ကဆုန်လပြည့်ကျော်ရက် အညာနွေက ချွေးသီးပြိုက်ပြိုက်ကျကာ ပူပြင်းလွန်းလှသည်။
နံနက်လင်းကတည်းက ယပ်တောင်တဖျတ်ဖျတ်ခပ်ကာ အပူကို အန်တုနေရပါသည်။
သင်္ကြန်ပြီးကတည်းက အညာမှာ မိုးကောင်းကောင်း မရွာသေး။ တောမှာ မိုးမရွာသေးတော့
လယ်ယာထွန်ဖို့ ထယ်ဖို့ အလုပ်တွေက လုပ်လို့မရသေး။
သို့သော် တောနေလူတန်းစားများ အေးဆေးသက်သာစွာ နားနေနိုင်မည်ဟု ထင်ပါက လွဲပေဦးမည်။ တောနေလူတန်းစားများ အလုပ်နှင့်လက်နဲ့ပြတ်လျှင် မနေတတ် မထိုင်တတ် ဖြစ်တတ်ကြသည်မို့ ရာသီစာလုပ်ငန်းတွေ ပြေးပြေးလုပ်တတ်ကြသည်။ ယခုလို သင်္ကြန်အပြီး ကဆုန်လထဲအခါမျိုး တောနေလူတန်းစားများ လုပ်တတ်ကြသည့် ရာသီစာလုပ်ငန်းတစ်မျိုး ရှိပါသည်။ ထိုရာသီစာလုပ်ငန်းလေးကတော့ အညာနွေရာသီဥတုကို အန်တုကာ ထွက်ပေါ်လာသည့် စိမ်းနုဝေဆာနေသော မန်ကျည်းရွက်နုလေးများ ခူးဆွတ်ရောင်းချသည့် လုပ်ငန်းပင် ဖြစ်ပါသည်။
သင်္ကြန်မတိုင်မီကတည်းက မန်ကျည်းရွက်တို့ နုတတ်သော်လည်း သိပ်မပေါများသေး။ ယခုလို သင်္ကြန်အပြီး ကဆုန်လထဲကျမှ မန်ကျည်းပင်မှာ နီရဲရဲအဖူးလေးတွေ ပိုမိုပွင့်ဖူးလာတတ်သည်။ မန်ကျည်းရွက်နုစိမ်းလေးတွေ ဖားလျားကျလာတတ်သည်။ မန်ကျည်းတစ်ပင်လုံး စိမ်းစိုကာ မန်ကျည်းရွက်တို့ ဖြိုင်ဖြိုင်နုပါလေတော့သည်။ သင်္ကြန်အပြီး ပွင့်ဖူးတတ်သည့် မန်ကျည်းရွက်နုက ပိုစားလို့ ကောင်းတတ်သည်ဟု စစ်ကိုင်းမြို့နယ်အတွင်း ကျေးရွာအချို့မှ မန်ကျည်းရွက်ခူးရောင်းသူများက ဆိုပါသည်။ သင်္ကြန်အပြီး ထိုအချိန်အခါမျိုးတွင် မန်ကျည်းပင်ပေါ်တက် ခူးကြဆွတ်ကြသည်မှာ မန်ကျည်းပင်ပေါ်တွင် လူပဒေသာပင် ဖြစ်သွားသည့်နှယ်။
ဟိုအရင်ကတော့ မန်ကျည်းရွက်ခူးဖို့ လှည်းကြုံလိုက်စီးလျှင်စီး၊ လှည်းကြုံမရှိလျှင် ကုန်းကြောင်းလျှောက်ကာ တွေ့သည့်မန်ကျည်းပင်တက်ကြသည်။ ယခု ဆိုင်ကယ်တွေပေါလာတော့ ဆိုင်ကယ်တစ်စီးဖြင့် မန်ကျည်းပင်ပတ်ရှာ၊ တွေ့သည့် မန်ကျည်းပင်အောက် ဆိုင်ကယ်ထိုးကာ မန်ကျည်းရွက်ခူးသည်။ လူများများခူးနေသည့် မန်ကျည်းပင်မျိုးဆိုလျှင်တော့ မန်ကျည်းရွက်သိပ်မရတတ်။
