြသည်။ ခန္ဓာတစ်ကိုယ်လုံးက ကြွက်သား အတော် များများကို လူတွေ ဂရုစိုက်ကြသည်။ သို့သော် ဂရုမမူဘဲ ပစ်ထားသော တစ်နေရာ ရှိနေသည်။ ထိုနေရာသည် လူတိုင်း နေ့စဉ် အသုံး အများဆုံး တစ်နေရာလည်း ဖြစ်သည်။ အခြားမဟုတ်။ ခြေဖ၀ါးနှင့် ခြေကျင်းဝတ် နေရာမှ ကြွက်သားများ ဖြစ်၏။
အကယ်၍ စာဖတ်သူသည်လည်း ယနေ့ လူများစုကြီး အတိုင်း ဖြစ်မည် ဆိုပါက ခြေဖ၀ါးနှင့် ခြေကျင်းဝတ် ကြွက်သား အားနည်းသူ တစ်ယောက် ဖြစ်လိမ့်မည်။ စာဖတ်သူ၏ ခြေဖ၀ါးနှင့် ခြေကျင်း ၀တ်နေရာသည် တစ်နေ့တာ၏ အချိန် အများစုကို ပိတ်ကျပ်နေသော ဖိနပ်ထဲမှာ အချိန် ကုန်နေလိမ့်မည်။ တစ်နေ့တာ အချိန် အများစုကို စားပွဲခုံ အောက်ထဲတွင် အလဟဿ ကုန်ဆုံး နေရလိမ့်မည်။
ကျန်ခန္ဓာ တစ်ကိုယ်လုံး အတွက် လိုအပ်သော အထောက်အပံ့ တာဝန်ကို စာဖတ်သူ၏ ခြေဖ၀ါးနှင့် ခြေကျင်းဝတ် နေရာသည် ရာနှုန်းပြည့် ထောက်ပံ့ ပေးနိုင်လိမ့်မည် မဟုတ်။ ခြေဖ၀ါးနှင့် ခြေကျင်းဝတ် နေရာတို့က ၀န်ကို စနစ်တကျ ထမ်းပေးနိုင်ခြင်း မရှိပါက ကျောရိုး၊ တင်ပါးရိုး၊ ဒူးခေါင်း၊ ပခုံးတို့မှာ ဒဏ်ဖြစ်ရတော့သည်။
““ကျွန်တော့်ဆီ ရောက်လာတဲ့ လူနာ အများစုကြီးက ကျောအောင့်တယ်၊ ဒူးနာတယ်နဲ့ တစ်မျိုးမဟုတ် တစ်မျိုး ပြောကြတယ်။ အလေးအပင် ထမ်းလို့၊ အခန့်မသင့်လို့ စသဖြင့်လည်း အောင့်ရ နာရတဲ့ အကြောင်း အမျိုးမျိုး ကြားရတယ်။ ဒါပေမဲ့ သူတို့ကို မတ်တပ် ရပ်ခိုင်းပြီး ခြေချပုံကို ကြည့်လိုက်တာနဲ့ ဘာကြောင့် ဒူးနာ၊ ခါးကိုက်၊ ကျော အောင့်ဖြစ်နေရတယ် ဆိုတာ ပေါ်လာတာပဲ။ ခြေဖ၀ါးနဲ့ ခြေကျင်းဝတ် နေရာ ကြွက်သားတွေဟာ သိပ်ကို အားပျော့နေကြတာ တွေ့ရတယ်”” ဟု နယူးယောက်မြို့ရှိ Physioftniess ကျန်းမာရေး စင်တာမှ ဒါရိုက်တာ ခရစ်ဒလီဟန်တီက ပြောသည်။
ကျန်းမာရေး စင်တာသွားပြီး လေ့ကျင့်ခန်း လုပ်သူများကို ကြည့်လိုက်လျှင်လည်း ခြေဖ၀ါးနှင့် ခြေကျင်းဝတ် ကြွက်သား သန်စွမ်းအောင် ဂရုတစိုက် လေ့ကျင့်သူ နည်းလှကြောင်းလည်း မစ္စတာခရစ်က ဆက်လက် ပြောကြားသည်။
““ကျွန်တော်တို့ဆီ ကျန်းမာရေး လေ့ကျင့်ခန်း လာလုပ်တဲ့ လူတွေထဲမှာ ခြေဖ၀ါးနဲ့ ခြေကျင်းဝတ် ကြွက်သား အားနည်းတဲ့ လူတွေ အများကြီးပါတယ်။ နာမည်ကျော် အားကစား သမားတွေထဲမှာတောင် အဲဒီလို အားနည်းနေသူတွေ တွေ့ရတယ်”” ဟု အော်ရီဂွန်ပြည်နယ် ဘန့်မြို့မှ REP Biomechanics စင်တာမှ ဒါရိုက်တာ ဂျေးဒီချာရီက ပြောသည်။ ထိုစင်တာသည် အမေရိကန် စကိတ်အသင်းနှင့် အခြားသော အားကစား အကျော်အမော်များ၏ ကိုယ်ကာယ ကျန်းမာရေးကို လေ့ကျင့် ပေးနေသော နေရာလည်း ဖြစ်သည်။
