စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝဋ်ဆိုတာလည်တတ်တဲ့သဘောရှိတယ်

 

"၀ဋ်လိုက်တတ်တယ်"-တဲ့ ဒီစကားလုံးလေးကို လူတိုင်းလိုလို ကြားဖူးကြမှာပါ၊
ငယ်ငယ်က ပိုးကောင်းလေးတွေကို ဆော့စရာလိုသဘောထားပြီး သတ်ဖြတ်တဲ့အခါမျိုးမှာ အမေက "ဟဲ့ သား ၀ဋ်လိုက်တတ်တယ်နော် မလုပ်ရဘူး" လို့ ဆိုဆုံးမခဲ့တယ်။ အဲဒီတုန်းကကြီး ၀ဋ်လိုက်တယ်ဆိုတာ ဘာမှန်းမသိပေမယ့် ကြောက်စရာအဖြစ်နဲ့တော့ ရင်းနှီးနေပြီးဖြစ်ခဲ့ပါတယ်။ ခုလဲ ၀ဋ်လိုက်တယ်ဆိုတာနဲ့ ပတ်သက်လို့ ရောင်ဝါးဝါးဖြစ်နေတုန်းပါလေ။

ဝဋ်ဆိုတာ ၀ဋ္ဋဆိုတဲ့ ပါဠိကနေ မြန်မာမှု ပြုထားတာပါ၊ ၀ဋ်-သဒ္ဒါကို မြန်မာအဘိဓာန်မှာ ၀ဋ်၊ န-၁၊ လည်ပတ်တတ်သောသဘော၊ (ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်ဟူ၍ သုံးမျိုးရှိသည်။)
၂။ ပြုခဲ့မိသော မကောင်းမှု၏ အတုံ့အလှည့်အကျိုး။ [ပါ၊ ၀ဋ္ဋ] လို့ ဖွင့်ဆိုပါတယ်။(မြန်မာအဘိဓာန်-၃၆၂)
ပါဠိအဘိဓာန်တွေမှာတော့ ရိက္ခာ၊ လှူဖွယ်၊ အကြောင်း၊ ဂျင်(ဘောလုံး)စတဲ့ အနက်များစွာ ဖွင့်ဆိုကြပါတယ်။

ခုဒီမှာပြောချင်တာကတော့ ပြုခဲ့မိတဲ့ မကောင်းမှုရဲ့ အတုံ့အလှည့်ကို ပြောချင်တာပါ။ ဒီမှာ အတုံ့အလှည့်-ဆိုတာ တုန့်ပြန်တဲ့သဘော အပြန်အလှန်သဘောကို ဆိုလိုတယ်လို့ မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားပြန်ပါတယ်။

ဝဋ်ဆိုတာလည်တတ်ပါတယ်။ တရားသဘောအရပြောရလျှင် ကုသိုလ်လည်း ၀ဋ်လည်တတ်ပါတယ် ၊ အကုသိုလ်လည်း ၀ဋ်လည်တတ်တယ်လို့ ဆိုရမှာပါ၊ ဒါပေမယ့် ကိုယ်အပါအ၀င် အများစုက အကုသိုလ်ဝဋ်လိုက်တာကိုပဲ ၀ဋ်လည်တယ်လို့ ကြောက်ရကောင်းမှန်းသိတာပါ။ ကဲပါလေ.. အဲဒါတွေ ခဏထားကြပါစို့။

ဝဋ်ဆိုတာ အတုံ့အလှည့်ခံရတဲ့ နိယာမတစ်ခုလို့ ပြောရမလိုပါပဲ။ တုန့်ပြန်မှု နိယာမပေါ့။ ဒီနေရာမှာ ကြားဖူးတဲ့ အိုက်စက်နျူတန်ရဲ့ တတိယနိယာမကို သတိရလို့ ပြောလိုက်ပါရစေ..သူ့ရဲ့ တတိယနိယာမက "သက်ရောက်မှုတိုင်းတွင် ယင်းနှင့်ညီမျှသော ပြောင်းပြန်(တန်ပြန်) သက်ရောက်မှု တစ်ခုစီ ရှိသည်" တဲ့။
မြတ်ဗုဒ္ဓကတော့ ကံတရားနဲ့ ကံရဲ့အကျိုးတရားကို ဟောထားခဲ့ပြီးသားပါ။ ကမ္မနိယာမ လို့အမည်ပေးပါတယ်။
တကယ်တော့ ၀ဋ်ဆိုတာ အင်မတန်ကြောက်စရာကောင်းလှပါတယ်။ ပါရမီရှင်ကြီးများကိုပင် အလွတ်မပေး နှိပ်စက်တတ်ပါတယ်။