တချို့က မိသားစုလိုက်၊ တချို့က သူငယ်ချင်းအပေါင်းအသင်းများနှင့် တပျော်တပါး လာခူးကြတာမို့ တစ်ပင်တစ်ပင်ဆို မန်ကျည်းရွက်ခူးသူတွေက မနည်းမနော။
မန်ကျည်းပင်အောက် ရောက်သည်နှင့် အပင်စောင့် ရုက္ခစိုးနတ်မင်းအား လက်အုပ်ချီမိုးကန်တော့ကြသည်။ သူပိုင်သည့်အပင် ခြေဖြင့်နင်းတက်ရမည်မို့ မရိုသေမလေးစားလို့ မဟုတ်ကြောင်း တောင်းပန်ရသည်။ မန်ကျည်းရွက်နု ခူးခွင့်ပေးရန် ခွင့်ပန်ရသည်ဟု စစ်ကိုင်း-မုံရွာ ကားလမ်းနံဘေးတွင် မန်ကျည်းရွက်ခူးနေသူများက ဆိုပါသည်။
တောတွင်နေသူများမို့ အပင်အတက်အပြုတွင် မိန်းကလေး ယောက်ျားလေး တန်းတူကျွမ်းကျင်ကြသည်။ ငယ်ငယ်ကတည်းက ခြေဆော့လက်ဆော့ဖြင့် တွေ့ကရာ အပင်တက်ခဲ့သည့် အကျိုးကျေးဇူးတွေဖြစ်သည်။ အပင်တွေနဲ့ အနေနီးတာမို့ ကလေးသဘာဝ မန်ကျည်းရွက်ခူးရင်း ပြေးတမ်းလိုက်တမ်းလည်း ကစားကြသည်။ တစ်ကိုင်းမှတစ်ကိုင်း ကူးကြသည်။ ‘‘အိမ်က သမီးအငယ်ဆုံးလေ။ လူကဖြင့် ခုနစ်နှစ်ရှိသေးတာ။ မန်ကျည်းရွက် တက်ခူးနေပြီ။ ဘယ်လိုမှ ပြောမရဘူး’’ဟု ရွာထောင်ရွာမှ မသီတာကဆိုသည်။
မန်ကျည်းရွက်ခူးပြီး ယောက်ျားလေးတွေက ပုဆိုးခါးပိုက်ထဲထည့်သည်။ မိန်းကလေးတွေကတော့ လွယ်အိတ်ကလေး ဘာလေးလွယ်ကာ ခူးလေ့ရှိကြသည်။ မန်ကျည်းရွက်တွေ သိပ်များလာရင်တော့ အပင်အောက်မှာ ပုဆိုးတစ်ထည်ဖြန့်ခင်းရင်း သွားသွားထည့်တတ်ကြသည်။ အိမ်စားဖို့ ခူးတဲ့သူတွေကတော့ ကိုင်းဖျားကနေဆွဲကာ အုံလိုက်ခူးပစ်ကြသည်။ ပြန်ရောင်းဖို့အတွက်တော့ ရွက်နုတစ်ခုချင်းစီ အသာအယာလေးကိုင်ကာ ခူးကြရသည်။
ဒါမှ မန်ကျည်းရွက် ရောင်းပန်းလှသည်ဟု အောင်သာရွာမှ မသီတာက ဆိုပါသည်။ မန်ကျည်းပင်ကိုင်း ခွကောင်းကောင်းရှိခဲ့ရင်တော့ ထိုင်ခူးနေရုံပင်။ ခွကောင်းကောင်းမရှိလျှင်တော့ မတ်တတ်ရပ်ခူးရပြီး ခြေဖဝါးတွေ နာတတ်သည်။ တစ်နေကုန်တစ်နေခန်း မန်ကျည်းရွက်ခူးပင်ပန်းပြီး ညဘက်အိပ်လို့ကောင်းလှသည်ဟု ဆိုသည်။ ‘‘အိပ်လို့ကောင်းတာများ တစ်ရေးပဲ။ နိုးတာနဲ့လင်းရောပဲ’’ဟု မသီတာကဆိုပါသည်။