အကြောအဆက် နေရာများ တောင့်တင်းနေခြင်း၊ ခြေကျင်းဝတ် နေရာများ ကွေးရ ဆန့်ရ ခက်နေခြင်း၊ ခြေဖ၀ါးပြင် ကြွက်သားများ တင်းမာနေခြင်း၊ ခြေချောင်းလေးများ ညီညာစွာ ဖြန့်ထွက် မနေဘဲ စုကျပ်နေခြင်း၊ ခြေချောင်းလေးများ ကွေးနိုင်ဆန့်နိုင်မှု နည်းကာ တောင့်တင်းနေခြင်း စသည့် အားနည်းချက်များ ရှိပါက အားကစား သမားများ အနေဖြင့် ထိပ်ဆုံးဆိုသော စွမ်းဆောင်ရည်ကို ရောက်ဖို့ ခက်ခဲရကြောင်း မစ္စတာ ဒီချာရီက ပြောသည်။
““အားကစား လုပ်ချင်ရင် ခန္ဓာကိုယ် စနစ်တကျ ဖွံ့ဖြိုးကျန်းမာဖို့ လိုတယ်လို့ ပြောတတ်ကြတယ်။ အဲဒီတစ်ခုတည်းနဲ့ မပြည့်စုံသေးဘူး။ ကျန်းမာ သန်စွမ်းတဲ့ ခန္ဓာကိုယ် ကြီးကို ထမ်းထားရမယ့် အခြေခံ အုတ်မြစ်ဖြစ်တဲ့ ခြေဖ၀ါးနဲ့ ခြေကျင်းဝတ်တွေရဲ့ ကြွက်သွားတွေ ဟာလည်း သန်စွမ်း ကျန်းမာဖို့ လုံးဝ
လိုအပ်တယ်”” ဟု မစ္စတာ ဒီချာရီက ဆက်လက် ပြောကြားသည်။
ခြေဖ၀ါးနဲ့ ခြေကျင်းဝတ် ကြွက်သားတွေကို ဘယ်လောက် လေ့ကျင့် ပေးသင့်လဲဟု မေးသည်တွင် ဒေါက်တာ ဒီချာရီက ခြေဗလာဖြင့် ရပ်နေချိန်တွင် ခြေမကို ကြမ်းပြင်မှာ ဖိကပ်ထားပြီး ကျန် ခြေချောင်း လေးချောင်းကို အပေါ် မကြည့်ပါဟု အကြံပေးသည်။ ခြေမကို ဖိကပ်ထားချိန်တွင် ခြေချောင်းလေးများ မလို့မရ ဖြစ်နေသည် ဆိုပါက စာဖတ်သူ၏ ခြေဖ၀ါး ကြွက်သားများ အားပျော့နေပြီကို သိပါ။
လူသည် ခုန်သည့်အခါ ခြေမကို စိုက်ထားပြီး ကျန်ခြေချောင်း လေးချောင်းက စပရိန်ကဲ့သို့ အားပြုကာ ခုန်တက်သည် ဖြစ်ရာ အထက်ပါ စမ်းသပ်မှုတွင် အားနည်း နေသည်နှင့် လူသည် ခုန်နိုင်အား ကျဆင်းနေပြီ ဆိုတာ သတိရပါ။ အားပျော့နေသော ခြေဖ၀ါး ကြွက်သားသည် လူကို ဟန်ချက်ညီ ထိန်းနိုင်စွမ်းပါ ကျဆင်းစေသည်။
ခြေကျင်းဝတ် ကြွက်သားများ သန်စွမ်းမှု ရှိမရှိ သိနိုင်စေရန် အတွက်လည်း ခြေဗလာဖြင့် စုရပ်ပြီးနောက် ထိုင်ချကြည့်ပါ။ တင်ပါးသည် ခြေကျင်းဝတ်ကို ထိရမည်။ မထိဘူးဆိုလျှင် ခြေကျင်းဝတ် ကြွက်သားတွေ မာတောင့် လွန်းနေတာ ပေါ်လွင်သည်။
““ကျွန်တော်တို့ ခြေဖ၀ါးဟာ ကြမ်းပြင်ကို ဖိနင်းလိုက်တာနဲ့ ခြေဖ၀ါးနဲ့ ခြေကျင်းဝတ်ကို ပျမ်းမျှ ပေါင် (၃၀၀) လောက်အား သက်ရောက်လာတယ်။ ခန္ဓာကိုယ် တခြား နေရာတွေကိုသာ သက်ရောက်မယ် ဆိုရင် ကျွန်တော်တို့ နာမှာ ကျင်မှာ ဒဏ်ဖြစ်မှာ ကြောက်လို့ဆိုပြီး နှိပ်ကြနယ်ကြနဲ့ ဂရုစိုက်ကြတယ်။