ဒီနေရာမှာ ပူတိဂတ္တတိဿမထေရ်အကြောင်းလေး ပြောပြချင်ပါတယ်။
သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းမှာ မြတ်ဗုဒ္ဓသတင်းသုံးနေတော်မူစဉ် အမျိုးသားတစ်ဦး သဒ္ဓါတရားနဲ့ ရဟန်းဘောင်ကို ၀င်ရောက်ခိုလှုံခဲ့ပါတယ်။ ဘွဲ့တော်ကတော့ တိဿတဲ့။
ရဟန်းဘောင်ရောက်ပြီး မကြာခင်မှာပဲ ခန္ဓာကိုယ်မှာ အဖုပေါက်လာပါတယ်။ ပထမတော့ မုန့်ညှင်းစေ့လောက်သေးသေးလေးပေါ့၊ နောက်တော့ တဖြည်းဖြည်းနဲ့ ပဲနောက်စေ့လောက်၊ နောက် ကလောစေ့လောက်၊ အဲဒီနောက် ဇီးဖြူသီးလုံးလောက်ကြီးလာတယ်၊ ဒီနောက်မှာတော့ ဥသျှစ်သီးစိမ်းအငယ်စား နောက်အကြီးစားဥသျှစ်သီးလောက် ကြီးလာပြီး ခန္ဓာကိုယ်အနှံ့အဖူးတွေ အပိန့်တွေ ပေါက်ပြီး ပေါက်ကွဲပြီး တစ်ကိုယ်လုံး ပုတ်သွားသလိုဖြစ်လာတယ်။

နောက်တော့ တစ်ကိုယ်လုံး ပုတ်ရုံမက အရိုးတွေပါ ကျိုးပဲလာကုန်တယ်၊ သွေးတွေ ပြည်တွေ အလိမ်းလိမ်းနဲ့မို့ ဆေးကြောသုတ်သင်ဖို့တောင် မတတ်နိုင်ကြလို့ တပည့်တွေရော သီတင်းသုံးဖော်တွေကပါ မလွဲသာမရှောင်သာ မစွန့်ချင်ပဲ ဒီအတိုင်းပဲ စွန့်ပစ်ထားလိုက်ရပါတော့တယ်။
ဒီတော့ အားကိုးရာမဲ့ပြီး တစ်ပါးတည်း အထီးကျန်စွာနဲ့ အိပ်နေရရှာပါတော့တယ်။ ဘွဲ့တော်ကိုလဲ တိဿရဲ့ရှေ့မှာ ပူတိဂတ္တ(ပုတ်သောကိုယ်)ဆိုပြီး ၀ိသေသမလိုက်ကြတော့တာပေါ့၊ တိဿကနေ ပူတိဂတ္တတိဿ ဖြစ်သွားပါတယ်။

"ကိုယ့်ကာယကံ ကိုယ့်ထံပြန် ပဲ့တင်သံမလွဲ တထပ်ထဲ"-ဆိုတဲ့အတိုင်း ကိုယ့်ပြုသမျှကံတွေကို ကိုယ်တိုင်ရိပ်သိမ်းခံစားနေရတာပါ။ အဲ..နောက်တော့ မြတ်စွာဘုရားရှင်က ဉာဏ်ကွန်ယက်ဖြန့်တော်မူလေတော့ ဘုရားရှင်ရဲ့ ဉာဏ်ကွန်ယက်ထဲမှာ ထင်လာလို့ ဘုရားရှင်က သူ့ရဲ့ ပါရမီတော်ကို သိတော်မူတာမို့ ပူတိဂတ္တတိဿမထေရ်ထံသွားပြီး ရေနွေးတွေနဲ့ ရေချိုးပေး သင်္ကန်းတွေကို ရေနွေးနဲ့ လျှော်ဖွတ်ခိုင်းစေပါတယ်။

