စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကြောက်တရားကို ထိပ်တိုက်ရင်ဆိုင်စေခြင်း


ကျွန်တော် ငယ်ငယ်က သူရဲ အလွန်ကြောက်တယ်။ အဲဒီခေတ်က သူရဲတစ္ဆေရုပ်ရှင်ကားတွေပြသေးတာကိုး။ တာတေကြီးက အခေါင်းကြီးထမ်းလာတာတွေ၊ ဒေါ်မြလေးက ထမီခြုံလိုက်ရင် လဒဖြစ်သွားတယ်ဆိုတာတွေကို ကြည့်နေရတဲ့ ကလေးဘ၀ဆိုတော့ သရဲ၊ တစ္ဆေတကယ်ရှိမယ်ထင်တာပေါ့။

မှတ်မိသေးတယ်။ ရွှေမန်းတင်မောင်ရဲ့ ၀ိမာနဆိုတဲ့ ရုပ်ရှင်ကားပြတဲ့နေ့ကို။ အဲဒီကားထဲမှာ စုန်းတောက်တယ် ဆိုတာပါတယ်။ မင်းသမီးက အချိန်ကျရင် ကိုယ်ကနေ ခေါင်းကိုခွာပြီး ကောင်းကင်ပေါ်တက် တိမ်စားပြီး ပျော်ပါးတယ်ဆိုတဲ့ကားပေါ့။ အဲဒီရုပ်ရှင်ကြည့်ပြီး ကြောက်လိုက်တာ။ အိမ်ပြန်မယ်ဆိုတော့လည်း အိမ်ဘက်ပြန် မယ့်သူကမရှိ။ ည ၉ နာရီခွဲပွဲကြည့်တာဆိုတော့ ညဥ့်လည်းနက်နေပြီ။ အဲဒီလိုနဲ့ ရုပ်ရှင်ရုံရှေ့ ဒီအတိုင်းထိုင် နေတာ။ အဖေက လာခေါ်မှ ပြန်ခဲ့ရတယ်။

ကျွန်တော့်အဒေါ်တစ်ယောက်ရှိတယ်။ ဌာနာအုပ်ကတော်ပေါ့။ သူ့ယောက်ျားက နယ်ကပြန်လာရင် ပုဇွန်ထုပ် တွေ၊ ငါးကြော်တွေပါလာတတ်တယ်။ သူကကျွန်တော့်ကိုချစ်တော့ အစားကောင်းတွေ အမြဲခေါ်ကျွေးတတ် တယ်။ ကျွန်တော်ကလည်း ဒေါ်လေးအိမ်ကို မကြာခဏသွားလည်တတ်တယ်။ အဲဒီအိမ်မှာ သူ့ယောက်ျား ဖတ်တဲ့ ပြစ်မှုမဂ္ဂဇင်းတွေအများကြီးရှိတယ်။ ကျွန်တော်က အဲဒီ မဂ္ဂဇင်းတွေကို သွားဖတ်တာ။ အဲဒီ မဂ္ဂဇင်းက လည်း လူသေတဲ့ပုံတွေ ထည့်ထားတာကြည့်ပြီးတော့လည်း ကျွန်တော်ကြောက်တာပဲ။

တစ်နေ့ ကျွန်တော့်ဒေါ်လေး ဆုံးသွားတယ်။ ညဥ့်အချိန်မတော်ဆုံးတော့ အိမ်ကိုလာခေါ်ကြတယ်။ အဖေက ကျွန်တော့်ကို မင်းဒေါ်လေးသေပြီ လိုက်ခဲ့ သွားရအောင်လို့ ခေါ်တယ်။ ကျွန်တော်က မသာအိမ် မသွားရဲပါဘူး။ ကြောက်လို့ မလိုက်ချင်ပေမယ့် ကိုယ်ချစ်တဲ့ဒေါ်လေးဆိုတော့ ကြောက်ကြောက်နဲ့ လိုက်ခဲ့ရတယ်။

အဲဒီအိမ်ရောက်တော့ ထုံးစံအတိုင်း မသာကိုပြင်ဖို့ ရေချိုးကြတာပေါ့။ ကြောက်လွန်းလို့ ၀ရံတာထွက်နေတဲ့ ကျွန်တော့်ကို အဖေကလာခေါ်တယ်။ မင်းအဒေါ်ကို ရေချိုးပေးမလို့၊ ငါ့ကို လာကူကွာတဲ့။ သူ့ယောက်ျား ပုလိပ် ကလည်းမရှိတော့ အဖေကပဲ ဦးဆောင်ပြီး အသုဘကို လုပ်ပေးရတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ဒေါ်လေးကို ရေချိုးပေးနေတာကို ၀ိုင်းပြီးကိုင်ပေး၊ ကူလုပ်ပေးရင်းက ကြောက်စိတ်တွေ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ လူသေကို ကြောက်ရတယ်ဆိုတဲ့အသိဟာ လူသေနဲ့ လက်တွေ့ကိုင်တွယ်နေရချိန်မှာ ဘယ်ရောက်သွားမှန်းမသိတော့ဘူး။

ကျွန်တော်အဲဒီအချိန်ကစပြီးတော့ ဘာမှမကြောက်တော့ဘူး။ အမှောင်လည်းမကြောက်၊ သူရဲလည်းမကြောက်၊ ကိုယ်မစူးစမ်း မကိုင်တွယ်ရဘဲ ဘာမှမကြောက်တော့ဘူး။ ကျွန်တော့်အဖေဟာ စာသိပ်မတတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို အကြောက်တရားက ကင်းဝေးအောင် ကြောက်နေတဲ့အရာနဲ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ပေးခဲ့တာ ကိုတော့ ယနေ့တိုင် မမေ့ဘူး။

ကျွန်တော်တို့ကလေးတွေ ဘာကိုကြောက်နေကြသလဲ။ သူတို့ကြောက်နေတာနဲ့ သူတို့ကို ထိပ်တိုက် ရင်ဆိုင်ခွင့်တွေ ပေးကြည့်ပါလား။

Maukkha

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...