ခြေဖ၀ါးနဲ့ ခြေကျင်းဝတ် ကြွက်သားတွေကို ကျတော့ အဲဒီလို ဘယ်နှခါများ လုပ်ပေးမိကြလဲ စဉ်းစားကြည့်ကြပါ”” ဟု The Roll Model အမည်ရှိ ခန္ဓာလှုပ်ရှားမှုများ ဆိုင်ရာ နည်းစနစ်မှန်များ စာအုပ်ကို ပြုစုခဲ့သော ဂျီးလ်မီလာက ပြောသည်။
ဖိနပ်တွေက ခြေဖ၀ါးနဲ့ ခြေကျင်းဝတ်တွေကို ကူပေးရမည့် အစား ဒဏ်ပိုဖြစ်အောင်တောင် လုပ်နေသေးသည်။ အမျိုးသားများ စီးသည့် ဖိနပ်က တော်သေးသည်။ အမျိုးသမီးများ၏ ဒေါက်မြင့်များက ပိုဆိုးသည်။ ဖိနပ်ဟူသည် တစ်နေ့လုံး လိုလို ခြေဖ၀ါးအောက်မှာ ပါနေတတ်သည်။ ခြေဖ၀ါးဟူသည် ပြင်ညီမှာ တစ်ပြေးတည်း တည်နေရမည့် အရာဖြစ်သည်။ ဖိနပ် နောက်ပိုင်း နည်းနည်းလေး မြင့်နေလျှင်ပင် ခြေဖ၀ါးနှင့် ခြေကျင်းဝတ် ကြွက်သားများကို ဒုက္ခပေးနိုင်သည်။
နောက်မြင့် ဖိနပ် စီးသည့်အခါ ခြေဖနောင့်နဲ့ ခြေအောက်ပိုင်းကို စပ်ထားသော ကြွက်သားသည် တိုကျုံ့သွားသည်။ တင်ပါးက ကောက်တက်သွားသည်။ ထိုသို့ ဖြစ်သွားသည့်အခါ တင်ပါး ကြွက်သားများသည် ပုံမှန် အနေအထားလောက် မလှုပ်ရှားနိုင်တော့သဖြင့် ကြာလာသည့်အခါ ကြွက်သားများ အားပျော့သွားရသည်။
ဒေါက်ဖိနပ်ကြောင့်တင် ကောက်နေသော ပုံစံသည် လှသည်ဟု ဆိုကြသော်လည်း ခန္ဓာကိုယ် ကျန်းမာရေးပိုင်း အရမူကား ခန္ဓာကိုယ် အလေးချိန်ကို အရိုးများက ညီမျှစွာ ထမ်းရွက်မှုပုံစံ ပျက်ယွင်းသွားသဖြင့် အရိုးများ ဒဏ်ဖြစ်ရသည်။ အောက်ဆုံးကနေ အလေး ချိန်ထမ်းရသော ခြေဖ၀ါးနှင့် ခြေ ကျင်းဝတ်များက ဒဏ်အခံရဆုံး ဖြစ်သည်။
ဖိနပ်များ၏ ပုံစံကလည်း ခြေဖ၀ါး ကြွက်သားများ ကျန်းမာရေးကို ထိခိုက်စေပြန်သည်။ ဖိနပ် အများစုသည် ရှေ့ပိုင်းတွင် ကျုံ့နေခြင်းကြောင့် ခြေချောင်းလေးများသည် ကားနေရမည့် အစား စုသွားသည်။ ခြေချောင်းလေးများကား နေခြင်းသည် ခန္ဓာကိုယ် တစ်ခုလုံးက ကျလာသည့် အားများကို ကြမ်းခင်းဆီသို့ ဖြန့်ခွဲချဖို့ ဖြစ်သည်။
စုနေသည့်အခါ အပေါ်က သက်ရောက်သော အားကို ဖြန့်ခွဲချနိုင်သည့် ဧရိယာ လျော့နည်းသွားသဖြင့် ခြေဖ၀ါးသည် ဖိအားဒဏ်ကို ပိုခံစားရသည်။ ကြာလာသည့်အခါ ခြေဖ၀ါး ကြွက်သားများ နာကျင်လာရသည်။
စိတ်ပျက်စရာတော့ မရှိ။ ဖြေရှင်းစရာ နည်းလမ်းများ ရှိသည်။ ပထမဆုံး ဖြေရှင်းနည်းကား တတ်နိုင်သမျှ ခြေဗလာဖြင့် နေပါ။ အိမ်ထဲမှာဆိုရင် ခြေဗလာနဲ့ နေပါ။ ရုံးရောက်လျှင်လည်း စားပွဲမှာ ထိုင်လုပ်ရသည့် အချိန်မျိုးမှာ တတ်နိုင်သမျှ ဖိနပ်ချွတ်ထားပါ။