လူကြီးတွေကတော့ ခူးလာသည့် မန်ကျည်းရွက်တွေကို မြို့သို့ ပို့ကြသည်။ ကလေးတွေကတော့ မုန့်ဖိုးပဲဖိုးလေးရအောင် ခူးလို့ရလာတဲ့ မန်ကျည်းရွက်တွေကို ဆန်ကောထဲမှာ အပုံလေးတွေပုံကာ တစ်ပုံဘယ်လောက်ဆိုပြီး ရပ်ထဲရွာထဲ လှည့်ရောင်းကြသည်။ တချို့အိမ်တွေက မန်ကျည်းရွက်ခူးနိုင်သူ မရှိတတ်ကြ၍ ရာသီချိန်ကလေး ချက်စားချင်ကြတော့ ကလေးတွေဆီကဝယ်ကာ ချက်ရသည်။
မန်ကျည်းရွက်နုခူးတာနှင့် ပတ်သက်၍ ပုံပြင်လိုလို စာချိုးလိုလို တစ်ခုလည်း ရှိခဲ့ဖူးသည်။ ‘‘မရှိလို့ မန်ကျည်းရွက်ခူးရောင်းကာမှ ဖိနပ်အခိုးခံရသတဲ့’’။ အပင်ပေါ်တက်ကြတော့ စီးလာတဲ့ ကြက်ပေါင်ဖိနပ် အပင်ခြေရင်းချွတ်ကာ တက်ကြရတာမို့ ဖိနပ်အခိုးခံရတဲ့အကြောင်း အရပ်စကားလေးတစ်ခုအဖြစ် ပြောကြဆိုကြတာ ဖြစ်သည်။ တကယ်တမ်းမှာတော့ ဘယ်သူမှ ဖိနပ်မခိုးကြပါ။ သူငယ်ချင်း အချင်းချင်း စနောက်ကာ ဖိနပ်ဖွက်ပြီး စတတ်နောက်တတ်ကြသည်ဟု မန်ကျည်းရွက်ခူးသူများက ဆိုပါသည်။
စစ်ကိုင်း-မုံရွာ ကားလမ်းနံဘေးက မန်ကျည်းပင်ကြီးအောက်တွင် လှည်းကိုရပ်ကာ ခူးနေသည့် ဦးကျော်အေးကတော့ အခြားသူကို ပြန်ရောင်းဖို့ လာခူးတာတော့မဟုတ်။ ယနေ့ည ဦးကျော်အေးတို့ရွာမှာ ဘုရားပွဲရှိသည်။ ရွာဘုရားပွဲ လာကသည့်ဇာတ်ကို ရပ်ဓလေ့ရွာဓလေ့အတိုင်း ထမင်းကျွေးကြမည်ဖြစ်ပြီး ဦးကျော်အေးတို့ အိမ်ကလည်း ဇာတ်သမားငါးဦးအား ထမင်းကျွေးရန် ကျသည့်အတွက် ထမင်းဝိုင်းထဲ မန်ကျည်းရွက် ဟင်းကလေးထည့်ချက်ရန် ကိုယ်တိုင်လာခူးနေခြင်း ဖြစ်သည်ဟု ဆိုသည်။
‘‘ငါးယောက်ကျွေးရမယ်။ ဝက်သားဟင်းလည်း ပါမှာဆိုတော့ အအီပြေလေး မန်ကျည်းရွက်ချဉ်စပ်လေး ချက်ကျွေးမယ်’’ဟု ဦးကျော်အေးကဆိုသည်။