တပည့်တွေရော သီတင်းသုံးဖော်တွေပါ လျစ်လျူရှုခံထားရတဲ့ သူဟာ မြတ်ဗုဒ္ဓရဲ့ ယုယကြင်နာမှုကို ခံယူလိုက်ရတော့ အကျေနပ်ကြီး ကျေနပ်နေတာပေါ့။ ကိုယ်ရေစစ်သွားပြီးချိန်မှာ သင်္ကန်းဝတ်ပြီး တက်ကြွတဲ့ကိုယ် လန်းဆန်းတဲ့စိတ်ဓာတ်နဲ့ ညောင်စောင်မှာလဲနေလိုက်ပါတယ်။
ဒီအခါ မြတ်စွာဘုရားက သူ့ရဲ့ခေါင်းရင်မှာ ရပ်ပြီး "ချစ်သား ပူတိဂတ္တတိဿ ဒီခန္ဓာကိုယ်ဟာ ၀ိညာဉ်ကင်းသွားလို့ စွန့်ပစ်လိုက်ရင် ဘာမှအသုံးမကျတဲ့ ဖွဲလိုပဲ ဖြစ်လိမ့်မယ်၊ မကြာခင် မြေမှာ လဲလျောင်းနေရတော့မယ်" လို့ မိန့်တော်မူလိုက်ပါတယ်။
လူနာကို မြတ်စွာဘုရားက ဒီလိုမိန့်တော်မူတော့ သာမန်မျက်စိ သာမန်အမြင်နဲ့ဆို အမြင်တွေ တစ်မျိုးဖြစ်နေမှာပေါ့။ တကယ်တော့ အဲဒီလို မိန့်တော်မူလိုက်ခြင်းဟာ တိဿအဖို့ အဆိုးဆုံးကနေ အကောင်းဆုံးအဖြစ်ပြောင်းလွဲသွားစေခဲ့ပါတယ်။

သူ့ရဲ့ခန္ဓာကိုယ်ကို ၀ိပဿနာဉာဏ်မျက်စိနဲ့တပ်ပြီး ကြည့်လိုက်တော့ တိဿထေရ်ဟာ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုတော်မူသွားပါတယ်။ တစ်ချို့ကရောဂါရတာကို စိတ်ညစ်ပြီး နေတတ်ကြပါတယ်၊ စိတ်ညစ်တော့ ရောဂါပိုတိုး၊ ရောဂါပိုတိုးတော့ ပိုစိတ်ညစ်.. ဒီလိုနဲ့ ဘ၀ကို လုံးပါးပါးသူတွေက အများကြီးပါပဲ။

ပူတိဂတ္တတိဿမထေရ်ကတော့ အဲသလိုမဟုတ် ရောဂါဖြစ်တာခြင်း အတူတူ ဘာကွာသွားလဲ စဉ်းစားစရာပါပဲ၊ ခန္ဓာကိုယ်ကို ကြည့်နည်းကွာသွားလို့ လို့ ပြောရင် မှန်မယ်ထင်ပါတယ်။ ဟုတ်တယ် မိမိတို့က ခန္ဓာကိုယ်ကို ပပဉ္စမျက်စိနဲ့ကြည့်ခဲ့တယ်၊ ပုဂ္ဂိုလ်သတ္တ၀ါလို့ မြင်တယ်၊ ငါလို့မြင်တယ်၊ တွယ်တာစရာ မက်မောစရာလို့ မြင်တယ်၊ မထေရ်က မဂ္ဂင်မျက်စိနဲ့ကြည့်တယ်၊ ပုဂ္ဂိုလ်သတ္တ၀ါလို့ မမြင် ငါလို့မမြင် ၃၂ကောဋ္ဌာသအစုအဝေး ရုပ်နာမ်လို့သာမြင်တယ်။ အခြေခံ အမြင်ချင်းပင် ဘယ်လောက်ကွာခြားသွားပါသလဲ။ အခြေခံကွာသွားသည်နှင့်အမျှ နောက်ဆက်တွဲ တရားများလည်း ကွာချင်တိုင်းကွာတော့မှာ သေချာပါတယ်။

မြတ်ဗုဒ္ဓဒေသနာတော်ဟာ အဆိုးဆုံးအခြေအနေကို အကောင်းဆုံးအခြေအနေရောက်အောင် အသုံးချနိုင်ပါတယ်၊ အသုံးချတတ်ဖို့ ဉာဏ်ရှိဖို့သာ လိုရင်းပါပဲ။ ပူတိဂတ္တတိဿ အသုံးချပြ သွားခဲ့ပါပြီ။
ဒီလို ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်လောက်အောင် ပါရမီရှိသူဖြစ်ရဲ့သားနဲ့ ဘာဖြစ်လို့ ဒီလို ကိုယ်ပုတ်သွားတဲ့ ဆိုးကျိုးကို ခံယူနေရတာလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ အထက်မှာ ပြောခဲတဲ့အတိုင်းပေါ့ တန်ပြန်သက်ရောက်မှုကြောင့်ပါ၊ ကမ္မနိယာမ သဘောကြောင့်ပါ။ တနည်းပြောရင် ၀ဋ်လိုက်တာပါ။
ပူတိဂတ္တတိဿရဲ့ ၀ဋ်က တကယ်တော့ ကြာရှည်လှပါပြီ၊ ကဿပဘုရားရှင်လက်ထက်ကကြီးပါ။ ဘ၀ကံအကျိုးပေးအရ ငှက်မုဆိုးဖြစ်တဲ့ဘ၀မှာ ငှက်တွေကို အရှင်လတ်လတ် ခြေတွေချိုးခဲ့ဖူးပါတယ်၊ အတောင်တွေကို ချိုးခဲ့ဖူးပါတယ်၊ အဲသလို ခြေတွေ အတောင်တွေကို ချိုးပြီး မပျံသန်းနိုင်အောင် လုပ်ထားတာပါ၊ သတ်ပြီးထားမယ်ဆိုရင် ငှက်တွေ ရောင်းမကုန်ပဲ ပုတ်ကုန်မှာ စိုးရိမ်လို့ အခုလို ခြေတွေ အတောင်တွေကို ချိုးထားတာပါ။