တစ်နေ့တာ ပြင်ပမှာ လှုပ်ရှား သွားလာရာတွင်ကား ဖိနပ်ကို မစီးမဖြစ် စီးကြရသည် ဖြစ်ရာ ချွတ်လို့ရသည့် အချိန် များမှာ ချွတ်ထားခြင်းဖြင့် ခြေဖ၀ါး နှင့် ခြေချောင်း ကြွက်သားများကို လွတ်လပ်ခွင့်ပေးပါ။ အားတက် စရာ တစ်ချက်ကား ရက်ပိုင်း လပိုင်း လောက် အချိန်ယူပြီး ခြေဖ၀ါးနှင့် ခြေကျင်းဝတ် ကြွက်သားများကို လေ့ကျင့်ပေးလိုက်မည်ဆိုပါက တစ် သက်လုံး ပုံမမှန်ခဲ့မှုကြောင့် ထိခိုက် ခဲ့ရသည်များကို ပြန်ကုစားပေး နိုင်စွမ်းရှိကြောင်း သိရသည်။
ခြေဖ၀ါးများ ကျန်းမာရေး အတွက် တပင်တပမ်းကြီး လေ့ကျင့်ခန်းတွေ တကူးတက လုပ်နေစရာလည်း မလို။ ခြေတစ်ဖက်တည်းပေါ် ရပ်ခြင်း၊ ခြေမကို ဖိကပ်ထား ပြီး ကျန်ခြေချောင်း လေးချောင်းကိုသာ အပေါ်မကြည့်ခြင်း၊ ခြေချောင်းလေးများကို နေ့စဉ်ပုံမှန် အကြော လျှော့ပေးခြင်း စသဖြင့် အနည်းငယ် စီလောက် ပုံမှန်လေး ဂရုစိုက် ပေးသွားရုံဖြင့် အဆင်ပြေနိုင်သည်။ သို့သော် စိတ်ကူးပေါက်မှ ထလုပ်ခြင်း မျိုးတော့ မဖြစ်သင့်။ နေ့စဉ် သို့မဟုတ် ရက်ခြားဖြင့် ပုံမှန်လေး လုပ်ပေးသွားရမည်။
““ခြေဖ၀ါးနဲ့ ခြေကျင်းဝတ် ကြွက်သားတွေကို သန်စွမ်းစေတဲ့ လှုပ်ရှားမှုလေးတွေ တစ်နေ့တာ အတွင်း အချိန်ရရင် ရသလို နည်း နည်းစီ လုပ်သွားမယ် ဆိုရင်ကိုပဲ ခြေဖ၀ါး ကြွက်သားတွေ ကျန်းမာရေး အတွက် စိတ်ချရပါတယ်။ လူတွေက အဲဒီလိုလေး လုပ်ပေးဖို့ကိုတောင် မေ့နေကြတဲ့ အတွက်ကြောင့်သာ ခြေဖ၀ါး ကြွက်သားတွေ ကျန်းမာရေး ချူချာနေရတာ ဖြစ်ပါတယ်”” ဟု မစ္စတာ ဂျီးလ်မီလာက ပြောသည်။
ခြေဖ၀ါးနဲ့ ခြေကျင်းဝတ်များကိုပါ ကျန်းမာ သန်စွမ်းအောင် လေ့ကျင့်ပေးရမည် ဟူသော အချက်ကို လူတိုင်းသည် မိမိ၏ လူမှုဘ၀ အပြုအမူထဲတွင် ထည့်သွင်း ထားရမည် ဖြစ်သည်။
““ခြေဖ၀ါးနဲ့ ခြေကျင်းဝတ် ကြွက်သားတွေ ကျန်းမာ သန်စွမ်းနေပြီဆိုရင် လူဟာ သွားချင်တဲ့ဆီ သွားနိုင်ပြီ။ တစ်နည်းအားဖြင့် ဆိုရရင် လူ့ခန္ဓာရဲ့ အခြေခံ ဖောင်ဒေးရှင်း ခိုင်မာသွားတဲ့ အတွက် ကျန်တစ်ကိုယ်လုံး ဟာလည်း ကျန်းမာ သွားတာပေါ့”” ဟု မစ္စတာ မီလာက အကြံပြု ပြောကြားသွားသည်။
messenger
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.
စာအမျိုးအစား
ကျန်းမာရေး
No comments:
Post a Comment