မန်ကျည်းရွက်နုကို ပုစွန်ခြောက်တို့၊ ငါးတို့၊ ငါးပိတို့နှင့် အရည်သောက်ကလေး ချက်စားလျှင်လည်း ကောင်းသည်။ ဒါမှမဟုတ် မန်ကျည်းရွက်ကို အစိမ်းအတိုင်း မြေပဲဆန်၊ ကြက်သွန်နီတို့ဖြင့် သုပ်စားလျှင်လည်း ဖြစ်သည်။ အချို့ကတော့ မန်ကျည်းရွက်သုပ်နှင့်အတူ တွဲစားရန် ကုလားပဲကိုပြုတ်သည်။ ရလာသည့် ကုလားပဲအနှစ်ကို အသုပ်ထဲထည့်ကာ ကျန်သည်ကို ကုလားပဲဟင်းရည်လုပ်သည်။ နောက်ပြီး ငါးခြောက်လေးမီးဖုတ်၊ ငရုတ်သီးလေးကြော်ကာ အဆက်အဟပ်တည့်အောင် ဖန်တီးပြီး စားတတ်ကြသည်။ ‘‘ဒီရာသီများ မန်ကျည်းရွက်မစားပဲကို မနေနိုင်တာ။ ဝက်သားဟင်းနဲ့တောင် မလဲနိုင်ဘူး’’ဟု မန်ကျည်းရွက်ခူးနေသည့် ကုန်းသာရွာမှ ဦးကျော်အေးက ဆိုပါသည်။
မန်ကျည်းရွက်သုပ်က ချဉ်ပြုံးပြုံးလေးမို့ ခုလို နေပူပူကာလ အမောပြေသည်၊ ဝမ်းအေးသည်ဟု ဆိုကြသည်။
သင်္ကြန်မတိုင်မီကတော့ မန်ကျည်းရွက်နု ရှားသေးသည်မို့ တစ်ပိဿာ ကျပ်ခုနစ်ထောင် ရှစ်ထောင် ရတတ်သည်။ ယခုတော့ ရွက်နုတွေ လှိုင်လှိုင်ဝေပြီမို့ တစ်ပိဿာ သုံးထောင်ခန့်သာ ရတော့သည်။ သို့သော် နံနက်နှင့် နေ့လယ် အချိန်ခဏလေး ခူးလိုက်ရုံဖြင့် နှစ်ပိဿာ သုံးပိဿာ ပြေးမလွတ်။
‘‘လင်မယားနှစ်ယောက်ခူးတာ သုံးပိဿာလောက်တော့ ရတယ်။ ဘာပဲဖြစ်ဖြစ် ယာအလုပ်နားချိန် တစ်ရက်တစ်သောင်းလောက် ဝင်တယ်ဆိုတော့ အိမ်စရိတ်ကလေး ဖာတာပေါ့’’ဟု အောင်သာရွာမှ မသီတာက ဆိုပါသည်။
‘‘ဒါကြောင့် မန်ကျည်းပင်တွေက ကျေးဇူးရှင်တွေ၊ ထမင်းအိုးတွေပါပဲ’’ဟု မသီတာက မန်ကျည်းပင်အောက် ခြေပစ်လက်ပစ်ထိုင်ရင်း အပင်ကို မော့ကြည့်ကာ ပြောပြသည်။
နေက ခေါင်းပေါ်တည့်တည့် ရောက်လာတော့ မန်ကျည်းရွက်ခူးသူတွေ အလျှိုလျှိုပြန်သွားကြသည်။ လက်ချည်းသက်သက်တော့မဟုတ်။ မန်ကျည်းရွက်နုတွေကို ပုဆိုးတွေဖြင့် ထုပ်ပိုးကာ တယုတယသယ်ယူရင်း ပြန်သွားကြတာဖြစ်သည်။
နောက် လေး၊ ငါးရက်လောက်နေရင် မန်ကျည်းရွက်နုတွေ ပြန်ဝေပေဦးမည်။ လယ်ယာလုပ်ငန်းခွင်မဝင်မီ မိုးမကျခင်အထိတော့ ဝမ်းစာရေးအတွက် မန်ကျည်းရွက်နုလေးတွေ လာခူးကြပေဦးမည်။ မန်ကျည်းပင်အိုရော ပင်ပျိုပါမကျန် လူတွေအတွက် အပြိုင်အဆိုင် မန်ကျည်းရွက်နုစိမ်းလေးတွေ ပွင့်ဖူးပေးနေဦးမည်ကတော့ မလွဲဧကန်ပင်တည်း။ ။
http://7daydaily.com/story/36675#.VU3TwpOZHIU

No comments:
Post a Comment