အဲဒီကံတရားကြောင့် ခုလို အနာတွေပေါက်ပြီး တကိုယ်လုံးပုတ်သွားရတာပါပဲ။ ဒါပေမယ့် ရဟန္တာအရှင်မြတ်တစ်ပါးကို ဆွမ်းလှူခဲ့ဖူးတဲ့ ကောင်းမှုကံကြောင့် ရဟန္တာဖြစ်ခဲ့ရပါတယ်။ လို့ မြတ်ဗုဒ္ဓက အတိတ်အကြောင်းကို ပြန်ပြောင်း မိန့်တော်မူခဲ့ပါတယ်။

ဝဋ်ဆိုတာ ဘယ်သူ့ကိုမှ မရှောင် လူကိုလည်းမရှောင်၊ နတ်ကိုလည်း မရှောင်ပါ၊ ဗြဟ္မာကိုလည်း မရှောင်၊ ရဟန္တာကိုလည်းမရှောင်၊ နောက်ဆုံး ဘုရားရှင်ကိုပင် မရှောင်ပါ။ အကျိုးပေးခွင့်ကို မျှော်လင့်ရင် ကိုယ့်နောက်ကို တကောက်ကောက်လိုက်နေမှာပါ။ အခွင့်သာသည်နှင့် တစ်ပြိုင်နက် အကျိုးပေးမှာသေချာပါတယ်။

ဝဋ်ဆိုတာလည်တတ်တဲ့သဘောရှိတယ်ဆိုတာကို သတိကြီးစွာထားပြီး နှိပ်စက်မှု ညှဉ်းဆဲမှု စတဲ့ မကောင်းတဲ့ ပြုမူပြောဆိုမှုတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ သံသရာခရီးက ရှည်လျားလှပါ တယ်၊ ဘယ်လိုအခြေအနေတွေနဲ့ ကြုံတွေ့ရမယ်ဆိုတာ အတိတ်က ၀ဋ်တွေနဲ့ ဆိုင်တယ်လို့ပဲ ပြောချင်ပါတယ်၊ လောလောဆယ်ကတော့ ဆိုးဝါးတဲ့ ၀ဋ်တရားတွေကို မပြုလုပ်မိဖို့ပါပဲ။
လယ်တီပဏ္ဍိတဦးမောင်ကြီးကလည်း အောက်ပါ ကဗျာလေးနဲ့ သတိပေးခဲ့ဖူးပါတယ်။ ဒါလေးကို ရွတ်ဆိုရင်း နိဂုံးသတ်လိုက်ကြပါစို့….

ဝိပါက် ရောက်ရေး ကြောက်သွေး တုန်ဘွယ်၊
ဘုရားသော်လဲ ရှောင်လွှဲ မလွယ်၊
တွေ့ကြုံ မြဲမို့ တဝဲ လယ်လယ်၊
မလွတ်သေး ဝဋ်ကြွေး ခက်လှတယ်။
အကြင်နာထောက်ထား သနား မြော်ခေါ်၊
ကုသိုလ် ပွါးမှု အားပြု ကြနော်၊
နှိပ်စက် ညှဉ်းပန်း သရမ်း ပျက်ချော်၊
ရှောင်ကြဉ်ရေး ဝဋ်ကြွေး စင်ဘို့မြော်..တဲ့။

စာကိုး ။ ။ ဓမ္မပဒဋ္ဌကထာ(ပထမတွဲ)၊ ဦးရွှေအောင်၏ ဓမ္မပဒ၊ မြန်မာအဘိဓာန်၊ ဂမ္ဘီရကဗျာကျမ်း။
အားလုံး မကောင်းသောဝဋ်လိုက်ခြင်းမှ ကင်းဝေးကြပါစေ…

တွေးမိတာကို ရေးတတ်သလို ရေးလိုက်တာဖြစ်ပါတယ် အမှားပါရင် ခွင့်လွတ်ကြပါဦးဗျာ….။

 http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A32

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...